← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉) အံ့မခန်း အဆင့်သတ်မှတ်ချက်

ချူဟန်သည် အခြားသူများထက် စော၍ စမ်းသပ်မှုအတွင်းသို့ ဝင်ရောက်ကာ အောင်မြင်ခဲ့သော်လည်း သူ၏အမည်မှာ ကျောက်နံရံထက်၌ ပေါ်မလာခဲ့ခြင်းတွင် အကြောင်းရင်းတစ်ခု ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် အခြားကမ္ဘာ့နယ်မြေအတွင်း၌ သေဆုံးနိုင်ခြေ အလွန်မြင့်မားသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် အဆင့် S ဖြင့် စမ်းသပ်မှုကို အောင်မြင်သွားချိန်တွင် ကျောက်နံရံက သူ၏ ကိုယ်ရေးအချက်အလက်များကို ယာယီ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ထိုနေရာတွင်သာ အသက်ဘေးကြုံတွေ့သွားပါက စွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်း၌ နာမည်ကျန်ရစ်ခဲ့လျှင်လည်း အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။

ထိုနည်းတူစွာပင် စာရင်းထဲရှိသူ တစ်ဦးဦးသည် အသတ်ခံရခြင်း (သို့မဟုတ်) မတော်တဆမှုတစ်ခုခုကြောင့် သေဆုံးသွားပါက ဤထူးဆန်းသော ကျောက်နံရံကြီးသည် မည်သည့်နည်းလမ်းကို အသုံးပြုထားသည်မသိ၊ ထိုသူ၏ သေဆုံးမှုကို ချက်ချင်း သိရှိသွားတတ်သည်။ ထို့နောက် ကျောက်နံရံထက်ရှိ ထိုသူ၏ အမည်နှင့် အချက်အလက်များကို ချက်ချင်း ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။

သူ၏ ယခင်ဘဝ၌ ထိုကဲ့သို့သော မြင်ကွင်းမျိုးမှာ ရိုးအီနေပြီ ဖြစ်သည်။

လူအများအပြားသည် တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်း ထဲက လူတွေကို ပစ်မှတ်ထားခဲ့ကြသည်။ သူတို့အတွက် အဆင့်စာရင်းထဲက တစ်ယောက်ယောက်ကို သတ်ဖြတ်ရခြင်းသည် ဂုဏ်သိက္ခာတစ်ခုတင်မကဘဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသည့် အလုပ်တစ်ခုလည်း ဖြစ်နေသည်။

ထိုသူများအတွက်မူ စွမ်းအားရှင် အဆင့်သတ်မှတ်ချက် စာရင်းဝင်သူများကို သတ်ဖြတ်ခြင်းသည် ဂုဏ်ယူစရာတစ်ခုသာမက ပျော်ရွှင်မှုတစ်မျိုးသဖွယ် ဖြစ်နေလေသည်။

အထူးသဖြင့် အဆင့်စာရင်းဝင်တွေကို သတ်ပစ်ပြီးမှ စမ်းသပ်ချက်ကို ပြန်ဖြေရင်၊ သေသွားတဲ့သူရဲ့ နေရာကို လုယူပြီး ထိပ်တန်းစာရင်းထဲ အစားထိုး ဝင်ရောက်နိုင်ချေ ရှိတာကြောင့်လည်း ဖြစ်သည်။

သားရဲမိစ္ဆာအချို့ကို ထပ်မံ ခုတ်ထစ်သတ်ဖြတ်လိုက်ပြီးနောက် ရှေ့တည့်တည့်၌ လိုဏ်ဂူနှစ်ခု ပေါ်လာတော့သည်။ ဂူအထဲတွင်မူ အမှောင်ထု လွှမ်းခြုံနေသဖြင့် မည်သည့်အရာများ ပုန်းအောင်းနေသည်ကို လုံးဝ မမြင်ရပေ။

သို့သော် ထိုအချိန်၌ ပြန်လည်စတင်ခြင်းစနစ် သည် ဘယ်ဘက်လမ်းကို ရွေးချယ်ရန် ချူဟန်ကို အတင်းအကျပ် ညွှန်ကြားလာတော့သည်။

ထိုခံစားချက်မှာ အလွန်ပြင်းထန်လွန်းလှသဖြင့် စနစ်၏စကားကို လျစ်လျူရှုကာ ညာဘက်ဂူသို့သာ ဝင်သွားပါက ဤထူးဆန်းသော စနစ်ကြီးသည် မိမိကိုယ်ကို ဖောက်ခွဲပြီး သူ့ကိုပါ အသေသတ်လိုက်မည်လားဟု ချူဟန် ယုံကြည်သွားမိသည်အထိပင်။

"ကောင်းပြီလေ... မင်းကို ယုံလိုက်မယ်။ ပစ္စည်းကောင်းတစ်ခုခု ရရင်တော့ အကောင်းဆုံးပေါ့"

ချူဟန်သည် ရှူရာပုဆိန်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ဘယ်ဘက်လိုဏ်ဂူထဲသို့ ခြေလှမ်းလိုက်တော့သည်။

ပြန်လည်စတင်ခြင်းစနစ်၏ ဖြစ်တည်မှု ကိုယ်တိုင်ကပင် နားလည်ရခက်ခဲလှသည်။ စွမ်းအားအဆင့်သတ်မှတ်ချက် ကျောက်နံရံကြီးနည်းတူ ပဟေဠိများဖြင့် ပြည့်နှက်နေသည်။

သို့သော် မိမိခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းနေသော ဤစနစ်သည် ကျောက်နံရံ၌ အခြားကမ္ဘာ့နယ်မြေ ရှိ၊ မရှိကို စူးစမ်းထောက်လှမ်းနိုင်ကြောင်း သတိပြုမိလိုက်ချိန်တွင် ချူဟန်၏ သံသယများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

အစကတည်းက လုံးဝ ဆက်စပ်မှုမရှိသော အရာနှစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ၎င်းတို့ကြားတွင် ခွဲခြား၍မရသော ဆက်နွယ်မှုများ ရှိနေကြောင်း သတိပြုမိသွားသည်။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်နေမည်လား။

ချူဟန်၌ အဆင့် (၁) ခန္ဓာကိုယ်ကြံ့ခိုင်မှု၏ အစွမ်းဖြစ်သော တိကျမှု ၊ ခွန်အား နှင့် လျင်မြန်မှု ဟူသော မွေးရာပါ စွမ်းရည်သုံးမျိုးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသည်။

စွမ်းရည်တစ်ခုစီမှာ အဆင့်(၁)တွင်သာ ရှိနေသေးသော်လည်း ဤအခြားကမ္ဘာ့နယ်မြေအတွင်းရှိ အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

အနည်းငယ် ရှေ့သို့ဆက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စနစ်သည် ထူးကဲစွာ ပြင်းထန်သော တုံ့ပြန်မှုများ ပြသနေကြောင်း ခံစားလိုက်ရသည်။ ထိုနေရာမှာ သိပ်မကျယ်ဝန်းလှသော နေရာတစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်၌ ဇွန်ဘီများ၏ ဦးနှောက်ထဲတွင်သာ ရှိနေတတ်သော မူလပုံစံ အမည်းရောင် ပုံဆောင်ခဲများ ပြန့်ကျဲနေသည်။

ချူဟန်သည် ခေါင်းညိတ်လိုက်ပြီး တစ်ခုမကျန် လိုက်လံကောက်ယူတော့သည်။ အခြေအနေမှာ မဆိုးလှပေ။ အလွန်အမင်း အံ့ဩလောက်စရာ မကောင်းသော်လည်း အနည်းဆုံးတော့ အရှုံးမရှိပေ။

အဆင့်(၁) နယ်မြေဖြစ်သဖြင့် ထိုမျှလောက် ကောင်းမွန်သော ပစ္စည်းများ ရလိမ့်မည်ဟု အစကတည်းက မျှော်လင့်မထားခဲ့ပေ။ အဆင့်(၂) ဇွန်ဘီများ၏ ပုံဆောင်ခဲ အခုတစ်ရာကျော်ဆိုသည်မှာ လုံလောက်သော ကြွယ်ဝမှုတစ်ခုဟု ဆိုနိုင်လေသည်။

သို့သော် ပုံဆောင်ခဲများကို သိမ်းဆည်းနေစဉ် ချူဟန်၏ လက်များ ရုတ်တရက် ရပ်တန့်သွားသည်။ အနက်ရောင် သံပြားတစ်ချပ်သည် သူ၏ လက်ထဲသို့ ကပ်ပါလာခြင်းပင် ဖြစ်သည်။

[စနစ် အစိတ်အပိုင်းတစ်ခုကို ရရှိပါပြီ။ ပြန်လည်စတင်ခြင်းစနစ်ကို အဆင့်မြှင့်တင်မည်လား]

စက်ရုပ်ဆန်ဆန် အေးစက်နေရမည့် စနစ်၏ အသံထဲတွင် ကျောချမ်းဖွယ်ကောင်းသော မျှော်လင့်ချက်များ ရောယှက်နေသည်။

"စနစ် အစိတ်အပိုင်းတစ်ခု ဟုတ်လား"

ချူဟန်မှာ အံ့အားသင့်သွားတော့သည်။ ရုတ်တရက် ကြီးမားလှသော လျှို့ဝှက်ချက် တွင်းနက်ကြီးတစ်ခုထဲသို့ ခြေချမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူသည် သွားကိုကြိတ်ကာ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

"အဆင့်မြှင့်မယ်"

မည်သို့ပင်ဖြစ်စေ စမ်းကြည့်ရန်သာ ရှိတော့သည်။ စနစ်ကို အဆင့်မြှင့်တင်နိုင်သည် ဆိုကတည်းက ရှာဖွေမတွေ့ရှိသေးသော စွမ်းအင်များစွာ ကိန်းအောင်းနေသည်ဟု အဓိပ္ပာယ်ရလေသည်။

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကြီးတစ်ခုက ချူဟန်၏ ဦးနှောက်ကို တုန်လှုပ်သွားစေသည်။

သူ သတိထား၍ ကောက်ယူထားခဲ့သော ပတ်ဝန်းကျင်ရှိ ပုံဆောင်ခဲများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနအဖြစ် ကြေမွသွားပြီး နေရာတစ်ခုလုံးသည်လည်း ပြင်းထန်စွာ တုန်ခါလာတော့သည်။

ကျောက်နံရံများ စတင် ပြိုကျလာသည်။ ချူဟန်သည် နံရံကို အသေအလဲ ဆုပ်ကိုင်ထားရင်း စိတ်ထဲမှ ကြိမ်းဆဲလိုက်သည်။ ထိုပုံဆောင်ခဲများသည် တစ်ခုလျှင် အမှတ် (၅) မှတ် တန်ဖိုးရှိသည်။ ဤနေရာ၌ အနည်းဆုံး ခန့်မှန်းကြည့်လျှင်ပင် အခုတစ်ရာကျော် ရှိသည်။ အားလုံးပေါင်းလိုက်ပါက အဆင့်(၂) သို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း ယခုမူ မျက်စိတစ်မှိတ်အတွင်း လေထဲလွင့်ပါသွားခဲ့ရပြီ။

‘ချီးပဲ’

ချူဟန်သည် ဒေါသထွက်သွားချိန်တွင် ဗုန်း ကနဲ အသံနှင့်အတူ အခြားကမ္ဘာ့ နယ်မြေအတွင်းမှ အပြင်ဘက်သို့ ကန်ထုတ်ခံလိုက်ရတော့သည်။ ထိုအချိန်မှာပင် ကြီးမားသော ကျောက်နံရံကြီး၏ စမ်းသပ်မှုကလည်း ချက်ချင်း အဆုံးအဖြတ် ပေးလိုက်လေသည်။

[အခြားကမ္ဘာ့ ရှာဖွေမှု ပြီးဆုံးပါပြီ။ အမည်၊ အသက်၊ လိင်]

ချူဟန်၏ ခေါင်းမှာ အလွန်လေးလံနေပြီး ဦးနှောက်ထဲ၌လည်း စနစ်သည် ဘာဖြစ်သွားသည်မသိ နားကွဲမတတ် တဂျိဂျိအသံများဖြင့် ပြည့်နှက်နေတော့သည်။ ယခုအချိန်၌ သူသည် ကိုယ်ပိုင် အသိစိတ်ဖြင့်သာ ဤကျောက်နံရံကြီးကို အလိုအလျောက် တုံ့ပြန်လိုက်တော့သည်။

"ချူဟန်... အသက်နှစ်ဆယ်... ယောက်ျား"

တကယ်ကို အဓိပ္ပာယ်မရှိသော မေးခွန်းပင်။ မည်မျှပင် ပြန်လည်မွေးဖွားလာပါစေ ကျောက်နံရံ၏ မေးခွန်းများမှာ အဓိပ္ပာယ်မဲ့လွန်းလှသည်ဟုသာ သူ ခံစားရသည်။ ယောက်ျားလား၊ မိန်းမလား ဆိုသည်ကို ကြည့်လိုက်သည်နှင့် သိနိုင်သည်မဟုတ်ပါလား။ မျက်စိကန်းနေသလား။

ချူဟန်သည် ကျောက်နံရံ၏ အချက်အလက် ကောက်ယူခြင်းနှင့် စနစ် အဆင့်မြှင့်တင်ခြင်းဟူသော နှစ်ထပ်ကွမ်း ဝေဒနာကို ခံစားနေရချိန်၌ အပြင်ဘက်ကမ္ဘာတွင်မူ စွမ်းအားအဆင့်သတ်မှတ်ချက်အသစ်ကြောင့် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်မတတ် ဆူညံပွက်လောရိုက်နေတော့သည်။

ဝမ်ချီရှန်း ဦးဆောင်သော ယာဉ်တန်းရှိ လူများမှာ အဆင့်သတ်မှတ်ချက်များ အချိန်အတော်ကြာ ပြောင်းလဲမလာသည်ကို မြင်သောအခါ တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းနေကြပြီ ဖြစ်သည်။ ပိုင်ယွန့်အာ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထွက်ခွာရန် စီစဉ်ထားခြင်း ဖြစ်သည်။

အားလုံး ရင်းနှီးစွာ စကားစမြည် ပြောဆိုနေကြစဉ် တုန်လှုပ်နေသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ဟေ့... ဟေ့ကောင်တွေ... တကယ်ကြီးလား။ S+ (အက်စ်ပလပ်စ်) တဲ့လား"

"S+ က ဘာကြီးလဲကွ"

"အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်။ အဆင့်(၁)ဝင်ပေါက် စာရင်းကို ကြည့်လိုက်စမ်း"

"စာရင်း အသစ်ထွက်လာပြီဟေ့"

"ဒါဘယ်သူလဲ။ S+ တဲ့လား"

"S အဆင့်ထက် မြင့်တဲ့ အဆင့်ရှိသေးတာလား။ ဒါတင်မကဘူး... နံပါတ် (၁) တဲ့ဟ"

"ဘာပြောလိုက်တယ်"

ချန်ရှောက်ရယ်မှာ အထူးအဆန်း အော်ဟစ်လိုက်ပြီးနောက် လက်သီးလက်မောင်းတန်းကာ ဝမ်းသာအားရ ကခုန်တော့သည်။

"ငါ့အစ်ကိုကြီးဟ... အဲဒါ ငါ့ဘော့စ်ကွ"

အစကတည်းက ဂရုမစိုက်ခဲ့သော ဝမ်ချီရှန်းသည်ပင် ခြေလှမ်းများ ရပ်တန့်သွားကာ အံ့သြမှင်တက်စွာဖြင့် လှည့်ကြည့်လာတော့သည်။ ချူဟန်ကို အထင်အမြင်သေးခဲ့သူများမှာလည်း ဆွံ့အသွားကြပြီး စကားတစ်ခွန်းမျှ မဟနိုင်တော့ပေ။

ကြီးမားသော ကျောက်နံရံကြီး၏ ဘယ်ဘက်အစွန်ဆုံး၊ အဆင့်(၁) စွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်း၌ ရွှေရောင်တောက်ပနေသော စာလုံးများ ထည်ဝါစွာ ထွက်ပေါ်လာတော့သည်။ ထိုစာလုံးများသည် အောက်ဘက်ရှိ ပိုင်ယွန့်အာ၏ အချက်အလက်များထက်ပင် ပိုမို တောက်ပနေပြီး စာလုံးအရွယ်အစားမှာလည်း နှစ်ဆခန့် ပိုကြီးနေလေသည်။

[အမည်] ချူဟန်

[အသက်] ၂၀ နှစ်

[လိင်] ယောက်ျား

[စွမ်းရည်] ဆင့်ကဲပြောင်းလဲသူ

[အကဲဖြတ်ချက်] S+

[အဆင့်] နံပါတ်(၁)

ချူဟန်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် နံပါတ် (၁) နေရာကို လုယူသွားခဲ့လေသည်။

ဤကဲ့သို့ ကောင်းကင်နှင့် မြေကြီး တုန်လှုပ်မတတ် အဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ အချိန်အတန်ကြာသည်အထိ အသိစိတ် မဝင်နိုင်သေးပေ။ ပိုင်ယွန့်အာ၏ S အဆင့်သည်ပင် လုံလောက်စွာ မြင့်မားနေပြီဟု အားလုံး ထင်မှတ်ထားခဲ့ကြရာ S အဆင့်အထက်၌ S+ ဟူ၍ ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကမှ ချူဟန်ကို လှောင်ပြောင်ခဲ့ကြသူအများစုမှာ ယခုအခါ ရှက်ရွံ့လွန်း၍ မျက်နှာများပင် ပူထူနေကြတော့သည်။ စောစောက မည်သူများက ချူဟန်အတွက် S အဆင့်ဆိုတာ မဖြစ်နိုင်ပါဘူး ဟု ပြောခဲ့ကြသနည်း။ သူသည် သတ်မှတ်ချက်ကို ပြည့်မီရုံသာမက ၎င်းကို အဆပေါင်းများစွာ ကျော်လွန်ကာ S+ ဟူသော အဆင့်ကိုပင် ယူဆောင်လာခဲ့သည် မဟုတ်ပါလား။

စွမ်းအားအဆင့်သတ်မှတ်ချက်စာရင်းမှာ ဖိအားပြင်းထန်သော စွမ်းအင်များဖြင့် တစ်ဖန် ပြောင်းလဲသွားပြန်သည်။

အဆင့် (၁)၊ ချူဟန်။

အဆင့် (၂)၊ ပိုင်ယွန့်အာ။

အဆင့် (၃)၊ ချန်ရှောက်ရယ်။

စာလုံးများမှာ အသစ်ပေါ်လာတိုင်း ပိုမိုကြီးမားလာပြီး တောက်ပမှုများလည်း တိုးလာလေသည်။ ယခုအကြိမ် အသစ်ထွက်ပေါ်လာမှုမှာ အလွန် ကြမ်းတမ်းပြီး တိုက်ရိုက်ဆန်လွန်းလှသည်။ S+ ဟူသော အဆင့်သတ်မှတ်ချက်။ မည်သူ့အမြင်တွင်မဆို ၎င်းမှာ လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မည့် အတားအဆီးတစ်ခု မဟုတ်ကြောင်း ထင်ရှားနေသည်။ အားလုံးက ကြောက်ရွံ့ရသော ပိုင်ယွန့်အာပင်လျှင် (S) အဆင့်၌သာ ရှိနေသေးသည် မဟုတ်ပါလား။

ဝမ်ချီရှန်း၏ မျက်နှာအိုကြီးမှာ မျက်စိတစ်မှိတ်အတွင်း နီရဲသွားတော့သည်။ ချူဟန်ကို အတင်းအကျပ် ဆွဲမထားခဲ့မိသည့်အတွက် ယခုအခါ ပြင်းထန်စွာ နောင်တရနေမိသည်။ သူ့ကို ဆွဲမထားနိုင်ခဲ့လျှင်တောင် လော့ရှောင်ရှောင်ကို ချူဟန်နှင့်အတူ လိုက်ပါခွင့်ပြုခဲ့သင့်သည်။ သို့ဆိုလျှင် အကြောင်းပြချက်တစ်ခုခု ရှာ၍ နောက်မှ လိုက်သွားနိုင်မည် ဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်မျိုးမှာ လိုချင်တိုင်း ရနိုင်သည့်အရာမျိုး မဟုတ်ပေ။ ယခုမူ မိမိမျက်စိရှေ့မှနေ၍ လက်ချောင်းများကြားမှ လွတ်ထွက်သွားခဲ့လေပြီ။ ဒေါသထွက်စရာကောင်းလွန်းသည်။

အဆင့်(၂)ဝင်ပေါက်၏ စမ်းသပ်မှုနယ်မြေထဲမှ ထွက်လာခါစဖြစ်သော ကျန်းယိမင်သည်လည်း အံ့အားသင့်လွန်းသဖြင့် ဘာလုပ်ရမှန်းမသိဘဲ မတ်တတ်ရပ်လျက် ငေးမှိုင်နေမိသည်။ သူ၏ အစွမ်းမှာ အဆင့်(၂)၌ ရှိနေသော်လည်း အကဲဖြတ်ချက်မှာ D အဆင့်သာ ရှိခဲ့သည်။ ယခင်က ချူဟန်ကို ရှုံးနိမ့်ခဲ့ဖူးပြီး စမ်းသပ်မှု၏ ခက်ခဲမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ သိရှိထားသူ ဖြစ်သောကြောင့် ထိုရိုးရှင်းပြီး ကြမ်းတမ်းလှသော S+ ဆိုသည့် အဆင့်က မည်မျှ ကြီးမားသော သက်ရောက်မှု ရှိနေသည်ကို မည်သူ့ထက်မဆို သူ ပို၍ နားလည်ထားသည်။

အဘိုးဝမ်ကြီးပင် ကြောက်ရွံ့ရသော ပိုင်ယွန့်အာပင် ချူဟန်၏ အဆင့်ကို မမီနိုင်ပေ။ အဆင့်(၁)ဝင်ပေါက် အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်ဆုံးနေရာဆိုသည်မှာ ထိုမျှ လွယ်လွယ်ကူကူ ရနိုင်သောအရာ မဟုတ်ပေ။

အခန်း (၁၇၀) သေချာမကြားလိုက်လို့ နောက်တစ်ခေါက်လောက် ပြန်ပြောပြပေးပါလား

သာမန်မဟုတ်သော နောက်ခံမျိုးရိုးရှိပြီး လုပ်ထုံးလုပ်နည်းဘောင်များကို ဂရုမစိုက်တတ်သည့် စစ်ဆရာဝန်မလေး ရှန်ကွမ်းယွီရှင်းသည် ချူဟန်ဟူသော အမျိုးသားအပေါ် ချက်ချင်းပင် အမြင်ပြောင်းကာ အကဲဖြတ်လိုက်ရတော့သည်။

ဓာတ်လှေကားတွင်း၌ ပြသခဲ့သော ရဲတင်းလွန်းသည့် အပြုံးနှင့် အတိတ်က ရန်ငြိုးများကို မမှုဘဲ သူမကို ကယ်တင်ရန် လက်ကမ်းပေးခဲ့သော ထိုအမျိုးသားသည် လူသားတို့၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်ကာ ကမ္ဘာလောကကြီး တုန်လှုပ်သွားစေမည့် ကြီးကျယ်ခမ်းနားသော လုပ်ရပ်များကို အမြဲတမ်း လုပ်ဆောင်ပြတတ်လေသည်။

ယွီရှင်း မျက်နှာပေါ်၌ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုအပြုံးထဲတွင် စစ်မှန်သော လေးစားချီးကျူးမှုများ ပါဝင်နေရုံသာမက သူမ၏ ရင်တွင်း၌လည်း တိတ်တဆိတ် ဝမ်းသာပီတိဖြစ်မှုများ ကိန်းအောင်းနေသည်။

ဒီလိုလူမျိုးကို ခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး နောက်လိုက်လုပ်ရတာဟာ သွေးသားတွေကို နိုးကြားတက်ကြွစေပြီး ရင်ခုန်သံတွေကို မြန်ဆန်စေတယ် ဟု သူမ စိတ်ထဲက ရေရွတ်မိသည်။

ဟယ်ဖေးယွမ်နှင့် ချန်ရှန်ကော် အပါအဝင် အခြားသူများသည်လည်း ထိုအချိန်၌ ပုံမှန်မဟုတ်သော စိတ်လှုပ်ရှားမှုများ လွှမ်းခြုံနေကြသည်။ အကယ်၍ အချိန်နှင့် နေရာသာ ခွင့်ပြုမည်ဆိုပါက ယခုချက်ချင်းပင် ကြီးကျယ်ခမ်းနားသော အောင်ပွဲခံအခမ်းအနားကြီးကို ကျင်းပပစ်ချင်နေကြသည်။ သူတို့၏ ခေါင်းဆောင်သည် ကိုယ့်လူများကို ဤမျှ ဂုဏ်ယူဝင့်ကြွားနိုင်စေရန် စွမ်းဆောင်ပေးခဲ့သည် မဟုတ်ပါလား။

ဟယ်ဖေးယွမ်တို့ကဲ့သို့ ခေါင်းဆောင်ပိုင်းများက မိမိတို့၏ စိတ်ခံစားချက်ကို မနည်းထိန်းချုပ်ထားနိုင်သော်လည်း သူတို့၏အနောက်ဘက်ရှိ ထုံမြို့၌ ချူဟန်နှင့်အတူ သေမင်းတမန်လမ်းကို ဖြတ်သန်းခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများမှာ ထိန်းချုပ်ထားရန် မလိုအပ်တော့ပေ။ ဝမ်းသာဟစ်ကြွေးသံများမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာတော့သည်။ ထိုအသံများသည် ဇွန်ဘီကောင်ရေ နှစ်သောင်းခန့်နှင့် အသေအလဲ တိုက်ပွဲဝင်ပြီးနောက် ထွက်ပေါ်လာခဲ့သော အောင်ပွဲခံအသံများနှင့် လုံးဝ ခြားနားမှု မရှိပေ။

" ဘောစ်... ကျွန်တော် တစ်သက်လုံး ဘောစ်နောက်ကို လိုက်မယ်ဗျို့"

"ငတုံးကောင်... နင့်အသံကို ကိုကြီး ကြားမှာမဟုတ်ဘူး"

"စိတ်ချပါ ဘောစ်... ကျွန်တော်တို့ ရှန်ကျင်းမှာ စောင့်နေမယ်နော်"

“အစ်ကိုကြီးက နတ်နဂါးဝင်စားတာဟေ့... တစ်လောကလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်"

"အရူးကောင်... ကိုကြီးက သားရဲမှ မဟုတ်တာ"

ရုတ်တရက် ပေါက်ကွဲထွက်လာသော ဤစိတ်အားထက်သန်မှုလှိုင်းလုံးကြီးကို စစ်တပ်ဘက်မှ မည်မျှပင် ဖိနှိပ်ထားရန် ကြိုးစားစေကာမူ လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ပေ။ ဝမ်ချီရှန်းမှာလည်း အရှက်ရလွန်းသဖြင့် မျက်နှာကြီး နီရဲကာ ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။

စစ်တပ်ဘက်မှ လူများကို ပို၍ အရှက်ကွဲစေသည်မှာ မူလက သူတို့စစ်တပ်ဘက်မှဖြစ်သော လော့ရှောင်ရှောင်သည် မိန်းကလေးတစ်ဦး၏ အိန္ဒြေကို လုံးဝ ဂရုမစိုက်ဘဲ ပါးစပ်ကြီးဟကာ အော်ရယ်နေခြင်းပင် ဖြစ်သည်။

"ဟားဟားဟား... ပြောသားပဲ၊ ကျွန်မရဲ့ ကိုကိုချူဟန်က အတော်ဆုံးပါဆို... ဟုတ်တယ်မလား ဝက်တုတ်"

"ဝါးဟားဟား..."

ချန်ရှောက်ရယ်သည်လည်း ပတ်ဝန်းကျင်မှ အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ အကျယ်ကြီး ရယ်မောလိုက်သည်။

"ဒါပေါ့... ငါ့ဘော့စ်က အသန်မာဆုံးပဲလေ"

လော့ရှောင်ရှောင်သည် ရယ်မောနေရင်း မျက်နှာများ နီရဲနေကြသော အနောက်ဘက်မှ လူကြီးများ၊ အထူးသဖြင့် စစ်သားများကို မေးငေါ့ကာ ရန်စလိုက်သည်။

"ဟေး... ဦးလေးတို့၊ စောစောက ကျွန်မရဲ့ ကိုကြီးချူဟန်ကို ဘယ်လိုပြောလိုက်တာလဲ။ သေချာမကြားလိုက်လို့ နောက်တစ်ခေါက်လောက် ပြန်ပြောပြပေးလို့ရမလား"

သေချာမကြားလိုက်လို့ နောက်တစ်ခေါက်လောက် ပြန်ပြောပြပေးလို့ရမလား ဟူသော စကားသည် သူတို့၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ဖြစ်ပြီး သနားညှာတာမှု ကင်းမဲ့လွန်းသော လက်စားချေမှုပင် ဖြစ်သည်။

လော့ရှောင်ရှောင်နှင့် ချန်ရှောက်ရယ်တို့၏ ဂရုမစိုက်တတ်သော မောက်မာမှုများနှင့် ချူဟန်ဘက်သို့ အထင်အရှား ရပ်တည်နေမှုများကြောင့် ဝမ်ချီရှန်း အပါအဝင် စစ်သားများမှာ ပြန်လည်ချေပရန် စကားတစ်ခွန်းမျှပင် ရှာမတွေ့တော့ပေ။

မျက်နှာများ ပူထူနေရုံသာမက သူတို့၏ အကဲဖြတ်နိုင်စွမ်းမှာ အောက်ဆုံးအဆင့်သို့ ရောက်နေကြောင်းကိုပါ နာကျင်စွာ သဘောပေါက်သွားကြသည်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ အမြင်ကိုပင် မမီခဲ့ပေ။ ဤမျှ အရှက်ခွဲခံလိုက်ရပြီးနောက် မည်သူကမျှ အပြစ်တင်စကား မဆိုရဲကြတော့ပေ။

ယခင်က အဆင့်သတ်မှတ်ချက်စာရင်းကို လှုပ်ခတ်စေခဲ့သော ချန်ရှောက်ရယ်နှင့် ပိုင်ယွန့်အာတို့၏ အချိန်ကပင် ယခု ချူဟန် ယူဆောင်လာသော တုန်လှုပ်မှုမျိုးကို မယှဉ်နိုင်ခဲ့ပေ။

သူသည် အတောက်ပဆုံးသော အလင်းရောင်နှင့်အတူ ကြီးမားလှသော ကျောက်နံရံကြီး၏ ထိပ်ဆုံးနေရာ၌ မိမိ၏အမည်ကို တိုက်ရိုက် ရေးထိုးနိုင်ခဲ့သည် မဟုတ်ပါလား။

ဤပါးရိုက်ချက်က အလွန်အမင်း နာကျင်လွန်းလှသည်။

တစ်ဖက်တွင် ရှန်ကျင်းဒေသ အသက်ရှင်ကျန်ရစ်သူများ စခန်း၌...

ရှန်ကျင်းဒေသ စခန်းတွင် အနာဂတ်၏ အစွမ်းထက်သူရဲကောင်းများ ပေါ်ထွက်လာမှုကို မှတ်တမ်းတင်စောင့်ကြည့်နေကြသည့် အထက်ပိုင်း ခေါင်းဆောင်များနှင့် စခန်းအတွင်းအပြင်မှ စောင့်ကြည့်နေကြသော လူအုပ်ကြီးအားလုံးမှာ အဆင့်သတ်မှတ်ချက် ဇယား၏ ၏ ဘယ်ဘက်အစွန်ဆုံးရှိ မျက်စိကျိန်းမတတ် တောက်ပနေသော စာလုံးများကို မြင်လိုက်ရချိန်တွင် တစ်ခဏမျှ အသက်ရှူမှားကာ ဆွံ့အသွားကြတော့သည်။

"ချူဟန်တဲ့လား"

"သူက ဘယ်သူလဲ"

" အကဲဖြတ်ချက်က S+ တဲ့လား။ စမ်းသပ်မှုမှာ ဘာတွေများ လုပ်ခဲ့လို့ ဒီလိုရလဒ်မျိုး ထွက်လာရတာလဲ"

မရေမတွက်နိုင်သော အတွေးများမှာ ချက်ချင်းဆိုသလို ရောထွေးသွားပြီး ထိုနေရာရှိ လူအားလုံး၏ ခေါင်းထဲတွင် ချူဟန် ဆိုသော နာမည်က နက်ရှိုင်းစွာ စွဲထင်သွားတော့သည်။

ထိုအချိန်တွင် ယခုထိ စကားတစ်ခွန်းသာ ပြောခဲ့ဖူးသော အဘိုးအိုက ရုတ်တရက် စကားဆိုလာသည်။

"ဟေ့... ဒီ ချူဟန်ဆိုတဲ့ လူကို ရှာပေးကြစမ်း။ ချက်ချင်း ဒုတိယဗိုလ်ချုပ်ကြီး ရာထူး ပေးလိုက်"

"ဘာပြောလိုက်တာလဲ"

"ဒု... ဒုတိယဗိုလ်ချုပ်ကြီး ဟုတ်လား"

"တပ်မှူး မု… ဒါက နည်းနည်းများ လွန်မနေဘူးလားဗျာ"

"ဟုတ်ပါတယ်ဗျာ။ စောစောလေးကမှ စုံစမ်းကြည့်တော့ ချူဟန်ဆိုတဲ့လူက စစ်တပ်က မဟုတ်ပါဘူး။ အရပ်သားတစ်ယောက်ကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူး တစ်ခါတည်း ပေးလိုက်တယ်ဆိုတာ စစ်တပ် သမိုင်းမှာလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး"

"မှန်ပါတယ်။ အရင်တုန်းက ရှန်ကျိုတီ နဲ့ ပိုင်ယွန့်အာ တို့ကို အထူးအခွင့်အရေး ပေးခဲ့တယ်ဆိုတာက သူတို့ရဲ့ နောက်ခံတွေက ထူးခြားနေလို့ပါ။ ဒီချူဟန်ဆိုတဲ့လူက ဘယ်လောက်ပဲ တော်နေပါစေ အဆင့်(၁)ဝင်ပေါက်ရဲ့ အဆင့်သတ်မှတ်ချက် ဇယားထဲမှာပဲ ရှိနေသေးတာလေ။ ဆိုလိုတာက သူ့ရဲ့ ခန္ဓာကိုယ်က အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ အဆင့်ပဲ ရှိသေးတာ။ ရုတ်တရက်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာထူး ပေးလိုက်ဖို့ဆိုတာက စောလွန်းနေသေးတယ်လို့ ထင်ပါတယ်"

"အမြင့်ဆုံး သတ်မှတ်ပေးမယ် ဆိုရင်တောင် ဗိုလ်ချုပ် ရာထူးလောက်ပဲ ရသင့်တာပါ"

တပ်မှူးမု က ပတ်ဝန်းကျင်ရှိ လူများကို ခပ်တည်တည်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီး အဝေးရှိ စွမ်းအားအဆင့်သတ်မှတ်ချက် ဇယားဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"မင်းတို့တွေ နောက်တစ်ခေါက်လောက် သေချာကြည့်လိုက်ကြစမ်း။ ပိုင်ယွန့်အာရဲ့ အဆင့်သတ်မှတ်ချက်က ပြောင်းသွားပြီ။ ဘေးနားက အဆင့်(၂) နဲ့ အဆင့်(၃)ဝင်ပေါက်ရဲ့ အဆင့်သတ်မှတ်ချက် ဇယားတွေကို သေချာ အကဲခတ်ကြည့်ကြ။ ဒါဆိုရင် ငါက ဘာလို့ ဒီချူဟန်ဆိုတဲ့လူကို သဘောကျနေရတာလဲဆိုတာ နားလည်လာလိမ့်မယ်"

ဘာကို ဆိုလိုချင်တာလဲ။

ထိုနေရာရှိ လူအားလုံး အလန့်တကြားဖြစ်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ပိုင်ယွန့်အာသည် အဆင့်(၂)ဝင်ပေါက် စမ်းသပ်မှု ကျောက်နံရံကြီးထံမှ လျှောက်ထွက်လာလေပြီ။ ယခင်အတိုင်း လေပြေလေးပမာ တည်ငြိမ်အေးချမ်းနေဆဲပင်။ သူမ ထွက်လာသည်နှင့် တစ်ပြိုင်နက် အဆင့်သတ်မှတ်ချက် ဇယားတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

အဆင့်(၁)ဝင်ပေါက် ဇယားမှ သူမ၏ နံပါတ်မှာ ပျောက်ကွယ်သွားပြီး ပိုင်ယွန့်အာ ဆိုသော စာလုံးသုံးလုံးနှင့် သက်ဆိုင်သည့် အချက်အလက်များအားလုံး အဆင့်(၂)ဝင်ပေါက် ဇယားထံသို့ ကူးပြောင်းသွားတော့သည်။ သို့ရာတွင် အဆင့်(၁)ဝင်ပေါက် ဇယား၌ တောက်ပနေသော ရွှေရောင်အလင်းတန်းများနှင့် ဆန့်ကျင်ဘက်အနေဖြင့် အဆင့်(၂)ဝင်ပေါက် ဇယားတွင် ပေါ်လာသော သူမ၏ အချက်အလက်များမှာ သာမန် အနက်ရောင် စာလုံးများသာ ဖြစ်နေခဲ့သည်။

ကိုယ်ရေးအချက်အလက်များကို ဖယ်ထားလိုက်လျှင် အဆင့်(၂)ဝင်ပေါက် ဇယားတွင်လည်း ပိုင်ယွန့်အာ၏ အဆင့်မှာ နံပါတ်(၁) နေရာ၌ ရှိနေဆဲဖြစ်သော်လည်း အကဲဖြတ်ချက်မှာ (B) သာ ရရှိခဲ့သည်။ ထို့အပြင် သူမ၏ အောက်တွင် ပေါ်နေသော လူများမှာလည်း အမြင့်ဆုံးမှ (B) သာဖြစ်ပြီး အများစုမှာ (C) သို့မဟုတ် (D) များသာ ဖြစ်ကြသည်။

အကြည့်များကို အဆင့်(၃)ဝင်ပေါက်၏ ဇယားဆီသို့ ရွှေ့လိုက်သောအခါ လူအရေအတွက်မှာ ဆယ်ဂဏန်းကျော်အထိ သိသိသာသာ လျော့ကျသွားသည်ကို တွေ့လိုက်ရသည်။ အကဲဖြတ်ချက်များမှာလည်း နံပါတ်(၁) မှ (D) ကို ဖယ်လိုက်လျှင် ကျန်လူများအားလုံး (F) အဆင့်များချည်းသာ ဖြစ်နေတော့သည်။

လက်ရှိအချိန်အထိ မြင်တွေ့ဖူးသမျှတွင် အမြင့်ဆုံးအဆင့်မှာ အဆင့်(၃) ဝင်ပေါက်သာ ဖြစ်ပြီး ဧရာမကျောက်နံရံကြီးပေါ်ရှိ တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်သည်လည်း အဆင့် (၃) ဝင်ပေါက်အထိသာ ရောက်ရှိသေးသည်။

ဤဇယားသုံးခုကို ယှဉ်ကြည့်လိုက်မည်ဆိုလျှင် ချူဟန်သည် အဆင့်(၁)ဝင်ပေါက် ဇယား၌သာ ရှိနေသေးသော်လည်း သူ၏ နာမည်မှာ အတောက်ပဆုံးသော အလင်းရောင်ကို ထုတ်လွှတ်နေပြီး လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုတစ်ခုကို ပြသနေပေသည်။

ဤအမှန်တရားကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ ရှန်ကျင်း အသက်ရှင်ကျန်ရစ်သူ အခြေစိုက် စခန်းမှ အထက်ပိုင်း ခေါင်းဆောင်များမှာ ချက်ချင်းဆိုသလို နှုတ်ဆိတ်သွားကြတော့သည်။

အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန်မှာ လွယ်ကူလှသည်။ သို့သော် ထိုအဆင့်(၁)တွင်ပင် ဤမျှ ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့သော ချူဟန်သာ အနာဂတ်တွင် အဆင့်(၂) သို့ ဆင့်ကဲပြောင်းလဲသွားမည်ဆိုလျှင် အဆင့်(၂)ဝင်ပေါက် ဇယား၌ မည်သည့်နေရာတွင် ရပ်တည်မည်နည်း။ ထို့အပြင် မည်မျှ ကြီးမားသော အကဲဖြတ်ချက်ကို ရရှိမည်နည်း။

"သူက သေချာပေါက် ရှားပါးပါရမီရှင်ပဲ။ လုံးဝ လက်လွှတ်ခံလို့ မဖြစ်ဘူး"

ထိုစကားတစ်ခွန်းကို ဆိုကာ တပ်မှူးမု ခြေလှမ်းများကို ပြန်လှည့်လျက် မြို့ရိုးပေါ်မှ ဆင်းသွားတော့သည်။

ယဲ့မော့၏ မြေအောက်စံအိမ်ကြီး။

ဧရာမ ကျောက်နံရံကြီးထဲမှ ရှောင်မုန့်ချီသည် တက်ကြွသော ခြေလှမ်းများဖြင့် ပြန်ထွက်လာသည်။ အဝေးမှနေ၍ လီရှီယုံက ဝမ်းသာအားရ အော်ဟစ်ရင်း ပြေးလာလေသည်။

"ပျော်ခဲ့ရဲ့လား"

"မဆိုးပါဘူး"

ရှောင်မုန့်ချီ၏ အသံထဲတွင် ထူးဆန်းပြီး ညှို့ယူဖမ်းစားနိုင်သော လေသံတစ်ခု ပါဝင်နေသည်။ သူမက ပြုံးလိုက်ရင်း လီရှီယုံ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်လိုက်သည်။

"တကယ်ကြီးလားဟ..."

အဝေးမှနေ၍ အကဲခတ်နေသော ဟယ်ဆန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

"လုံးဝကို စရိုက်နှစ်မျိုး ခွဲထွက်နေတာပဲ"

"အခုမှ သိတာလား"

ယဲ့မော့က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး နောက်လှည့်မကြည့်ဘဲ လျှောက်သွားလေသည်။

"မြန်မြန် ပြန်လာခဲ့။ တံခါးတွေကို သေချာ ပိတ်ထား"

"ဟုတ်... ဟုတ်ကဲ့ ဆရာ"

လုဟုန်ရှန်းနှင့် ဆူးရှင်း တို့သည် ရှောင်မုန့်ချီ၏ ထူးဆန်းသော အငွေ့အသက်များကြောင့် ကျောချမ်းသွားကာ အလျင်အမြန် နောက်မှ လိုက်သွားကြသည်။

သို့သော် လူအနည်းငယ် မြေအောက်ခန်းသို့ ပြန်ရန် ခြေလှမ်းပြင်လိုက်ချိန်မှာပင် အဝေးရှိ ဧရာမ ကျောက်နံရံကြီးထက်မှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် စာလုံးများက သူတို့၏ အာရုံကို ဖမ်းစားသွားတော့သည်။

"ဟိုက်... ဟိုမှာ ငါ့ရဲ့အိုင်ဒေါပဲ မဟုတ်လား"

ကျောက်တုံးနံရံပေါ်ရှိ နာမည်ကို ပထမဆုံး သတိထားမိသူမှာ ဟယ်ဆန်း ဖြစ်သည်။

ထိုအံ့သြတကြီး အသံကြောင့် ရှောင်မုန့်ချီနှင့် လီရှီယုံ အပါအဝင် လူအားလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

နောက်ဘက်တွင် မားမားမတ်မတ် ရပ်တည်နေသော ဧရာမ ကျောက်တုံးနံရံကြီး... ထိုနံရံ၏ ဘယ်ဘက်အစွန်တွင် ပြည့်နှက်နေသော မရေမတွက်နိုင်သည့် လူအမည်များနှင့် အချက်အလက်များအလယ်၌... အမြင့်ဆုံးနေရာကို သိမ်းပိုက်ထားသော၊ အကြီးမားဆုံးနှင့် အတောက်ပဆုံး ရွှေရောင်အလင်းတန်းကြီး။

ထိုနေရာတွင် ထွင်းထုထားသည်မှာ ချူဟန် ဆိုသော နာမည်ပင် ဖြစ်တော့သည်။

“ငါ့ရဲ့ အိုင်ဒေါကွ။ မိုက်လိုက်တာ... ငါ့ရဲ့ အိုင်ဒေါကွ"

ဟယ်ဆန်းသည် အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် လက်များ ခြေများကို ဝှေ့ယမ်းကာ ဇောက်ထိုးပင် ပြေးတော့မတတ် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်နေတော့သည်။

All Chapters