အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) ကျိုတိုသို့ သွားရန် ပြင်ဆင်ခြင်း
ချန်ဖုန်းအတွက်တော့ ယခုအချိန်သည် အဇူရာတိုကင် ကို ထုတ်ဖော်ပြသရန် အချိန်မဟုတ်သေးချေ။ သူသည် အဇူရာနန်းတော် အကြောင်းကို ဘာမှမသိထားပေ။
"သာမန်လူတစ်ယောက်က အပြစ်ကင်းပေမဲ့ ရတနာပိုင်ဆိုင်ထားရင်တော့ အပြစ်ရှိသွားပြီ" ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။
အဇူရာနန်းတော် ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူများသာ သိရှိသွားပါက သူ၏ အသက်ကိုပင် ဆုံးရှုံးသွားစေနိုင်ပေ၏။
သူကိုယ်တိုင်ကတော့ မကြောက်ရွံ့ခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူ၏ ခန္ဓာကိုယ်အားဖြည့်စွမ်းရည် က နေ့စဉ်နဲ့အမျှ အားကောင်းလာနေသည် ဖြစ်ရာ အဓိကအားဖြင့် သူ၏ ဘေးပတ်ဝန်းကျင်ရှိ သူများကို ထိခိုက်နစ်နာစေမည်ကိုသာ စိုးရိမ်ပူပန်မိခြင်း ဖြစ်ပေသည်။
ထိုအချိန်၌ ရှန်ကျွင်း က ဖုန်းခေါ်လာ၏။ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာသည်။
"ရှောင်ချန်... ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ရဲ့ ပထမဆုံး ထုတ်ကုန်အသုတ်ကို စတင်ရောင်းချနေပြီ...ပီးတော့ တစ်မိနစ်အတွင်းမှာတင် အလုံးရေ တစ်သန်းလောက် ရောင်းထွက်သွားပြီကွ..."
“…”ချန်ဖုန်း
ဟိုလိုဂရမ် ရုပ်လုံးကြွ စမတ်နာရီများ ဝယ်လိုအား များပြားနေကြောင်း ချန်ဖုန်း သိထားပေသည်။
သို့သော် ဤမျှလောက်အထိ လူကြိုက်များသွားလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
ဒါက ဘာကိုဆိုလိုတာလည်းဆိုတော့
သူက တစ်မိနစ်အတွင်း ယွမ် ဘီလီယံဆယ်ဂဏန်းလောက် မြတ်သွားတာလေ။
ဘုရားရေ...ပိုက်ဆံရှာရတာ အရမ်းလွယ်ကူလွန်းနေပြီ။
ကောင်းပြီလေ... စနစ်ကို ရရှိခဲ့ပြီးကတည်းက ပိုက်ဆံရှာရခြင်းသည် မြေပြင်ပေါ်မှ ကောက်ယူရသကဲ့သို့ လွယ်ကူနေခဲ့လေပြီ။
"ရှောင်ချန်... လက်ရှိမှာ ပေးသွင်းသူတွေနဲ့ ဖြန့်ချိသူ တော်တော်များများဆီမှာ ပစ္စည်းပြတ်နေပြီ... ဦးလေးတို့ ထုတ်လုပ်မှုကို တိုးမြှင့်သင့်တယ်လို့ ထင်တယ်... ပြီးတော့ ဦးလေးတို့ရဲ့ စက်ရုံအသစ်ကလည်း အခု လည်ပတ်နေပြီဆိုတော့ ထုတ်လုပ်မှုစွမ်းအားကို ဆယ်ဆလောက် တိုးမြှင့်လို့ ရပြီလေ..."
ရှန်ကျွင်းက ဤစကားများကို ပြောဆိုနေချိန်တွင် သူသည် ကြက်သွေးထိုးခံထားရသည့်အလား တက်ကြွနေခဲ့ပေ၏။
ထုတ်လုပ်မှု ဆယ်ဆတဲ့လား။
အဲဒါက ယွမ် ဘီလီယံ ၁၀၀ အမြတ်ပဲလေ။
ဒီလောက် အရွယ်အစားရှိတဲ့ ကုမ္ပဏီတစ်ခုဆိုတာ ပေ့ဟူ မြို့မှာမဆိုထားနဲ့ ပြည်နယ်မြို့တော်မှာတောင် ထိပ်တန်း လုပ်ငန်းကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။
"ကောင်းပါပြီ... ဦးလေးပဲ ဆုံးဖြတ်လိုက်ပါ..."
ချန်ဖုန်းက အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။
ရှန်ကျွင်း တွင် ကုမ္ပဏီ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အတွေ့အကြုံ များစွာ ရှိလေသည်။
"ဒါနဲ့... ရှန်ယန်းယန်း က အခု ဦးလေးဆီကနေ စီမံခန့်ခွဲမှုတွေကို သင်ယူနေတယ် မဟုတ်လား..."
"အင်း ဟုတ်တယ်လေ..."
ရှန်ကျွင်း ၏ နှလုံးသားများ လှုပ်ရှားသွား၏။
"ယန်းယန်း က သင်ယူနိုင်စွမ်း အရမ်း ကောင်းပါတယ်... နောက်ခြောက်လလောက်ဆိုရင် ကုမ္ပဏီကို စီမံခန့်ခွဲဖို့ သူ့ဆီ လွှဲပေးလို့ ရပါပြီ..."
"မလိုပါဘူး..."
ချန်ဖုန်းက ခေါင်းခါလျက် ပြောဆိုလိုက်သည်။
"ပေ့ဟူ မြို့က အရမ်း သေးငယ်လွန်းတယ်... ကုမ္ပဏီက အနှေးနဲ့အမြန် ပြည်နယ်မြို့တော် ဒါမှမဟုတ် ပေကျင်း အထိ တိုးချဲ့ရမှာပဲ... ဒီက ကုမ္ပဏီကိုတော့ ဦးလေးပဲ ဆက်ပြီး စီမံခန့်ခွဲလိုက်ပါ... နောက်ကျရင် ရုံးချုပ်ကို ပြည်နယ်မြို့တော် ဒါမှမဟုတ် ကျိုတို ကို ပြောင်းရွှေ့တဲ့အခါကျရင် စီမံခန့်ခွဲဖို့ လူတွေ လိုလာလိမ့်မယ်..."
"ကောင်းပါပြီ..."
ရှန်ကျွင်း ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်သွားလေ၏။
ကုမ္ပဏီ ကြီးမားလာသည်နှင့်အမျှ ၎င်း၏ ဈေးကွက်တန်ဖိုးမှာလည်း မြင့်တက်လာပေမည်။
ပေ့ဟူ မြို့ကဲ့သို့သော မြို့ငယ်လေးသည် အမှန်တကယ်ပင် မသင့်လျော်တော့ချေ။ သူ၏သမီးဖြစ်သူကို ဤမျှ အရေးပါသော တာဝန်များ ပေးအပ်ခြင်းအတွက် သူ အလွန် ဝမ်းသာနေမိသည်။
သူ၏သမီးနှင့် ချန်ဖုန်း တို့၏ ဆက်ဆံရေး မည်မျှအထိ တိုးတက်နေပြီဖြစ်ကြောင်းကို သူ မသိသော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်းတော့ သေချာနေပေ၏။
ချန်ဖုန်းက ဆက်လက်ပြောဆိုလာသည်။
"သွားပြီး ကိစ္စတွေကို ရှင်းလင်းလိုက်ပါ... ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ကို ထျန်ဖုန်းဂရု (Tianfeng Group) အဖြစ် တရားဝင် နာမည်ပြောင်းလိုက်မယ်... အရင်က ပေးထားခဲ့တဲ့ ရှယ်ယာတွေကို ပြန်ဝယ်ယူဖို့ ပြင်ဆင်ထားပါ... ဦးလေးရဲ့ ရှယ်ယာနဲ့ ယွင်ထင် ရဲ့ ရှယ်ယာကိုပဲ ၁ ရာခိုင်နှုန်းစီ ချန်ထားပေးမယ်... ကျန်တဲ့ ရှယ်ယာရှင်တွေ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကိုတော့ အလကား ပေးလိုက်သလို ဖြစ်သွားတာပေါ့... ဘာပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုကို ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ နာမည်နဲ့ လုပ်ထားတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ရှယ်ယာရှင်တွေကို ရှောင်လွှဲလို့ မရနိုင်ဘူးလေ... အခုတော့... ကုမ္ပဏီက ပိုပိုပြီး ကြီးမားလာပြီဆိုတော့ ရှယ်ယာတချို့ကို ပြန်ဝယ်ယူဖို့ လိုအပ်လာပြီ..."
"အင်း…ရှောင်ချန်...မင်း ဒီရှယ်ယာတွေကို စောစောကတည်းက ပြန်ဝယ်ယူခဲ့သင့်တာပါ... ပြီးတော့ အဲဒီ ရှယ်ယာရှင်တွေဘက်ကလည်း ဘာကန့်ကွက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ဦးလေး ယုံကြည်တယ်..."
ရှန်ကျွင်း က သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
သူကိုယ်တိုင်အနေဖြင့် ယခင်က ၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော်လည်း ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ အတော်လေး သေးငယ်ခဲ့သည်။ အကယ်၍ ယခုအခါ ယွမ် ဘီလီယံ ၁၀၀ အထိ တန်ဖိုးရှိလာမည်ဆိုပါက ၁ ရာခိုင်နှုန်းဆိုလျှင်ပင် အလွန် များပြားလှပြီး သူ့အနေဖြင့် လုံးဝ ကန့်ကွက်စရာ မရှိချေ။
ရှန်ကျွင်းက ခဏတာ တုံ့ဆိုင်းနေပြီးနောက် မေးမြန်းလိုက်သည်။
"ရှောင်ချန်... ဦးလေးရဲ့ ရှယ်ယာတွေကို ယန်းယန်း ရဲ့ နာမည်အောက်ကို လွှဲပြောင်းပေးချင်လို့ပါ... အဲဒါများ ဖြစ်နိုင်မလား..."
"ဦးလေး ဘာသာ ဆုံးဖြတ်လို့ ရပါတယ်... ဦးလေးပိုင်တဲ့ ပစ္စည်းတွေကို ဦးလေး သဘောအတိုင်း လုပ်နိုင်ပါတယ်..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးကာ ပြန်ဖြေလိုက်၏။
( /စာတို အခေါ်အဝေါ်ရှင်းပြချက်= ရှန်ယန်းယန်း ရဲ့ အဖေ ရှန်ကျွင်း နဲ့ ချန်ဖုန်းက စကားပြောရင် အပြင်လူတွေမရှိရင် အခုလို တရင်းတနှီးပြောဆိုပီး အပြင်လူတွေရှိရင်တော့ တစ်မျိုးပြောဆိုကြပါတယ် )
ထို့နောက် ချန်ဖုန်းက ဖုန်းချလိုက်သည်။
လောလောဆယ် သူ၏ အမြတ်အစွန်းအများဆုံး ရရှိနေသော လုပ်ငန်းမှာ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ဖြစ်သော်လည်း ၎င်းကို မကြာမီ ထျန်ဖုန်းဂရု ဟု အမည်ပြောင်းလဲတော့မည် ဖြစ်ပေသည်။
ဟွာရှန်းဆေးရုံ ကလည်း ယခုအခါ တရားဝင် ဖွင့်လှစ်နေပြီ ဖြစ်၏။
တစ်ချိန်တည်းမှာပင် နာမည်ကြီး ဆရာဝန်များစွာကို ထိုနေရာတွင် ဆေးကုသရန် ငှားရမ်းထားသဖြင့် ပတ်ဝန်းကျင်ရှိ လူနာအားလုံးနီးပါးသည် ဟွာရှန်းဆေးရုံ သို့ ကုသမှုခံယူရန် ရောက်ရှိလာကြသည်။
ထို့အပြင် ၎င်း၏ ဂုဏ်သတင်းမှာလည်း အလွန် ကောင်းမွန်ပြီး လူသိများမှုမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပေ၏။
ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် နှင့် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တို့ကလည်း နှစ်စဉ် ယွမ် ဘီလီယံချီသော ဝင်ငွေများကို ရှာဖွေပေးနေသည်။
တုန်းယောင် လေကြောင်းလိုင်း လည်း ရှိနေသေး၏။
မည်သို့ပင်ဆိုစေ လုပ်ငန်းအားလုံး၏ စုစုပေါင်း နှစ်စဉ်ဝင်ငွေမှာ ဘီလီယံ ရာနှင့်ချီ၍ ရှိနေပြီ ဖြစ်လေသည်။
ရှန်ကျွင်း ၏ လုပ်ဆောင်မှုက အလွန် မြန်ဆန်လှပေသည်။ ချန်ဖုန်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် သူသည် ကုမ္ပဏီ၏ အချက်အလက်များ ပြောင်းလဲရန်အတွက် စာရွက်စာတမ်းများကို ယူဆောင်ကာ ချက်ချင်း သွားရောက် လျှောက်ထားခဲ့၏။
ကုမ္ပဏီအမည်နှင့် လုပ်ငန်းနယ်ပယ် ပြောင်းလဲခြင်းသည် စိစစ်အတည်ပြုရန် လိုအပ်ပြီး လုပ်ငန်းလိုင်စင်အသစ် ရရှိရန် အများအားဖြင့် ရက်အနည်းငယ် ကြာမြင့်တတ်ပေသည်။
ကုမ္ပဏီအမည်ကို မပြောင်းလဲရသေးသော်လည်း ဤသတင်းသည် ပေ့ဟူ မြို့တစ်ခွင်သို့ ပြန့်နှံ့သွားခဲ့ပြီး ဆူညံပွက်လောရိုက်သွားစေခဲ့သည်။
အချို့က ထျန်ဖုန်းဂရု သည် ကျိုတို မြို့အထိ တိုးချဲ့ရန် စီစဉ်နေသည်ဟုပင် ခန့်မှန်းနေကြ၏။
ဤမှတ်ချက်များကို ချန်ဖုန်းက လုံးဝ ဂရုမစိုက်ခဲ့ချေ။ ထျန်ဖုန်းဂရု လူသိများလာလေလေ သူကိုယ်တိုင်အတွက် လူသိရှင်ကြား ကြော်ငြာပေးသကဲ့သို့ ဖြစ်လာလေလေပင်။
သူ၏ လမ်ဘော်ဂီနီ ဗီနီနို ကားကို မောင်းနှင်ပြီး ပြန်တော့မည့်ဆဲဆဲတွင် ကားပါကင်၌ ရင်းနှီးသူတစ်ဦးနှင့် အမှတ်မထင် ဆုံတွေ့လိုက်ရသည်။
ရှန်ယန်းယန်း ၏ ဝမ်းကွဲဖြစ်သူ စွန်းကျီကန်း ပင် ဖြစ်လေ၏။ သူ ထီပေါက်ပြီးပြီးချင်းအချိန်က ထိုသူနှင့်ပင် ကားပြိုင်မောင်းခဲ့ဖူးသေးသည်။
"ယောက်ဖကြီး... ယောက်ဖကြီး..."
စွန်းကျီကန်း က ပြုံးလျက် လက်ပြနှုတ်ဆက်လာသည်။
သူက စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး အော်ပြောလိုက်၏။
"အစ်ကိုချန်... မတွေ့ရတာ တော်တော်ကြာပြီနော်..."
သူ စကားပြော၍ မပြီးဆုံးမီမှာပင် ချန်ဖုန်း၏ကားကို မြင်တွေ့သွားလေသည်။ သူ၏ နှုတ်ခမ်းများ ချက်ချင်းပင် တုန်ယင်သွားတော့၏။
"ဘုရားရေ... အစ်ကိုချန်... ခင်ဗျား ကားထပ်ပြောင်းလိုက်ပြန်ပြီလား..."
နောက်ဆုံးအကြိမ် ချန်ဖုန်းကို သူတွေ့ခဲ့စဉ်က ပါဂါနီ ကို မောင်းနှင်နေခဲ့သော်လည်း ယခုအခါတွင် ယွမ် သန်း ၉၀ ကျော်တန်ဖိုးရှိသော လမ်ဘော်ဂီနီ ဗီနီနို အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ တကယ်ကို ချမ်းသာလွန်းလှပေသည်။
"မင်း တစ်ခုခု လိုအပ်လို့လား..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွား၏။ ‘ဒီလူရွှင်တော်နဲ့ ငါ ဘယ်လိုလုပ် ထပ်ဆုံရပြန်တာလဲ’
"ဘာမှမလိုပါဘူး... အစ်ကိုချန် ကို မြင်လို့ လာနှုတ်ဆက်တာပါ..."
စွန်းကျီကန်း က ရယ်မောလိုက်သည်။
ထို့နောက် စွန်းကျီကန်းက မလှမ်းမကမ်းရှိ သူ၏ကားထဲမှ လှပသော အမျိုးသမီးတစ်ဦးကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။
"ဘယ်လိုလဲ အစ်ကိုချန်... ကျွန်တော့် ကောင်မလေးက တော်တော် မိုက်တယ်မလား... ကျွန်တော်တို့ ကားပြိုင်မောင်းကြမလား... တကယ်လို့ အစ်ကိုချန် နိုင်ရင် သူ့ကို ယူလိုက်..."
"စိတ်မဝင်စားဘူး..."
"ဟာဗျာ... ဒီကောင်မလေးက နာမည်ကြီး လူကုံထံ အသိုင်းအဝိုင်းကလေ... စိတ်နေစိတ်ထားနဲ့ ခန္ဓာကိုယ် အချိုးအစားက အရမ်းမိုက်ရုံတင် မကဘူး... 'ချမ်းသာ၊ လှပပြီး အသားဖြူ' တဲ့ အမျိုးသမီးစစ်စစ်ဗျ... သာမန် မိန်းကလေးတွေနဲ့ လုံးဝ မတူဘူးနော်..."
ထို့နောက် သူက ဖုန်းကို ထုတ်ယူလိုက်သည်။ တစ်ဖက်လူ၏ ဝီလ်ချက်စ် မိုးမန့် (WeChat Moments) များကို ဖွင့်ပြရင်း ပြောဆိုလိုက်၏။
"ကြည့်ပါဦး... သူမက တစ်ပတ်ကို ငါးရက်လောက် နိုင်ငံအနှံ့ ခရီးထွက်နေသေးတာ..."
“ပြီးတော့လေ…အစ်ကိုချန်…သူမက ထိပ်တန်း အဆင့်မြင့် ဟိုတယ်တွေကိုလည်း မကြာခန သွားရောက်လေ့ရှိသေးတယ်… ဒါတင်ပဲ မဟုတ်သေးဘူးနော် အခုခေတ် နာမည်ကြီး
လက်ကိုင်အိတ်တွေအပြင် သူမ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ မှန်သမျှလည်း နာမည်ကြီး ဒီဇိုင်နာတွေက ဖန်တီးပေးထားတာနော်…”
"ဘယ်လိုလဲ... စိတ်ဝင်စားပြီ မဟုတ်လား..."
"ငါ့မှာ မိန်းမရှားနေတယ်လို့ မင်း ထင်နေတာလား... မင်းဘာသာမင်းပဲ ဥထားလိုက်စမ်းပါ..."
ချန်ဖုန်းက မျက်စောင်းထိုးလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။ ‘မင်းက ငါ့ကို ကားပြိုင်မောင်းခိုင်းချင်နေတာလား ဒါမှမဟုတ် မိန်းမ လာရောင်းစားနေတာလား’
ချန်ဖုန်း ကားစက်နှိုး၍ ထွက်ခွာတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပြီး တစ်ဝက်တစ်ပျက် အပြုံးဖြင့် မေးလိုက်၏။
"မင်း ပင်သုသု အကြောင်း ကြားဖူးလား..."
ထိုသို့ ပြောဆိုပြီးနောက် သူက တိုက်ရိုက် မောင်းထွက်သွားလေတော့သည်။
"ဘာ..."
စွန်းကျီကန်း မှာ လုံးလုံးလျားလျား တွေဝေသွားတော့၏။ အဲဒါက ဘာအဓိပ္ပာယ်လဲ။
သူက ဘိုင်တု (Baidu) တွင် အလျင်အမြန် ရှာဖွေစစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်မှောင်များ ပိုမို တွန့်ချိုးသွားလေသည်။ နောက်တစ်စက္ကန့်တွင်တော့ သူ ရုတ်တရက် သဘောပေါက်သွားခဲ့၏။
‘ဘုရားရေ...ဟုတ်သားပဲ ငါ့ကားထဲက အမျိုးသမီးက ချမ်းသာပြီး လှပတဲ့ အမျိုးသမီးဆိုတာ သေချာလို့လား ပင်သုသု ကနေ ဝယ်ထားတာလည်း ဖြစ်နိုင်တာပဲလေ’ ထိုသို့ တွေးမိရင်း သူ၏ မျက်နှာသည် ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
ချန်ဖုန်း ဗီလာသို့ ပြန်ရောက်ချိန်တွင် ရွှီချင်းချန် ထံမှ ဖုန်းတစ်ကော ဝင်လာခဲ့သည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီကို ယခုအခါ အောင်မြင်စွာ တည်ထောင်ပြီးစီးသွားပြီဖြစ်ပြီး ဝန်ထမ်းများကိုလည်း ခေါ်ယူခန့်ထားပြီးပြီ ဖြစ်ပေ၏။ နောက်တစ်ဆင့်အနေဖြင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအကြောင်း ဆွေးနွေးကြရန် ဖြစ်သည်။
"ချန်ဖုန်း... မနက်ဖြန် ကျိုတို မှာ ပွဲတစ်ခု ရှိတယ်... နာမည်ကြီး ဒါရိုက်တာတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ တက်ရောက်ကြမှာ... ငါ ဖိတ်စာ ပြင်ဆင်ထားတယ်... နင် ငါနဲ့အတူ လိုက်ခဲ့မလား..."
"ကျိုတို လား..."
ချန်ဖုန်း အံ့အားသင့်သွား၏။
"ဟုတ်တယ်..."
ရွှီချင်းချန် က အလျင်အမြန် ဆက်ပြောသည်။
"ငါတို့ ကုမ္ပဏီက ရုပ်ရှင်ရိုက်ချင်တယ်ဆိုရင် ဒါရိုက်တာတစ်ယောက်နဲ့ ဇာတ်ညွှန်း လိုအပ်တယ်လေ... မနက်ဖြန်ပွဲမှာ တက်ရောက်မယ့် ဒါရိုက်တာတွေက အတွေ့အကြုံ အရမ်းများတဲ့ သူတွေချည်းပဲ... သူတို့နဲ့ သိကျွမ်းထားတာက ကုမ္ပဏီအတွက် အရမ်း အကျိုးရှိလိမ့်မယ်... ကျေးဇူးပြုပြီး ငါနဲ့အတူ လိုက်ခဲ့ပေးပါနော်..."
"..."
ချန်ဖုန်းသည် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိသွားသည်။ ရှန်ကွမ်ယွဲ့ က ကျိုတို မြို့ကလို့ ထင်တာပဲ။ ကံကောင်းထောက်မစွာဖြင့် သူမသည် နောက်တစ်ပတ်နေမှသာ ဟွာရှနိုင်ငံသို့ ပြန်ရောက်လာမည်ဖြစ်ရာ သူတို့နှစ်ဦး အမှတ်မထင် ဆုံတွေ့မိမည် မဟုတ်ချေ။
"ကောင်းပါပြီလေ... မနက်ဖြန် ငါ ဘာအစီအစဉ်မှ မရှိဘူးဆိုတော့ နင်နဲ့ လိုက်ခဲ့ပေးပါ့မယ်... ဒါပေမဲ့ အလွန်ဆုံး နှစ်ရက်အတွင်း ပြန်လာရမယ်လို့ ငါတို့ သဘောတူထားတယ်နော်..."
"ပြဿနာမရှိပါဘူး... တကယ်လို့ အကုန်လုံး အဆင်ပြေချောမွေ့ခဲ့ရင် အဲဒီနေ့ ချက်ချင်းတောင် ပြန်လာလို့ ရပါတယ်..."
ရွှီချင်းချန် က သူ့အား အာမခံပြောဆိုလိုက်လေသည်။