အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉) သခင်လေးကို ကာကွယ်ရန် ကျိန်ဆိုခြင်း
"ချီးပဲ... အဇူရာနန်းတော်က နတ်ဘုရားတွေဖြစ်တဲ့ ငါတို့ကို မင်းတို့လို ငတုံးတွေက ဖြတ်တိုက်ပြီး သတ်နိုင်မယ်လို့ ထင်နေတာကို ယုံတောင်မယုံနိုင်ဘူး... ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ရာနဲ့ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ခြောက်ယောက်ဆိုတာ ငါတို့ သွားကြားညှပ်ဖို့တောင် မလောက်ဘူး..."
"နောက်တစ်ခါကျရင် သွားကြားထိုးတံတွေ ပိုပို့ပေးဖို့ မှတ်ထား..."
"ဒီနေ့တော့ မင်းတို့နဲ့ ကစားမနေတော့ဘူး... မှတ်ထား ဒါက ပြီးသေးတာမဟုတ်ဘူး... အနှေးနဲ့အမြန် မင်းတို့အားလုံးကို ငါ လာရှာမယ်..."
ထိုစကားပြောပြီးနောက် ဖုန်းက ရုတ်တရက် ပြတ်ကျသွားလေ၏။
ထိုအခိုက်အတန့်တွင် ခန်းမကြီးထဲ၌ ဖုန်းကိုင်နေသူ၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပေသည်။
"သေသွားပြီလား... အစွမ်းထက်သူ တစ်ရာကျော်တောင်... ငါးမိနစ်တောင် မပြည့်ခင် သေသွားတာလား..."
အခြားသူများလည်း မကြည့်ဘဲ မနေနိုင်ကြတော့ချေ။
"ခေါင်းဆောင်ထျန်... ဘာဖြစ်လို့လဲ... အဲဒါ မင်းလူတွေဆီက ဖုန်းလား... စစ်မြေပြင်အခြေအနေ ဘယ်လိုရှိလဲ... ငါတို့ကို မြန်မြန်ပြောစမ်းပါ..."
"ငါ..."
ခေါင်းဆောင်ထျန်၏ နှလုံးသားမှာ ရူးသွပ်စွာ ခုန်ပေါက်နေခဲ့၏။
ယခုလေးတင် ဝင်လာသော ဖုန်းမှာ သူ၏ လက်အောက်ငယ်သားများထံမှ ဖြစ်သင့်သော်လည်း ဖုန်းခေါ်ဆိုသူမှာ ၎င်းတို့ထဲမှ တစ်ဦးမဟုတ်ခဲ့ချေ။
ခနအကြာတွင် သူက အသက်ပြင်းပြင်း ရှူလိုက်ကာ သူ၏ ရင်ထဲရှိ ထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်ထားရင်း သူက ပြောဆိုလိုက်၏။
"ခုနက ဖုန်းက... ပင်မနတ်ဘုရားဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ ထိုက်ရှန်းရဲ့ အသံပဲ... ငါတို့လူတွေ... အကုန်လုံး သေကုန်ပြီ..."
လူတိုင်း အသက်ရှူမှားသွားကြလေကာ
၎င်းတို့ လုံးလုံးလျားလျား အံ့အားသင့်သွားကြရပေ၏။
"မြန်မြန်... ဒီကနေ ထွက်သွားကြမယ်..."
"ငါတို့ ဆက်နေလို့ မရတော့ဘူး... အခုချက်ချင်း ဆုတ်ခွာမှဖြစ်မယ်..."
၎င်းတို့သည် ခန်းမကြီးထဲမှ ပြာယာခတ်လျက် ထွက်ပြေးသွားကြတော့သည်။
အဇူရာနန်းတော်မှ လူများသည် ယခုအချိန်တွင် လုပ်စရာကိစ္စတစ်ခုခု ရှိနေကြောင်း ရှင်းလင်းနေပြီး ၎င်းတို့ သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့ကို သေချာပေါက် ဒုက္ခပေးလာမည် ဖြစ်ပေ၏။
ထို့ကြောင့် ယခုချက်ချင်း ဆုတ်ခွာရမည် ဖြစ်သည်။
…
နယ်စပ် စစ်ဘက်ဆိုင်ရာဌာနတွင်။
ချင်းလုံသည် ရှေ့တွင် တစ်ဦးတည်း ရပ်နေပြီး အခြားပုံရိပ်အချို့ကမူ သူ၏ ရှေ့ မီတာတစ်ရာခန့်အကွာတွင် ရပ်နေကြ၏။
၎င်းတို့မှာ အဇူရာနန်းတော်မှ ကျွမ်းကျင်သူများဖြစ်ကြပြီး ပင်မနတ်ဘုရားအဆင့် အစွမ်းထက်သူများ ဖြစ်ကြပေသည်။
ထို့အပြင် ခပ်လှမ်းလှမ်းမှ ဤဦးတည်ရာဘက်သို့ လူများ ပိုမိုစုဝေးလာနေကြလေ၏။
ချင်းလုံမှာ အပေါ်ယံတွင် အလွန် ခန့်ညားထည်ဝါနေပုံရသည်။
သို့သော် သူ၏ ရင်ထဲတွင်မူ မယုံနိုင်လောက်အောင် စိုးရိမ်ပူပန်နေခဲ့၏။
သို့သော် နောက်ဆုတ်၍ မရနိုင်ချေ။
သူသည် သူ၏ အတွေးများကို စုစည်းကာ ရှေ့သို့ လှမ်းအော်လိုက်လေသည်။
"အားလုံးပဲ... ဒီလမ်းကို ပိတ်ထားတယ်... မင်းတို့အားလုံးက ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေ ဖြစ်ကြပြီး ဟွာရှပြည်ထဲကို မင်းတို့ သဘောကျ ဝင်ရောက်ခွင့် မရှိဘူး..."
"ငါတို့ နောက်ထပ် ညွှန်ကြားချက်တွေကို စောင့်ရမယ်... ကျေးဇူးပြုပြီး လာရာလမ်းကို ပြန်လှည့်သွားကြပါ..."
"ချင်းလုံ..."
လဲ့ယန်၏ အငွေ့အသက်များ ဆက်လက်မြင့်တက်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
သူ ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ မြေပြင်ပင် ချိုင့်ဝင်သွားလေ၏။
"အဇူရာနန်းတော်ရဲ့ သခင်လေး အန္တရာယ်ရှိနေတယ်... ငါတို့က သူ့ကို ကူညီဖို့ သွားမှာပဲ... တကယ်လို့ မင်းက ငါတို့ကို ပေးမဖြတ်ဘူးဆိုရင် ငါတို့က အတင်း တိုက်ခိုက်ပြီး ဝင်ရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး..."
"ဘာ..."
ချင်းလုံ၏ နှလုံးသား တုန်ရီသွားပေသည်။
‘အဇူရာနန်းတော်ရဲ့ သခင်လေး...အဲဒါ ကောလာဟလ ထွက်နေတဲ့ ချန်ဖုန်း မဟုတ်ဘူးလား...သူက ဘယ်လိုလုပ် အန္တရာယ် ရှိနေနိုင်မှာလဲ ဒါ အတုများလား…’ချင်းလုံ တ၀်ယောက် အတွေးများနေစဥ်…
လဲ့ယန်၏ လူသတ်ချင်သော အငွေ့အသက်မှာ ပို၍ပို၍ အားကောင်းလာခဲ့၏။
"ချင်းလုံ... မင်းက အဇူရာနန်းတော်နဲ့ စစ်ခင်းမလို့လား... သခင်လေးကို တစ်ခုခုသာ ဖြစ်သွားရင် မင်းတို့ တစ်နိုင်ငံလုံးကို ငါ သတ်ပစ်မယ်... မင်းရဲ့ စစ်ဘက်ဆိုင်ရာဌာနကို ငါ သတ်ပစ်မယ်..."
"ဖယ်စမ်း..."
"မင်းက သေရမှာကို မကြောက်ဘူးဆိုတာ ငါသိတယ်... ဒါပေမဲ့ မင်းနောက်က လူတွေအားလုံးကို အလဟဿ သေခိုင်းဖို့ မင်း တကယ်ပဲ ဆန္ဒရှိနေတာလား..."
လဲ့ယန်၏ ဘေးတွင်။
ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ အချို့လည်း ရှေ့သို့ ထွက်လာကြပေသည်။
၎င်းတို့သည် ဟွာရှနိုင်ငံနှင့် ပဋိပက္ခ မဖြစ်ချင်ကြချေ။
သို့သော် ၎င်းတို့က ပဋိပက္ခကို ကြောက်ရွံ့နေသည်ဟု မဆိုလိုပေ။
အဝေးဆီမှ
ထိုက်ရှန်း…တစ္ဆေ နှင့် အခြားသူများလည်း အလျင်အမြန် ရောက်ရှိလာကြ၏။
၎င်းတို့၏ အစွမ်းထက်သော အငွေ့အသက်များ ပေါင်းစပ်သွားရာ ချင်းလုံပင်လျှင် ကြီးမားသော ဖိအားကို ခံစားလိုက်ရလေသည်။
ချင်းလုံသည် သူ၏နောက်ရှိ စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များကို တစ်ချက် ကြည့်လိုက်၏။
ထို့နောက်သူက သွားများကို ပြင်းပြင်းထန်ထန် ကြိတ်လိုက်ကာ ပြောလိုက်သည်။
"သူတို့ကို ပေးဖြတ်လိုက်..."
တားဆီးရန် ကြိုးစားခြင်းဖြင့် ၎င်းတို့ကို သေချာပေါက် တားဆီးနိုင်မည် မဟုတ်ချေ။
စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များ အလဟဿ အသက်ပေးရုံသာ ရှိပေလိမ့်မည်။
ချင်းလုံသည် ကျန်းထျန်ရှန်းထံ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်၏။
"ဝန်ကြီးကျန်း... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ..."
"ဘာကိစ္စလဲ..."
ကျန်းထျန်ရှန်းသည် နယ်စပ်ဒေသ လအနည်းငယ်ခန့် ငြိမ်းချမ်းနေမည်ဖြစ်ရာ အနားယူရန် ခရီးထွက်နိုင်မည်ဟု တွေးတောနေခဲ့ခြင်း ဖြစ်ပေသည်။
တစ်ရက်တောင် မပြည့်ခင်မှာ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်လာရတာလဲ။
ချင်းလုံက အလျင်အမြန် ပြောဆိုလိုက်၏။
"ချန်ဖုန်းက အဇူရာနန်းတော်ရဲ့ သခင်လေးပဲ... ဟွာရှပြည်တွင်းမှာ သူ တစ်ခုခု ဖြစ်သွားတာ သေချာတယ်... အဇူရာနန်းတော်က ကျွမ်းကျင်သူတွေ အားလုံး ဟွာရှပြည်ထဲကို ဝင်သွားကြပြီ..."
"ဟွာရှပြည်တွင်းမှာလည်း ပုန်းအောင်းနေတဲ့ ကျွမ်းကျင်သူတွေ ရှိနေမှာ သေချာတယ်..."
"ပင်မနတ်ဘုရားဆယ်ပါး အဆင့် အစွမ်းထက်သူတွေနော်..."
"ဝန်ကြီးကျန်း... သူတို့သာ တကယ် ရူးသွပ်သွားရင် ဟွာရှတစ်ပြည်လုံး ကစဉ့်ကလျား ဖြစ်သွားလိမ့်မယ်..."
"ချီးပဲ..."
ကျန်းထျန်ရှန်း ကျိန်ဆဲခြင်းကို မတားဆီးနိုင်တော့ချေ။ သူ ဖုန်းကို အလျင်အမြန်ချကာ ချန်ဖုန်းထံသို့ ပြန်လည်ခေါ်ဆိုလိုက်သည်။
သို့သော် မည်သူမျှ မကိုင်ချေ။ သူ၏ နှလုံးသားမှာ နောက်တစ်ကြိမ် ခုန်ပေါက်သွားပြန်၏။ဆိုးရွားသော ကိစ္စတစ်ခုခု သေချာပေါက် ဖြစ်တော့မည်။
ထိုအချိန်၌ ဟွမ်ဇီသည် ပြာယာခတ်လျက် အပြေးဝင်လာခဲ့သည်။
"ဝန်ကြီး... ဝန်ကြီး... ပြဿနာတက်ပြီ... ချန်ဖုန်းကို ကျိုတိုက မင်တူးကလပ်မှာ ဝိုင်းထားကြတယ်..."
"ဟွာအန်းဗျူရိုရဲ့ ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းက လူတစ်ရာကျော် ခေါ်သွားတာ..."
"သူ လက်နက်တောင် ကိုင်ထားသေးတယ်..."
"ချီးပဲ..."
ကျန်းထျန်ရှန်းသည် အလွန်အမင်း ဒေါသထွက်သွားကာ သူ၏ဖုန်းကို လွှင့်ပေါက်လိုက်လေသည်။
ချန်ဖုန်း ကျိုတိုသို့ ရောက်လာမည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့သလို သူ၏ မျက်စိအောက်တွင် ပြဿနာတစ်ခုခု ဖြစ်လာလိမ့်မည်ဟုလည်း မထင်ထားခဲ့ချေ။
ဤကိစ္စကို ယခင်ကဆိုလျှင် လုံးလုံးလျားလျား ဖြေရှင်းနိုင်ပေသည်။
သို့သော် ယခုအခါတွင်မူ တစ်ဖက်လူ၏ အဆင့်အတန်းအပြင် အဇူရာနန်းတော်မှ ပင်မနတ်ဘုရားဆယ်ပါး ဝင်ရောက်လာမှုကြောင့် ဖြေရှင်းရန် သေချာပေါက် မလွယ်ကူတော့ချေ။
"မြန်မြန်... စစ်သေနာပတိကို အကြောင်းကြားလိုက်..."
"စစ်သေနာပတိက အဲဒီကို သွားနေပါပြီ..."
ဤကိစ္စကို သိရှိသွားပြီးနောက် ဟွမ်ဇီသည် စစ်သေနာပတိထံ ချက်ချင်း အကြောင်းကြားခဲ့ခြင်း ဖြစ်ပေ၏။
သူလည်း ဤအရာကို မမျှော်လင့်ထားခဲ့ချေ။စစ်သေနာပတိသည် မင်တူးကလပ်ဆီသို့ သွားနေပြီ ဖြစ်သည်။
"သွားမယ်... မင်တူးကလပ်ကို သွားပြီး ဟွာအန်းဗျူရိုရဲ့ ညွှန်ကြားရေးမှူး ယန်ရီရှို ကို ခေါ်လိုက်... သူ ဘယ်လို လက်အောက်ငယ်သားမျိုးကို လေ့ကျင့်ပေးထားလဲဆိုတာ ငါ ကြည့်ချင်တယ်..."
ကျန်းထျန်ရှန်းသည် ပြောရင်း ဒေါသတကြီးဖြင့် မင်တူးကလပ်သို့ ထွက်ခွာသွားလေတော့၏။
…
လူတိုင်း မင်တူးကလပ်သို့ အလျင်အမြန် သွားနေကြစဉ်။
ကလပ်အပြင်ဘက်ရှိ လေထုမှာ တင်းမာနေပြီး ရန်လိုနေခဲ့သည်။
ပတ်သက်မှုမရှိသော သူများအားလုံးကိုလည်း ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းက ဖယ်ရှားရှင်းလင်းထားခဲ့၏။ ချန်ဖုန်းမှာ အလွန် တိုက်ခိုက်ရေး ကျွမ်းကျင်ပြီး လူတစ်ယောက် နှစ်ယောက်ဖြင့် သူ့ကို ဖမ်း၍မရနိုင်ကြောင်း သူ သိထားပေသည်။
ကျန်းကျိုးက လှောင်ပြောင်လိုက်သည်။
"အဖေ... အဲဒါ သူပဲ... သူက ရန်သူ့သူလျှိုပဲ... သူ့ကို အခုချက်ချင်း ဖမ်းလိုက်ပါ..."
ယခု သူ အလွန် ဒေါသထွက်နေလေ၏။
ကလဲ့စားချေရန်သာ စဉ်းစားနေခဲ့ပြီး တွေ့ဆုံပွဲအကြောင်းနှင့် ထိုပွဲတွင် အလွန် အရေးပါသူတစ်ဦးကို ဖိတ်ကြားထားကြောင်းကို လုံးဝ မေ့ပျောက်သွားခဲ့ပြီ ဖြစ်သည်။
"သူ့ကို ဖမ်းစမ်း..."
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းက အမိန့်ပေးလိုက်၏။
လူတစ်ရာခန့်သည် ချန်ဖုန်းအား ချက်ချင်း ဝိုင်းရံလိုက်ပြီး စည်းချက်ညီညီ ချီတက်ကာ စက်ဝိုင်းကို တဖြည်းဖြည်း ကျဉ်းလာစေပြီး တစ်ယောက်စီတိုင်းက တုတ်များကို ကိုင်ဆောင်ထားကြသည်။
အချို့လူများ၏ ခါးများမှာ ဖောင်းနေပြီး တစ်ခုခု ပါလာကြောင်း ရှင်းလင်းစွာ ပြသနေပေ၏။
"ဘာလို့လဲ..."
ချန်ဖုန်းက သက်ပြင်းချလိုက်ပြီး သူ၏ စစ်ဘက်ဆိုင်ရာဌာနမှ အထောက်အထားကို ထုတ်ပြရန် ပြင်လိုက်ချိန်မှာပင်။
မွှေးကြိုင်သော လေပြေတစ်ခု တိုက်ခတ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင်။
ဆရာမကု မျက်နှာတစ်ထောင်မြေခွေး သည် သူ၏ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့၏။
ဤအချိန်၌ ဆရာမကုသည် ကျောင်းမှ လှပသော အမျိုးသမီးဆရာမလေး၏ ပုံရိပ်ကို လုံးဝ ဆုံးရှုံးသွားခဲ့လေပြီ။
သူမ၏ အငွေ့အသက်များ ပြောင်းလဲသွားသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ လူသတ်ချင်သော အငွေ့အသက်များ ဖြာထွက်နေခဲ့၏။
ရုတ်တရတ် စူးရှသော အော်ဟစ်သံဖြင့် သူမက အမိန့်ပေးလိုက်သည်။
"အဇူရာနန်းတော် အဖွဲ့ဝင်အားလုံး... ငါ့အမိန့်ကို နာခံကြ... ငါတို့ရဲ့ သခင်လေးကို အသေအလဲ ကာကွယ်... မနာခံရဲတဲ့သူ မှန်သမျှ သနားညှာတာမှုမရှိဘဲ သတ်ပစ်မယ်..."
"ငါတို့ရဲ့ သခင်လေးကို အသက်ပေးပြီး ကာကွယ်ဖို့ ငါတို့ ကျိန်ဆိုတယ်..."
"ငါတို့ရဲ့ သခင်လေးကို အသက်ပေးပြီး ကာကွယ်ဖို့ ငါတို့ ကျိန်ဆိုတယ်..."
…
ရုတ်တရက် အသံများသည် အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်။
လူဒါဇင်ပေါင်းများစွာသည် ချန်ဖုန်း၏ ပတ်ပတ်လည်တွင် ထပ်မံပေါ်လာပြီး သူ့ကို အလယ်တွင် ကာကွယ်ထားကြ၏။
၎င်းတို့သည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေကြပေသည်။
စစ်မြေပြင်တွင် သေမင်းနှင့် ရင်ဆိုင်ခဲ့ရသော တိုက်ပွဲများကို တွေ့ကြုံဖူးသူများဖြစ်ကြောင်း ရှင်းလင်းနေပေ၏။
ဤလူများသည် အလွန် ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အစွမ်းထက်သော အငွေ့အသက်များကြောင့် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း၏ မျက်နှာအမူအရာမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့လေ၏။သူ၏ နှလုံးသားထဲတွင် အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။
သူသည် တိုက်ပွဲများကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော်လည်း ဤလူများထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ် အငွေ့အသက်များကို ခံစားသိရှိနိုင်ပေ၏။
သူ့မှာ ပို၍ပင် ကြောက်ရွံ့မသက်မသာ ဖြစ်သွားရလေသည်။ သူ၏ ဘေးရှိ သားဖြစ်သူကို သူမကြည့်ဘဲ မနေနိုင်ခဲ့ချေ။
‘ငါ့သားက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကိုများ သွားစော်ကားမိတာလား’
—