အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း ၂၄၃
ယခုအချိန်တွင် သူနှင့် ဆရာကြီးစိမ်းပြာရောင်သစ်သားတို့၏ တိုက်ပွဲကြောင့် ပတ်ပတ်လည် ဆယ်မိုင်အတွင်းရှိ မြေပြင်တစ်ခုလုံးမှာ ပြိုပျက်ချိုင့်ခွက်ကာ မြေငလျင်အကြိမ်ကြိမ် လှုပ်ခတ်ထားသကဲ့သို့ ဖြစ်နေသည်။
အထူးသဖြင့် သူတို့ဘေးနားရှိ မိုင်ဝက်ခန့်နက်ပြီး မိုင်အနည်းငယ်ကျယ်သော တွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ အတိ ဖြစ်နေတော့သည်။
မိုးကြိုးအလင်းကြောင့် ကျောက်တုံးများနှင့် မြေသားများ အရည်ပျော်သွားခဲ့ရသော တွင်းဝနားမှ မီးခိုးပြာများ တလူလူထွက်နေပြီး စူးရှသော အနံ့ဆိုးများလည်း ပျံ့လွင့်နေသည်။
သို့သော်လည်း ထိုသက်ကြီးရွယ်အိုမှာမူ ထိုအရာများကို သတိပြုမိဟန်မတူဘဲ ဘေးနားတွင် ရပ်လျက် ကုယွမ်ကို ပြုံးကြည့်နေဆဲပင်။
ထိုသက်ကြီးရွယ်အိုတွင် ဖြူဖွေးသော ဆံပင်၊ မုတ်ဆိတ်မွှေးများနှင့် အနည်းငယ် ပြည့်ဖြိုးဝိုင်းစက်သော မျက်နှာရှိပြီး သူ၏ အငွေ့အသက်မှာ ပြင်းထန်လှသည်တော့ မဟုတ်ချေ။ သို့သော် ကုယွမ်သည် ဤသက်ကြီးရွယ်အိုကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လျက် စူးစိုက်ကြည့်လိုက်မိသည်။
သူသည် ဤသက်ကြီးရွယ်အိုကို ဧကန်မုချ မသိကျွမ်းဖူးချေ။ သို့သော် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပါလျက် သူ၏စိတ်ထဲတွင် ဆန်းကြယ်သော ရင်းနှီးမှုတစ်ခု ကိန်းအောင်းလာခဲ့သည်။
ဤလူကို တစ်နေရာရာတွင် မြင်ဖူးခဲ့သကဲ့သို့ ခံစားချက်မျိုးပင်။
၎င်းမှာ ကုယွမ်၏ စိတ်အာရုံမှားယွင်းခြင်း လုံးဝမဟုတ်ချေ။
သူ၏ ကျင့်စဉ်အဆင့်အတန်းနှင့် ဓားနှလုံးသားပါရမီကြောင့် လူ သို့မဟုတ် အရာဝတ္ထုတို့၏ အနှစ်သာရကို တိုက်ရိုက် မခွဲခြားနိုင်သေးသော်လည်း အချို့သောအရာများကိုမူ အလိုအလျောက် အာရုံခံနိုင်စွမ်း ရှိသည်။
အထူးသဖြင့် ထိုသက်ကြီးရွယ်အို၏ လေသံကို ကြားရခြင်းအားဖြင့် သူသည် ဆရာကြီးစိမ်းပြာရောင်သစ်သားနှင့် တိုက်ခိုက်နေသည့် မြင်ကွင်းတစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည်မှာ ထင်ရှားသည်။
သို့တိုင်အောင် သူသည် သူကို နွေးထွေးစွာ ပြုံးပြနိုင်နေဆဲပင်။
ဤကဲ့သို့သော အမူအရာမျိုးသည် သူက သာမန်လူတစ်ယောက် လုံးဝမဟုတ်ကြောင်း ထင်ရှားစေသည်။
"ဘာလဲ... ငါက ရုပ်ပြောင်းလိုက်လို့ မမှတ်မိတော့ဘူးလား..."
ထိုသက်ကြီးရွယ်အိုက ခပ်ပြုံးပြုံး လေသံဖြင့် ပြောလိုက်သည်။
ကုယွမ်၏ မျက်ဝန်းများ ဝင်းလက်သွားပြီးနောက် နောက်ဆုံးတွင်မူ ထိုသက်ကြီးရွယ်အို၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရိပ်မိသွားကာ ဦးညွှတ်ဂါရဝပြုလျက် "ဘယ်သူများလဲလို့... တကယ်တော့ မူလမဟူရာဂိုဏ်းက သက်တော်ရှည် အလောင်းကောင်သုံးပါးဆရာကြီးဖြစ်နေတာကိုး..."
"ဆရာကြီးက နဂါးနီမသေမျိုးနန်းတော်ထဲမှာ ရတနာတွေ သွားမရှာဘဲ ဘာလို့ မြို့ပြင်က ဒီနေရာကို ရောက်နေရတာလဲခင်ဗျာ..."
သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သဘောကျစွာ ရယ်မောရင်း "ဆရာကြီးရဲ့ အခုပုံစံကို ကြည့်ရတာ... ဒီခန္ဓာကိုယ်က တစ်နေရာရာကနေ အတင်းအဓမ္မလုယူပြီး သွန်းလုပ်ထားတဲ့ ရုပ်ပွားတစ်ခုပဲ မဟုတ်ဘူးလား..."
ဤသက်ကြီးရွယ်အိုမှာ အခြားသူမဟုတ်ဘဲ မူလမဟူရာဂိုဏ်း၏ ဝါရင့် အလောင်းကောင်သုံးပါးဆရာကြီးပင်။
ဤသူသည် ကိုယ်ပွါးခွဲခွာခြင်းအတတ်တွင် အလွန်ကျွမ်းကျင်ပြီး အထူးသဖြင့် သူ၏ မွေးရာပါ အလောင်းကောင်သုံးပါးနတ်ဆိုးမှာ အလွန်တရာ ပြင်းထန်လှသော နတ်ဆိုးစွမ်းအင်များကို ပိုင်ဆိုင်ထားသည်။
ထိုခန္ဓာကိုယ် သုံးပါးတွင် ကရုဏာနတ်ဆိုး၊ အဝိဇ္ဇာနတ်ဆိုးနှင့် အမိန့်ပေးနတ်ဆိုးဟူ၍ ပါဝင်သည်။
နတ်ဆိုးတစ်ပါးချင်းစီ၏ စွမ်းအားမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦးနှင့် အလားတူသည်။
ကုယွမ်နှင့် ဤအလောင်းကောင်သုံးပါးနတ်ဆိုးတို့ကြားတွင် နက်ရှိုင်းသော အတိတ်သမိုင်းကြောင်း ရှိခဲ့ဖူးသည်ဟု ဆိုနိုင်သည်။
သူ၏ မိတ်ဆွေဟောင်း ချန်ချီသည် ဤအလောင်းကောင်သုံးပါးနတ်ဆိုး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းပင်။
ထို့ပြင် ကုယွမ်သည် ယခင်ကလည်း ဤနတ်ဆိုးနှင့် ရင်ဆိုင်ကာ ဖြေရှင်းခဲ့ဖူးသေးသည်။
မထင်မှတ်ဘဲ ယခုအခါတွင် ဤနတ်ဆိုးကြီးနှင့် ထပ်မံဆုံတွေ့ရခြင်းပင်။
သို့သော်လည်း ကုယွမ်သည် ထိတ်လန့်တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ အလွန်ပင် တည်ငြိမ်နေခဲ့သည်။
အကြောင်းမူကား သူသည် တစ်ဖက်လူ၏ အနှစ်သာရကို အကဲခတ်မိသောကြောင့် ဖြစ်ပြီး ၎င်းမှာ အလောင်းကောင်သုံးပါးနတ်ဆိုး၏ အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘဲ ရိုးရှင်းသော ရုပ်ပွားတစ်ခုသာ ဖြစ်သည်။
ဒီလူရဲ့ ကျင့်စဉ်က ငါ့ထက်မြင့်ပြီး ကောင်းကင်ဘုံလူသားအဆင့် မဟာပြည့်စုံခြင်းကို ရောက်နေရင်ကော ဘာဖြစ်လဲ။ ငါက ဆရာကြီးစိမ်းပြာရောင်သစ်သားလို ထိပ်တန်းကျင့်ကြံသူကြီးကိုတောင် သတ်ပစ်ခဲ့ပြီးပြီပဲ... အခု ဒီတစ်ယောက်ကိုကျမှ ငါက ဘာလို့ ကြောက်နေရမှာလဲ။
ပြီးတော့... ဒီနတ်ဆိုးကြီး ဒီကို ရောက်လာတာ နဂါးနီမသေမျိုးနန်းတော်ကြောင့် ဖြစ်တာ သေချာတယ်။ အခုလောလောဆယ် သူ့ရဲ့ တကယ့်ခန္ဓာကိုယ်အစစ်က နဂါးနီမသေမျိုးနန်းတော်ထဲမှာပဲ ပုန်းနေဦးမှာ သေချာတယ်...
ထိုစဉ်မှာပဲ နတ်ဆိုးကြီးက အထက်စီးလေသံဖြင့် အေးစက်စွာ လှောင်ပြုံးရင်း ပြောလိုက်သည်။
"ကောင်လေး... မတွေ့ရတာ ကြာပြီပဲ။ မင်းက ဒီလောက်တိုတိုတုတ်တုတ် အချိန်အတွင်းမှာ ဒီလောက်အထိ အဆမတန် တိုးတက်လာလိမ့်မယ်လို့ ငါ အိမ်မက်တောင် မမက်ခဲ့ဘူး..."
အလောင်းကောင်သုံးပါးဆရာကြီးသည် ကုယွမ်ကို သေချာစွာ စိုက်ကြည့်လျက် အံ့ဩကာ ချီးကျူးစကား ဆိုလိုက်မိသည်။
သူ ကုယွမ်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်ခဲ့သော လအနည်းငယ်ခန့်ကဖြစ်ပြီး ထိုစဉ်က ကုယွမ်သည် ကောင်းကင်ဘုံလူသားအဆင့်သို့ စတင်ဖောက်ထွက်နိုင်ခဲ့ကာစသာ ရှိသေးသည်။
သူ၏ကျင့်စဉ်မှာ အနည်းငယ် နုနယ်သေးပြီး မည်သည့် ပြင်းထန်လှသော နတ်ဘုရားအတတ်ပညာကိုမျှ မတတ်မြောက်သေးချေ။
သို့သော် လအနည်းငယ်အတွင်းမှာပင် သူသည် ကောင်းကင်ဘုံလူသားအဆင့် မဟာအောင်မြင်ခြင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည့်အပြင် သူ၏ ဓားသိုင်းအတတ်၊ ဓားအစီအရင်နှင့် အခြားသော အစွမ်းအစများမှာလည်း ခုနကတင် မြင်တွေ့ခဲ့ရသည့်အတိုင်း ထူးခြားပြောင်မြောက်သည်။
သူကဲ့သို့သော နတ်ဆိုးကြီး၏ မျက်လုံးထဲတွင်ပင် ချီးကျူးစကား မဆိုဘဲ မနေနိုင်လောက်အောင် ဖြစ်ရလေတော့သည်။
ကုယွမ်၏ ကျင့်စဉ်တိုးတက်မှုနှုန်းမှာ အဘယ်မျှအထိ မြန်ဆန်လှသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ကုယွမ် ခုနကတင် သတ်ဖြတ်လိုက်သော ဆရာကြီးစိမ်းပြာရောင်သစ်သားမှာ သာမန်ရိုးရှင်းသောလူစားမျိုး မဟုတ်ချေ။ သို့သော် ကုယွမ်သည် ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ရှိသေးသော်လည်း အားနည်းချက်ကို အခွင့်ကောင်းယူကာ တစ်ဖက်လူကို အောင်နိုင်ခဲ့ခြင်းက ကုယွမ်၏ စွမ်းဆောင်ရည်ကို သက်သေပြနေခြင်းပင်။
ဤအချက်က ထိုနတ်ဆိုးအိုကြီးကို ပို၍ပင် စိတ်ဝင်စားသွားစေသည်။ ဤမျှကောင်းမွန်သော ပျိုးပင်လေးကိုသာ ယခင်ကတည်းက ဖမ်းဆီးပြီး ယင်နတ်ဆိုးအဖြစ် သွန်းလုပ်နိုင်ခဲ့လျှင် နတ်ဘုရားနတ်ဆိုးတစ်ပါးဖြစ်ရန် အခြေခံအုတ်မြစ် ရရှိခဲ့မည်ပင်။
နောင်အနာဂတ်တွင်မူ ၎င်းကို မသေမျိုးနတ်ဆိုးအဖြစ်ပင် ဆင့်ကဲပြောင်းလဲ သွန်းလုပ်နိုင်ကောင်းပေလိမ့်မည်။
နှမြောစရာကောင်းသည်မှာ ယခုအခါတွင် ကုယွမ်သည် သန်မာထက်မြက်နေပြီ ဖြစ်သည်။
သူ၏ အစစ်အမှန် အလောင်းကောင်သုံးပါးနတ်ဆိုး ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခြင်းမျိုး မဟုတ်လျှင် ဤကောင်လေးကို ဖမ်းဆီးနိုင်ရန် သူ၏စိတ်ထဲတွင် သေချာရေရာမှု မရှိချေ။
"ကောင်လေး... ငါ မှတ်မိမမှားဘူးဆိုရင် ဆရာကြီးစိမ်းပြာရောင်သစ်သားက မင်းတို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် မဟုတ်ဘူးလား..."
အလောင်းကောင်သုံးပါးဆရာကြီးက ပြုံးစိစိဖြင့် အရိပ်အမြွက် ပြောလိုက်သည်။
"ဂိုဏ်းတူ စီနီယာကြီးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်တာက မင်းတို့ မသေမျိုးတာအိုဂိုဏ်းမှာပဲဖြစ်ဖြစ် ငါတို့ရဲ့ ကြီးမြတ်လှတဲ့ နတ်ဆိုးတာအိုဂိုဏ်းမှာပဲဖြစ်ဖြစ် ကြီးမားတဲ့ သစ္စာဖောက်မှုပဲလေ။ ဒီသတင်းကို ငါသာ ကိုယ်တိုင် ဖြန့်လိုက်မယ်ဆိုရင် မင်းရဲ့ ကံကြမ္မာက ဘာဖြစ်သွားမလဲ..."
ကုယွမ်သည် ထိုစကားများကြောင့် တုန်လှုပ်မသွားဘဲ တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။
"အလောင်းကောင်သုံးပါးဆရာကြီးက ကျွန်တော် ဦးလေးစိမ်းပြာရောင်သစ်သားကို ဘယ်လိုကိုင်တွယ်ခဲ့လဲဆိုတာ မြင်ခဲ့ပြီးပြီပဲ... အဲဒီတော့ အလောင်းကောင်အဆိပ်ပုလင်းကို ကျွန်တော် ဘယ်ကရခဲ့လဲဆိုတာ ဆရာကြီး မခန့်မှန်းမိဘူးလား..."
"တကယ်လို့ ဆရာကြီးက ကောလာဟလတွေ ဖြန့်ချင်တယ်ဆိုရင်လည်း သဘောရှိသလို လုပ်ပါခင်ဗျာ..."
ကုယွမ်သည် လေထဲလွင့်ပြီး အဓိပ္ပာယ်မရှိ စကားပြောနေခြင်း မဟုတ်ချေ။
ဆရာကြီးစိမ်းပြာရောင်သစ်သားအပေါ် အသုံးပြုခဲ့သော အလောင်းကောင်အဆိပ်ပုလင်းမှာ စီမာယန် ထံမှ ရရှိခဲ့ခြင်းပင်။
ယခင်က စီမာယန်အား အခြေအနေများကို ရှင်းလင်းပြောပြခဲ့ပြီးနောက် စီမာယန်အနေဖြင့် ကုယွမ်ကို တိုက်ရိုက်ကူညီရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း ဆရာကြီးစိမ်းပြာရောင်သစ်သားနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ပံ့ပိုးပေးခဲ့သည်။
ထို့ကြောင့်ပင် ကုယွမ်သည် မာဖုန်းကို မြို့ပြင်သို့ အကွက်ချလှည့်စားခေါ်ထုတ်ခဲ့ပြီးနောက် ဆရာကြီးစိမ်းပြာရောင်သစ်သားကိုပါ ထပ်မံမျှားခေါ်နိုင်ခဲ့ခြင်းပင်။
စီမာယန်နှင့် ဆရာကြီးစိမ်းပြာရောင်သစ်သား နှစ်ဦးစလုံးမှာ မိသားစုဂိုဏ်းအဖွဲ့အစည်းတစ်ခုတည်းမှ ဖြစ်သော်လည်း သူတို့ချင်းက စိတ်ဝမ်းကွဲနေကြသူများပင်။
စီမာယန်သည် လောကီရေးရာများကို စိတ်မဝင်စားဘဲ ဆေးဖော်စပ်ခြင်း အတတ်ပညာ၌သာ စိတ်ဝင်စားသူဖြစ်ပြီး ဒုတိယမျှော်စင်သခင်ဖြစ်သော ဆရာကြီးစိမ်းပြာရောင်သစ်သားကမူ အာဏာမက်မောသူဖြစ်ကာ လွန်ခဲ့သောနှစ်များအတွင်း စီမာယန်၏ ခေါင်းဆောင်မှုအခွင့်အာဏာများကို တိတ်တဆိတ် လုယူထားခဲ့သူ ဖြစ်သည်။
သူတို့၏ အပြင်ပန်း ဆက်ဆံရေးကောင်းမွန်မှု နောက်ကွယ်တွင် နက်ရှိုင်းလှသော ပဋိပက္ခများ ရှိနေခဲ့သည်မှာ အမှန်ပင်။
ယခုအခါ ကုယွမ်သည် စီမာယန်၏ အသည်းစွဲ တပည့်ကျော်ဖြစ်နေသော်လည်း ဆရာကြီးစိမ်းပြာရောင်သစ်သား၏ အကြိမ်ကြိမ် လုပ်ကြံခြင်းကို ခံခဲ့ရသဖြင့် စီမာယန်အနေဖြင့် အခြေအနေအရ ကုယွမ်ကို အနည်းငယ် ကူညီပေးခဲ့ခြင်းပင်။
သူသည် သူ၏ ရာထူးအဆင့်အတန်းကြောင့်သာ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခြင်း မပြုခဲ့ခြင်းပင်။
အလောင်းကောင်သုံးပါးဆရာကြီးသည် ကုယွမ်၏ တည်ငြိမ်လှသော အမူအရာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး ကုယွမ်၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။
ထင်ရှားသည်မှာ ကုယွမ်၏ ဆရာကြီးစိမ်းပြာရောင်သစ်သားကို သတ်ဖြတ်သည့် လုပ်ရပ်ကို ဆေးဘုရင်တောင် သို့မဟုတ် ၎င်းအတွင်းရှိ အချို့သော အရေးပါသူများ သိရှိပြီး ဖြစ်နေသည်။
သူသည် ကုယွမ်ကို ခြိမ်းခြောက်၍မရတော့သဖြင့် စိတ်ထဲမထားတော့ဘဲ ရယ်မောကာ ပြောလိုက်သည်။
"ဟဟ... ငါက ဒီလို ကျေးဇူးမတင်ရမယ့်အလုပ်မျိုးကို လုပ်မလားကွ။ မင်းကို စနောက်ကြည့်တာပါ ကောင်လေးရာ..."
"ကျွန်တော်က အသက်ငယ်ပေမဲ့ သတ္တိသိပ်ရှိတာ မဟုတ်ဘူး ဆရာကြီး... ကျွန်တော့်ကို အဲဒီလို လာမခြောက်တာ အကောင်းဆုံးပါပဲ..."
ကုယွမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း "ကျွန်တော့်မှာ အရေးကြီးကိစ္စတွေ ရှိနေသေးလို့... တခြား ပြောစရာမရှိရင်တော့ ကျွန်တော် သွားခွင့်ပြုပါဦး..." ဟု အရိပ်အမြွက် ပြောလိုက်သည်။
သူသည် ဤနေရာတွင် အချိန်ဆွဲနေရန် အစီအစဉ်မရှိချေ။
ဒီနတ်ဆိုးအိုကြီးက မြေခွေးလို ကောက်ကျစ်စဉ်းလဲလွန်းတော့ ဘယ်အချိန်မှာ ငါ့ကို ထောင်ချောက်ဆင်ပြီး အကွက်ချမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။ အခုလောလောဆယ် ငါ့အင်အားက အားနည်းလွန်းသေးလို့သာ ဒီကောင့်ကို ရှောင်နေရတာ။ ငါ့မှာသာ အင်အားလုံလုံလောက်လောက် ရှိခဲ့ရင် ဒီကောင့်ကို မျက်စိရှေ့တင် ချက်ချင်း သတ်ပစ်ပြီး ဇာတ်သိမ်းပေးလိုက်မှာ သေချာတယ်။
ဘာပဲဖြစ်ဖြစ်... ငါ့မိတ်ဆွေဟောင်း ချန်ချီက ဒီနတ်ဆိုးအိုကြီးရဲ့ လက်ချက်နဲ့ ရက်ရက်စက်စက် သေခဲ့ရတာ။ ပြီးတော့ ပြီးခဲ့တဲ့အကြိမ်ကလည်း ဒီအဘိုးကြီးက ငါ့ကို ယင်နတ်ဆိုးအဖြစ် သွန်းလုပ်ဖို့ အသည်းအသန် ကြိုးစားခဲ့သေးတာလေ။ ငါ့အသက်ကို ရန်ရှာနေတဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ အန္တရာယ်ဆိုးကြီး ကပ်နေတာကို ငါက ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး ထိုင်နေနိုင်မှာလဲ။
"နေဦး..."
ကုယွမ် ထွက်ခွာတော့မည့်ဆဲဆဲတွင် အလောင်းကောင်ကောင်သုံးပါးဆရာကြီးက လှမ်း၍ တားဆီးလိုက်သည်။
"ဆရာကြီးမှာ ပြောစရာတွေ ကျန်သေးလို့လားခင်ဗျာ..."
ကုယွမ်သည် သတိဝီရိယကို အပြည့်အဝ မြှင့်တင်ထားဆဲဖြစ်ပြီး သူ၏စိတ်အာရုံကို ငွေနဂါးဓားနှင့် ဆက်သွယ်ထားသည်။ အကယ်၍ ထိုနတ်ဆိုးအိုကြီးဘက်မှ တစ်စုံတစ်ရာ လှုပ်ရှားလာပါက သူက ချက်ချင်း တုံ့ပြန် တိုက်ခိုက်မည်ပင်။
အလောင်းကောင်သုံးပါးဆရာကြီးက တဟဟ ရယ်မောလိုက်ရင်း "ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်းက ငါ့ရဲ့ တူလေးနဲ့ ပတ်သက်မှုတွေ ရှိခဲ့ဖူးတယ် မဟုတ်လား..."
ကုယွမ်၏ မျက်နှာအမူအရာက ပြောင်းလဲမသွားဘဲ တည်ငြိမ်စွာပင် "ရှိခဲ့ရင်ကော ဘာဖြစ်လဲ... မရှိခဲ့ရင်ကော ဘာဖြစ်မှာမို့လို့လဲ ခင်ဗျာ..." ဟု မေးခွန်းပြန်ထုတ်လိုက်တော့သည်။