အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း ၂၄၅
သို့သော်လည်း စီမာယန်သည် တင်းကြပ်လွန်းပြီး စည်းကမ်းကြီးလှသော လူစားမျိုး မဟုတ်ချေ။ သူသည် ကုယွမ်၏ ဤကဲ့သို့သော ရိုးရှင်းပွင့်လင်းသည့် အမူအရာကို စိတ်မရှိသည့်အပြင် ၎င်းမှာ သူအပေါ် ယုံကြည်ကိုးစားကြောင်း ပြသသည့် သဘောဖြစ်သည်ကိုပါ ကောင်းစွာ နားလည်သည်။
သူက ခပ်ပြုံးပြုံးဖြင့် "အခြေအနေတွေ ဘယ်လိုဖြစ်သွားလဲ..." ဟု မေးမြန်းလိုက်၏။
ကုယွမ်က ပြုံးလိုက်ရင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အစမှ အဆုံးတိုင်အောင် သေချာစွာ ပြန်လည်ပြောပြလိုက်တော့သည်။
ဆရာကြီးစိမ်းပြာရောင်သစ်သား၏ ဝိညာဉ်မှာ ကြေမွပျက်စီးသွားပြီး မည်သည့်အရိပ်အယောင်မျှ ကျန်ရစ်ခြင်းမရှိတော့ကြောင်း ပြောဆိုလိုက်ချိန်တွင်မူ စီမာယန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းကိုသာ အသာအယာ ညိတ်လိုက်မိသည်။
သူ ကုယွမ်ကို ကြည့်လိုက်သော မျက်ဝန်းများထဲတွင်မူ ချီးကျူးကာ အသိအမှတ်ပြုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
အစအဦးကတည်းက သူသည် ကုယွမ်ကို အလွန်အမင်း အထင်ကြီးခဲ့ခြင်းပင်။ နောက်ပိုင်းတွင် ကုယွမ်၏ ဆေးဖော်စပ်ခြင်း တာအိုဆိုင်ရာ ပါရမီအဆင့်အတန်းကို သိရှိရပြီးနောက်တွင်မူ သူ့ကို တပည့်အဖြစ်ပင် မွေးစားရန် စိတ်ကူးရှိခဲ့ဖူးသည်။
သူ ထည့်ပင်မတွေးမိခဲ့သည်မှာ ကုယွမ်သည် ဆေးဖော်စပ်ခြင်း၌ ထူးခြားပြောင်မြောက်သော ပါရမီရှိရုံသာမက ကျင့်ကြံခြင်းပိုင်းတွင်လည်း အဆမတန် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပါရမီထူးခြားနေခြင်းပင်။ သူ၏ကျင့်စဉ်မှာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့်အပြင် သူ၏ရွယ်တူကျင့်ကြံသူများထဲတွင်ပင် သူ၏ဓားသိုင်းနတ်ဘုရားအတတ်ကို ယှဉ်ပြိုင်နိုင်သူ အလွန်ရှားသည်။
သတိပြုရမည်မှာ ဤသူသည် ကုယွမ် သတ်ဖြတ်နိုင်ခဲ့သော ဒုတိယမြောက် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး ဖြစ်နေခြင်းပင်။ ထို့ပြင် တစ်ဖက်လူမှာ အဆင့်မြင့်ရွှေအမြုတေကို သွန်းလုပ်ထားသည့် ဆရာကြီးစိမ်းပြာရောင်သစ်သားကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်နေသဖြင့် ၎င်းမှာ သာမန်လူတစ်ယောက် မည်သို့မျှ မစွမ်းဆောင်နိုင်သော အရာမျိုး ဖြစ်သည်။
သူကိုယ်တိုင်ပင် ပြန်လည်သုံးသပ်ကြည့်ပါက ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ရရှိရန် မလွယ်ကူကြောင်း သိရှိသည်။
ဤအချက်များအရ ဆေးဘုရင်တောင်၏ မျိုးဆက်သစ်လူငယ်များထဲတွင် ကုယွမ်နှင့် နှိုင်းယှဉ်နိုင်သူ အလွန်တရာ နည်းပါးသည်။
ယခုအခါ ကုယွမ်က ဆရာကြီးစိမ်းပြာရောင်သစ်သားကို သတ်ဖြတ်ခဲ့ခြင်းမှာ အဓိကအားဖြင့် ကလဲ့စားချေရန်အတွက် ဖြစ်သော်လည်း တစ်ဖက်လှည့်အားဖြင့် သူကို ကူညီပေးရာလည်း ရောက်ရှိသွားပြီး သူ၏စိတ်ထဲရှိ ကြီးမားလှသော စိုးရိမ်ပူပန်မှုကြီးတစ်ခုကို ရှင်းလင်းပေးလိုက်ခြင်းပင်။
ထို့ကြောင့်ပင် ယခုအခါ သူသည် ကုယွမ်ကို ကြည့်လေလေ ပိုမို၍ စိတ်ကျေနပ်မှု ရရှိလေလေ ဖြစ်နေတော့သည်။
သို့သော်လည်း ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး မြင်တွေ့ခဲ့ရသော အလောင်းကောင်သုံးပါးနတ်ဆိုးအိုကြီး ပေါ်ထွက်လာခဲ့သည့် အကြောင်းကို ကြားလိုက်ရသောအခါတွင်မူ သူသည် မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ဆေးဖော်စပ်ခြင်း အတတ်ပညာကို အလွန်အမင်း ရူးသွပ်သူဖြစ်သော်လည်း အဆုံးတွင်မူ သူသည် အတွေ့အကြုံရင့်ကျက်လှသော ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦး ဖြစ်သည်။ သူ၏ကျင့်စဉ်အဆင့်အတန်းမှာ အလောင်းကောင်သုံးပါးနတ်ဆိုးအိုကြီးထက် များစွာမနိမ့်ကျလှသဖြင့် ထိုနတ်ဆိုးကြီးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုလည်း သဘာဝကျစွာပင် သိရှိထားသည်။
ထိုနတ်ဆိုးအိုကြီးသည် အဘယ်မျှအထိ ဒုက္ခပေးနိုင်စွမ်းရှိသည်ကိုလည်း သူ ကောင်းစွာ နားလည်သည်။
"အဲဒီနတ်ဆိုးအိုကြီးက ဘာတွေပြောသွားသေးလဲ..."
ကုယွမ်သည် ဤကိစ္စနှင့် ပတ်သက်၍ ဖုံးကွယ်ခြင်းမပြုဘဲ အလောင်းကောင်သုံးပါးနတ်ဆိုးအိုကြီးနှင့် ဖြစ်ပွားခဲ့ဖူးသော ရန်ငြိုးရန်စများ၏ အရင်းအမြစ်ကိုပါ အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
စီမာယန်က လက်ကို ဝှေ့ယမ်းလိုက်ရင်း ဥပေက္ခာပြုသည့်ဟန်ဖြင့် "ထားလိုက်ပါတော့... အဲ့နတ်ဆိုးကြီးက ဒီသတင်းကို ဖြန့်သည်ဖြစ်စေ၊ မဖြန့်သည်ဖြစ်စေ အလုံးစုံသော အခြေအနေကို မထိခိုက်နိုင်ပါဘူး။ ဒီကိစ္စကို ငါ မင်းအတွက် ဖြေရှင်းပေးမှာမို့လို့ ဘာမှ စိုးရိမ်မနေနဲ့..."
ထိုစကားကို ကြားလိုက်ရသောအခါ ကုယွမ်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားခဲ့သည်။
သူသည် ရုတ်ချည်းပင် ထရပ်လိုက်ပြီး စီမာယန်အား အလေးအနက် ဦးညွှတ်ဂါရဝပြုရင်း "တပည့်က ဆရာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီကရုဏာတရားကို တပည့်အနေနဲ့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး..."
ဆရာကြီးစိမ်းပြာရောင်သစ်သားကို သတ်ဖြတ်ခဲ့မှုတွင် သူ၏ လက်ရှိကျော်စောမှုနှင့် ခိုင်လုံသော အကြောင်းပြချက်များ ပေါင်းစပ်လိုက်ပါက ကြီးမားလှသော ပြဿနာဆိုးကြီးများ ဖြစ်ပေါ်လာမည် မဟုတ်သော်လည်း အနည်းဆုံးတော့ မျက်နှာပျက်စရာများနှင့် လူအများအပြားကို ရန်ငြိုးဖွဲ့မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း မိသားစုဂိုဏ်းအဖွဲ့အစည်းမှ ဖြစ်သော စီမာယန်၏ ကူညီပံ့ပိုးမှု ရှိနေပါက သူသည် ကုယွမ်အတွက် များစွာသော ပြဿနာရပ်များကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည်ပင်။
အမှန်အတိုင်း ပြောရလျှင် စီမာယန်သည် သူအပေါ် အမှန်တကယ်ပင် အလွန်တရာ ကောင်းမွန်သည်။ ယခင်ကလည်း သူသည် ဆေးဖော်စပ်ခြင်း အတတ်ပညာများကို သင်ကြားပြသပေးခဲ့သည့်အပြင် အကြိမ်ကြိမ် လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့ဖူးသည်။ ယခုအခါတွင်လည်း တိုက်ရိုက်တပည့်အရင်းတစ်ယောက်ကဲ့သို့ပင် ကြီးမားလှသော အကူအညီများကို ထပ်မံပေးအပ်နေပြန်သည်။
သူ၏ မိဘနှစ်ပါးနှင့် ဆရာသခင်ဖြစ်သူ ဆရာကြီးဟယ်လင်းတို့မှလွဲလျှင် သူ၏ရှေ့မှ ဤသက်ကြီးရွယ်အိုကြီးသည် သူအပေါ် အကောင်းဆုံး ဆက်ဆံပေးသူ ဖြစ်သည်။
ဆရာဦးလေးအနေဖြင့် သူအပေါ် ဤမျှကောင်းမွန်စွာ ဆက်ဆံပေးခြင်း၏ နောက်ကွယ်တွင် မျှော်လင့်ချက်အချို့ ရှိနေသည်ကိုလည်း ကုယွမ် ကောင်းကောင်းသိသည်။
သူသည် သူ၏ ဆေးဖော်စပ်ခြင်း ပါရမီကို တန်ဖိုးထားသဖြင့် သူအား တပည့်အဖြစ် မွေးစားလိုခြင်းပင်။ ဤအချက်ကပင် ကုယွမ်ကို ပိုမို၍ စိတ်အေးလက်အေး ဖြစ်သွားစေခြင်းပင်။
" ဒီအဖိုးကြီးနဲ့ ဒီလောက်အထိ ယဉ်ကျေးနေဖို့ လိုလို့လား..."
စီမာယန်က စိတ်မရှည်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ အလွန်ပင် ကြည်နူးက နှစ်သက်နေမိသည်။
ပစ္စည်းချင်း နှိုင်းယှဉ်ရမှာကို မကြောက်ဘဲ လူချင်း နှိုင်းယှဉ်ရမှာကိုသာ ကြောက်ရမည်ပင်။
သူ၏ တပည့်အရင်းဖြစ်သော ဖန်ရှောက်ကျဲသည်လည်း ပါရမီနှင့် ဉာဏ်ပညာ အသင့်အတင့်ရှိသော ကလေးတစ်ယောက်ဖြစ်ပြီး လိမ္မာသိတတ်ကာ မိဘအပေါ် သိတတ်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်သော်လည်း ကုယွမ်နှင့် နှိုင်းယှဉ်လိုက်ပါက အဆင့်အတန်း တစ်ခုမက ကွာခြားနေသည်မှာ ထင်ရှားသည်။
...
ကုယွမ်သည် ကျောက်စိမ်းအိုးမျှော်စင်တွင် ကြာကြာမနေခဲ့ချေ။ စီမာယန်နှင့် ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်သည့် သိလိုသည်များကို လမ်းညွှန်မှုခံယူကာ ပြန်လည်ထွက်ခွာခဲ့တော့သည်။
သို့သော်လည်း ကုယွမ်သည် သူ၏နေအိမ်သို့ ချက်ချင်း အပြေးအလွှား ပြန်မသွားခဲ့ချေ။ ထို့အစား ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေပြီးနောက် မှန်ထဲကပန်း ရေထဲကလမင်း နတ်ဘုရားအတတ်ပညာကို အသုံးပြုလျက် ပုံရိပ်ယောင်ခန္ဓာတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူ၏ ရုပ်သွင်ကို ပြောင်းလဲကာ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် သူ၏နေအိမ်သို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။
ပုံရိပ်ယောင်ခန္ဓာမှာမူ သာမန်ရိုးရှင်းသော မျက်နှာတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ လမ်းဘေးရှိ အရက်ဆိုင်တစ်ဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။
အပေါ်ထပ် ပြတင်းပေါက်နားရှိ ဝိုင်းသို့ ရောက်ရှိသောအခါ သူသည် အဆင့်မြင့် ဝိုင်တစ်အိုးနှင့် လက်ရာမြောက်လှသော ဝိညာဉ်အစားအစာ ဟင်းလျာအချို့ကို မှာယူလိုက်သော်လည်း စားသောက်ခြင်းမူ မပြုခဲ့ချေ။
သူသည် အရက်ခွက်နှစ်ခွက်ကိုသာ ထုတ်ယူပြီး ဝိညာဉ်သစ်သီးဝိုင်များကို လောင်းထည့်ကာ တစ်ခွက်ကို စတင်မြည်းစမ်းကြည့်လိုက်သည်။
အမှန်စင်စစ် ဝိညာဉ်သစ်သီးဝိုင်သည် အေးမြဆန်းသစ်ပြီး ချိုမြိန်လှသော်လည်း အီခြင်းအလျဉ်းမရှိချေ။ ထို့ပြင် သင်းပျံ့သော အမွှေးအကြိုင်နံ့လည်း ပါဝင်နေသဖြင့် ၎င်း၏အရသာမှာ အလွန်တရာ ပြောင်မြောက်လှပြီး သောက်သုံးရသည်မှာ စိတ်ကြည်နူးဖွယ် ကောင်းသည်။
ကုယွမ် တစ်ခွက်သောက်ပြီးသွားချိန်တွင်မူ လူရိပ်တစ်ရိပ်သည် ဒုတိယထပ်သို့ တက်လှမ်းလာခဲ့ပြီး ကုယွမ်ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာကာ သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့သည်။
ထိုသူသည် အသက်အရွယ် သိပ်မကြီးပြင်းသေးဘဲ အသားအရောင်မှာ ဝါကြန့်ကြန့်ရှိကာ အရပ်အမောင်း ပုပြတ်ပြတ် ဖြစ်သည်။ သူ၏ကျင့်စဉ်မှာလည်း ပျမ်းမျှအဆင့်မျှသာ ရှိသဖြင့် အလွန်တရာ သာမန်ဆန်လှသော လူတစ်ဦးအသွင် ရှိသည်။
ထိုအသားဝါကြန့်ကြန့်နှင့် လူငယ်သည် ထိုင်ထိုင်ချင်း စကားချက်ချင်းမဆိုဘဲ ဝိုင်ခွက်ကို ကောက်ယူကာ တစ်ငုံတည်းဖြင့် မော့သောက်လိုက်ပြီးနောက် ခွက်ကို ပြန်ချလျက် ခပ်ပြုံးပြုံးဖြင့် "ဒီနေ့ ငါ့ကို ဘာကိစ္စနဲ့ လာရှာတာလဲ မိတ်ဆွေ..." ဟု မေးမြန်းလိုက်၏။
ကုယွမ်သည် သူရှေ့ရှိ စိမ်းသက်လှသော မျက်နှာစိမ်းကို မြင်သော်လည်း အံ့ဩခြင်း အလျဉ်းမရှိဘဲ "သဘာဝကျကျပဲ... မိတ်ဆွေနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခု ရှိလို့ပေါ့..." ဟု ပြန်လည် ဖြေကြားလိုက်သည်။
ဤအသားဝါကြန့်ကြန့်နှင့် လူငယ်၏ အစစ်အမှန် အဆင့်အတန်းမှာ ကျိချန်ဟိုင်ပင် ဖြစ်တော့သည်။
သူတို့နှစ်ဦးစလုံးသည် တစ်ဖက်လူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိကြသော်လည်း တိတ်တဆိတ် နားလည်မှုဖြင့်သာ "မိတ်ဆွေ" ဟု အပြန်အလှန် ခေါ်ဝေါ်နေကြပြီး တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖွင့်ဟချပြရန် ရည်ရွယ်ချက် မရှိကြချေ။
ကုယွမ်သည် ထိုပတ်ပတ်လည်တွင် ကာကွယ်ရေးအစီအရင်တစ်ခုကို ကြိုတင်ချမှတ်ထားပြီး ဖြစ်သော်လည်းပင်။
"အိုး..."
ကျိချန်ဟိုင်၏ စိတ်အာရုံ လှုပ်ရှားသွားပြီး သူသည်လည်း ကာကွယ်ရေးအစီအရင်တစ်ခုကို ထပ်မံချမှတ်လိုက်ပြီးနောက် ကုယွမ် ပြောဆိုမည့် စကားကို နားစွင့်လိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က... ငါ အလောင်းကောင်သုံးပါးဆရာကြီးနဲ့ ဆုံခဲ့တယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ကျိချန်ဟိုင်၏ မျက်ဝန်းအစုံက ဖျတ်ခနဲ လှုပ်ရှားသွားသော်လည်း သူသည် နှုတ်ဆိတ်နေခဲ့သည်။
ကျိချန်ဟိုင်၏ တုံ့ပြန်မှုကို သတိပြုမိလိုက်သဖြင့် ကုယွမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆက်လက်၍ "ဆရာကြီးက ငါ့ကို မင်းနဲ့ သိသလားလို့ မေးပြီး မင်းနဲ့ ပတ်သက်မှုတွေကိုပါ စုံစမ်းနေခဲ့တယ်"
"သဘာဝကျကျပဲ... ငါကတော့ ဘာအချက်အလက်ကိုမှ ဖွင့်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ငါ သိချင်တာကတော့ မိတ်ဆွေ... ငါတို့နှစ်ယောက်က နှစ်ကြိမ်ပဲ ဆုံဖူးပြီး ဘာကိုမှလည်း ထုတ်မပြောခဲ့ကြဘူးလေ။ အဲဒါကို သူက ငါတို့နှစ်ယောက် သိကျွမ်းနေကြမှန်း ဘယ်လိုလုပ်ပြီး သိသွားရတာလဲ..."
ဤနေရာတွင် ကုယွမ်က စကားကို ခဏရပ်လိုက်ပြီး ကျိချန်ဟိုင်ကို စိုက်ကြည့်လိုက်သည်။
သို့သော်လည်း သူ၏ဆိုလိုရင်းမှာ ထင်ရှားသည်။
ဤသတင်းအချက်အလက်ကို ပေါက်ကြားအောင် လုပ်ဆောင်ခဲ့သူမှာ ကျိချန်ဟိုင် ကိုယ်တိုင် ဟုတ်မဟုတ်ကို ပြတ်ပြတ်သားသား မေးခွန်းထုတ်လိုက်ခြင်းပင်။
ကျိချန်ဟိုင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်နှာထက်ရှိ အပြုံးများမှာ တဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့ရပြီး ခေါင်းညိတ်လျက်
"ငါ့ရဲ့ ဆရာဦးလေးက ရက်စက်ကြမ်းကြုတ်ပြီး သံယောဇဉ်ကင်းမဲ့သူ ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း ခံစားချက်တွေနဲ့ ရဲဘော်ရဲဘက်စိတ်တွေ ပြည့်နှက်နေတတ်သူ တစ်ယောက်ပဲဗျ။ ဒါပေမဲ့ ဒါတွေက အပြင်ပန်း အပေါ်ယံ သက်သက်တင်ပါ။ သူက တကယ့် နတ်ဆိုးစစ်စစ်ကြီး တစ်ဦးပဲ..."
"သူနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ သူက အထွတ်အထိပ် ကောင်းကင်နတ်ဆိုးတာအိုကို အသည်းအသန် လိုက်စားနေပြီး နတ်ဘုရားနတ်ဆိုးတွေကို ပူဇော်ပသတဲ့ အတတ်ပညာတွေကို အရမ်းရူးသွပ်နေလို့ပဲ ဖြစ်ရတာ..."
"ငါ့မှာ ထူးခြားဆန်းကြယ်တဲ့ ပါရမီတစ်ခုဖြစ်တဲ့ အာရုံခုနစ်ပါး သိမ်မွေ့သောနှလုံးသားရှိနေတာကို မိတ်ဆွေလည်း သိပြီးသားဖြစ်မှာပါ။ ဒါကြောင့်ပဲ သူက ငါ့ကို နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပစ်ဖို့ အမြဲတမ်း ကြံစည်နေခဲ့တာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ကုယွမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။
နတ်ဆိုးကျင့်ကြံသူများသည် အလွန်ကောက်ကျစ်စဉ်းလဲလှပြီး စကားတစ်ခွန်းပြောတိုင်း နောက်ကွယ်တွင် ထောင်ချောက်ဆယ်ခုခန့် မြှုပ်နှံထားတတ်ကြသည်ဟု ကျော်ကြားသော်လည်း ကုယွမ်သည် ကျိချန်ဟိုင်၏ စကားထဲမှ ဆယ်ပုံသုံးပုံခန့်ကိုမူ ယုံကြည်မိသည်။
အခြားအရာများကို မပြောဘဲ ထားပါက ကြီးမားလှသော နတ်ဆိုးဂိုဏ်းကြီးများတွင် တပည့်များနှင့် မျိုးဆက်ခံများကို မွေးမြူသည့်အခါ ကူအင်းဆက်များကို မွေးမြူသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အသေအလဲ သတ်ဖြတ်ခိုင်းလေ့ရှိကြပြီး အဆုံးတွင်မှ အင်အားအသန်ဆုံး ကူဘုရင်တစ်ကောင်ကို ပေါ်ထွက်လာစေခြင်းပင်။
တပည့်က ဆရာကို သတ်ခြင်း၊ သားသမီးက မိဘကို သတ်ခြင်းကဲ့သို့သော မိစ္ဆာဆန်းကြယ်သည့် ဖြစ်ရပ်ဆိုးများမှာ နတ်ဆိုးတာအိုလောကတွင် မကြားချင်မှအဆုံး ရှိသည်။
ထို့ပြင် သူ ကိုယ်တိုင်လည်း ပထမဆုံးအကြိမ် အလောင်းကောင်သုံးပါးနတ်ဆိုးအိုကြီးနှင့် ဆုံတွေ့စဉ်က ထိုအိုကြီးသည် သူ၏ အရည်အချင်းနှင့် ပါရမီကို မျက်စိကျပြီး သူအား ယင်
နတ်ဆိုးအဖြစ် သွန်းလုပ်ရန် ကြံစည်ခဲ့ဖူးသည်။
ဤကဲ့သို့သော အတိတ်သာဓကများ ရှိနေခဲ့သဖြင့် ကုယွမ်အနေဖြင့် မယုံကြည်ဘဲ မနေနိုင်ခဲ့ချေ။