အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း။ ၂၅၀
တုန်းချန်သည် ကုယွမ်၏ အတွေးများကို အကဲခတ်မိသွားသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“အစ်ကိုကြီးကုက... ငါ ဘာလို့ ငါ့ရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်မထားလဲဆိုတာကို တွေးပြီး အံ့ဩနေတာလား"
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျီချန်ဟိုင်၏ မျက်နှာထက်တွင် အမူအရာ တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိသော်လည်း ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကုယွမ်ကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ရင်း
“အမှန်ပါပဲ... မိတ်ဆွေကြီးကျိရဲ့ ဖြစ်တည်မှုက ထူးခြားနေတာမို့လို့...”
“ဟဲဟဲ...”
တုန်းချန်က ပြုံးလျက် ရှင်းပြလိုက်သည်။
“မိတ်ဆွေကြီးကျီရဲ့ ဂိုဏ်းက ငါတို့နဲ့ မတူဘူးဆိုပေမဲ့... သူကိုယ်တိုင်ကတော့ ဘဝမှာ ဘာအပြစ်အနာအဆာမှ မရှိခဲ့တဲ့သူပါ။ ဒါကို ငါတို့ဂိုဏ်းနှစ်ခုလုံးကလည်း ကောင်းကောင်းသိထားကြလို့ သူနဲ့ အတူတူ ခရီးသွားရတာ ဘာမှ အနှောင့်အယှက်မရှိပါဘူး။ ဒါ့အပြင် ငါကိုယ်တိုင်လည်း စစ်မှန်သောတပည့်တစ်ယောက် ဖြစ်တာကြောင့် စိုးရိမ်စရာ အများကြီးမရှိပါဘူး"
ကုယွမ်သည် တုန်းချန်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့သဖြင့် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ရင်း ကျီချန်ဟိုင်ကို အံ့ဩတကြီး တစ်ချက် စိုက်ကြည့်လိုက်မိသည်။
ကျီချန်ဟိုင်၏ နာမည်ဂုဏ်သတင်းသည် ဆေးဘုရင်တောင်ကုန်းနှင့် ကြယ်တာရာမြစ်ဓားဂိုဏ်းကဲ့သို့သော ကြီးမြတ်လှသည့် မသေမျိုးဂိုဏ်းကြီးများ၏ အမြင်တွင်ပင် ဤမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ မိစ္ဆာတာအိုဂိုဏ်း၏ စစ်မှန်သော ဆက်ခံသူတပည့်တစ်ဦး ဖြစ်နေပါလျက်နှင့် မည်သည့်အပြစ်အနာအဆာမျှ မရှိခြင်းက အမှန်တကယ်ပင် ထူးဆန်းသည်။
အခြားအဓိပ္ပာယ်တစ်ခုမှာ တုန်းချန်သည် ကြယ်တာရာမြစ်ဓားဂိုဏ်း၏ မြင့်မြတ်လှသော အဆင့်အတန်းရှိသည့် စစ်မှန်သောတပည့်တစ်ဦး ဖြစ်ကာ သူသည် ထင်ထင်ရှားရှား ဆိုးယုတ်မှုများကို မကျူးလွန်သရွေ့ သို့မဟုတ် ဂိုဏ်းကို သစ္စာမဖောက်သရွေ့ မိစ္ဆာကျင့်ကြံသူများနှင့် ပတ်သက်မိရုံမျှဖြင့် မည်သည့်သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ခြင်းပင်။
ကုယွမ်သည် သူကိုယ်သူ အလွန်အမင်း စိုးရိမ်လွန်နေခဲ့မိကြောင်းလည်း ခံစားလိုက်ရသည်။ လက်ရှိတွင် သူသည် ဆေးဘုရင်တောင်ကုန်း၏ အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်နေသေးသဖြင့်သာ ဖြစ်သည်။ အကယ်၍ သူသာ စစ်မှန်သောတပည့်တစ်ဦး ဖြစ်ခဲ့မည်ဆိုပါက ယခုကဲ့သို့ ရုပ်ဖျက်ခြင်းနှင့် ဖြစ်တည်မှုကို ဖုံးကွယ်ခြင်းစသည့် ရှုပ်ထွေးလှသော ကိစ္စရပ်များကို ပြုလုပ်နေရန် လိုအပ်မည် မဟုတ်ပေ။
စစ်မှန်သောတပည့်ဆိုသည်မှာ ဂိုဏ်းတစ်ခုအတွင်းရှိ အဓိက အမွေအနှစ်များကို ဆက်ခံရရှိထားသူ၊ အကောင်းဆုံး ပျိုးထောင်မှုနှင့် အများဆုံးသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားသူ၊ ဂိုဏ်း၏ အလေးအမြတ်ထားခြင်းကို ခံရပြီး အနာဂတ်တွင် ဂိုဏ်း၏ အမာခံဒေါက်တိုင်ကြီး ဖြစ်လာမည့်သူများကို ဆိုလိုခြင်းပင်။
အဆုံးသတ်တွင်မူ ကုယွမ်၏ လက်ရှိအဆင့်အတန်းမှာ အနည်းငယ် လိုအပ်ချက်ရှိနေသေးသဖြင့်သာ သူ့အား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းပင်။ သို့သော်ငြားလည်း ကုယွမ်သည် သူ၏ ပါရမီ၊ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းရည်တို့မှာ စစ်မှန်သောတပည့်တစ်ဦး ဖြစ်လာရန် လုံလောက်နေပြီဟု ယုံကြည်ထားသည်။
အင်း... ဒီတစ်ခေါက် အနီရောင်မသေမျိုးနန်းတော်ကနေ ဂိုဏ်းကို ပြန်ရောက်တာနဲ့ စစ်မှန်သောတပည့် စစ်ဆေးအကဲဖြတ်ခြင်းကို အောင်မြင်အောင် လုပ်ဖို့ နည်းလမ်းရှာရမယ်။
သူတို့သုံးဦးသည် ခေတ္တမျှ စကားစမြည်ပြောဆိုရင်း တဖြည်းဖြည်းချင်း ပိုမိုရင်းနှီးလာခဲ့ကြသည်။
မကြာမီမှာပင် အခြားသော အလင်းတန်းတစ်ခု ပျံသန်းကာ ဝင်ရောက်လာခဲ့သည်။ ၎င်း၏အရှိန်မှာ လွန်စွာ မြန်ဆန်လှခြင်းမရှိသော်လည်း မီးခိုးများနှင့် မြူခိုးများအလား လွင့်မျောဆန်းကြယ်သည်။
ခဏအကြာတွင် ထိုအလင်းတန်းသည် မြေပြင်သို့ ကျရောက်လာခဲ့ပြီး နွဲ့နှောင်းကာ ကျော့ရှင်းလှသော အမျိုးသမီးတစ်ဦး၏ ရုပ်သွင် ပေါ်ထွက်လာခဲ့တော့သည်။ သူ၏ ရုပ်ရည်မှာ အလွန်တရာ လှပကျော့ရှင်းလှပြီး သူ၏ တောက်ပကြည်လင်လှသော မျက်ဝန်းအစုံမှာ စကားပြောနိုင်သည့်အလား ထင်မှတ်ရသည်။ သူမသည် အမှန်တကယ်ပင် ထူးကဲလှသော အလှတရားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သစ်ခွပန်းကဲ့သို့ သင်းပျံ့လှသော ရနံ့ခပ်ပါးပါးတစ်ခုသည် လေထုထဲတွင် ညင်သာစွာ ပျံ့လွင့်လာခဲ့ပြီး လူကို လွန်စွာ စိတ်ကြည်နူးချမ်းမြေ့စေသည်။
“ကျွန်မ နာမည်က စုချိုးယွဲ့ပါ... မိတ်ဆွေကြီး သုံးယောက်လုံးကို နှုတ်ခွန်းဆက်သပါတယ်ရှင်"
စုချိုးယွဲ့က အနည်းငယ် ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။
သူတို့သုံးဦးသည်လည်း သဘာဝကျကျပင် ပြန်လည်အလေးပြုလိုက်ကြပြီး အပြန်အလှန်အားဖြင့် တရားဝင်နှုတ်ဆက်စကားများ ပြောဆိုရင်း သူတို့၏ ဖြစ်တည်မှုများကို လျှို့ဝှက်အသံလွှင့်၍ မိတ်ဆက်လိုက်ကြတော့သည်။
ကုယွမ်က သူကိုယ်သူ ဆေးဘုရင်တောင်ကုန်းမှ တပည့်တစ်ဦးဖြစ်ကြောင်း မိတ်ဆက်လိုက်သည်ကို ကြားလိုက်ရချိန်တွင် စုချိုးယွဲ့သည် သူ့ကို သေသေချာချာ ထပ်မံစိုက်ကြည့်လိုက်မိပြီး သူ၏ မျက်ဝန်းအစုံထဲမှ အကြည့်များမှာ အထင်အရှား ပြောင်းလဲသွားခဲ့ရတော့သည်။
“မိတ်ဆွေကြီးကု ဖြစ်နေတာကိုး... မင်းရဲ့ နာမည်ကျော်ကြားမှုကို ကြားရတာ ကြာပါပြီ"
အမှန်တကယ်ပင် ကုယွမ်၏ နာမည်က မကြာသေးမီကပင် လူပြောအများဆုံး ဖြစ်နေခဲ့ရသည်။
ပထမဦးစွာ သူသည် ဝိညာဉ်ခန္ဓာကိုယ်နှစ်ခု၏ ပါရမီထူးများဖြင့် ဆေးဘုရင်တောင်ကုန်းသို့ ဝင်ရောက်ခဲ့ပြီးနောက် ကောင်းကင်လူသားနယ်ပယ် ကျင့်ကြံခြင်းအဆင့်ဖြင့် ရွှေအမြုတေနယ်ပယ် မိစ္ဆာတစ်ကောင်ကို လူအများရှေ့မှောက်တွင် သတ်ဖြတ်နိုင်ခဲ့သည်။
ထို့နောက်တွင် ဂူနတ်ဘုရားဂိုဏ်း၏ စစ်မှန်သောတပည့်ဖြစ်သူ လျူကွမ်းးနှင့် သေခြင်းရှင်ခြင်းစင်မြင့်ထက်တွင် ဆန်းကြယ်လှသော ဝိညာဉ်အစွမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး သူ့ကိုပါ သတ်ဖြတ်ပစ်ခဲ့သည်။ ၎င်းအပြင် ရှေးဟောင်းထူးဆန်းသော အင်းဆက်များ၏ မျိုးဆက်ဖြစ်သည့် စိမ်းပြာရောင် ဓားလိပ်ပြာကိုလည်း မွေးမြူထားခဲ့သေးသည်။
ကုယွမ်ကိုယ်တိုင်ပင် သတိမပြုမိလိုက်သည်မှာ ဤကဲ့သို့သော စွမ်းဆောင်ချက်ကြီးများကြောင့် သူသည် ချင်ကျိုးနယ်မြေတစ်ခုလုံးတွင် အကျော်ကြားဆုံးသော လူငယ်ပါရမီရှင်များအနက် တစ်ဦး ဖြစ်နေခဲ့ပြီဟူသည့် အချက်ပင်။
သူ၏ ဂုဏ်သတင်းသည် လီချန်ရှန်း သို့မဟုတ် ကျီချန်ဟိုင်တို့ကဲ့သို့သော ထိပ်သီးလူငယ်များနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှ လျော့နည်းခြင်းမရှိပေ။
ကုယွမ်က နှိမ့်ချစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ကျွန်တော် မဝံ့ရဲပါဘူး... နတ်သမီးစုက ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ"
သူ့ရှေ့မှောက်ရှိ အမျိုးသမီးငယ်မှာ ထိုက်ရွှမ်ကျောင်းတော်မှ တပည့်ဖြစ်သူ စုချိုးယွဲ့ ပင်။
ကုယွမ်သည် သူ၏အမည်ကို ကြားဖူးသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူသည် ဆေးဘုရင်တောင်ကုန်းမှ လီချန်ရှန်း၊ မူလမဟူရာဂိုဏ်းမှ ကျီချန်ဟိုင်၊ အဆိပ်နဂါးဂူမှ ရှန်ယွီမင် နှင့် ဝံပုလွေဖြူဓားမသေမျိုး၏ တပည့်ဖြစ်သူ ဝမ်ကျူးတို့နှင့် တစ်တန်းတည်း နာမည်ကျော်ကြားသူ ဖြစ်သည်။
ယခုအခါ ကုယွမ်သည် ကျီချန်ဟိုင်၊ ရှန်ယွီမင်နှင့် လီချန်ရှန်းတို့ကို ဆုံတွေ့ဖူးခဲ့ပြီဖြစ်ရာ စုချိုးယွဲ့၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ လွန်စွာ သိမ်မွေ့နူးညံ့နေပြီး ကျီချန်ဟိုင် သို့မဟုတ် တုန်းချန်တို့ကဲ့သို့ ပြင်းထန်ထက်မြက်ခြင်းမရှိသော်လည်း သူ၏အတွင်း၌ ဖုံးကွယ်ထားသော ဆန်းကြယ်သည့် လျှို့ဝှက်ချက်အချို့ ရှိနေသည်ကိုမူ ခံစားလိုက်မိသည်။ သေချာသည်မှာ ကျီချန်ဟိုင်တို့ကဲ့သို့ နာမည်ကျော်ကြားသူတစ်ဦးသည် မည်သည့်နည်းနှင့်မျှ သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။
ထိုက်ရွှမ်ကျောင်းတော်ဟူသည် ဆေးဘုရင်တောင်ကုန်း သို့မဟုတ် ဂူနတ်ဘုရားဂိုဏ်းတို့ကဲ့သို့သော ဂိုဏ်းကြီးများနှင့်မတူဘဲ ဂိုဏ်းသားအမြောက်အမြားမရှိဘဲ ရှေးဟောင်းတာအိုအနွယ်ဝင် ကျောင်းတော်ငယ်လေးတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ထိုကျောင်းတော်၏ အမွေအနှစ်မှာ ရှေးဟောင်းခေတ်ဦးကာလအထိ အမြစ်တွယ်နေခဲ့သည်ဟု ဆိုကြသည်။ ကျောင်းတော်မှာ သေးငယ်သော်လည်း ၎င်း၌ ရှိသမျှသော တပည့်တစ်ဒါဇင်ကျော်ခန့်မှာ တစ်ယောက်ချင်းစီတိုင်း လွန်စွာ ထူးချွန်ထက်မြက်ကြသည်။
ကျောင်းတော်အုပ်ကြီးမှာ နဂါးတံခါးနယ်ပယ် ယန်ဝိညာဉ်အဆင့်ရှိသူဖြစ်ပြီး စစ်မှန်သောမသေမျိုးနယ်ပယ်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သည်ဟု သတင်းကြီးသည်။ အခြားသော အကြီးအကဲအနည်းငယ်မှာလည်း ယန်ဝိညာဉ် သို့မဟုတ် ယင်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
စုချိုးယွဲ့မှာမူ ထိုက်ရွှမ်ကျောင်းတော်အုပ်ကြီး၏ မြေးတပည့်ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နာမည်ဂုဏ်သတင်းနှင့် အရှိန်အဝါအပိုင်းတွင် ဆေးဘုရင်တောင်ကုန်းသည် ထိုက်ရွှရကျောင်းတော်ထက် သာလွန်သည်ဟု အတိအကျ ပြောရန် ခက်ခဲသည်။ ဤနေရာတွင် ရှိနေကြသော လူလေးဦးလုံးသည် မည်သူမျှ ရိုးရှင်းသူများမဟုတ်ကြဘဲ ကြီးမြတ်လှသည့် ဂိုဏ်းကြီးများ၏ စစ်မှန်သောတပည့်များ သို့မဟုတ် နာမည်ကျော် ထိပ်သီးလူငယ်များသာ ဖြစ်ကြသည်။
ကျီချန်ဟိုင်က ပြုံးလိုက်ရင်း လျှို့ဝှက်အသံလွှင့်ကာ စနောက်လိုက်တော့သည်။
“မိတ်ဆွေကြီးစု... ငါနဲ့ မိတ်ဆွေတုန်းက ကျင့်ကြံခြင်းသက်တမ်း နှစ်ဆယ်၊ သုံးဆယ်မက ရှိနေပြီမို့လို့ အသက်ကြီးတယ်လို့ ပြောလို့ရတယ်။ မင်းက ကိုယ့်ကိုကိုယ် ညီမလေးလို့ ခေါ်တာ ဘာမှမဖြစ်ပေမဲ့... အစ်ကိုကုကတော့ ဒီနှစ်မှ အသက် တဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ မင်းထက် ခြောက်နှစ်၊ ခုနစ်နှစ်လောက် ငယ်တာနော်...”
သူ့စကားမဆုံးမီမှာပင် စုချိုးယွဲ့၏ မျက်ခုံးအစုံမှာ တွန့်ချိုးသွားခဲ့ရပြီး မျက်ဝန်းအစုံမှ အေးစက်လှသော အလင်းတန်းများနှင့်အတူ ရန်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကျီချန်ဟိုင်သည် ချက်ချင်းပင် နေရခက်စွာ ရယ်မောလိုက်ရင်း
“အဟမ်း... ငါပြောတာတွေကို မေ့လိုက်ပါ မေ့လိုက်ပါတော့"
ကုယွမ်ကမူ ဘာစကားမျှမပြောဘဲ ပြုံး၍သာ စောင့်ကြည့်နေခဲ့သည်။ ကြည့်ရတာ ကျင့်ကြံခြင်းလောကထဲမှ အမျိုးသမီးကျင့်ကြံသူများ ဖြစ်စေ သာမန်လောကီအမျိုးသမီးများကဲ့သို့ပင် သူမတို့၏ အသက်အရွယ်နှင့်ပတ်သက်လာလျှင် လွန်စွာ စိုးရိမ်တတ်ကြပုံရသည်။
ကျီချန်ဟိုင်က သူ၏အပြုံးများကို ရုပ်သိမ်းလိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့်
“ကဲ... အလုပ်ကိစ္စဘက် ပြန်လှည့်ရအောင်။ အခု လူစုံပြီဆိုတော့ တခြားကိစ္စမရှိရင် ငါတို့ ချက်ချင်းပဲ ခရီးစလိုက်ကြမလား"
ကုယွမ်က အတန်ငယ် ဇဝေဇဝါဖြစ်သွားခဲ့ရသဖြင့် မေးမြန်းလိုက်သည်။
“အစ်ကိုကြီးကျီ... အနီရောင်နဂါးအမိန့်တော်ပြားက လူကိုးယောက်အထိ ခေါ်သွားလို့ရတာ မဟုတ်ဘူးလား။ အခု ငါတို့ လေးယောက်တည်းဆိုတော့ နှမြောစရာကြီး ဖြစ်မနေဘူးလား"
ကျီချန်ဟိုင်က ခေါင်းယမ်းပြလိုက်ရင်း
“ငါတို့ လေးယောက်ဆိုရင် လုံလောက်ပါပြီ။ ဒါက လူဦးရေအပေါ်မှာ မူတည်တာမဟုတ်ဘူး လူများရင် မမျှော်လင့်ထားတဲ့ ရှုပ်ထွေးမှုတွေ ပိုများလာနိုင်လို့ပဲ"
“ဒါလည်း ဟုတ်တာပါပဲ"
ကုယွမ်က ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် သူတို့လေးဦးစလုံးသည် သူတို့၏ အလင်းတန်းကိုယ်စီကို လှုံ့ဆော်လိုက်ကြပြီး ကောင်းကင်ယံထက်တွင် ပေပေါင်းရာချီ မြင့်မားလှသော ဧရာမ မုခ်ဦးတံခါးကြီးဆီသို့ ပျံသန်းကာ ထွက်ခွာခဲ့ကြတော့သည်။
ထိုဧရာမတံခါးကြီးနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ ကြီးမားလှသော ဖိအားများ ကျရောက်လာသဖြင့် ကုယွမ်သည် မျက်ဝန်းကို အနည်းငယ် ကျဉ်းမြောင်းလိုက်မိသည်။
ဤဧရာမမုခ်ဦးကြီးသည် ပေပေါင်းရာချီ မြင့်မားလှပြီး ၎င်း၏ မျက်နှာပြင်ထက်တွင် ဆန်းကြယ်လှသော ရှေးဟောင်းအစီအရင်ပုံစံမျိုးစုံ ထွင်းထုထားကာ ခန့်ညားထည်ဝါပြီး ခမ်းနားထည်ဝါလှသော အရှိန်အဝါများကို ထုတ်ဖော်နေလျက် ဒဏ္ဍာရီလာ မသေမျိုးလောက၏ တံခါးဝကြီးတစ်ခုအလား တည်ရှိနေသည်။
ဤတံခါးကြီး၏ တည်ရှိမှုကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ သံမဏိနံရံကြီးတစ်ခုကဲ့သို့ လွန်စွာ ခိုင်မာတောင့်တင်းနေခဲ့သည်။
ကျီချန်ဟိုင်က သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ၏လက်ဖဝါးထက်တွင် လက်ဖဝါးခန့်အရွယ်အစားရှိသော နီရဲလှသည့် အနီရောင်နဂါးအမိန့်တော်ပြားတစ်ချပ် ပေါ်ထွက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အမိန့်တော်ပြားသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား စူးရှလှသော အနီရောင်အလင်းတန်းများကို ထုတ်ဖော်လိုက်ပြီး ထိုဧရာမတံခါးနီကြီးနှင့် ဟန်ချက်ညီစွာ တုန်ခါသွားခဲ့တော့သည်။
အမိန့်တော်ပြားထက်မှ အလင်းတန်းများသည် ပိုမို၍ စူးရှတောက်ပလာခဲ့ပြီး မကြာမီမှာပင် ကုယွမ်၊ ကျီချန်ဟိုင်နှင့် အခြားသူများကိုပါ လွှမ်းခြုံသွားခဲ့ကာ သူတို့ကို ထိုဧရာမတံခါးကြီးအတွင်းသို့ ဆွဲခေါ်သွားခဲ့တော့သည်။
တံခါးကြီးနှင့် ထိတွေ့မိလိုက်သည့် အခိုက်အတန့်တွင် ကုယွမ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားခဲ့ပြီးနောက် ရုတ်တရက် ပြန်လည်လေးလံသွားခဲ့ကာ သူ၏ အမြင်အာရုံများမှာလည်း ကျယ်ပြန့်သွားခဲ့ရတော့သည်။
ထို့နောက်တွင် သူတို့လေးဦးလုံးသည် ရှေးဟောင်းတောအုပ်ကြီးတစ်ခု၏ ကောင်းကင်ယံထက်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။
အဝေးတစ်နေရာဆီမှမူ ငှက်ဆိုးများ၏ အော်မြည်သံများနှင့် မိစ္ဆာသားရဲကြီးများ၏ ဟိန်းဟောက်သံများမှာ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်လျက် ထွက်ပေါ်နေခဲ့ကြသည်။