ရှေးအမိန့်ကလန်သုံးခု ထိပ်တိုက်တွေ့ပြီ
Vol. 023 Ch. 1117
သူ့အစစ်အမှန်ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သို့ ပြောင်းလဲပြီးနောက် ဝမ်လင်းသည် ဟိန်းသံ ပြုသည်။ ထိုဟိန်းသံသည် မုန်တိုင်းအသွင် ဖြစ်ပေါ်ကာ ရှေးဟောင်းမိစ္ဆာ၏ဟိန်းသံနှင့် တိတ်ဆိတ်စွာ ထိပ်တိုက်တွေ့သည်။
တချိန်တည်းမှာပင် ထွက်ပြေးနေသော ရှေးဟောင်းနတ်ဆိုးပေလောက ရုတ်တရပ် ရပ်တန့်၏။ သူ့မျက်လုံးထဲ၌ ရူးသွပ်ဟန်အရိပ်အမြွက်တို့ ဖြစ်ပေါ်ကာ နတ်ဆိုးအလင်း တောက်ပလာသည်။
“ဒီကနေ့…ရှေးအမိန့်ကလန်သုံးခုလုံး တနေရာတည်းမှာ ဆုံနေပြီ။ ဘယ်လောက် မိုက်လိုက်တဲ့ မြင်ကွင်းလဲ။ ရှေးဟောင်းနတ်ဆိုးတစ်ပါးအတွက် ငါ့အခြေအနေကတော့ သနားစရာ ကောင်းနေတယ်…” ပေလော၏ခန္ဓာကိုယ်မှာ တလက်လက်ဖြင့် ချက်ခြင်း ကြီးထွားလာသည်။ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဆိုး၏ ခန္ဓာကိုယသည် ပေထောင်ချီမြင့်မားလာကာ ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နီးပါး ဖြစ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် သည်တိုက်ပွဲမှာ ကျင့်ကြံသူများ မပါဝင်တော့ပေ။ သို့သော် ရှေးဟောင်းအချိန်များကတည်းက တည်ရှိခဲ့သော ရှေးအမိန့်ကလန်သုံးခု၏ တိုက်ပွဲမည်လေပြီ။
ပေလောသည် ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်သို့ ပြောင်းလဲလိုက်ပြီးနောက် သူသည် ရှေးဟောင်းနတ်ဆိုးတစ်ပါး၏ ဟိန်းသံကို ထုတ်လွှတ်သည်။ ထိုအသံက ဝမ်လင်း၏ ဟိန်းသံနှင့် လာရောက်ဆက်သွယ်ကာ ရှေးဟောင်းမိစ္ဆာတာကျားထံသို့ ဦးတည်သွားတော့သည်။
“မထင်မှတ်ဘဲ သူက တော်ဝင်ရှေးဟောင်းနတ်ဘုရား ဖြစ်နေတာပဲ…” ရှေးဟောင်းမိစ္ဆာတာကျားသည် ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။ သူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ ကြယ်ငါးလုံးအတွင်းမှ ရွှေရောင်အရိပ်အမြွက်ကို ရှင်းလင်းစွာ တွေ့မြင်ပေသည်။
သည်ရွှေရောင်အငွေ့အသက်မှာ တော်ဝင်သွေးမျိုးဆက်ဟု ဆိုလို၏။
ရှေးအမိန့်ကလန်သုံးခု၏ ဒေါသတကြီး ဟိန်းသံများသည် ဖော်ပြနိုင်စွမ်းကင်းမဲ့သော မုန်တိုင်းကို ဖန်တီးသည်။ ထိုမုန်တိုင်းမှာ ရှစ်ထပ်မြောက်တခွင် ပျံ့နှံ့ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ရှိ အဆောက်အဦအားလုံးကို ပျက်စီးခြင်း ဆိုက်စေသည်။ ကောင်းကင်သည်ပင် ပြိုပျလုနီးပါး ဖြစ်သည်ဟု ထင်မှားရ၏။
ရှေးဟောင်းနတ်ဆိုးပေလောက ခြေတစ်လှမ်းလှမ်းကာ အော်ပြောသည်။ “ရှေးဟောင်းနတ်ဘုရား…သင်က ဒီရှေးဟောင်းမိစ္ဆာကို ငါနဲ့အတူ တိုက်ခိုက်ဝံ့ပါသလား…”
ဝမ်လင်း၏ ညာလက်သည် သူ့ရှေ့ရှိ လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ ဧရာမအက်ကြောင်း ဖြစ်စေသည်။ ထိုအက်ကြောင်းအတွင်းမှ ခရမ်းရောင်လျှပ်စီးမိုးကြိုး ထွက်ပေါ်လာ၏။ သူက ပေတစ်ထောင်လောက် ရှည်လျားသည့် နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဆွဲထုတ်သည်။ သူက လှံကို ကိုင်စွဲကာ အော်ပြော၏။ “ငါက ဘာကြောင့် မတိုက်ခိုက်ဝံ့ရမှာတုန်း…”
ရှေးဟောင်းနတ်ဆိုး ပေလောက ရယ်မောကာ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ ကြီးမားသည့်အလံ တစ်ခု ချက်ခြင်း ပေါ်ထွက်လာကာ လောကကိုပါ ဖုံးလွှမ်းမလား ထင်မှတ်ရသည်။ ၎င်းအလံသည် ရှေးဟောင်းမိစ္ဆာထံသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
ဝမ်လင်းသည်လည်း ခြေတစ်လှမ်းလှမ်းကာ ရှေးဟောင်းမိစ္ဆာထံသို့ ဦးတည်သည်။
ရှေးဟောင်းမိစ္ဆာ၏ မျက်လုံးထဲမှ လှောင်ပြောင်ဟန် ထွက်ပေါ်လာသည်။ သူက သူ့လက်ထဲရှိ ဓားသွားကို ပင့်မြှောက်လိုက်သည်။ သူ့နောက်ကနေ မွန်းစတားဆန်သော ဓားသွားစွမ်းအင် ပေါ်လာ၏။ သူက လှောင်ပြုံးပြုံးကာ ဆိုသည်။ “ကြယ်ငါးလုံး ရှေးဟောင်းနတ်ဘုရားတစ်ပါးနဲ့ ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဆိုးတစ်ပါးတို့ကများ ငါ့ကို တိုက်ခိုက်ဝံ့တယ်လား…”
သူက ရယ်မောရင်း ဓားသွားစွမ်းအင်သည် ရှေ့သို့ ထိုးထွက်လာသည်။ ဓားသွားစွမ်းအင်တန်းနှစ်ခု ဖြစ်၏။ တစ်ခုသည် ကောင်းကင်ထက်သို့ ဝေ့ခြုံကာ ကျန်တစ်ခုသည် မြေပြင်ထက်တွင် ခြုံလွှမ်း ရိုက်ခတ်သည်။ ဤအရာကား ကောင်းကင်နှင့်မြေကြီးကို ကိုယ်စားပြုခြင်းလော။ ၎င်းဓားသွားစွမ်းအင်နှစ်ခုက တစ်ခုနှင့်တစ်ခု ရောယှက်ကာ အဖျက်အစီးအားတစ်ခုကို ဖန်တီးသည်။
ရှေးဟောင်းနတ်ဆိုး ပေလောသည် သူ့ညာလက်ကို ဝေ့ယမ်းကာ အဆုံးမဲ့ နတ်ဆိုးစွမ်းအင်တို့ ပေတစ်ထောင်ခန့်ရှည်လျားသည့် အလံထဲကနေ ထိုးထွက်ကာ ကောင်းကင်ထက်ရှိ ဓားသွားစွမ်းအင်ထံသို့ တိုးဝင်သည်။ နတ်ဆိုးစွမ်းအင်သည်လည်း သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာ၏။ ဤမြင်ကွင်းကာ မြေပြင်ထုပင် တုန်ခါစေနိုင်သည့်အလား။
ဝမ်လင်းသည် သူ့လက်ထဲရှိ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ပစ်လွှတ်၏။ ခရမ်းရောင်မိုးကြိုးသည် လောက၌ ပြည့်နှက်လာသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် မြေပြင်ထက်ရှိ ဓားသွားစွမ်းအင်နှင့် ထိပ်တိုက်တွေ့သည်။
တဝုန်းဝုန်းသံများသည် ရုတ်တရပ် ပဲ့တင်ထပ်၏။ ပြင်းထန်သောတုန်ခါလှိုင်းသည် မြေပြင်ထက်ရှိ ဓားသွားစွမ်းအင်နှင့် နတ်ဘုရားလှံတို့ ထိပ်တိုက်တွေ့ချိန်၌ ဤဧရိယာတွင် ပြည့်နှက်သည်။ မြေပြင်ထုသည် လုံးဝ ပျက်စီးသွားတော့သည်။
ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် သည်ထိပ်တိုက်တွေ့မှုအတွင်း အံ့မခန်းဖိသိပ်အားကို ခံစားရ၏။ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာသည်။ သူက သွေးအပြည့်အန်ထုတ်ရသည်။ သူ့မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည်ပင် မှိန်ဖျော့သွားသည်။
ကောင်းကင်ထက်၌ ရှေးဟောင်းနတ်ဆိုး၏ အလံသည် ဓားသွားစွမ်းအင်နှင့် ထိပ်တိုက်တွေ့ကာ တုန်လှုပ်ဖွယ်ဖိအားသည် ပျံ့နှံ့သည်။ သည်ဖိအားကြောင့် ကောင်းကင်ထက်၌ အက်ကြောင်းများ ပေါ်လာ၏။ ထိုအက်ကြောင်းထဲကနေ သွေးနီရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ သည်အခိုက်အတန့်၌ ကောင်းကင်သည်ပင် တချက်ထိရုံမျှဖြင့် ပြိုကျနိုင်သည်ဟူသော ခံစားချက်မျိုးကို ရရှိသည်။
“ဝမ်လင်း…ငါတို့ သူ့ကို နိုင်မှ ရမယ်။ မဟုတ်ရင် ငါတို့အားလုံး ဘယ်သူမှ ဒီကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူထဲကနေ လွတ်မြောက်နိုင်ကြမှ မဟုတ်ဘူး…” ရှေးဟောင်းနတ်ဆိုး ပေလောသည် မာန်သွင်းအော်ဟစ်ကာ ခြေတစ်လှမ်း လှမ်းကာ ရှေးဟောင်းမိစ္ဆာထံသို့ ဦးတည်သည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်က ရုတ်တရပ် နောက်သို့ စတင် ဆုတ်၏။ သူသည် မြန်လွန်းသဖြင့် ပုံရိပ်ယောင်အထပ်ထပ်ကို ချန်ထားကာ အက်ကွဲနေသော ကောင်းကင်ထက်သို့ တဟုန်ထိုး တိုးဝင်သည်။
သို့ရာတွင် ရှေးဟောင်းနတ်ဆိုးပေလောက မြန်ဆန်လှသော်လည်း ဝမ်လင်းက ပို၍ မြန်၏။ ရှေးဟောင်းနတ်ဆိုး ပေလော ဟိန်းအော်လိုက်သည့်အခိုက်မှာပင် ဝမ်လင်းက ဝမ်ဝေနှင့်ဟူကျွမ်တို့ကို ဆွဲခေါ်ကာ ကောင်းကင်ထက်သို့ ဦးတည်သွားခဲ့ပေပြီ။ သူက ပေလောထက် အနည်းငယ် ပိုမြန်သွားသည်။ သူက ကောင်းကင်ထက်သို့ လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်လေသည်။
ကောင်းကင်ယံသည် နဂိုထဲက ကြေမွနေခဲ့ပေပြီ။ ခုချိန်၌ ဝမ်လင်း၏ လက်သီးချက်ကြောင့် ပွင့်ဟသွားတော့သည်။ ၎င်းက လုံးဝ အက်ကွဲကာ ကောင်းကင်သည် လွင့်ပါးသွားချေပြီ။ ကောင်းကင် ပျက်စီးပြိုပျက်သည့်အခိုက်အတန့်၌ အဆုံးမဲ့ချောရည်ပူများသည် မိုးများကဲ့သို့ ကျဆင်းလာတော့သည်။ ဝမ်လင်းက ထိုချောရည်ပူထဲသို့ တရကြမ်း တိုးဝင်ကာ အထက်သို့ ဆန်တက်သည်။
ရှေးဟောင်းမိစ္ဆာသည် ကျိန်ဆဲ၏။ သို့သော် သူသည်လည်း နှေးနေခြင်း မရှိပါ။သူလည်း အထက်သို့ ဆက်တက်သွားသည်။အရှင်လေဟာနယ်က နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသူ ဖြစ်သည်။ သူ့စိတ်သည် အစောပိုင်းက ပထမကောင်းကင်ဘုံဒုက္ခ စောစီးစွာ ကျရောက်လာမှု၏ သက်ရောက်မှု ခံခဲ့ရသော်လည်း အခု သူ့စိတ်မှာ အတော်လေး ရှင်းလင်းနေခဲ့ပေပြီ။ ကောင်းကင်ပြိုပျက်ချိန်၌ သူသည် သွေးအန်ထုတ်ကာ သွေးလွတ်မြောက်ခြင်းကို အသုံးပြု၍ ချောရည်ပူထံသို့ ဦးတည်ဝင်ရောက်သည်။ သူသည် မြင့်မားသောအပူချိန်ကြောင့် မသက်မသက် ဖြစ်ရ၏။ ရှေးအမိန့်ကလန်ဝင် သုံးယောက်၏ တိုက်ခိုက်မှုကြောင့်လည်း သူ့ထံ၌ ဒဏ်ရာအသစ်များလည်း ရရှိနေခဲ့ပေပြီ။ သူ ချောရည်ထဲသို့ တရကြမ်း တိုးဝင်နေရင်း သူ့အဖို့ ဝမ်လင်းကို ပြဿနာရှာဖို့ပင် မတွေးအားတော့ချေ။ သူက သည်နေရာကနေသာ လွတ်မြောက်ဖို့ငှာ အာရံစိုက်ထားနေရ၏။
လမ်းတစ်လျှောက်တွင် သူ့ဒဏ်ရာများက ပိုပိုဆိုးလာ၏။ သည်အခိုက်အတန့်၌ သူ့ကျင့်ကြံမှုအဆင့်သည် နိဗ္ဗာနဖြိုခွဲခြင်းကနေ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ထိ ကျဆင်းလာခဲ့တော့သည်။
ဝမ်လင်းသည် ခုနစ်ထပ်မြောက်သို့ ဦးတည်ပျံသန်းနေချိန်၌ အဆုံးမဲ့ချောရည်ပူများက သူ့မျက်နှာထံသို့ တိုးဝင်နေ၏။ သူ့ခန္ဓာကိုယ်မှာ ပုံမှန်အရွယ်သို့ အလျင်အမြန် ပြန်ကျုံ့သွားခဲ့ပြီ ဖြစ်သည်။ သူ့မျက်နှာမှာလည်း ဖြူရောနေ၏။ သူက သွေးမြောက်များစွာ အန်ထုတ်လိုက်ရရင်း သူ့ခန္ဓာကိုယ်မှာ နာကျင်မှုတို့ ပေါက်ကွဲထွက်နေချေသည်။ ထို့အတွက်ကြောင့် သူ့အရှိန်မှာ အနည်းငယ် နှေးသွားရ၏။ သူသည် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲစေခဲ့တာတောင်မှ ဓားသွားစွမ်းအင်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သေးပေ၏။
သို့ရာတွင် သူသည် ထိုသို့ မလုပ်ဆောင်ခဲ့ပါက ဝမ်ဝေနှင့်ဟူကျွမ်တို့အဖို့ လွတ်လမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူကိုယ်တိုင်ပင် ခုနစ်ထပ်မြောက်သို့ လွတ်မြောက်ရန် အခွင့်ရေး ရှိပေလိမ့်မည် မဟုတ်ပါ။ တကယ်တော့ ဝမ်လင်းသည် နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ရှိသေးသည် မဟုတ်လား။
သည်အခိုက်အတန့်၌ ဟူကျွမ်သည် ဝမ်လင်းနှင့်ဝမ်ဝေတို့ကို ခေါ်ဆောင်ကာ အထက်တည့်တည့်သို့ ပျံသန်းသည်။ သူမသည်လည်း သူမထံ၌ ပိုင်ဆိုင်ထားသည့် အစိမ်းရောင်ဆေးလုံးကို သောက်သုံးခဲ့ပြီး ဖြစ်၏။ ခုချိန်၌ သူမသည် ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်ကာ သူမသည် ချောရည်ပူများကြား ဝမ်လင်း၊ဝမ်ဝေတို့နှင့်အတူ မြန်ဆန်စွာ ရွှေ့လျားနေတော့သည်။
ချောရည်ပူများက ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဆင်းနေကာ သူ့စိတ်ဝိညာဉ်ကိုပါ အနည်းငယ် လှုပ်ခတ်နေစေ၏။ သူသည် အလျင်အမြန် သတင်းစကားဆို၏။ “စီနီယာတို့…အရင်ဆုံးသွားပါ။ ငါ ဒီနေရာမှာ မီးစိတ်ဝိညာဉ်ကို ရှာလိုက်မယ်။ ဒီမီးစိတ်ဝိညာဉ်နဲ့ဆိုရင် ရှေးဟောင်းမိစ္ဆာကို နည်းနည်းတော့ ရပ်တန့်နိုင်စွမ်း ရှိနိုင်မှာပါ…”
ဟူကျွမ်သည် တုံ့ဆိုင်းနေ၏။ အရင်တုန်းကသာ ဆိုပါက သူမနှင့်ဝမ်ဝေတို့သည် ဝမ်လင်းအပေါ် မည်မျှ အသိအမှတ်ပြုသည် ဖြစ်စေ ခုလိုမျိုး တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ဝမ်လင်းက သူမနှင့်သူမယောက်ျားတို့ကို ကယ်တင်ခဲ့ရုံ ရှိသေးကာ ထိုအရာက သူမအတွက် အလွန်အရေးကြီးလှသည်။ သူမသည် ဝမ်လင်း အရှင်လေဟာနယ်၏ အလစ်အငိုက်တိုက်ခိုက်မှုကနေ ဝမ်ဝေအား ကယ်တင်ပေးခဲ့ကြောင်းကိုပင် မသိခဲ့သေးပေ။ သည်လိုကြင်နာမှုမျိုးက ပြန်ပေးဆပ်ဖို့ လိုကိုလို၏။
“နင်…” ဟူကျွမ်သည် ဝမ်ဝေကို ကြည့်၏။ ဝမ်ဝေသည် သူမအတွက် ဓားသွားစွမ်းအင်ကို ပိတ်ဆို့ပေးနိုင်ဖို့ ကူညီပေးခဲ့ခြင်းနှင့် ရှေးဟောင်းမိစ္ဆာအော်သံကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေသည်။ သူမ၏မျက်လုံးထဲ၌ ရုန်းကန်နေ၏။ ခုချိန်၌ ဝမ်ဝေကို အလျင်စလို ကုသမှုပေးရန် လိုနေ၏။ ဟူကျွမ်အဖို့ စောင့်နေရန် အချိန်မရှိပေ။
“စီနီယာ စိတ်အေးအေးနေပါ။ စိတ်ချပါ…” ဝမ်လင်းသည် ဟူကျွမ်ကို ထားခဲ့ကာ ခုနစ်ထပ်မြောက်ရှိ ချောရည်ပူအတွင်းနက်ပိုင်းသို့ တိုးဝင်သွားတော့သည်။ ဟူကျွမ်သည် အံတင်းတင်းကြိတ်ကာ ဝမ်ဝေကို ခေါ်ယူပြီး ပျောက်ကွယ်သွားတော့၏။
ဟူကျွမ် ထွက်ခွာသွားသည့်နောက် ဝမ်လင်း၏ မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူသည် ဝမ်ဝေနှင့်ဟူကျွမ်တို့ကို သူ့အား ကျေးဇူးကြွေးတင်ရန် လုပ်ဆောင်ခဲ့ပေသည်။ သူတို့နှစ်ယောက် ကျေးဇူးသိတတ်နေသ၍ ချင်းလင် နိုးထလာခြင်းမရှိလျှင်ပင် သူတို့သည် စစ်ထူနန်၏ ကိစ္စကို ကူညီကြပေလိမ့်မည်။ သည့်အပြင် သူ့ကြင်နာမှုကြောင့် သူတို့နှစ်ယောက် ကျောက်ရီအပေါ် ဆက်ဆံမှုမှာလည်း များစွာ ခြားနားသွားပေလိမ့်မည်။
ချောရည်ပူများအတွင်း၌ ဝမ်လင်းသည် တုံ့ဆိုင်းခြင်းမရှိ ၎င်းတို့ကို စုပ်ယူ၏။ ချောရည်တို့သည် ပြောင်းပြန်စီးဆင်းသွားသကဲသို့ ထင်ရကာ ဝမ်လင်၏ ခန္ဓာကိုယ်ထဲသို့ မီးမူလစွမ်းအင်တို့ အရူးအမူး ဝင်ရောက်လာတော့သည်။ ထိုစွမ်းအင်များက သူ့ သွေးကြောများကို ဖြတ်သန်းစီးဆင်းရင်း သူ့ဒဏ်ရာများကို အနည်းငယ် ကောင်းမွန်လာစေသည်။
ဝမ်လင်းသည် အရင်တုန်းက မီးမူလစွမ်းအင်ကို စုပ်ယူရာ၌ ဂရုတစိုက် လုပ်ခဲ့၏။ခုချိန်တွင်တော့ သူသည် ဆင်ခြင်ခြင်းကင်းမဲ့စွာ စုပ်ယူနေတော့သည်။ သူ့ခန္ဓာကိုယ်ထက်ရှိ ဟင်္သာငှက်သည် သူ့ပတ်လည်တွင် ပေါ်လာသည်။ ထို့အတွက်ကြောင့် ချောရည်ထဲရှိ မီးမူလစွမ်းအင်များသည် သူတို့နှစ်ယောက်ထံ မြင့်တက်လာတော့သည်။ မီးမူလစွမ်းအင်များ ဝမ်လင်းထံသို့ မြင့်တက်နေရင်း ခုနစ်ထပ်မြောက်မှ ချောရည်များသည် ရှစ်ထပ်မြောက်ထံသို့ ပြိုဆင်းကျသည်။ ရှေးဟောင်းနတ်ဆိုးနှင့် အရှင်လေဟာနယ်တို့သည် ချောရည်ထဲသို့ တိုးဝင်လာကြသည်။ ရှေးဟောင်းမိစ္ဆာက နောက်ကနေ လိုက်လာ၏။ သည်အခိုက်အတန့်၌ ဝမ်လင်း၏ ချောရည်ပူထဲရှိ မီးမူလစွမ်းအင်တို့ကို အရူးအမူး စုပ်ယူမှုကနေ မီးတောင်အတွင်းရှိ ချောရည်ပူအားလုံးကို စတင် ပြိုပျက်လာစေတော့သည်။
ထိုအခိုက်အတန့်၌ ကောင်းကင်တုန်လှုပ်စေမည့် ဟိန်းသံတစ်ခုသည် မီးတောင်အတွင်းနက်ပိုင်းကနေ ထွက်ပေါ်လာ၏။ ချောရည်ပူအတွင်း၌ ဧရာမနဂါးတစ်ကောင်သည် ခေါင်းထောင်လာခဲ့ပေပြီ။ သည်အခိုက်၌ ဝမ်လင်းသည် ချောရည်ပူအားလုံးကို စုပ်ယူခြင်း မပြုတော့ဘဲ ရှစ်ထပ်မြောက်ထံသို့သာ စီးဝင်ပြုတ်ကျစေသည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ထပ်မြောက်ရှိ ချောရည်အားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး ဖော်ပြနိုင်စွမ်းမဲ့အောင် ကြီးမားသည့် မီးနဂါးကြီးတစ်ကောင်သာ ကျန်တော့သည်။
တချိန်တည်းမှာပင် နတ်ဆိုးစိတ်ဝိညာဉ် တည်ရှိသောနေရာရှိ ဖုန်မှုန့်နေရာ အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် မိုးကုပ်စက်ဝန်းအနားသပ်တွင် မီးလောင်ကျွမ်းနေတော့သည်။ဧရာမ ဟင်္သာငှက်ကြီးက ဟင်္သာငှက်အော်မြည်သံကို ထုတ်လွှတ်ကာ ဖြည်းဖြည်းချင်း နီးကပ်လာနေ၏။
ထိုဟင်္သာငှက်ကြီးက ဉာဏ်ရည်ပိုင်ဆိုင်ထား၏။ ၎င်းက မထင်မှတ်စွာပင် အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ဝင်ပေါက်သို့ မသွားရောက်ဘဲ နတ်ဆိုးစိတ်ဝိညာဉ်၏ အစစ်အမှန် တည်နေရာထံသို့သာ ဦးတည်လေ၏။
သည်ဟင်္သာငှက်နောက်တွင် ကျင့်ကြံသူများစွာ ပါသည်။ ထိုသူများကြားထဲ၌ အကြီးအကဲ ခြောက်ယောက် ရှိ၏။ ထိုအကြီးအကဲများသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူတို့တစ်ယောက်ချင်းစီထံမှ အားကောင်းသောအော်ရာကို ပေးစွမ်းနေ၏။ သူတို့အားလုံးမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေကြပေသည်။
“အစစ်အမှန်စိတ်ဝိညာဉ်ရဲ့ ရှာဖွေမှုအရ ဟင်္သာငှက်ကို နိုးထလာစေခဲ့တဲ့လူ ရှိနေတဲ့ နေရာဟာ ဆန်းကြယ်လှတဲ့ အန္တရာယ်တွေ ပြည့်နှက်နေတယ်တဲ့။ ဒီခရီးစဉ်ဟာ အလွန်ပဲ အန္တရာယ်များလှတယ်။ ဒါပေမယ့် ငါက ဒါတွေကို စွန့်စားပြီး ဒီနိုးထလာတဲ့လူကို ကာကွယ်ပေးကို ပေးရမယ်…” အကြီးအကဲခြောက်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည် တစ်ယောက်မျက်လုံးထဲရှိ ပြတ်သားမှုကို တစ်ယောက် တွေ့မြင်လိုက်ကြတော့သည်။ အခြား ဟင်္သာငှက်နတ်ကလန်ဝင်များသည်လည်း ထိုသို့ ပြတ်သားသည့်အကြည့်ကို ထုတ်ဖော်ကြသည်။
တချိန်တည်းမှာပင် ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်ထဲရှိ ဝဲကတော့အထက်မှ ဂြိုဟ်ထံမှ ခမ်းနားထည်ဝါသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“အလုံးစုံကောင်းကင်နဲ့ တိုက်ပွဲကို ဆိုင်းငံထားကြ။ အင်အားအားလုံးကို ချင်းလင်လှိုဏ်ဂူ ရှိတဲ့နေရာဆီ ပို့လွတ်လိုက်…”
ထိုအသံ ထွက်ပေါ်လာချိန်၌ ချင်းရွှေသည် မဟာမိတ်ဌာနချုပ် အပြင်ဘက်တွင် ပေါ်လာတော့သည်။ သူက မဟာမိတ်ဌာနချုပ်ကို စူးစိုက်ကြည့်ရင်း သူ့ညာမျက်လုံးထဲရှိ ဂျိနယ်ပယ်သည် တောက်ပနေ၏။
***