အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း (၃၁၂) ရှောင်ဟွာ... ဒီလောက်တောင် ငေးနေတာ ဘာတွေတွေးနေတာလဲ
ရွှီယန်က ဆိုင်အနည်းငယ်ကိုပတ်ပြီး သစ်မွှေးဈေးနှုန်းကို မေးကြည့်ရာ ပေးသည့်ဈေးများက အလွန်မြင့်မားလှသည်။ အနည်းဆုံး ယွမ် ငါးသိန်းမှ အများဆုံး ယွမ် ရှစ်သိန်းအထိ ရှိသည်။
ဤဆရာကြီးများက ရွှီယန်၏ နာမည်ကျော်ကြားမှုကို သိရှိထားသောကြောင့် သူ့ကို လိမ်ညာရန် မစဉ်းစားရဲဘဲ အရောင်းအဝယ် ဖြစ်မြောက်စေရန် အမှန်အတိုင်းသာ ပြောဆိုကြခြင်း ဖြစ်သည်။
အကောင်းဆုံး အဆင့်အတန်းဝင် တောရိုင်း ပိုးစားသစ်မွှေး ဖြစ်ပြီး သက်တမ်းအားဖြင့် အနည်းဆုံး နှစ်တစ်ရာအထက်တွင် ရှိသည်။ ဆိုလိုသည်မှာ ဤသစ်မွှေးပင်သည် လွန်ခဲ့သော နှစ်တစ်ရာခန့်ကတည်းက သစ်ငုတ်တို၏ အတွင်းပိုင်းတွင် ပိုးစားခံခဲ့ရပြီးနောက် ရောဂါကူးစက်ကာ အဆက်မပြတ် ပြန်လည်ကုသရင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤမျှ တန်ဖိုးကြီးမားနေခြင်းကလည်း အလွန် သဘာဝကျလှပေသည်။
တောင်ပိုင်းဒေသများတွင် ပေးသည့်ဈေးက ပို၍ မြင့်မားကြောင်း ကြားသိရသည်။ တောင်ပိုင်းရှိ ချမ်းသာကြွယ်ဝသော ဒေသအချို့တွင် နံ့သာယဉ်ကျေးမှုက အလွန် ခေတ်စားပြီး သက်တမ်းရာချီသော လုပ်ငန်းစုကြီးများ အများအပြား ရှိသည်။ ဤကဲ့သို့ အကောင်းဆုံး အဆင့်အတန်းဝင် သစ်မွှေးမျိုးကို ဝယ်ယူမည့်သူ သေချာပေါက် ရှိမည်သာ ဖြစ်၏။
ရွှီယန်ကတော့ ဗဟုသုတ တိုးသွားခဲ့ပြီ ဖြစ်သည်။ သစ်သားနှင့် နံ့သာ နယ်ပယ်များတွင်လည်း ဤမျှများပြားသော လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
ဤသည်က သူ ရှာဖွေနိုင်ခဲ့သမျှထဲတွင် အကြီးမားဆုံးသော အပိုဝင်ငွေ တစ်ရပ်ပင် ဖြစ်တော့သည်။
သင့်တော်သော ဈေးနှုန်း တစ်ရပ်ဖြင့် ရောင်းချနိုင်ရန်အတွက် နောက်တစ်ဆင့် အနေဖြင့် ရွှီယန်က တောင်ပိုင်းဒေသသို့ သွားရန် ရည်ရွယ်လိုက်သည်။ ဤသစ်မွှေးများက သူ၏ လယ်ယာခြံဝင်း ခြောက်လကျော်စာ ဝင်ငွေနှင့် ညီမျှနေရာ သူ၏ အဓိက အာရုံစိုက်မှုက မည်သို့ ရောင်းချပါက ပို၍ သင့်တော်မည်နည်း ဆိုသည့်အပေါ်သို့ ရောက်ရှိနေလေသည်။
ဤကိစ္စကို လူသိရှင်ကြား မလုပ်တော့ဘဲ တိတ်တဆိတ်သာ ရောင်းချလိုက်ရန် စဉ်းစားထားသည်။
လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ဤနေရာလေးက ယခင်ကအတိုင်းပင် အေးချမ်း ငြိမ်သက်နေဆဲ ဖြစ်သည်။ ဝန်ထမ်းများက နေ့စဉ် အလုပ်များနေကြပြီး ရွှီယန်ကလည်း မကြာခဏ လှည့်ပတ်ကြည့်ရှုကာ အားလုံး၏ လုပ်ငန်းတိုးတက်မှုကို အကဲခတ်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ သူဌေးဖြစ်ရာ ကြီးကြပ်ပေးရန် လိုအပ်သည်သာ ဖြစ်သည်။
လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်လေးများကလည်း နေ့စဉ် ပျော်ရွှင်စွာ နေထိုင်ကြသည်။ ဥပမာအားဖြင့် ဘဲငန်းများနှင့် အိမ်မွေးဝက်များ ဖြစ်သည်။ ၎င်းတို့က မွေးမြူရေး တိရစ္ဆာန်များ ဖြစ်ပြီး နောက်ဆုံးတွင် သားသတ်ရုံသို့ သွားရမည် ဖြစ်သော်လည်း ရွှီယန်က ၎င်းတို့ အသက်ရှင်နေစဉ် ကာလအတွင်း အနည်းဆုံးတော့ ဒုက္ခမရောက်စေရန် ထားရှိပေးထားပေသည်။
ခြံဝင်းလေးထဲတွင် ယခင်အတိုင်း စည်ကားနေဆဲ ဖြစ်သည်။ ကြိုးကြာနီ နှစ်ကောင်က ယခုအခါ အတော်လေး ရင့်ကျက်လာကြပြီး ရန်မဖြစ်ကြတော့ဘဲ နေ့စဉ် အတူတကွ လမ်းလျှောက် ထွက်လေ့ရှိကြသည်။ ရုတ်တရက် ကြီးပြင်းသွားကြသည့် အလားပင်။
လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ရင်ဘတ်ချင်းကပ်ကာ ဘယ်သူက အထက် ဘယ်သူက အောက် ဆိုသည်ကို ခွဲခြားနေကြသော်လည်း ယခုအခါတွင်မူ ခွဲခွာ၍မရသော သူငယ်ချင်းကောင်းများ ဖြစ်သွားကြပြီ ဖြစ်သည်။ ထို့အပြင် လျိုကျိုက် က အထီးဖြစ်ပြီး ချီကျိုက် က အမ ဖြစ်သည်။ ၎င်းတို့ နှစ်ကောင်က ငယ်သူငယ်ချင်းများ ဖြစ်ကြရာ အတူတကွ ကြီးပြင်းလာပါက သေချာပေါက် လှပသော ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
နောက်တစ်နေ့။
ရွှီယန်က ပုံမှန်အတိုင်းပင် တိရစ္ဆာန်လေးများကို အစာကျွေးနေသည်။ ဒီဇိုင်းပညာရှင်က ရွှီယန်၏ အိမ်သို့ ရောက်လာပြီး ဒီဇိုင်းဆွဲပေးလေသည်။ ရွှီယန်က မိမိ၏ စိတ်ကူးအတိုင်း လိုအပ်ချက်များကို တင်ပြခဲ့ပြီး တစ်မနက်ခင်းလုံး အလုပ်ရှုပ်သွားကာ နောက်ဆုံးတွင် ပရိဘောဂ ကိစ္စကို အတည်ပြုနိုင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ရွှီယန်က အားလပ်နေသဖြင့် သစ်တောထဲသို့ သွားကာ ကျားသစ်ပေါက်လေးများကို သွားကြည့်လိုက်သည်။
ကျားသစ်ပေါက်လေးများက တကယ်ကို ချစ်စရာ ကောင်းလှပေသည်။ ထို့အပြင် ဤအရွယ်က အလွန် ဆော့သန်သော အရွယ်လည်း ဖြစ်သည်။ ရွှီယန် ပေါ်လာသည်ကို မြင်သည်နှင့် ကျားသစ်ပေါက်လေး နှစ်ကောင်က သူ့ဆီသို့ ပြေးလာပြီး အနားတွင် ချွဲနွဲ့နေကြတော့သည်။
ရွှီယန်က လက်တစ်ဖက်လျှင် တစ်ကောင်စီ ပွေ့ချီလိုက်ပြီး သူ၏ ခေါင်းဖြင့် ၎င်းတို့ကို အပြန်အလှန် ပွတ်သပ်ပေးလိုက်သည်။ ကျားသစ်ပေါက်လေးများက ပျော်ရွှင်စွာဖြင့် လှုပ်ရှားနေကြသည်။
ရှောင်ဟွာနှင့် လူးနား တို့က ဘေးမှနေ၍ ကြည့်နေကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျားသစ် မိသားစု တစ်စုလုံး အတူတကွ နေထိုင်ခြင်းကပင် အလွန် အံ့ဩစရာ ကောင်းနေပြီ ဖြစ်ပြီး ရွှီယန်က ၎င်းတို့နှင့် အတူ သဟဇာတဖြစ်စွာ အတူတကွ နေထိုင်နိုင်ခြင်းက ပို၍ပင် ယုံကြည်နိုင်စရာ မရှိလှပေ။ ကျားသစ် မိသားစုက ရွှီယန်ကို အပြည့်အဝ အသိအမှတ် ပြုထားကြသည်။
ဤကောင်လေး လေးကောင်လုံးက တကယ်ကို ချစ်စရာ ကောင်းလှသည်။ ရွှီယန်က ၎င်းတို့နှင့် အတူ ခဏမျှ နေထိုင်လိုက်ရုံဖြင့်ပင် စိတ်သက်သာရာ ရသွားသည်ဟု ခံစားလိုက်ရသည်။ သူက နေရာတစ်ခု ရှာ၍ ထိုင်လိုက်ပြီး အကွက်လေးများနှင့် ကျားသစ်ပေါက်လေး တစ်ကောင်ကို ပွေ့ချီကာ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
အကောင်ပေါက်လေးက ရွှီယန်၏ ပေါင်ပေါ်တွင် နင်းကာ အပေါ်သို့ တက်ရန် ကြိုးစားနေသည်။ လက်မောင်းတစ်လျှောက် အပေါ်သို့ တောက်လျှောက် တက်သွားပြီး နောက်ဆုံးတွင် ခေါင်းပေါ်သို့ ရောက်ရှိသွားတော့သည်။ ထို့နောက် ရှေ့လက်ဖဝါးလေးများကို ရွှီယန်၏ ခေါင်းပေါ်တွင် တင်ကာ စိတ်ကျေနပ်စွာဖြင့် အပေါ်စီးမှ ရှုခင်းများကို ကြည့်နေတော့သည်။
ဤကောင်လေးက နေရာရွေး အတော်လေး တတ်ပေသည်။
ရွှီယန်က ခေါင်းငုံ့ကာ ပြုံးရင်း လက်နှစ်ဖက်ဖြင့် အပေါ်သို့ လှမ်းဆွဲလိုက်ပြီး ၎င်းကို အောက်သို့ ချပေးလိုက်သည်။ မြေကြီးပေါ်သို့ ချပေးလိုက်ပြီးနောက် အကောင်လေးက လူးနား၏ အနားသို့ ပြေးသွားပြန်ရာ ခုနက ပျော်ရွှင်မှုများကို မျှဝေချင်နေသည့် အလားပင်။
ဤသို့ ချစ်စရာကောင်းသော ကျားသစ်ပေါက်လေးများက အနားတွင် ပြေးလွှားနေရုံဖြင့်ပင် လူတစ်ယောက်၏ စိတ်ခံစားချက်များကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေနိုင်သည်။ ရွှီယန်က ၎င်းတို့နှင့် အတူ နေထိုင်ရသော ဤခံစားချက်ကို အလွန် နှစ်သက်နေမိသည်။
ချစ်စရာကောင်းသော အိမ်မွေးတိရစ္ဆာန်လေးများကို နှစ်သက်သူတိုင်း ဤသို့ပင် ဖြစ်ကြသည်။ အကယ်၍ ကျားပေါက်လေးသာ ဆိုပါက ပို၍ပင် ချစ်စရာ ကောင်းပေလိမ့်မည်။ သို့သော် ကျားပေါက်လေးများက ခွန်အား အလွန်ကြီးမားပြီး အလေးအပေါ့ မသိတတ်ကြရာ ကျားသစ်များက ပို၍ နူးညံ့သိမ်မွေ့ပေသည်။
ရွှီယန်က ကျားသစ်ပေါက်လေးများကို ကြည့်ရင်း ကျားနှင့် ကျားသစ် ဘေးမဲ့တော အဝေးတစ်နေရာရှိ ရှောင်ဆန်းရှန် ကို ရုတ်တရက် သတိရသွားသည်။ ရှောင်ဆန်းရှန် လည်း ယခင်က မိန်းမ ရသွားပြီဖြစ်ရာ ကလေးမွေးပြီးပါက သူ့ဆီသို့ လာရှာမည်လား ဆိုသည်ကို မသိနိုင်ချေ။
ရွှီယန် မှတ်မိသလောက်ဆိုလျှင် ကျားမများက ကလေး မပြုစုနိုင်တော့ပါက ကျားပေါက်လေးများကို ကျားထီးထံသို့ ခေါ်လာတတ်ပြီး အနည်းငယ် ကြီးပြင်းလာမှသာ ပြန်ခေါ်သွားတတ်ကြသည်။ ကျားပေါက်လေးများက ခေါင်းလုံးလုံးလေးများနှင့် သေချာပေါက် ချစ်စရာ ကောင်းမည်သာ ဖြစ်၏။
ရွှီယန်က ကျားသစ်ပေါက်လေးများကို ကြည့်ရင်း ကျားပေါက်လေးများ အကြောင်း တွေးနေစဉ်မှာပင် ရှောင်ဟွာက အရိပ်အကဲကို ရိပ်မိသွားသည်။ ၎င်းက ရွှီယန်၏ အနားသို့ လျှောက်လာပြီး လည်ပင်းကို ဆန့်ကာ ခေါင်းကို ရှေ့သို့ထုတ်ပြီး ၎င်း၏ မျက်နှာကြီးကို ရွှီယန်၏ မျက်နှာအနားသို့ ကပ်ကာ စိုက်ကြည့်နေတော့သည်။
ထိုပုံစံက မေးနေသည့် အလားပင်။
'ဒီလောက်တောင် ငေးနေတာ ဘာတွေများ တွေးနေတာလဲ'
ရွှီယန် လည်း ချက်ချင်း သတိဝင်လာပြီး ပြုံးကာ ရှောင်ဟွာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"အတွေးလွန်သွားတာပါ... ညစာ ဘာစားရမလဲ စဉ်းစားနေတာ"
ရွှီယန်က ပြန်ဖြေလိုက်သည်။
မည်သို့ပင်ဆိုစေ ရှောင်ဟွာက ရှောင်ဆန်းရှန် ကို မသိသလို သိခွင့်လည်း မရှိချေ။ ကျား ဆိုသည်မှာ ကျားသစ်များကို စားသုံးသော တိရစ္ဆာန် ဖြစ်သည်။ အကယ်၍ ကျားက တကယ် ရူးသွပ်သွားပါက ရွှီယန်ပင် ဆွဲထားနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူက မည်သည့် တိရစ္ဆာန်ကိုမျှ ရှောင်ဆန်းရှန် ထံသို့ ခေါ်သွားမည် မဟုတ်ပေ။ ကျားများ၏ အမြင်တွင် ရွှီယန်မှလွဲ၍ ကျန်သည့်အရာ အားလုံးက အစာများသာ ဖြစ်၏။
"နောက်နှစ်ရက်လောက်နေရင် ငါ တောင်ပိုင်းကို သွားရမှာ... ရက်အတော်ကြာမှ ပြန်ရောက်မယ်... မင်းတို့ လယ်ယာခြံဝင်းဘက်ကို လာမနေကြနဲ့တော့နော်... ပင်ပန်းရုံပဲ ရှိမှာ... ငါပြန်လာမှ မင်းတို့ဆီ လာခဲ့မယ်ကွာ"
ရွှီယန်က ရှောင်ဟွာကို ပြောလိုက်သည်။
ကျားသစ်များတွင်လည်း ဉာဏ်ရည် ရှိသဖြင့် ရွှီယန် ပြောသော စကားများကို ၎င်း အကြမ်းဖျင်း နားလည်နိုင်ပေသည်။ ရှောင်ဟွာက ရွှီယန်ကို ကြည့်ရင်း အနားသို့ မှီလာသည်။ ရွှီယန်က ၎င်းကို ထပ်မံ ပွတ်သပ်ပေးလိုက်သည်။
"အခု တောထဲမှာ အစာတွေ ပေါနေပြီဆိုတော့ မင်းလည်း ဟိုဘက်ကို သွားဖို့ မလိုတော့ပါဘူး... ဒါပေမဲ့ မင်းလည်း နည်းနည်းပါးပါး အလုပ်လုပ်ဦးနော်... အားလုံးကို လူးနားချည်းပဲ လုပ်ခိုင်းမနေနဲ့"
ရွှီယန်က ရှောင်ဟွာကို ကြည့်ကာ ဆုံးမလိုက်သည်။
ရှောင်ဟွာက ပြန်လည် ဖြေကြားသည့် အနေဖြင့် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်သည်။ တောတောင်ထဲရှိ ရှုခင်းများက အမြဲတမ်း လူကို စိတ်လက် ပေါ့ပါးစေသည်။
ညဘက်တွင် ရွှီယန်သည် လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ခရီးထွက်ရန်အတွက် ခရီးဆောင်အိတ်များကို စတင် ပြင်ဆင်နေတော့သည်။ ဤသည်က အလုပ်ကိစ္စဖြင့် ခရီးထွက်ခြင်းနှင့် ပင် တူညီနေသည်။
ဤတစ်ကြိမ် ခရီးသွားရခြင်းမှာလည်း သစ်မွှေးများကို ရောင်းချရန် ဖြစ်သည်။ ယခုအခါ သူက ငွေကြေး မလိုလောက်အောင် ပြည့်စုံနေသည် ဆိုသော်လည်း ယခုနှစ်အတွင်း အတော်လေး သုံးစွဲထားသဖြင့် စုဆောင်းငွေ သိပ်မကျန်တော့ချေ။ ဤသစ်မွှေး တစ်သေတ္တာဖြင့် ငွေပြန်လည် ဖြည့်တင်းရမည်သာ ဖြစ်သည်။
သစ်သားဈေးကွက် ဘက်တွင်လည်း ရွှီယန်နှင့် ပတ်သက်သော သတင်းများက အချိန်အတန်ကြာ ပျံ့နှံ့နေခဲ့သည်။ အားလုံးက ရွှီယန် ရှာတွေ့ခဲ့သည်မှာ ရိုးရိုး သစ်မွှေးများသာ ဖြစ်ပြီး တန်ဖိုး ယွမ် သောင်းဂဏန်းလောက်သာ ရှိမည်ဟု ထင်မှတ်နေကြသည်။ သစ်ငုတ်တိုကို ရောင်းချလိုက်သော လောင်လီ မှာမူ ရင်ဘတ်ကိုထုကာ ခြေဆောင့်ပြီး မိမိကိုယ်ကို အလွန် ရှုံးနစ်သွားပြီဟု ထင်မှတ်နေတော့သည်။
တကယ်တမ်းတွင် သူ ရှုံးသွားသည်က ထိုထက်ပင် အများကြီး ပိုမို ကြီးမားလှပေသည်။ သို့သော် သူ၏ စရိုက်အရ ထိုသစ်ငုတ်တိုကို ဆယ်နှစ်ကြာလျှင်တောင် လှည့်ကြည့်မည် မဟုတ်ချေ။ သို့မဟုတ် ဒီဇိုင်း တစ်ခုခု ပြုလုပ်ကာ ချထားမည် ဖြစ်ပြီး သူ၏ လက်ထဲတွင် ဆယ်စုနှစ်ချီ ရှိနေလျှင်တောင် အထဲမှ သစ်မွှေးကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ အရာအားလုံးက ကံတရားသာ ဖြစ်၏။
ခြံဝင်းထဲတွင် ခွေးများ အားလုံးက သူတို့၏ အိမ်လေးများထဲရှိ မွေ့ရာများပေါ်တွင် လှဲလျောင်းနေကြသည်။ ရှောင်ဟေးက ရွှီယန်၏ နှစ်ထပ်အိမ်လေးကို တစ်ချက် လှမ်းကြည့်လိုက်ရာ အထဲတွင် မီးလင်းနေသေးသည်ကို မြင်သောအခါ ဘေးတစောင်း ပြန်လှဲချလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။
"ဟူး"
ခွေးများ ဤသို့ အိပ်စက်ခြင်းက စိတ်အေးချမ်းမှုကို ပြသခြင်း ဖြစ်သည်။ ၎င်းတို့ အားလုံးက သေချာစွာ စောင့်ရှောက် ခံထားရပေသည်။
ဝံပုလွေပေါက်လေးက ရှောင်ဟေးနှင့် ပူးကပ်စွာ အိပ်နေသည်။ ထိုအချိန်တွင် ဝံပုလွေပေါက်လေးက သူ၏ သွေးကြောထဲမှ တစ်စုံတစ်ခု နိုးထလာသကဲ့သို့ ခံစားလိုက်ရပြီး မတ်တပ်ထရပ်ကာ လမင်းကြီးကို ကြည့်ပြီး အားရပါးရ အူလိုက်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
ရှောင်ဟေးက ဝံပုလွေပေါက်လေး၏ ထူးခြားသော လှုပ်ရှားမှုကို သတိထားမိသွားပြီး သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ထိုအခါ ဝံပုလွေပေါက်လေး လည်း ချက်ချင်း ငြိမ်ကျသွားတော့သည်။ ကြည့်ရသည်မှာ သွေးသား ပြင်းအားက မလုံလောက်သေးပုံ ရသည်။
တိရစ္ဆာန် တစ်ကောင်နှင့် တစ်ကောင် မတူညီကြဘဲ တချို့က သွေးသား ပြင်းအား အလွန် မြင့်မားတတ်ကြသည်။ ယခင်ကလည်း လယ်သမား တစ်ဦးက ဝံပုလွေပေါက်လေး တစ်ကောင်ကို မွေးစားခဲ့ပြီး အလွန် ဂရုစိုက်ခဲ့ဖူးသည်။
သို့သော် ဝံပုလွေပေါက်လေး ကြီးပြင်းလာသောအခါ နေ့စဉ်နေ့တိုင်း စိတ်မပျော်မရွှင် ဖြစ်နေခဲ့ပြီး နောက်ပိုင်းတွင် အပြင်ဘက်မှ ဝံပုလွေ အူသံများ ကြားရသောအခါ ထိုဝံပုလွေက အပြင်ဘက်မှ ဝံပုလွေများနှင့် အလျင်အမြန် သူငယ်ချင်း ဖြစ်သွားခဲ့သည်။ ထို့အပြင် ညတစ်ညတွင် အခြား ဝံပုလွေ တစ်ကောင်နှင့် အတူ ထွက်ခွာသွားခဲ့တော့သည်။ ထွက်သွားချိန်တွင် သခင်ဖြစ်သူကို လှည့်၍ ခဏမျှ ကြည့်သွားခဲ့ရာ နှုတ်ဆက်နေသည့် အလားပင်။ ထိုဝံပုလွေအတွက်မူ ၎င်းက အပြင်ဘက် ကမ္ဘာကို နှစ်သက်သဖြင့် ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှီယန် မွေးထားသော ဝံပုလွေပေါက်လေးကတော့ မတူညီချေ။ နေ့စဉ်နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ခွေးတစ်ကောင်လို နေထိုင်နေသည်။ ယခုဆိုလျှင် အခြား ခွေးသုံးကောင်နှင့် ဘာမှ ကွာခြားမှု မရှိတော့ပေ။ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။
ရွှီယန်က ၎င်းတို့ကို အမှတ်တရ ဓာတ်ပုံပင် ရိုက်ထားလိုက်သေးသည်။ ယခုအချိန်တွင် ဝံပုလွေပေါက်လေးက ရှောင်ဟေး ထက် တစ်ဆိုဒ်ခန့် သေးငယ်နေပြီး မတ်တပ်ရပ်လိုက်ပါက ခေါင်းက ရှောင်ဟေး၏ ရင်ဘတ်လောက် အထိသာ ရှိသည်။
သို့သော် နောင်တစ်ချိန် အရွယ်ရောက်လာပါက ၎င်းက ရှောင်ဟေး ထက် အများကြီး ပိုမို အရပ်ရှည်လာမည်ဖြစ်ပြီး ၎င်း၏ ရင်ဘတ်က ရှောင်ဟေး၏ ခေါင်းအထိ ရောက်ရှိလာလောက်ပေသည်။ ထိုအချိန်ရောက်မှ နောက်ထပ် ဓာတ်ပုံ တစ်ပုံ ထပ်ရိုက်ပြီး နှိုင်းယှဉ်ကြည့်ပါက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပေလိမ့်မည်။
ခွေးများ အားလုံး အေးချမ်းစွာ အိပ်ပျော်သွားကြသည်။ ရွှီယန်လည်း မိန်းကြောင်လေး ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ဘာသာသူ အိပ်ရာဝင်သွားတော့သည်။
နောက်တစ်နေ့တွင် ရွှီယန်က ခရီးဆောင်အိတ်များကို ပြင်ဆင်ပြီး မွန်းလွဲပိုင်း လေယာဉ်မီရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"သူဌေး... ဘယ်သွားမလို့လဲ"
ကျိန့်ရှန်ချန် က ရွှီယန် ထွက်လာသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်သည်။
"တောင်ပိုင်းကို သွားလည်မလို့ကွာ... တောင်တွေ အရမ်းများလွန်းလို့ လည်လို့ကို မကုန်နိုင်ဘူး... ဒီတစ်ခေါက်တော့ ရှန်းနုန်ကျား က သစ်တောအုပ်ကြီးဆီ သွားကြည့်မလို့... အဲဒီဘက်က အတော်လေး ထူးဆန်းတယ်လို့ ကြားတယ်"
ရွှီယန်က ပြန်ဖြေလိုက်သည်။
ကျိန့်ရှန်ချန် က ရွှီယန် သွားမည့် နေရာကို ကြားသောအခါ ပြန်ပြောလိုက်သည်။
"ဪ... ကျွန်တော် သိတယ်... တောလူရိုင်း တွေ ရှိတဲ့နေရာ မလား"
ရွှီယန်က ခေါင်းခါပြလိုက်သည်။
"အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စတွေပါကွာ... အခုတော့ နေရာအနှံ့ ရှာဖွေပြီးသွားပြီဆိုတော့ တောလူရိုင်း ဆိုတာ မရှိတော့ပါဘူး... ရှုခင်းသွားကြည့်ရုံပါပဲ... အဲဒီဘက်မှာ တိရစ္ဆာန်တွေ အတော်လေး များတယ်လေ... တိုက်တိုက်ဆိုင်ဆိုင် ဟူပေ ဘက်ကို သွားရမှာဆိုတော့ ဆန်းရှား တမံကြီးကိုပါ တစ်ခါတည်း ဝင်ကြည့်ပြီး လည်ပတ်ခဲ့မလို့"
ရွှီယန်က သူ့ကို စကားအနည်းငယ် ပြောဆိုပြီးနောက် သူ၏ ဖခင်ကို လယ်ယာခြံဝင်း လာကြည့်ပေးရန် ဖုန်းဆက် ခေါ်လိုက်သည်။ ရွှီဟုန်ရှန်း ကလည်း ကျေကျေနပ်နပ်ပင် သဘောတူလိုက်သည်။ နေ့စဉ် လယ်ယာခြံဝင်းထဲတွင် လမ်းလျှောက်ရသည်ကလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည် မဟုတ်ပါလော။
ပုံမှန် အချိန်များတွင်လည်း သူ လာလေ့ရှိသည်။ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ မြေဆွခြင်း နှင့် ရှုခင်းများ ကြည့်ရှုခြင်း တို့ကို ပြုလုပ်လေ့ရှိရာ ပင်စင်စား တစ်ဦး၏ ဘဝမျိုးကို ခံစားနေရပြီ ဖြစ်သည်။
ယခုအခါ လူကြီးနှစ်ပါးလည်း ငွေကြေး သိပ်မလိုအပ်တော့ချေ။ ယခင်က ရွှီယန်အတွက် အိမ်ဝယ်ရန်နှင့် မိန်းမယူပေးရန် ငွေစုခဲ့ရသဖြင့် ချွေတာစွာ နေထိုင်ခဲ့ရသည်။ ရိုးရာ မိသားစုများ အားလုံး၏ ခံယူချက်က ဤသို့ပင် ဖြစ်သည်။
သို့သော် ယခုအခါ ရွှီယန်က သူတို့ကို ငွေစုပေးရန် မလိုအပ်တော့ရာ လူကြီးနှစ်ပါးလည်း ဖိအား သိပ်မရှိတော့ဘဲ နေ့စဉ်နေ့တိုင်း ဘာစားရမလဲ ဘာလုပ်ရမလဲ ဆိုသည်ကိုသာ စဉ်းစားနေကြတော့သည်။ ဘဝက အတော်လေး ပေါ့ပါး လွတ်လပ်နေပြီ ဖြစ်သည်။
သို့သော် တစ်ခါတရံ ဖုန်းသုံးရင်း ဗီဒီယိုများ ကြည့်မိကာ ရွှီယန်ကို တွေ့လိုက်ရပါက ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားတတ်ကြသေးသည်။ အထူးသဖြင့် ရွှီယန်၏ မိခင်ပင် ဖြစ်သည်။
သူမက ဤဗီဒီယိုများကို ကြည့်ရန် မနှစ်သက်ချေ။ အမြဲတမ်း စိုးရိမ် ကြောက်လန့်နေရသောကြောင့် ဖြစ်သည်။ သို့သော် ရွာထဲရှိ လူများ၏ ပါးစပ်ကိုတော့ မတားဆီးနိုင်ခဲ့ပေ။
တစ်ခါတရံ ရွာထဲမှ အဒေါ်ကြီးများ စူပါမားကတ် သို့ ဈေးသွားဝယ်သည့်အခါ ဤသို့ ပြောတတ်ကြသေးသည်။
"နင့်သား ဒီနေ့ ဝက်ဝံမည်း တွေနဲ့ ဆော့နေတာ မြင်လိုက်လား... အကောင်ကြီး နှစ်ကောင်လုံး သူ့ဘေးမှာ ရပ်နေပြီး နည်းနည်းလေးတောင် မလှုပ်ရဲကြဘူး... လိုက်ဖ်လွှင့်တာကို ကြည့်တဲ့သူတွေ အရမ်း များတာပဲ... ငါကြည့်တုန်းကဆို လူတစ်သိန်းတောင် ရှိတယ်သိလား"
ထိုစကားကို ကြားရသောအခါ ရွှီယန်၏ မိခင်မှာ မတတ်နိုင်စွာဖြင့် သက်ပြင်းသာ ချရတော့သည်။ ရွှီယန်ကို ဆူချင်သော်လည်း ရွှီယန်က နားထောင်မည် မဟုတ်ကြောင်း သိထားသဖြင့် ဘာမှ မပြောတော့ချေ။
'ဘာပဲဖြစ်ဖြစ် အသားကျနေပြီပဲ... ဒီလိုပဲ ဆက်သွားပါစေတော့’