← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း (၃၁၄) ဝက်ဝံမည်း... ဟင်... သူ့အရောင်တွေ ကျွတ်သွားတာလား

အဖြူရောင် ဝက်ဝံကြီးက အားလုံးကို မှင်တက်သွားစေသည်။

'ဒါ ဟူပေ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဝင်ရိုးစွန်းဝက်ဝံ ရှိနေတာလဲ'

ရွှီယန်ကတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤအကောင်က မျိုးဗီဇပြောင်း အဖြူရောင် ဝက်ဝံမည်း တစ်ကောင်သာ ဖြစ်သည်။

ဤသစ်တောအုပ်ကြီးက အတော်လေး ဆန်းကြယ်လှပေသည်။ မျိုးဗီဇပြောင်း အဖြူရောင် တိရစ္ဆာန်များက အခြားနေရာများထက်စာလျှင် ပို၍ များပြားလှသည်။

မည်သို့ပင်ဆိုစေ ထိုသို့ဖြစ်နေလျှင်တောင် မျိုးဗီဇပြောင်း အဖြူရောင် တိရစ္ဆာန်များကို တွေ့ရခဲလှပေသည်။ ရွှီယန်သာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် မရှိပါက ဤမျှ အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ချေ။

[လခွမ်း... ငါ မျက်စိများ မှားနေတာလား]

[နေပါဦး... အဲဒါ ဝင်ရိုးစွန်းဝက်ဝံ မဟုတ်ဘူးလား]

[ဘယ်လို အခြေအနေကြီးလဲ... ဒါက ဘာကြီးလဲ]

[လခွမ်း... အားလုံး မြင်လိုက်ကြတယ် မလား... ငါ အချိန်ပို အလုပ်ဆင်းရလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလို့ ထင်နေတာ]

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များထဲတွင် ပွက်လောညံသွားတော့သည်။

ဤအချိန်တွင် အဖြူရောင် ဝက်ဝံကြီးက သစ်ပင်ကြီး တစ်ပင်ကို မှီကာ ခြေနှစ်ဖက်ကို ဆင်း၍ ပျင်းရိစွာ အနားယူနေသည်။

ကြည့်ရသည်မှာ ဗိုက်ဝနေပုံရပြီး နေ့လယ်ခင်း အချိန်လေးကို ဇိမ်ကျကျ ဖြတ်သန်းနေခြင်း ဖြစ်သည်။ မလှမ်းမကမ်းတွင် မြစ်တစ်စင်း ရှိပြီး ထိုနေရာမှနေ၍ ရေကူးပြီး ပြန်လာခြင်း ဖြစ်ပုံရသည်။

ဤကောင်လေးက သွေးသန့် ဝက်ဝံမည်း တစ်ကောင်ပင် ဖြစ်၏။ ၎င်း၏ ပုံစံက အတော်လေး တုံးအအ နိုင်လှသည်။

တကယ်တော့ ဒါက ပုံမှန်ပါပင်။ အဖြူရောင် ဝက်ဝံမည်းများက ငယ်ရွယ်စဉ်တွင် အခြား ဝက်ဝံများ၏ ဖယ်ကြဉ်ခြင်းကို ခံရတတ်ပေသည်။ မည်သို့ပင်ဆိုစေ ၎င်း၏ အရောင်က အခြား ဝက်ဝံများနှင့် မတူညီသဖြင့် အခြား ဝက်ဝံပေါက်လေးများ၏ အနိုင်ကျင့်ခြင်းကို ခံရရန် အလွန် လွယ်ကူလှသည်။

ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသဖြင့် တချို့က အလွန် ကြမ်းတမ်းလာတတ်ပြီး တချို့ကတော့ သတ္တိကြောင်ကာ သတိကြီးလာတတ်ကြသည်။

ဤအဖြူရောင် ဝက်ဝံမည်းကတော့ ကြည့်ရုံဖြင့်ပင် နောက်ဆုံး တစ်မျိုး ဖြစ်ကြောင်း သိသာလှပေသည်။

'ချစ်စရာလေး... မွေးချင်လိုက်တာ'

'ဒါပေမဲ့ ငါ့တောင်နောက်ဘက်မှာ ဝက်ဝံမည်း နှစ်ကောင်တောင် ရှိနေပြီလေ... ပြီးတော့ တောရိုင်းတိရစ္ဆာန်တွေကို သယ်ယူပို့ဆောင်တာက ဥပဒေနဲ့ မလွတ်ကင်းဘူး... မွေးလို့ မရဘူး'

ရွှီယန်က စိတ်ထဲတွင် တွေးလိုက်ပြီး နှမြောတသစွာဖြင့် သက်ပြင်းသာ ချလိုက်ရတော့သည်။

ထို့နောက် သူက အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။

"ဒါက ဝက်ဝံမည်း ပါ... မျိုးဗီဇပြောင်း အဖြူရောင် ဝက်ဝံမည်း လေ"

"အရင်က ပျံ့နေတဲ့ ဇာတ်လမ်းလေး တစ်ခု ရှိတယ်... အမှန်လား အမှားလားတော့ မသိဘူး... မျိုးဗီဇပြောင်း အဖြူရောင် ဝက်ဝံမည်းကို တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ဝင်ရိုးစွန်းဝက်ဝံ ဆိုပြီး မြောက်ဝင်ရိုးစွန်းကို ပို့လိုက်တယ် ဆိုတာလေ... အဲဒီကောင်လေးပဲ ဖြစ်မယ်"

"ဝင်ရိုးစွန်းဝက်ဝံက မတ်တပ်ရပ်လိုက်ရင် လူထက် အများကြီး ပိုကြီးတယ်... လူကို အလွယ်တကူ ဖက်ထားလို့ ရတယ်... ဒီကောင်လေးက မတ်တပ်ရပ်လိုက်ရင် လူနဲ့ သိပ်မကွာဘူး... လူလောက်တောင် မရှည်ဘူး"

"ဒါကြောင့် ဝင်ရိုးစွန်းဝက်ဝံ မဟုတ်တာ သေချာတယ်"

ရွှီယန်၏ စကားကို ကြားသောအခါမှ အားလုံးက သဘောပေါက်သွားကြသည်။

သို့သော် မြင်ကွင်းကတော့ ဘယ်လိုကြည့်ကြည့် အတော်လေး ထူးဆန်းနေဆဲ ဖြစ်၏။ စိမ်းလန်းနေသော မြက်ခင်းပြင်တွင် အဖြူရောင် ဝက်ဝံကြီး တစ်ကောင် အနားယူနေသည်။ ဆေးမသုတ်ရသေးသည့် အလားပင်။ တကယ်ကို ထူးဆန်းလှပေသည်။

ခုနက အဖြူရောင် ဒရယ်ပြောက် က မြူခိုးများ ဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကြောင့် နတ်ဘုရား တိရစ္ဆာန် တစ်ကောင်နှင့် တူညီနေသည်။ သို့သော် ဤအဖြူရောင် ဝက်ဝံကြီးကတော့ နတ်ဘုရား တိရစ္ဆာန်နှင့် လုံးဝ မတူညီဘဲ တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားရစေသည်။

[ဝက်ဝံမည်း... ဟင်... သူ့အရောင်တွေ ကျွတ်သွားတာလား]

[နေပါဦး... အမည်းရောင် စစ်စစ် တိရစ္ဆာန်တွေလည်း အဖြူရောင် ပြောင်းသွားနိုင်တာလား]

[အရမ်း ရှားပါးတာပဲ... ကာကွယ်ထားဖို့ အကြံပြုတယ်]

[လခွမ်း... ဒီနေ့တော့ ဗဟုသုတ တိုးသွားပြီဟေ့]

ရွှီယန်က မေးစေ့ကို ပွတ်သပ်ရင်း အဖြူရောင် ဝက်ဝံကြီးနှင့် မည်သို့ ဓာတ်ပုံ တွဲရိုက်ရမည်နည်း ဟု တွေးတောနေသည်။ ဤအရာက အတော်လေး ခက်ခဲလှပေသည်။

တစ်ဦးတည်းသော နည်းလမ်းမှာ အစာကျွေးခြင်း ပင် ဖြစ်သည်။

ထို့ကြောင့် ရွှီယန်က ကျောပိုးအိတ်ထဲမှ ပေါင်မုန့်ရှည် တစ်လုံးကို ထုတ်ယူကာ အခွံကို ဖောက်ပြီး တစ်ဝက်ခန့် စားလိုက်သည်။ ထို့နောက် အဖြူရောင် ဝက်ဝံကြီး ရှိရာသို့ လျှောက်သွားလိုက်သည်။

"ဟေး"

ဝက်ဝံကြီးနှင့် ဆယ်မီတာခန့် အကွာသို့ ရောက်သောအခါ ရွှီယန်က လှမ်းအော်လိုက်သည်။

ဝက်ဝံကြီးက သူ၏ အသံကို ကြားသည်နှင့် ချက်ချင်း သတိထားမိသွားပြီး ရွှီယန်ကို မြင်သောအခါ လန့်သွားကာ ဘေးရှိ သစ်ပင်ပေါ်သို့ အလျင်အမြန် တက်ပြေးတော့သည်။

နည်းနည်းလေးသာ တက်သွားပြီး သစ်ကိုင်းပေါ်တွင် ရပ်တန့်ကာ ရွှီယန်ကို စိုက်ကြည့်နေတော့သည်။

ဤကမ္ဘာကြီးက တကယ်ကို ရူးသွပ်စရာ ကောင်းလှပေသည်။ ယခင်က လူများ ဝက်ဝံကို တွေ့ပါက သစ်ပင်ပေါ်သို့ တက်ပြေးရသည်ဟု ပြောလေ့ရှိကြသည်။

ယခုတော့ ပြောင်းပြန် ဖြစ်သွားပြီ ဖြစ်၏။

ဝက်ဝံက လူကို တွေ့သောအခါ သစ်ပင်ပေါ်သို့ ပြောင်းပြန် တက်ပြေးနေလေသည်။

'တစ်ခုခု မှားနေသလိုပဲ... ဒါပေမဲ့ အတော်လေး ယုတ္တိရှိသလိုလည်း ခံစားရတယ်'

အင်တာနက်သုံးစွဲသူများက တွေးလိုက်ကြသည်။

ရွှီယန် လည်း ၎င်းကို မြင်သောအခါ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

တကယ်တမ်းတွင် သူလည်း ဤအဖြူရောင် ဝက်ဝံကြီးကို ကြောက်ရွံ့မိပေသည်။ မည်သို့ပင်ဆိုစေ ၎င်းက သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်သည် မဟုတ်ပါလော။ သို့သော် ဓာတ်ပုံ ရိုက်နိုင်ရန်အတွက် စမ်းကြည့်ရမည်သာ ဖြစ်သည်။

ရွှီယန်က ပေါင်မုန့်ကို လှမ်းပစ်ပေးလိုက်ရာ အဖြူရောင် ဝက်ဝံကြီး၏ အရှေ့သို့ တည့်တည့်မတ်မတ် ကျသွားလေသည်။ ၎င်းက ပေါင်မုန့်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရွှီယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုပုံစံက မေးနေသည့် အလားပင်။

'ငါ့ကို ပေးတာလား'

ရွှီယန်က မလှုပ်မယှက် ရပ်နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

တောင်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော အတွေ့အကြုံများအရ တိရစ္ဆာန်များနှင့် မည်သို့ ဆက်သွယ်ရမည်ကို သူ သိရှိပေသည်။

ဤကဲ့သို့ သတ္တိကြောင်သော တိရစ္ဆာန်မျိုးနှင့် တွေ့ပါက တည်တည်ငြိမ်ငြိမ် နေကာ ရင်းနှီးမှုကို ပြသရမည် ဖြစ်ပြီး ၎င်းတို့ကို မလန့်သွားစေရန် ဂရုစိုက်ရမည် ဖြစ်သည်။ အော်ဟစ်ခြင်းများကို လုံးဝ မပြုလုပ်သင့်ချေ။

အဖြူရောင် ဝက်ဝံကြီးက ရွှီယန်ကို အချိန်အတော်ကြာအောင် စောင့်ကြည့်နေပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ ၎င်းက တိုက်ရိုက် ထွက်သွားချင်သော်လည်း ပေါင်မုန့်ကို မြင်သောအခါ စိတ်ထဲရှိ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ချေ။

ဤသို့ဖြင့် အဖြူရောင် ဝက်ဝံကြီးက ပေါင်မုန့် ရှိရာသို့ သတိကြီးစွာဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။

ရွှီယန်က ဆဲလ်ဖီ ရိုက်ရန် လိုအပ်သော အကွာအဝေးကို ကြိုတင် တွက်ချက်ထားပြီး ဖြစ်ရာ ပေါင်မုန့်၏ တည်နေရာက အလွန် ကွက်တိကျနေပေသည်။ ဆိုလိုသည်မှာ အဖြူရောင် ဝက်ဝံကြီး ပေါင်မုန့်အနားသို့ ရောက်လာသည်နှင့် ဆဲလ်ဖီ ခလုတ်ကို နှိပ်လိုက်ရုံသာ ဖြစ်၏။

အဖြူရောင် ဝက်ဝံကြီးက ပေါင်မုန့်အနားသို့ ရောက်လာပြီးနောက် ပထမဆုံး အနံ့ခံကြည့်ကာ ပေါင်မုန့်ကို တစ်ကိုက်တည်း ကိုက်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်လေးမှာပင် ရွှီယန်က ဆဲလ်ဖီ ခလုတ်ကို နှိပ်လိုက်တော့သည်။

တာဝန် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သည်။

သို့သော် အဖြူရောင် ဝက်ဝံကြီးက ထိုနေရာတွင် ရပ်မနေတော့ဘဲ ပေါင်မုန့်ကို ကိုက်ကာ ချက်ချင်းပင် လှည့်ပြေးသွားတော့သည်။

ခပ်သုတ်သုတ် ပြေးသွားပြီး တုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်လေးက အတော်လေး ပေါ့ပါးသွက်လက်နေပေသည်။

အင်တာနက်သုံးစွဲသူများက ရွှီယန်နှင့် အဖြူရောင် ဝက်ဝံကြီးတို့ ရင်းရင်းနှီးနှီး ရှိနေမည့် မြင်ကွင်းကို မျှော်လင့်ထားခဲ့သော်လည်း ဝက်ဝံကြီးက တိုက်ရိုက် လစ်ပြေးသွားသည်ကို မြင်သောအခါ အားလုံး မနေနိုင်ဘဲ ရယ်မောလိုက်ကြတော့သည်။

[ဟားဟားဟား... ဒီကောင်လေးက တော်တော် ပါးနပ်တာပဲ]

[ဟင်... တန်းပြေးသွားတာလား... လောင်ရွှီ ကို အကိုင်မခံဘူးပေါ့]

[ဒီလောက် ပြေးတာမြန်တဲ့ ဝက်ဝံ ကို ငါ ပထမဆုံး မြင်ဖူးတာပဲ]

[သူ့ရဲ့ ခြေလှမ်းတွေက တော်တော်လေး မြူးတူးနေသလိုပဲ]

[အရမ်း ရယ်ရတာပဲ... ဟားဟားဟား]

ရွှီယန်က အဖြူရောင် ဝက်ဝံကြီး၏ ပုံစံကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ ဝက်ဝံကြီး ပြေးသွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က ခုန်ပေါက်နေသကဲ့သို့ ဖြစ်နေသည်ကို သူ မြင်တွေ့လိုက်ရသဖြင့် အလွန် ရယ်ချင်သွားခြင်း ဖြစ်သည်။

ဤအဖြူရောင် ဝက်ဝံကြီးက ကိုယ့်ဘာသာကိုယ် ကြိတ်ပျော်နေပြီး မိမိ၏ ဉာဏ်ကောင်းမှုကို ချီးကျူးနေပုံ ရသည်။

ရွှီယန်လည်း ဤသို့ဆိုလျှင် ကောင်းသည်ဟု တွေးလိုက်သည်။

ယုံကြည်မှု ဆိုသည်မှာ လွယ်လွယ်ကူကူနှင့် တည်ဆောက်၍ မရကြောင်း သူ သိရှိပေသည်။ ထို့ကြောင့် တာဝန် ပြီးဆုံးသွားသည်နှင့်ပင် သူ အလွန် ကျေနပ်နေပြီ ဖြစ်၏။

"ပြေးတာ တော်တော် မြန်တာပဲ"

ရွှီယန်က အဖြူရောင် ဝက်ဝံကြီး၏ ကျောပြင်ကို ကြည့်ရင်း ပြုံးကာ ရေရွတ်လိုက်သည်။

ယခုအချိန်တွင် အဖြူရောင် ဝက်ဝံကြီးမှာ တကယ်ကို ပျော်ရွှင်နေပေသည်။ ပေါင်မုန့်က အလွန် စားလို့ကောင်းပြီး ချိုကာ နူးညံ့လှသည်။ ၎င်းက ရွှီယန်၏ လက်ထဲမှ အစာကို လုယူလာနိုင်ခဲ့သည်ဟု ထင်မှတ်နေသဖြင့် မိမိ၏ လုပ်ရပ်အပေါ် ဂုဏ်ယူနေခြင်း ဖြစ်သည်။

ရွှီယန်က အဖြူရောင် ဝက်ဝံကြီးကို ထပ်မံ အာရုံမစိုက်တော့ဘဲ တောင်ထိပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မွန်းလွဲပိုင်း အချိန်ဖြစ်ရာ နေရောင်ခြည်က အလွန် သာယာလှပေသည်။

"ဒီနေရာက တကယ်ကို ထူးဆန်းတာပဲ... ဒီနေ့ ရည်မှန်းချက်က ဒီတောင်ထိပ်ကို တက်ပြီး ပြန်ဆင်းဖို့ပဲ... စိန်ခေါ်မှု အောင်မြင်သွားတာပေါ့"

ရွှီယန်က တောင်ထိပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ သူနှင့် တောင်ထိပ်က သိပ်မဝေးတော့ချေ။

ဤအချိန်တွင် သူက တောင်ထွက်ပစ္စည်း ရှာဖွေသူ လိုက်ဖ်လွှင့်သူ တစ်ဦးနှင့် မတူညီတော့ဘဲ သာမန် ခရီးသွား တစ်ဦးနှင့် ပို၍ တူညီနေတော့သည်။ သေချာသည်မှာ ရှားပါး ဆေးပင်များကို တွေ့ရှိပါက ရွှီယန်က ရှင်းပြလေ့ ရှိပါသေးသည်။

ထို့နောက် ရွှီယန်က အရှိန်မြှင့်ကာ တောင်စတင် တက်တော့သည်။ ဤတစ်ကြိမ်က တောင်တက်ခြင်း သက်သက်သာ ဖြစ်သည်။

သူ၏ အရှိန်က အလွန် မြန်ဆန်လှပေသည်။

လမ်းတစ်လျှောက်တွင် မည်သည့် နေရာတွင်မျှ ရပ်နားခြင်း မရှိချေ။

အင်တာနက်သုံးစွဲသူများက သူ တောက်လျှောက် တက်သွားသည်ကို မြင်တွေ့နေရပြီး ခြေလှမ်းတိုင်းက ခွန်အားများနှင့် ပြည့်နှက်နေပေသည်။ အားလုံးက ကြည့်လေလေ ပို၍ အံ့ဩလေးစားလေလေ ဖြစ်လာကြတော့သည်။

[ဒီခွန်အားက တကယ် နောက်နေတာ မဟုတ်ဘူး... အရမ်း ကြမ်းတာပဲ]

[လော့ထိုရှန်းကျစ် (ခေတ်ဟောင်း ဝတ္ထုဇာတ်ကောင်) ခေတ်မှာသာ ဆိုရင် သူက ဆိုက်ကား တစ်စီးတော့ အေးဆေး ဝယ်နိုင်လောက်တယ်]

[မာရသွန် မပြေးတာ နှမြောစရာပဲ]

[တခြားလူတွေ လေ့ကျင့်ခန်း လုပ်နေတာကို ကြည့်ရတဲ့ ခံစားချက်က တကယ် ကောင်းတာပဲ]

ဤသစ်တောအုပ်ကြီးထဲရှိ လေထုက အလွန် သန့်ရှင်းပြီး အောက်ဆီဂျင်လည်း အလွန် ပေါများလှပေသည်။ လေကို အားရပါးရ ရှူသွင်းလိုက်ပါက ခန္ဓာကိုယ် တစ်ခုလုံး အသက်ဝင်လာသကဲ့သို့ ခံစားရပြီး အလွန် လန်းဆန်းသွားစေသည်။

ဤသို့ဖြင့် တောက်လျှောက် တက်လာခဲ့ရာ နှစ်နာရီ အကြာတွင် ရွှီယန်က တောင်ထိပ်သို့ ရောက်ရှိသွားတော့သည်။ သူက အမြင့်မှနေ၍ အောက်ဘက်ရှိ ရှုခင်းများကို ငုံ့ကြည့်လိုက်သည်။

စိမ်းလန်းစိုပြည်နေသော သစ်တောအုပ်ကြီးကိုသာ မြင်တွေ့ရပေသည်။ တောင်ထိပ်ရှိ ရှုခင်းက အလွန် ကျယ်ဝန်းလှသည်။ ရွှီယန်က အများကြီး မြင်ဖူးနေပြီဖြစ်ရာ သိပ်ပြီး ထူးဆန်းသည်ဟု မခံစားရတော့ချေ။

သူက ခဏမျှ အနားယူကာ ရေသောက်ပြီး ချောကလက်နှင့် အမဲသားခြောက် အနည်းငယ်ကို စားလိုက်သည်။ ထို့နောက် တောင်အောက်သို့ ဆက်လက် ဆင်းလာခဲ့သည်။

လမ်းတွင် ရွှီယန်က ဒုတိယမြောက် ရတနာရှာဖွေရေး တာဝန်ကို လုပ်ဆောင်ခဲ့သည်။ တာဝန်၏ လိုအပ်ချက်မှာ ဆေးပင် သုံးမျိုးထက်မနည်း ရှာဖွေရန် ဖြစ်ပြီး ဆုလာဘ်ကတော့ အလှဆင်ရန်အတွက် အသုံးပြုနိုင်သော အသေးစား ရှန်းနုန် ကြေးအိုး တစ်လုံး ဖြစ်သည်။

ဤတာဝန်က ရွှီယန်အတွက် မခက်ခဲလှရာ မကြာခင်မှာပင် ဆေးပင် သုံးမျိုးကို ရှာတွေ့ကာ တာဝန် အောင်မြင်သွားခဲ့သည်။ သို့သော် ဆုလာဘ်ကို မြင်သောအခါ သူကိုယ်တိုင်ပင် အနည်းငယ် မှင်တက်သွားတော့သည်။

အသေးစား ရှန်းနုန် ကြေးအိုး ဆိုသည်မှာ အမြင့် တစ်မီတာခန့် ရှိပြီး အရွယ်ရောက်ပြီးသူ နှစ်ဦး ဖက်ထားလျှင်တောင် မပြည့်နိုင်လောက်အောင် ကြီးမားလှပေသည်။

'ဒါက အသေးစား လား... ဒါဆို အကြီးစား ရှန်းနုန် ကြေးအိုး ကြီးက ဘယ်လောက်တောင် ကြီးမလဲ မသိဘူး'

ဤကြေးအိုးကြီးကို ရွှီယန် ချက်ချင်း မထုတ်ယူသေးချေ။ နောက်ပိုင်း လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ခြံဝင်းထဲတွင် အလှဆင်ရန် ချထားနိုင်သည်။ ခြံစောင့် ရတနာ အဖြစ် ထားရှိရန်လည်း မဆိုးလှပေ။

ရတနာရှာဖွေခွင့် လေးကြိမ် ကျန်ရှိနေသေးရာ ရွှီယန်က တာဝန် မယူတော့ဘဲ တိုက်ရိုက် ရတနာရှာဖွေခြင်းကိုသာ ရွေးချယ်လိုက်သည်။ ရှာတွေ့သည်များက ရှားပါး အပင်များနှင့် တိရစ္ဆာန်များသာ ဖြစ်ပြီး တန်ဖိုးကြီး ရတနာများတော့ မဟုတ်ချေ။

သို့သော် ဤသည်ကလည်း ပုံမှန်ပင် ဖြစ်၏။ တောင်တိုင်းတွင် တန်ဖိုးကြီး တောင်ထွက်ပစ္စည်းများ ရှိနေမည် မဟုတ်ပါလော။ ရှားပါးသော အပင်များနှင့် တိရစ္ဆာန်များကို မြင်တွေ့ရသည်ကလည်း အချည်းနှီး မဖြစ်တော့ချေ။

တောင်အောက်သို့ ရောက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားတော့သည်။

အင်တာနက် တစ်ခွင်လုံးတွင် ထပ်မံ၍ ပွက်လောညံသွားပြန်သည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို လူအများအပြား ကြည့်ရှုကြပြီး နောက်ပိုင်းတွင်လည်း ဗီဒီယို အတိုလေးများ အများအပြား ထွက်ပေါ်လာလေ့ ရှိသည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာများကို လူပိုပိုများများက အသိအမှတ်ပြုလာကြပြီ ဖြစ်သည်။

နောက်တစ်နေ့တွင် ရွှီယန်က သစ်မွှေး ရောင်းချရန် ကိစ္စကို စတင် လုပ်ဆောင်နေတော့သည်။ ပစ္စည်းက အတော်လေး တန်ဖိုးကြီးမားသဖြင့် ရွှီယန်က အမြဲတမ်း သတိထားနေခဲ့သည်။ သူက အရှေ့မြောက်ဒေသမှ ဟူပေ... ထို့နောက် ကွမ်တုန်း အထိ ဈေးနှုန်းများကို အကြိမ်ကြိမ် မေးမြန်း စုံစမ်းခဲ့သည်။

ဆယ်ဆိုင်ထက်မက ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပြီးနောက် ဈေးကွက်ပေါက်ဈေးကို အကြမ်းဖျင်း နားလည်သွားတော့သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို အလုပ်မရှုပ်ခံ၍ မရချေ။

နောက်ဆုံးတွင် ရှေးဟောင်း နံ့သာဆိုင် တစ်ဆိုင်၏ ပိုင်ရှင်က ငွေကြေး တတ်နိုင်သူ ဖြစ်ပြီး ဤရှားပါး ပိုးစားသစ်မွှေး သေတ္တာကို ယွမ် တစ်သန်း ဖြင့် ဝယ်ယူလိုက်တော့သည်။

လူကိုယ်တိုင် အရောင်းအဝယ် ပြုလုပ်ပြီး နှစ်ဖက်စလုံးက ပစ္စည်းများကို သေချာစွာ စစ်ဆေး အတည်ပြုခဲ့ကြသည်။

အရောင်းအဝယ် ပြီးဆုံးသွားသောအခါ ရွှီယန်ပင် အနည်းငယ် ယုံကြည်နိုင်စရာ မရှိသလို ခံစားနေရသည်။

'ဒါကြီးက တကယ် အောင်မြင်သွားပြီပဲ... ဟိုသစ်ငုတ်တို ထဲက ဟာတွေက ဒီလောက်တောင် တန်ဖိုးကြီးတာလား'

ရွှီယန်၏ စီးပွားရေး အခြေအနေများ ပိုမို ကောင်းမွန်လာသည်နှင့်အမျှ သူက ပို၍ အဆင့်မြင့်သော အသိုင်းအဝိုင်းများနှင့် ထိတွေ့လာရသည်။ ချမ်းသာသော သူများ၏ ကြွယ်ဝမှုက တကယ်ကို မှန်းဆ၍မရအောင် များပြားလှပေသည်။

သို့သော် သူက အမြဲတမ်း စိတ်သဘောထား ပြည့်ဝသူ ဖြစ်ရာ မိမိ၏ ဘဝလေး သက်သောင့်သက်သာ ရှိနေလျှင်ပင် လုံလောက်ပြီဟု ခံစားရသည်။

ယခု ငွေကြေး ထပ်မံ ရရှိလာပြီဖြစ်ရာ လယ်ယာခြံဝင်းနှင့် သစ်တော တည်ဆောက်ရေး ကိစ္စများကို စဉ်းစားနိုင်ပြီ ဖြစ်သည်။ ထို့အပြင် တိရစ္ဆာန် အများအပြားကို မွေးမြူထားရသော်လည်း သူ၏ စိတ်ထဲတွင် မည်သည့် ဖိအားမှ မရှိတော့ချေ။

၎င်းက သူ၏ သီးသန့် ဝါသနာ တစ်ခုသာ ဖြစ်၏။

ထို့ကြောင့် ရွှီယန်လည်း စိတ်ကျေနပ်စွာဖြင့် မြို့သို့ လေယာဉ်ဖြင့် ပြန်လာခဲ့ပြီး ထိုမှတစ်ဆင့် လယ်ယာခြံဝင်းသို့ တောက်လျှောက် ပြန်လာခဲ့ကာ ဤတစ်ကြိမ် ခရီးစဉ်ကို အဆုံးသတ်လိုက်တော့သည်။

ခရီးဝေး တစ်ကြိမ် သွားပြီးပါက အနည်းဆုံး တစ်လခန့်တော့ နားရမည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးသည် မဟုတ်ပါလော။ ထို့အပြင် စနစ်မှ ဆုချထားသော အဖြူရောင် ကျီးကန်းလေး ကလည်း သစ်တောထဲတွင် ပေါ်လာမည်ဖြစ်ရာ ရွှီယန် သွားရောက် ခေါ်ဆောင်ရန် လိုအပ်ပေသည်။

သူ၏ လယ်ယာခြံဝင်းတွင် နတ်ဘုရား တိရစ္ဆာန် တစ်ကောင် ထပ်တိုးလာပြန်ပြီ ဖြစ်၏။

ကျီးကန်းများက ဉာဏ်ကောင်းကြသဖြင့် မွေးမြူရသည်ကလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းပေလိမ့်မည်။

All Chapters