အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း (၃၁၆) လယ်ကွင်းထဲမှာ ငါးဖမ်းမယ်... အသားထူတဲ့ စပါးခင်းငါးလေးတွေ
ရွှီယန်က သစ်တောထဲတွင် သူ့အတွက် သီးသန့်ဖြစ်သော ကျီးကန်းလေးကို ရှာတွေ့ခဲ့သည်။
ကျီးကန်းလေးက အလွန် သေးငယ်ပြီး အသိုက်ထဲတွင်သာ ရှိနေသေးသည်။
ပျံသန်းတတ်ခြင်း မရှိသေးသဖြင့် ခေါင်းလေးပြူကာ သူ့ကို ကြည့်နေတော့သည်။
ပိုင်ရှင် အသိအမှတ်ပြုခြင်း အခမ်းအနားကို စတင်လိုက်သည်။
ကျီးကန်းလေးက အဖြူရောင်ဖြစ်ပြီး ကြည့်ရသည်မှာ အလွန် လှပလှပေသည်။
"နောက်ဆို မင်းကို ရှောင်ပိုင် လို့ ခေါ်မယ်... မြန်မြန် ကြီးလာပါစေကွာ"
ရွှီယန်က ကျီးကန်းလေးကို မော့ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
ဤကျီးကန်းလေးကလည်း စွန်နက်လေး ကဲ့သို့ပင် ဖြစ်ပြီး ကြီးပြင်းလာမှသာ ပိုင်ရှင်ကို အသိအမှတ် ပြုမည့် အမျိုးအစား ဖြစ်သည်။
၎င်းတွင် ကိုယ်ပိုင် ဘဝရှိသော်လည်း မကြာခဏဆိုသလို ရွှီယန် ထံသို့ လာရောက်ကာ ရင်းနှီးမှုကို ပြသလေ့ရှိသည်။
အရာအားလုံးက ကံတရား၏ စီစဉ်မှုပင် ဖြစ်၏။
နောက်ဆက်တွဲ နှစ်ရက်လုံးလုံး ရွှီယန်က လယ်ယာခြံဝင်းတွင်သာ အနားယူနေခဲ့သည်။
တစ်ခါတရံ လယ်ယာခြံဝင်း၏ စိုက်ခင်းများထဲသို့ လှည့်လည်သွားလာရင်း နောင်တစ်ချိန်တွင် ဘာတွေ စိုက်ပျိုးမည်ကို စဉ်းစား စီစဉ်နေခဲ့သည်။
ယခုအချိန်က ဩဂုတ်လသို့ ရောက်ရှိနေပြီဖြစ်ရာ စိုက်ခင်းထဲရှိ သီးနှံများ အားလုံး ရင့်မှည့်နေပြီ ဖြစ်သည်။
ရွှီယန်က နောက်နှစ်တွင် စပါး အနည်းငယ် စိုက်ပျိုးရန် စဉ်းစားနေသည်။ ဝင်ငွေ သိပ်မရသော်လည်း သဘာဝ စပါးခင်းငါး များကို မွေးမြူနိုင်ပေသည်။
စပါးခင်းငါး ဆိုသည်မှာ စပါးခင်းထဲတွင် မွေးမြူထားသော ငါးငယ်လေးများကို ဆိုလိုပြီး ငယ်ငယ်ကတည်းက စပါးခင်းထဲတွင် တဖြည်းဖြည်း ကြီးပြင်းလာကြခြင်း ဖြစ်သည်။
စပါးခင်းငါးများနှင့် ပတ်သက်၍ ထင်မြင်ချက်များ အမျိုးမျိုး ရှိကြသည်။ တချို့က အရမ်းစားကောင်းသည်ဟု ဆိုကြပြီး တချို့ကမူ ရွှံ့နံ့ အရမ်းနံသည်ဟု ထင်မြင်ကြသည်။
တကယ်တမ်းတွင် သဘာဝ စမ်းရေဖြင့် မွေးမြူထားသော စပါးခင်းငါးများ၏ အရသာက အလွန် ကောင်းမွန်လှပေသည်။
ကြီးမလာခင်မှာပင် လယ်ယာအခြေပြု စားသောက်ဆိုင် ပိုင်ရှင်များက ကြိုတင် လာရောက် မှာယူလေ့ ရှိကြသည်။
သို့သော် စပါးခင်းငါးများ ကြီးပြင်းလာရန်မှာ မလွယ်ကူလှချေ။ ငှက်များက ဖမ်းယူ စားသောက်ကြရုံသာမက လယ်ယာခြံဝင်းတွင် မွေးမြူထားသော ဘဲငန်းများလည်း ရှိသေးသည်။
ဘဲငန်းများ စပါးခင်းထဲသို့ တစ်ခေါက်လောက် ဝင်ရောက် ကူးခတ်လိုက်သည်နှင့် စပါးခင်းငါးများ အားလုံး ပျောက်ကွယ်သွားတော့သည်။
'နောက်နှစ်ကျရင် စပါး နည်းနည်း စိုက်မယ်... စပါးခင်းငါး နည်းနည်း မွေးမယ်... ဒါမှမဟုတ်ရင်လည်း ဘဲငန်း နည်းနည်း မွေးမယ်'
'ဂေဟစနစ်နဲ့ ညီညွတ်တဲ့ စပါး နည်းနည်း စိုက်တာက တော်တော်လေး ကောင်းမယ် ထင်တယ်'
ရွှီယန်က စိတ်ထဲတွင် တွက်ချက်နေသည်။
ထိုအချိန်တွင် မြေခွေးပေါက်လေးများက အဝေးမှနေ၍ ပြေးလာကြပြီး ရွှီယန်၏ ခြေရာရင်းတွင် ချွဲနွဲ့နေကြတော့သည်။
ဤကောင်လေးများက တဖြည်းဖြည်း ကြီးပြင်းလာပြီး တောင်ထဲသို့ သွားရောက် ဆော့ကစားတတ်နေပြီ ဖြစ်သည်။
တချို့ ကောင်လေးများက မကြာခဏ ပြန်လာတတ်သော်လည်း တချို့ကမူ အချိန်အတော်ကြာမှ တစ်ခါ ပြန်လာတတ်ကြသည်။
အားလုံးက ကြီးပြင်းလာကြပြီဖြစ်ရာ ကိုယ်ပိုင် ဘဝလေးတွေ ရှိနေကြပြီ ဖြစ်၏။
သစ်တောကြီးက ၎င်းတို့အတွက် လူငယ်များအတွက် မြို့ကြီးပြကြီးများ ကဲ့သို့ပင် ဆွဲဆောင်မှု တစ်ခု ရှိနေပေလိမ့်မည်။
အမြဲတမ်း ထိုအထဲတွင် နေထိုင်ချင်နေကြသည်။
ရွှီယန်ကလည်း ၎င်းတို့၏ ဆန္ဒများကို အမြဲ လေးစားပေးခဲ့သည်။
ဤသို့ နေထိုင်ခြင်းကလည်း ကောင်းမွန်သည်ဟု သူ ထင်မြင်မိသည်။
သွားချင်တဲ့ နေရာ သွားလို့ ရတာပေါ့။
မြေခွေးပေါက်လေးများက ရွှီယန်ကို မြင်သည်နှင့် တအီအီ အော်ကာ ပြေးဝင်လာကြသည်။
တား၍ပင် မရတော့ချေ။
တစ်ကောင်ပြီး တစ်ကောင် မြေကြီးပေါ်တွင် လှဲချကာ ခန္ဓာကိုယ်ကို လှုပ်ရမ်းရင်း အဆက်မပြတ် ချွဲနွဲ့နေကြတော့သည်။
နှစ်ချက်သုံးချက်လောက် မပွတ်သပ်ပေးပါက သွားခွင့် မပေးမည့် ပုံစံမျိုးပင်။
ရွှီယန်က မနေနိုင်ဘဲ ပြုံးလိုက်မိပြီး ၎င်းတို့ကို ခဏမျှ ပွတ်သပ်ပေးလိုက်သည်။
ခွေးများလည်း ချက်ချင်း ရောက်လာကြပြီး မြေခွေးများကို မြင်သည်နှင့် အတူတကွ ပျော်ရွှင်စွာ ဆော့ကစားနေကြတော့သည်။
ရှေးစကားတွင် မြေခွေးနှင့် ခွေး သူငယ်ချင်းများ ဆိုသော စကားပုံ ရှိရာ ရှေးခေတ် ကတည်းက မြေခွေးများက ခွေးများနှင့် အတူတကွ ကစားရသည်ကို နှစ်သက်ကြောင်း သိသာလှပေသည်။
ဝံပုလွေပေါက်လေးကလည်း အနားသို့ တိုးသွားသည်။ အစပထမတွင် မြေခွေးပေါက်လေးများက ၎င်းကို အနည်းငယ် ကြောက်ရွံ့နေခဲ့သော်လည်း အတူနေလာသည်မှာ ကြာပြီဖြစ်ရာ လုံးဝ မကြောက်ကြတော့ချေ။
နှစ်ရက်ခန့် အနားယူပြီးနောက် ရွှီယန်က အမောပြေသွားသလို ခံစားလိုက်ရသည်။
ထို့ကြောင့် သူက အပြင်သို့ ထွက်လည်ရန် စဉ်းစားလိုက်သည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ရွှီယန်က အားလပ်နေသဖြင့် ကောင်လေးများကို ခေါ်ကာ လယ်ကွင်းများဘက်သို့ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် စပါးခင်းငါး ရောင်းမည့်သူ ရှိမရှိကိုပါ တစ်ပါတည်း ကြည့်ရှုမည် ဖြစ်သည်။
ဟက်စကီ က မလိုက်ချင်သလို ဝံပုလွေပေါက်လေး ကိုလည်း ဟိုဟိုဒီဒီ ပေးမပြေးနိုင်သဖြင့် နောက်ဆုံးတွင် ရွှီယန်က ရှောင်ဟေး နှင့် မာလီနွိုက် ကိုသာ ခေါ်ဆောင်သွားခဲ့သည်။
သူက လျှပ်စစ် ဘီးသုံးဘီး ဆိုင်ကယ်လေးကို မောင်းနှင်သွားရန် ရွေးချယ်လိုက်သည်။ သာမန် သုံးဘီးဆိုင်ကယ်လေး တစ်စီးဖြစ်ပြီး အရှိန်လည်း မမြန်လှချေ။
ရာသီဥတုက သာယာနေသဖြင့် သုံးဘီးဆိုင်ကယ်လေး မောင်းကာ လေညင်းခံရသည်ကလည်း အတော်လေး သက်သောင့်သက်သာ ရှိလှပေသည်။
ဤသုံးဘီးဆိုင်ကယ်မျိုးက နွေးထွေးသည့် အချိန်တွင်သာ မောင်းနှင်ရန် သင့်တော်သည်။ အကယ်၍ ရာသီဥတု အေးလာပါက မောင်းနှင်ရသည်မှာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတူတူပင် ဖြစ်၏။
ရှောင်ဟေး နှင့် မာလီနွိုက် က ကားနောက်ခန်း၏ အရှေ့ဘောင်တွင် မှီကာ ရှေ့သို့ ကြည့်ရင်း ပျော်ရွှင်နေကြသည်။
ဤသို့ဖြင့် တောက်လျှောက် မောင်းနှင်လာခဲ့သည်။
မကြာခင်မှာပင် ရွှီယန်က ဧရာမ လယ်ကွင်းကြီးများကို မြင်တွေ့လိုက်ရသည်။
အလယ်ရှိ လမ်းကလေးက အနည်းငယ် မညီမညာ ဖြစ်နေသည်။ မြေလမ်းလေး ဖြစ်ပြီး ကားနှစ်စီး ရှောင်၍ ရုံသာ ကျယ်ဝန်းပေသည်။
ပုံမှန်အားဖြင့် ဤနေရာတွင် ကားများ သိပ်မရှိဘဲ လယ်သမားများ၏ သုံးဘီးဆိုင်ကယ်များသာ သွားလာလေ့ ရှိသည်။
စိုက်ခင်းထဲရှိ သီးနှံများ အားလုံး ရင့်မှည့်နေပြီ ဖြစ်သည်။
ရွှီယန်၏ ဘေးတွင်တော့ ငရုတ်ခင်း တစ်ခင်း ရှိနေသည်။ အဝေးသို့ လှမ်းကြည့်လိုက်ပါက စိမ်းလန်းနေသော ငရုတ်ပင်များကို မြင်တွေ့ရပြီး အပေါ်တွင်တော့ အနီရောင် ငရုတ်သီးများ အပြည့် သီးနေပေသည်။
ဤငရုတ်ခင်းက အလွန် ကြီးမားလှပြီး လယ်သမား စိုက်ပျိုးထားသည်မှာ မနည်းလှချေ။
ရွှီယန်က တစ်ချက် ကြည့်လိုက်ပြီး ဤလယ်သမား အနေဖြင့် ငရုတ်သီးများ အားလုံးကို ခူးဆွတ်ရန် လူငှားရမည်ဟု ခန့်မှန်းလိုက်သည်။
သို့သော် ငရုတ်သီးများက အလေးချိန် ပေါ့ပါးပြီး ဈေးနှုန်းလည်း မမြင့်မားလှသဖြင့် အကျိုးအမြတ် မည်မျှ ရမည်ကိုတော့ မသိနိုင်ချေ။
ပင်ပန်းခ ရုံသာ ဖြစ်လောက်ပေသည်။
အရှေ့သို့ ဆက်သွားသောအခါ မုန်လာဥနီ ခင်း တစ်ခင်း ထပ်မံ ပေါ်ထွက်လာခဲ့သည်။
မုန်လာဥနီ ခင်းက အလွန် ဖြစ်ထွန်းနေပြီး မုန်လာဥနီ အရွက်များက စိမ်းပြာရောင် သန်းနေကာ အပေါ်သို့ ထောင်တက်နေသဖြင့် ကြည့်ရုံဖြင့်ပင် မုန်လာဥနီ ကောင်းများ ဖြစ်ကြောင်း သိသာလှပေသည်။
ရွှီယန် လည်း ရုတ်တရက် စားချင်စိတ်များ ပေါ်လာခဲ့သည်။
သူ ငယ်ငယ်က ရွာထဲရှိ သူငယ်ချင်းများနှင့် အတူ မုန်လာဥနီများကို ခိုးစားလေ့ ရှိကြသည်။
ထိုစဉ်က လယ်ကွင်းထဲသို့ ဟင်းသီးဟင်းရွက် သွားခိုးရာတွင် အဓိကအားဖြင့် မုန်လာဥနီ... ခရမ်းသီး နှင့် ခရမ်းချဉ်သီး များကိုသာ ခိုးလေ့ရှိကြသည်။
မုန်လာဥနီ နှင့် ခရမ်းချဉ်သီးကို အစိမ်းစား၍ ရသော်လည်း ခရမ်းသီးကို စားရသည်မှာတော့ အနည်းငယ် ရှုပ်ထွေးလှပေသည်။
သူတို့က ဖန်ပုလင်း တစ်လုံးနှင့် ခေါက်ဆွဲခြောက် ဟင်းခတ်မှုန့် တစ်ထုပ်ကို ပြင်ဆင်သွားကြသည်။ ထို့နောက် ခရမ်းသီးကို အခွံနွှာကာ ချေမွပြီး ပုလင်းထဲသို့ ထည့်လိုက်သည်။ ဟင်းခတ်မှုန့်များ ဖြူးကာ ရေထည့်ပြီးနောက် မီးပေါ်တွင် တင်ကင်ကြသည်။
ပူလာပါက ခရမ်းသီးကို စား၍ ရပြီ ဖြစ်သည်။
ငယ်ငယ်က စားစရာ သိပ်မရှိသဖြင့် ဤသို့ ကစားရသည်ကို အလွန် သဘောကျခဲ့ကြသည်။
မုန်လာဥနီ စိုက်ပျိုးသော လယ်သမားများက လမ်းဘေးနှင့် ကပ်နေသော ဤနေရာလေးကို လူများ စားရန်အတွက် သတ်မှတ်ထားလေ့ ရှိကြသည်။
မည်သို့ပင်ဆိုစေ အားလုံးက ရွာခံများသာ ဖြစ်ရာ ပုံမှန်အားဖြင့် နှစ်တောင့် သုံးတောင့်ခန့်သာ စားလေ့ရှိကြပြီး အများကြီး မထိခိုက်နိုင်သဖြင့် ဂရုမစိုက်ကြချေ။
ရွှီယန်က ဘေးသို့ လှမ်းကြည့်လိုက်ရာ လမ်းနှင့် ကပ်နေသော မုန်လာဥနီ ခင်းဘက်တွင် လူများ နင်းထားသဖြင့် ရွှံ့မြေများ ဖြစ်နေပြီး အတွင်းရှိ မုန်လာဥနီ အရွက်များကလည်း ကောက်ကွေးနေသဖြင့် လူများ အများအပြား နုတ်စားထားကြောင်း သိသာလှပေသည်။
ငယ်ငယ်ကတော့ သူလည်း သွားနုတ်ဖူးသော်လည်း ယခုတော့ မတူညီတော့ချေ။
လယ်ကွင်းများထဲတွင် မျိုးစုံသော သီးနှံများကို စိုက်ပျိုးထားကြသည်။
အရှေ့သို့ ဆက်သွားပါက ခရမ်းသီး စိုက်ခင်း... ခရမ်းချဉ်သီး စိုက်ခင်း နှင့် ပြောင်းဖူး စိုက်ခင်း များကို မြင်တွေ့ရမည် ဖြစ်သည်။
လူတိုင်းက မြေကြီးကို အားကိုးကာ ငွေရှာရန် ကြိုးစားနေကြသည်။
သို့သော် ဤကဲ့သို့ လယ်သမား အများစုက မချမ်းသာကြချေ။
တစ်နှစ်ပတ်လုံး ပင်ပန်းစွာ အလုပ်လုပ်သော်လည်း ရရှိသော ငွေက အလွန် နည်းပါးလှပေသည်။
ရွှီယန်က အရှေ့သို့ တောက်လျှောက် သွားနေခဲ့သည်။
မကြာခင်မှာပင် အရှေ့တွင် ဧရာမ စပါးခင်းကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
အရှေ့မြောက်ဒေသတွင် စပါး အများအပြား စိုက်ပျိုးကြသည်။
ဤဘက်တွင် ရေအရင်းအမြစ် ပေါများသဖြင့် ဂျုံထက် စပါးကို ပို၍ စိုက်ပျိုးကြခြင်း ဖြစ်သည်။
ရွှီယန်က အရှေ့ရှိ စပါးခင်းကို ကြည့်လိုက်ရာ မိုးတွင်းစီး ဖိနပ်များကို စီးထားသော လယ်သမား နှစ်ဦးက ဟိုဟိုဒီဒီ သွားလာ အလုပ်လုပ်နေသည်ကို တွေ့လိုက်ရသည်။
ရွှီယန်က သုံးဘီးဆိုင်ကယ်လေးကို မောင်းသွားပြီး ရပ်လိုက်သည်။
ထိုလယ်သမား နှစ်ဦးက ရွှီယန်ကို လှမ်းကြည့်လိုက်ကြသည်။
ရွှီယန်က ပြုံးကာ မေးလိုက်သည်။
"ဦးလေးချူးဇီ... ဒီမှာ စပါးခင်းငါး ရောင်းဖို့ ရှိလားဗျ... စပါးခင်းငါး စားချင်လို့ပါ"
ရွှီယန်၏ စကားကို ကြားသောအခါ ချူးဇီ ဟုခေါ်သော လူလတ်ပိုင်းအရွယ် လူသန်ကြီးက ချက်ချင်း ပြုံး၍ ပြန်ဖြေလိုက်သည်။
"ငါ့ဆီမှာတော့ မရှိတော့ဘူး... ဒီနှစ် စပါးစိုက်တုန်းက ငါးလေး အကောင် လေးငါးဆယ်လောက် ထည့်ထားခဲ့တာ... ဒါပေမဲ့ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်... အကုန် ပျောက်ကုန်တာပဲ... ဒီက ငှက်တွေက တော်တော် ဆိုးတယ်ကွ"
"မင်း စားချင်တယ် ဆိုရင်တော့ မြောက်ဘက်ကို သွားကြည့်ပါလား... အဲဒီဘက်မှာ စပါးခင်း အကြီးကြီးတွေ ရှိတယ်... တချို့နေရာတွေမှာ စပါးခင်းငါး မွေးထားကြတယ်လေ"
ရွှီယန်က လယ်ကွင်းထဲရှိ စပါးများကို ကြည့်လိုက်ရာ တကယ်ပင် ဘာလှုပ်ရှားမှုမှ မရှိကြောင်း တွေ့လိုက်ရသည်။
ဤစပါးခင်းငါးကို စားရရန် အတော်လေး မလွယ်ကူလှချေ။
"ဟုတ်ပြီ... အဲဒါဆို ကျွန်တော် ဟိုဘက် ဆက်သွားကြည့်လိုက်ဦးမယ်"
ရွှီယန်က သုံးဘီးဆိုင်ကယ်လေးကို မောင်းကာ ထပ်မံ ထွက်ခွာသွားပြန်သည်။
သူ ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ချူးဇီ နှင့် အခြား လယ်သမား တစ်ဦးက စကားပြောနေကြသည်။
"သူက သူဌေးကြီး ဖြစ်နေပေမယ့် အချိုးလေး နည်းနည်းမှ မရှိဘူး... တကယ် တော်တာပဲ"
"ဟုတ်တယ်လေ... သူ ဘယ်လောက်တောင် ချမ်းသာနေပြီလဲ ဆိုတာ မသိနိုင်ဘူး... လူတွေ ပြောကြတာတော့ သူ့ရဲ့ ထွန်စက်ကြီးက ယွမ် တစ်သန်းကျော် တန်တယ်တဲ့... ရွာမှာ စပါးရိတ်တဲ့ အချိန်တိုင်း သူ့ကို ပိုက်ဆံပေးပြီး ငှားရတာလေ"
ရွှီယန်၏ နာမည်ကျော်ကြားမှုက ဒေသတွင်းတွင် အလွန် ကြီးမားလှပေသည်။
မည်သို့ပင်ဆိုစေ သူက တစ်နိုင်ငံလုံး သိကြသော နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်ရာ ဒေသခံများက သေချာပေါက် သိရှိကြမည်သာ ဖြစ်၏။
အားလုံးကလည်း သူ့ကို မမုန်းကြချေ။
လိုက်ဖ်လွှင့်သူ အများစုက အပြင်ပန်းတွင် ကြည့်ကောင်းနေသော်လည်း ဒေသခံများက ထိုနာမည်ကို ကြားသည်နှင့် မျက်နှာပျက်သွားလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် လိုက်ဖ်လွှင့်သူများ၏ နောက်ကွယ်ရှိ စရိုက်မှန်ကို ဒေသခံများက အသိဆုံး ဖြစ်သောကြောင့်ပင်။
သို့သော် ရွှီယန် ကတော့ ဒေသခံများ အလွန် ချစ်ခင်ကြသော သူတစ်ယောက် ဖြစ်ပေသည်။
ရွှီယန်က သုံးဘီးဆိုင်ကယ်လေးကို မောင်းကာ အထဲသို့ တောက်လျှောက် ဝင်သွားခဲ့သည်။
မမောင်းရသည်မှာ ကြာပြီဖြစ်ရာ အတော်လေး သက်သောင့်သက်သာ ရှိသည်ဟု ခံစားရသည်။
ဒါကလည်း အမိုးပွင့် ကားတစ်စီး ပါပင်။
မကြာခင်မှာပင် ရွှီယန်၏ ကားက ဧရာမ စပါးခင်းကြီး တစ်ခုထဲသို့ ဝင်ရောက်သွားတော့သည်။
ဤနေရာရှိ စပါးခင်းများက တစ်ချက် ကြည့်ရုံဖြင့် အဆုံးကိုပင် မမြင်နိုင်ချေ။ ဤဘက်ရှိ လူများ အားလုံးက စပါးကိုသာ စိုက်ပျိုးကြခြင်း ဖြစ်သည်။
ရွှီယန်က စပါးခင်းငါး ရောင်းမည့် နေရာကို စတင် စုံစမ်းမေးမြန်းနေတော့သည်။
ဤအရာကို ရှာဖွေရန် သိပ်မလွယ်ကူလှချေ။ မွေးမြူထားသူများ ရှိလျှင်တောင် အစောကြီးကတည်းက ကြိုတင် မှာယူသွားကြပြီ ဖြစ်သည်။
သို့သော် အားလုံးက လယ်ယာအခြေပြု စားသောက်ဆိုင် ပိုင်ရှင်များကသာ မှာယူကြခြင်း ဖြစ်ရာ ဝယ်ချင်ပါက ဝယ်၍ ရနိုင်သေးပေသည်။
မကြာခင်မှာပင် ရွှီယန်က လယ်သမား တစ်ဦးနှင့် ဈေးတည့်သွားခဲ့သည်။
သူက မိုးတွင်းစီး ဖိနပ်ကို လဲဝတ်ကာ စပါးခင်းထဲသို့ ဆင်းပြီး ကိုယ်တိုင် ငါးအချို့ ဖမ်းရန် ပြင်ဆင်လိုက်သည်။
စပါးများက အလွန် ဖြစ်ထွန်းနေပြီး ရွှေဝါရောင် တောက်ပနေကာ ရိတ်သိမ်းရန် အချိန်ကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ရွှီယန်က စပါးခင်းထဲသို့ ဝင်သွားပြီး လက်ဖြင့် စပါးပင်များကို ဖယ်ရှားလိုက်သည်။
ထိုအချိန်တွင် ရေပက်သံများကို ကြားလိုက်ရသည်။
ရွှေရောင် စပါးခင်းငါး အချို့က ချက်ချင်းပင် လစ်ပြေးသွားကြတော့သည်။
စပါးခင်းငါး ဆိုသည်မှာ ကာ့ပ်ငါး နှင့် ကြေးခွံငါး များကို ဆိုလိုခြင်း ဖြစ်ပြီး အလွန် သေးငယ်စဉ်ကတည်းက စပါးခင်းထဲသို့ ထည့်ထားကြခြင်း ဖြစ်သည်။ စပါးပန်းများ ပွင့်ချိန်တွင် ၎င်းတို့က စပါးပန်းများကို စားသုံးကာ ကြီးပြင်းလာကြသဖြင့် စပါးခင်းငါး ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ယခုအချိန်က စပါးများ ရင့်မှည့်နေပြီဖြစ်ရာ ၎င်းတို့က ကျလာသော စပါးစေ့များကို စားသုံးနိုင်သဖြင့် ပို၍ လျင်မြန်စွာ ကြီးထွားလာကြသည်။
စပါးပန်းများက အလွန် ကောင်းမွန်သဖြင့် စပါးခင်းငါးများ စားသုံးပြီးနောက် အသားကလည်း သေချာပေါက် ချိုမြိန် အရသာရှိလှပေသည်။
စပါးများ မရိတ်သိမ်းမီ အချိန်တိုင်း ဤစပါးခင်းငါးများကို အရင် ဖမ်းယူရလေ့ ရှိသည်။
ရွှီယန်က ဤအချိန်ကို အခွင့်ကောင်းယူကာ စပါးခင်းငါးများကို လာရောက် ရှာဖွေခြင်း ဖြစ်သည်။
သူ ရှာဖွေနေသည်က စပါးခင်းငါး အစစ်များသာ ဖြစ်သည်။
ယခုအခါ မရိုးသားသော ကုန်သည်များ အများအပြား ရှိနေပြီး တချို့က သာမန်ငါးများကို စပါးခင်းထဲ ထည့်ကာ စပါးခင်းငါး အဖြစ် ဟန်ဆောင် ရောင်းချလေ့ ရှိကြသည်။
ဤကဲ့သို့သော နေရာမျိုးမှသာ စပါးခင်းငါး အစစ်အမှန်ကို ရရှိနိုင်ပေသည်။
ရွှီယန်၏ လက်ထဲတွင် ငါးဖမ်းပိုက် တစ်ခု ပါရှိသည်။
ပိုက်ကွန်က အလွန် စိပ်သဖြင့် ငါးရှဉ့်များကို တွေ့လျှင်တောင် တစ်ခါတည်း ဖမ်းယူနိုင်ပေသည်။
ရွှီယန်က စပါးခင်း တစ်နေရာကို ဖယ်ရှားလိုက်ရာ စပါးခင်းငါး အများအပြား စုဝေးနေသည်ကို တွေ့လိုက်ရသည်။
ဤကောင်လေးများက အသိုက်ဖွဲ့ နေကြခြင်းပင်။
ရွှီယန်က ဤအခွင့်အရေးကို လက်လွတ်မခံဘဲ ပိုက်ဖြင့် တိုက်ရိုက် ဖုံးအုပ်လိုက်ပြီးနောက် ပြန်ဆယ်ယူလိုက်သည်။
ဤစပါးခင်းငါးများ အားလုံး ပါလာခဲ့တော့သည်။
တစ်ခါတည်း အကုန် ဖမ်းမိသွားခြင်းပင်။
ရွှီယန်က ကျေနပ်စွာ ပြုံးလိုက်သည်။
ဤတစ်ခါ ဖမ်းမိသည်နှင့်ပင် လုံလောက်ပေသည်။
သူက ဤစပါးခင်းငါးများကို ကြည့်လိုက်ရာ အကြေးခွံများ စိပ်နေပြီး အရောင်ကလည်း ညီညာကာ အလွန် ကောင်းမွန်လှပေသည်။
နောက်ပိုင်း သူလည်း နည်းနည်းလောက် မွေးရမည်ဟု တွေးလိုက်မိသည်။
ဆောင်းဦးပေါက် ရောက်ပါက သွားဖမ်းမည် ဖြစ်၏။