အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း (၃၁၉) မမျှော်လင့်ထားတဲ့ တာဝန်... အထူးဆုလာဘ်
ယနေ့ မွန်းလွဲပိုင်း၊ လယ်ယာခြံဝင်း၏ ကွင်းပြင်ကျယ်။
ရွှီယန်က အားလပ်နေသဖြင့် လီဆန်း နှင့် ရွာသားအချို့ကို ပေါက်ပေါက်ဆုပ်စက် သွားငှားခိုင်းလိုက်သည်။
အရင်က ခူးဆွတ်ထားသော ဖန်ရတနာ ပြောင်းဖူးများထဲမှ လှပသော ပြောင်းဖူးများကို လက်ဆောင်အဖြစ် ပေးပြီးနောက် အရည်အသွေး သိပ်မကောင်းသော ပြောင်းဖူး အများအပြား ကျန်ရှိနေသေးသည်။
ဤပြောင်းဖူးမျိုးက ဈေးကွက်တွင်လည်း ရောင်းမထွက်ချေ။
ပြုတ်စားလျှင်လည်း အရသာ မကောင်းပေ။
အမှုန့်ကြိတ်ပြီး ကစီဓာတ် အဖြစ် ပြောင်းလဲကာ ဝက်စာ အဖြစ် အသုံးပြုနိုင်သည်။
ထိုသို့ ပြုလုပ်လျှင်တောင် ပြောင်းဖူး အများအပြား ကျန်ရှိနေသေးသည်။
ထို့ကြောင့် ရွှီယန်က လီဆန်း ကို ပေါက်ပေါက်ဆုပ်စက် သွားယူခိုင်းကာ ပေါက်ပေါက်ဆုပ် အချို့ လုပ်ရန် ပြင်ဆင်လိုက်သည်။
သေချာသည်မှာ သူက အစဉ်အလာဆုံး နည်းလမ်းကို အသုံးပြုမည် ဖြစ်သည်။
ဝန်ထမ်းများက ဤနေရာတွင် အလုပ်ရှုပ်နေကြပြီး တိရစ္ဆာန်လေးများ အားလုံးလည်း လာရောက် ကြည့်ရှုနေကြသည်။
ခွေးများ... မြေခွေးများ... ရပ်ကွန်းလေး နှင့် ဒရယ်ပြောက် တို့လည်း ပါဝင်ကြသည်။
တစ်ခါတရံ ၎င်းတို့က လူစည်ကားသည်ကို အလွန် သဘောကျတတ်ကြသည်။ အထူးသဖြင့် လူများပြားနေချိန်တွင် လူများ၏ နောက်သို့ လိုက်ကာ အကွယ်မှနေ၍ လာရောက် ကြည့်ရှုတတ်ကြသည်။
"မင်းတို့ကောင်တွေ... ဟိုဘက်ကို သွားကြ... လန့်သွားဦးမယ်"
ရွှီယန်က တိရစ္ဆာန်လေးများကို မြင်သောအခါ လှမ်းမောင်းထုတ်လိုက်သည်။
သူ၏ စကားကို ကြားသောအခါ တိရစ္ဆာန်လေးများက အနည်းငယ် နောက်ဆုတ်သွားသော်လည်း ထပ်မံ ရပ်တန့်နေကြပြန်သည်။
တိရစ္ဆာန်များ၏ အကြားအာရုံက အလွန် ကောင်းမွန်လှသည်။ ပေါက်ပေါက်ဆုပ် ဖောက်သည့် အသံက အလွန် ကျယ်လောင်သဖြင့် ၎င်းတို့ လန့်သွားမည်ကို ရွှီယန် ကောင်းကောင်း သိရှိထားပေသည်။
အရမ်း နီးကပ်မနေဘဲ နားစည် မကွဲသွားလျှင် ရပြီ ဖြစ်၏။
လီဆန်း နှင့် ဝမ်ဝူ တို့က ပြောင်းဖူးစေ့များကို ပေါက်ပေါက်ဆုပ်စက် ထဲသို့ ထည့်ကာ အဖုံးကို သေချာစွာ ပိတ်လိုက်ပြီးနောက် မီးပေါ်တွင် တင်ကာ စတင် ကင်လေတော့သည်။
ဤသည်က အစဉ်အလာဆုံး ပေါက်ပေါက်ဆုပ် ဖောက်သည့် နည်းလမ်းပင် ဖြစ်သည်။
အတွင်းရှိ လေထုက အပူရှိန်ကြောင့် ပူပြင်းလာပြီး ပြောင်းဖူးစေ့များက အတွင်းမှနေ၍ ပေါက်ကွဲသွားသောအခါ အဖုံးကို ဖွင့်လိုက်ရုံသာ ဖြစ်၏။
လီဆန်း က အဆင်သင့် ဖြစ်သွားသောအခါ လှမ်းမေးလိုက်သည်။
"ကျွန်တော် ဖွင့်တော့မယ်နော်"
အားလုံးက နားကို ပိတ်ထားကြပြီး ပြုံးကာ ပြောလိုက်ကြသည်။
"ဖွင့်လိုက်တော့"
"ဘုန်း"
'ဘယ်သူ အမြောက် ပစ်လိုက်တာလဲ'
ပေါက်ပေါက်ဆုပ်စက် အဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပေါက်ပေါက်ဆုပ်များ အပြင်သို့ လွင့်စင်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
တစ်ခုခု ပေါက်ကွဲသွားသည့် အလားပင်။
ရွှီယန်က တိရစ္ဆာန်လေးများကို လှည့်ကြည့်လိုက်ရာ ထိုကောင်လေးများ အားလုံး နေရာမှပင် ခုန်ပေါက်ကာ လန့်ဖျပ်သွားကြပြီး ချက်ချင်းပင် အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ခြံဝင်းထဲသို့ အကုန် ပြေးဝင်သွားကြတော့သည်။
ရပ်ကွန်းလေး က ပြေးရသည်မှာ နှေးကွေးသဖြင့် နောက်ကနေ တောက်လျှောက် လိုက်ပြေးနေရသည်။
ထိုပုံစံက ပြောနေသည့် အလားပင်။
'ငါ့ကို စောင့်ကြဦးလေ... ငါ့ကို စောင့်ကြဦး'
ရွှီယန်က တိရစ္ဆာန်လေးများ၏ ပုံစံကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
'ဝေးဝေးကို သွားနေပါဆိုမှ'
ထိုအချိန်တွင် ဝန်ထမ်းများက ပေါက်ပေါက်ဆုပ်စက် အနားသို့ ဝိုင်းအုံသွားကြပြီး အထဲမှ ပေါက်ပေါက်ဆုပ် များကို ပန်းကန်လုံးထဲ ထည့်ကာ ရွှီယန်ထံသို့ အရင်ဆုံး လာပေးကြသည်။
"သူဌေး... ဒီပေါက်ပေါက်ဆုပ် လေး မြည်းကြည့်ပါဦး"
"အစေ့တွေက တော်တော် ကြီးတာပဲ"
ရွှီယန်က တစ်ခု ကောက်ယူကာ မြည်းကြည့်လိုက်ရာ အရသာက သိပ်မချိုဘဲ အနည်းငယ် ပေါ့ရွှတ်ရွှတ် ဖြစ်နေသော်လည်း ဝါးရသည်မှာတော့ အတော်လေး အဆင်ပြေလှပေသည်။
"ဒီပြောင်းဖူးက သိပ်မချိုဘူး"
"အားလုံးပဲ ကြိုက်လား မြည်းကြည့်ကြပါဦး... ကြိုက်ရင် နည်းနည်း ယူစားကြပေါ့... မကြိုက်ရင်လည်း ဝက်စာ လုပ်လိုက်မယ်လေ"
ရွှီယန်က ပြောလိုက်သည်။
ဝန်ထမ်းများက အသီးသီး မြည်းကြည့်ကြသော်လည်း အရသာက တကယ်ကို သိပ်မကောင်းကြောင်း တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ ဖန်ရတနာ ပြောင်းဖူး၏ အဓိက အသုံးဝင်မှုမှာ အလှပြရန်သာ ဖြစ်ပုံရသည်။
ချန်ကျွမ် က အကြံပြုလိုက်သည်။
"သူဌေး... အကယ်လို့ ပျားရည်လေး နည်းနည်း ထည့်လိုက်ရင် ချိုသွားမှာပဲ... ပြီးရင် ဈေးကွက်မှာ သွားရောင်းလို့ ရတယ်လေ"
ရွှီယန်က ခေါင်းခါပြလိုက်သည်။
"ကုန်ကျစရိတ် အရမ်း များတယ်... ပေါက်ပေါက်ဆုပ် ရောင်းလို့လည်း ပိုက်ဆံ အများကြီး မရပါဘူး... ငါတို့ဆီမှာ ပြောင်းဖူး ထွက်ကုန်တွေလည်း မရှားပါဘူး... အဲဒီလောက် အချိန်ကုန်မခံပါနဲ့"
ရွှီယန်၏ စကားက အလွန် ယုတ္တိရှိပေသည်။ ထိုစကားကို ကြားသောအခါ အားလုံးက ပြောင်းဖူးဖြင့် ငွေရှာမည့် အကြံအစည်ကို လက်လျှော့လိုက်ကြတော့သည်။
ထိုသို့ ပြုလုပ်ရန် မလိုအပ်ချေ။
လယ်ယာခြံဝင်း၏ အဓိက ဝင်ငွေမှာ ဘလူးဘယ်ရီ သာ ဖြစ်သည်။ ထိုအရာက အဓိက အရေးအကြီးဆုံး ဖြစ်၏။
နေ့စဉ် အလုပ်က ဘလူးဘယ်ရီ ပင်များကို သေချာစွာ ပြုစုပျိုးထောင်ရန် ဖြစ်ပြီး ခူးဆွတ်ချိန် ရောက်ပါက အလုပ်များပြီးနောက် လယ်ယာခြံဝင်း၏ ဝင်ငွေကို လုံလောက်စွာ ရရှိနိုင်ပေသည်။
ကျန်သည့် အရာများကတော့ အပိုဝင်ငွေ သက်သက်သာ ဖြစ်၏။
ရွှီယန်က ယခုအခါ ဒေသတွင်း ဘလူးဘယ်ရီ ဘုရင် တစ်ပါးဟုပင် ဆိုနိုင်ပေသည်။ သို့သော် သူ၏ လယ်ယာခြံဝင်း တစ်ခုတည်းသာ ရှိပြီး ထွက်ကုန် နည်းပါးသဖြင့် နာမည်ကျော်ကြားမှုကတော့ ဧရိယာ အသေးစားလေး အတွင်းမှာသာ ဖြစ်သည်။
ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်၏။
နေ့ရက်များက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့တွင် ရွှီယန်က အားလပ်နေသဖြင့် ခြံဝင်းထဲတွင် ဝံပုလွေပေါက်လေး ကို လေ့ကျင့်ပေးနေခဲ့သည်။
ဝံပုလွေပေါက်လေး ၏ စကားနားထောင်မှုက သိပ်မကောင်းလှသော်လည်း ရှောင်ဟေး နှင့် ယွမ်ပေါင် တို့ကို စံပြအဖြစ် ထားရှိသဖြင့် တချို့တလေကို သင်ယူနိုင်ခဲ့သည်။
ဤဝံပုလွေလေးက ရုပ်ရည် အတော်လေး ကောင်းမွန်လှပေသည်။
ကံကောင်းထောက်မစွာဖြင့် ရွှီယန် ကယ်တင်လာခဲ့၍သာ မဟုတ်လျှင် တောထဲတွင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
"ဝံပုလွေလေး... လာ... လက်ဆွဲနှုတ်ဆက်မယ်"
ရွှီယန်က လက်ကို ကမ်းပေးရင်း ဝံပုလွေပေါက်လေး ကို ပြောလိုက်သည်။
ဝံပုလွေပေါက်လေး က ရွှီယန် ကမ်းပေးထားသော လက်ကို ကြည့်ရင်း ဘာလုပ်ရမှန်း မသိဘဲ အရှေ့သို့ တိုးလာကာ ခေါင်းကို ကပ်၍ ရွှီယန်၏ လက်ထဲရှိ အနံ့ကို နမ်းကြည့်နေတော့သည်။
အရသာရှိသော အစားအစာများ ရှိနေသည်ဟု ထင်မှတ်နေပုံ ရသည်။
"လက်ဆွဲနှုတ်ဆက်မယ်လေ"
ရွှီယန်က လက်ကို ကမ်းပေးထားရင်း ထပ်ပြောလိုက်သည်။
ဘေးတွင် ကြည့်နေသော မာလီနွိုက် က စိတ်မရှည်တော့ဘဲ ချက်ချင်း ပြေးလာကာ ရွှီယန်၏ လက်ပေါ်သို့ ၎င်း၏ ခြေဖဝါးကို တင်လိုက်တော့သည်။
ဤကောင်လေးက အတော်လေး အခြေအနေကို နားလည်လှပေသည်။
ရွှီယန်က မာလီနွိုက် ၏ ခြေဖဝါးကို ကိုင်ထားရင်း ဝံပုလွေပေါက်လေး ကို ထပ်ပြောလိုက်သည်။
"ဝံပုလွေလေး... လက်ဆွဲနှုတ်ဆက်မယ်လေ"
ဝံပုလွေပေါက်လေး ကတော့ အနည်းငယ် တုံးအအ ဖြစ်နေဆဲဖြစ်ပြီး သေချာ နားမလည်ချေ။
ဤကဲ့သို့သော ကိစ္စများက ဖြည်းဖြည်းချင်း သင်ယူရမည်သာ ဖြစ်သည်။
ထို့နောက် ရွှီယန်က ဆက်လက်၍ စိတ်ရှည်လက်ရှည် သင်ကြားပေးနေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အချိန်တွင် တိရစ္ဆာန်လေးများက အလွန် ဉာဏ်ကောင်းသည့် ပုံစံမျိုး ပြသနိုင်ခဲ့ခြင်းမှာ ပုံမှန် အချိန်များတွင် အမြဲတမ်း လေ့ကျင့်ပေးထားသောကြောင့်ပင် ဖြစ်သည်။
သို့သော် ဝံပုလွေ ဆိုသည်မှာ ဝံပုလွေသာ ဖြစ်ရာ စကားနားထောင်မှုက သိပ်မကောင်းလှချေ။ ဝံပုလွေပေါက်လေး က ရွှီယန်၏ စကားကို နားလည်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ကြည့်ရသည်မှာ တုံးအအ ပုံစံမျိုး ဖြစ်နေဆဲပင်။
ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။
"ရပါတယ်... ဖြည်းဖြည်းချင်း လုပ်ပေါ့"
ရွှီယန် အတွက်တော့ စွမ်းရည်ထက် သဘောထားက ပို၍ အရေးကြီးပေသည်။
သူက ဘေးရှိ ဟက်စကီ ကို လှမ်းကြည့်ကာ အော်လိုက်သည်။
"ရှောင်ဟ... လာ... လက်ဆွဲနှုတ်ဆက်မယ်"
ဟက်စကီ က သူ့ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးနေသည့် အလားပင်။
'ဘာဖြစ်လို့ လက်ဆွဲနှုတ်ဆက် ရမှာလဲ'
"လက်မခံရင် ညစာ မစားရဘူးနော်"
ရွှီယန်က ဤကောင်လေး စကားနားလည်မှန်း သိသဖြင့် လေသံကို အနည်းငယ် မြှင့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ဟက်စကီ က ချက်ချင်း ခပ်သုတ်သုတ် ပြေးလာပြီး ၎င်း၏ ခြေဖဝါးကို ရွှီယန်၏ လက်ထဲသို့ အလွယ်တကူ ထည့်ပေးလိုက်တော့သည်။
ရွှီယန်က ၎င်း၏ မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။
"နောက်ထပ် နားမလည်ချင်ယောင် ဆောင်နေဦးနော်... မင်းတော့ အတွေ့ပဲ"
ရွှီယန်က ၎င်းကို ပြောလိုက်သည်။
ဟက်စကီ က တုံးအအ အပြုံးလေးဖြင့် ပြုံးပြနေသော်လည်း နောက်ပိုင်း ရူးချင်ယောင် ဆောင်သင့်ပါက ဆက်လက် ဆောင်နေဦးမည်သာ ဖြစ်၏။ ပြင်၍ ရမည် မဟုတ်ပေ။
နောက်တစ်နေ့တွင် ရွှီယန်က အားလပ်နေသဖြင့် တောင်ထဲသို့ ဝင်ကာ တိုက်ရိုက်ထုတ်လွှင့်ရန် စဉ်းစားလိုက်သည်။
သို့သော် တစ်ယောက်တည်း တိုက်ရိုက်ထုတ်လွှင့်ရသည်က အနည်းငယ် ပျင်းစရာ ကောင်းသဖြင့် အဖော် တစ်ကောင်လောက်တော့ ခေါ်သွားရမည် ဖြစ်သည်။
ထို့ကြောင့် ရွှီယန်က ဝံပုလွေပေါက်လေး ကို ခေါ်သွားလိုက်သည်။
သူက ဤကောင်လေးကို သေချာ လေ့ကျင့်ပေးချင်နေခြင်း ဖြစ်သည်။
ဤတစ်ကြိမ် သူသွားမည့် တောင်ကတော့ ချန်ပိုင်တောင်တန်း ပင် ဖြစ်ပြီး လယ်ယာခြံဝင်းနှင့် တစ်နာရီခွဲခန့် ကွာဝေးပေသည်။
ဤတောရိုင်းတောင်ပေါ်သို့ ယခင်က မရောက်ဖူးသဖြင့် ရှုခင်းများကို လာရောက် ကြည့်ရှုခြင်း ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် အင်တာနက်သုံးစွဲသူ အရေအတွက်က အလျင်အမြန် တိုးပွားလာတော့သည်။
[လောင်ရွှီ... ဒီနေ့ရော ဘယ်သွားမလို့လဲ]
အားလုံးက သူ နောက်ထပ် တောင်တန်းကြီး တစ်ခုခုဆီ ရောက်သွားပြန်ပြီဟု ထင်မှတ်နေကြသည်။
ရွှီယန်က ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒီနေ့ ဝံပုလွေလေး ကို ခေါ်ပြီး တောင်ပေါ် လာလည်တာပါ"
"သူ့ကို တောတောင် ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လို့ပါ"
"ဝံပုလွေလေး ကို ကျွန်တော့် လယ်ယာခြံဝင်းမှာ ကယ်တင်ထားတာဆိုတော့ အကယ်လို့ သူ လယ်ယာခြံဝင်းမှာ နေချင်ရင် ဆက်မွေးထားပေးမယ်"
"အကယ်လို့ သူ တောရိုင်းထဲကို ပြန်သွားချင်ရင်လည်း မတားပါဘူး"
"သူ့သဘောပါပဲ"
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းတွင် ရွှီယန်က အရှေ့မှ လျှောက်နေပြီး ဝံပုလွေပေါက်လေး က သူ၏ ဘေးတွင် ကပ်ကာ လိုက်ပါလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုနေလေသည်။
ထိုပုံစံလေးက အတော်လေး ချစ်စရာ ကောင်းလှပေသည်။
ဤသည်ကသာ တကယ့်ကို ဝံပုလွေနှင့် အတူ ကခုန်ခြင်း ပင် ဖြစ်၏။
တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာများကလည်း ပို၍ စိတ်ဝင်စားဖို့ ကောင်းလာခဲ့သည်။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ အဆက်မပြတ် ချီးကျူးနေကြတော့သည်။
[လောင်ရွှီ က ဝံပုလွေ ကို ခေါ်ပြီး အပြင်ထွက်လည်နေပြန်ပြီဟေ့]
[ဒါက တကယ် ကြမ်းတာပဲ]
[တကယ်ကို တောင်ပေါ်က ဆရာကြီးပဲ]
တောင်ထဲရှိ ရှုခင်းများက အလွန် လှပလှပေသည်။
ရွှီယန်က လောလောဆယ် အပြင်ထွက်ရန် အစီအစဉ် မရှိသေးသဖြင့် ဤနေရာတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ အခွင့်အရေး များကို အကုန် သုံးပစ်ရန် စဉ်းစားလိုက်သည်။
သူက ပထမဆုံး အနေဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကို အသုံးပြုကာ ရတနာများကို ရှာဖွေလိုက်သည်။
ပစ္စည်းကောင်းလေး တစ်ခုခု ရှာတွေ့နိုင်ရန် မျှော်လင့်နေမိသည်။
ဥပမာအားဖြင့် တန်ဖိုးကြီး မှိုများ... ရှားပါး ဆေးပင်များ စသည်တို့ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က ညွှန်ပြနေသည်မှာ ချောက်ကမ်းပါး ပေါ်တွင် ဘေးတစောင်း ပေါက်နေသော သစ်ပင် တစ်ပင်သာ ဖြစ်သည်။
ဤသစ်ပင်က ချောက်ကမ်းပါး ဘေးရှိ ကျောက်ကြားထဲတွင် အမြစ်တွယ်ကာ အပေါ်သို့ ကြီးထွားလာခြင်း ဖြစ်သည်။
တောင်ထဲတွင် ဤအရာကလည်း ထူးဆန်းသော မြင်ကွင်း တစ်ခုပင် ဖြစ်၏။
ရွှီယန်က ချောက်ကမ်းပါး ပေါ်ရှိ သစ်ပင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ဟိုမှာကြည့်... သစ်ပင် တစ်ပင် ရှိတယ်"
"ချောက်ကမ်းပါး ပေါ်မှာ ပေါက်နေတဲ့ သစ်ပင်မျိုးကို တွေ့ရခဲတယ်... ဒါက ဒီသစ်ပင်ရဲ့ ရှင်သန်နိုင်စွမ်း အရမ်း ကောင်းတယ်ဆိုတာကို ပြသနေတာပဲ"
"အသက်ရှင်ဖို့ဆိုတာ မလွယ်ကူပါဘူး"
"အကယ်လို့ ဝတ္ထုတွေထဲမှာသာ ဆိုရင် ချောက်ကမ်းပါး ပေါ်က ပြုတ်ကျလာတဲ့ ဇာတ်လိုက် ကို ဒီသစ်ပင်က ဖမ်းပေးထားမှာ သေချာတယ်"
ရွှီယန်က ဒရုန်း၏ ကင်မရာကို ထိုဘက်သို့ အပေါ်စီးမှ ရိုက်ကူးစေလိုက်သည်။
အင်တာနက်သုံးစွဲသူများလည်း ချောက်ကမ်းပါး ပေါ်ရှိ သေးငယ်သော သစ်ပင်လေးကို မြင်တွေ့လိုက်ရသည်။
သစ်ပင်၏ အမြစ်က ကျောက်တောင် နံရံထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီး အပေါ်သို့ ကြီးထွားလာခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
[တောင်ထဲက ရှုခင်းတွေက တကယ်ကို ထူးဆန်းတာပဲ... ဒီလို မြင်ကွင်းမျိုးကို အပြင်မှာ တကယ် မမြင်ရဘူး]
[ဒါက ဧည့်ကြိုထင်းရှူးပင် ဖြစ်မယ်]
[အရမ်း အံ့ဩစရာကောင်းတဲ့ သစ်ပင်ပဲ]
[သစ်ပင်ပေါ်မှာ တစ်ခုခု လှုပ်နေသလို မြင်ရတယ်ဟ]
လူတိုင်းက မှတ်ချက်များ ရေးသားကာ ဆွေးနွေးနေကြစဉ် ရုတ်တရက် ရွှီယန် ထံသို့ စနစ်၏ သတိပေးသံ ဝင်ရောက်လာခဲ့သည်။
[ရတနာရှာဖွေရေး တာဝန် နှိုးဆွလိုက်ပါပြီ... ကယ်ဆယ်ရေး... ချောက်ကမ်းပါး ပေါ်ရှိ နှင်းခွေး]
[တာဝန် ဖော်ပြချက်... နှင်းခွေး တစ်ကောင်က ချောက်ကမ်းပါး ပေါ်မှ ပြုတ်ကျလာပြီး သစ်ပင် တစ်ပင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်... ပိုင်ရှင် အနေဖြင့် ကယ်ဆယ်ပေးပါ]
[တာဝန် ဆုလာဘ်... အားဖြည့် အာဟာရရည် (ဝံပုလွေ) တစ်ပုလင်း... ဝံပုလွေများ သီးသန့် သောက်သုံးရန် အားဖြည့် အာဟာရရည် တစ်ပုလင်း ဖြစ်ပြီး ဝံပုလွေ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ကာ ဉာဏ်ရည်ကိုလည်း အနည်းငယ် တိုးတက်စေသည်]
သတိပေးသံကို ကြားသောအခါ ရွှီယန် လည်း အနည်းငယ် မှင်တက်သွားတော့သည်။
'ရတနာရှာဖွေရေး တာဝန် ပေါ်လာတာလား... ဒီလောက် တိုက်ဆိုင်တာလား'
သူက တာဝန်၏ ရှင်းလင်းချက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အပေါ်ရှိ သစ်ပင်ကို ထပ်မံ ကြည့်ရှုလိုက်သည်။
တစ်ခဏချင်းမှာပင် သူ သဘောပေါက်သွားတော့သည်။
"တာဝန်မှာ ပြောထားတဲ့ သစ်ပင်က ဒီသစ်ပင် ဖြစ်ရမယ်"
"ဒီလို ကိစ္စမျိုးကို ငါ ကြုံရပြန်ပြီလား"
ရွှီယန်က သေချာ ကြည့်ရှုလိုက်ရာ သစ်ပင်ပေါ်တွင် တစ်ခုခု လှုပ်ရှားနေသည်ကို သဲသဲကွဲကွဲ မြင်လိုက်ရသော်လည်း သေချာစွာတော့ မမြင်ရချေ။
ထို့နောက် ရွှီယန်က ဒရုန်းကို အပေါ်သို့ တက်စေပြီး ကင်မရာဖြင့် ရိုက်ကူးစေလိုက်သည်။
မကြာခင်မှာပင် အပေါ်ရှိ အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
အင်တာနက်သုံးစွဲသူများလည်း သေချာစွာ မြင်တွေ့လိုက်ရသည်။
သစ်ပင်၏ အမြစ်နားတွင် သေးသွယ်ရှည်လျားသော နှင်းခွေး တစ်ကောင် ရှိနေသည်။ ဤကောင်လေးက အလွန် ချစ်စရာ ကောင်းပြီး ချောက်ကမ်းပါး ပေါ်မှနေ၍ အပေါ်သို့ တက်ရန် ကြိုးစားနေလေသည်။
သို့သော် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ဘဲ သစ်ကိုင်းပေါ်တွင်သာ ဟိုဟိုဒီဒီ သွားလာကာ ထွက်ပေါက် ရှာနေခဲ့သည်။
အချိန်အတော်ကြာအောင် ရှာဖွေပြီးသော်လည်း ထွက်ပေါက် မတွေ့သဖြင့် ချောက်ကမ်းပါး ပေါ်သို့ ပြေးသွားကာ ထပ်မံ တက်ရန် ကြိုးစားနေပြန်သည်။
အားလုံးက ၎င်း အကူအညီမဲ့နေကြောင်းကို မြင်တွေ့လိုက်ရသည်။
ရွှီယန်က ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူ ပါဝင်ရမည့် အချိန် ရောက်လာပြီ ဖြစ်ကြောင်း သူ သိရှိပေသည်။
တစ်ခါတရံ မိမိကိုယ်ကိုယ် ကျော်ကြားသော စုံထောက် ကိုနန် နှင့် တူညီသည်ဟု ခံစားရသည်။ ကိုနန် သွားသည့် နေရာတိုင်းတွင် လူသေလေ့ ရှိပြီး သူ သွားသည့် နေရာတိုင်းတွင်လည်း အန္တရာယ် ကြုံတွေ့နေရသော တိရစ္ဆာန်များ ရှိနေကာ အကူအညီ လိုအပ်နေတတ်ပေသည်။
တကယ်တမ်းတွင် ဤသည်က ပုံမှန်ပင် ဖြစ်၏။
သဘာဝ ပတ်ဝန်းကျင်က အလွန် ကြမ်းတမ်းလှပြီး အချိန်တိုင်းလိုလို ဒဏ်ရာရနေသော တိရစ္ဆာန်များ ရှိနေတတ်သည်။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကို အသုံးပြုကာ ကျယ်ပြန့်သော ဧရိယာကို ရှာဖွေနိုင်သဖြင့် တွေ့ဆုံရန် အခွင့်အလမ်း အလွန် များပြားလှပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ အင်တာနက်သုံးစွဲသူများက သနားစရာ နှင်းခွေးလေးကို ကြည့်ရင်း အလွန် သနားသွားကြတော့သည်။
[ဟိုကောင်လေးကို ကြည့်ပါဦး... ပိတ်မိနေတဲ့ ပုံပဲ]
[အရမ်း သနားစရာ ကောင်းတာပဲ]
[ဒီကောင်လေး ဘယ်လိုလုပ် အဲဒီကို ရောက်သွားတာလဲ]
[နှင်းခွေး လေး ဖြစ်မယ်... နိုင်ငံတော် အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် လေ]
[တိရစ္ဆာန် ကာကွယ်ရေး အဖွဲ့ကို ခေါ်ပြီး ကယ်ခိုင်းရမယ်]
[မင်းတို့ လောင်ရွှီ က ဘာလုပ်တဲ့သူလဲ ဆိုတာ မေ့သွားကြပြီလား]
မှတ်ချက်များက ချက်ချင်း စည်ကားလာတော့သည်။
ထိုအချိန်တွင် ရွှီယန်ကလည်း ပြောလိုက်သည်။
"ဒီအပေါ်မှာ နှင်းခွေး တစ်ကောင် ရှိနေတာပဲ... အဲဒီကို ဘယ်လိုလုပ် ရောက်သွားမှန်း မသိဘူး"
"ဆော့လွန်းလို့ နေမှာပါ"
"ကျွန်တော် နေရာကို မှတ်ထားလိုက်မယ်... အိမ်ပြန်ပြီး ကြိုးသွားယူပြီးမှ ပြန်လာခဲ့မယ်"
"လုံခြုံရေးက အရေးကြီးတယ်... ကျွန်တော် သူ့ကို ကယ်တင်နိုင်လောက်ပါတယ်"
ရွှီယန်က လက်ဗလာဖြင့် ကျောက်တောင် တက်တတ်သော်လည်း အရာရာတိုင်းကို သေချာစွာ ပြင်ဆင်ထားသည်က ပို၍ ကောင်းမွန်ပေသည်။ အန္တရာယ် မပြုနိုင်ပါက မပြုလုပ်သည်က အကောင်းဆုံး ဖြစ်၏။
ဒီကောင်လေးကို ကယ်တင်နိုင်ရင် ရပါပြီလေ။