အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း ၁၄၁
“ဒါက ကျွန်တော့်ရဲ့ သတ္တုပုရွက်ဆိတ်ဘုရင်မပါ။ ဟို ဧရာမခွန်းထဲက ကမ္ဘာငယ်လေးထဲကနေ ရခဲ့တာ။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ သုတေသနခန်းထဲသို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် သတ္တုပုရွက်ဆိတ်ဘုရင်မအား ထည့်ထားသည့် သေတ္တာကို ထုတ်ပြီး စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ကို ပြသလိုက်သည်။ ပြန်လာသည့်လမ်းမှာတင် သူသည် ဧရာမခွန်းနှင့် ပတ်သက်သော ဖြစ်စဉ်အားလုံးကို သူမအား ပြောပြခဲ့ပြီးသား ဖြစ်သည်။
“ငါ့ကို ကြည့်ခွင့်ပေးပါဦး။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က သတ္တုပုရွက်ဆိတ်ဘုရင်မကို ကြည့်ပြီးနောက် သေတ္တာကိုဖွင့်ကာ အပြင်ထုတ်၍ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် သူမသည် အရေပြားနမူနာအချို့ကို ထုတ်ယူပြီး လေ့လာစောင့်ကြည့်ရန်အတွက် အထူးစက်ပစ္စည်းတစ်ခုထဲသို့ ထည့်လိုက်သည်။
“လောလောဆယ်တော့ ငါ အသေအချာ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ဒြပ်စင်ကြွယ်ဝမှုကို ကြည့်ရသလောက်တော့ ဒါက မြေဒြပ်စင် ဧရာမခွန်းကြီး ဖြစ်သင့်တယ်။ သူ့ရဲ့ ကမ္ဘာငယ်လေးက တော်တော်လေး ပြည့်စုံတယ်။ အဲဒါက မွေးရာပါအတိုင်း ဖြစ်နေတာလား ဒါမှမဟုတ် နောက်မှ ဖွံ့ဖြိုးလာတာလားဆိုတာတော့ ငါမသိဘူး။ ဧရာမခွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်က အရမ်းနည်းလွန်းတယ်။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းတွင် အတည်ပြုနိုင်သည့် ဧရာမခွန်းနှင့် ပတ်သက်တဲ့ ကောလာဟလအရေအတွက်ဟာ အလွန်နည်းပါးပြီး ဂဏန်းတစ်လုံးတည်းသာ ရှိသည်။
အင်အားစုများစွာက ဧရာမခွန်းကြီးကို မက်မောနေကြသည်။ ကြုံတွေ့ခဲ့ဖူးသူများ၏ ဖော်ပြချက်အရ ဧရာမကွန်၏ အတွင်းထဲတွင် အလွန်ပြီးပြည့်စုံသော ကမ္ဘာငယ်လေးတစ်ခု ရှိနေသင့်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ပစ္စည်းသိုလှောင်မှုအမျိုးအစား သားရဲဖြစ်ပေသည်။ ၎င်းနှင့်အတူ သင်သည် စီမံခန့်ခွဲရန် ကမ္ဘာတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုအင်အားစုများအတွက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းစီအတွက်ဖြစ်စေ၊ ဤသည်မှာ ကြီးမားသော အခွင့်အရေး တစ်ခုပင်။
“ကျွန်တော် အထဲကို ဝင်တုန်းက အများကြီး မမြင်ခဲ့ရဘူး။ ထွက်ပြေးဖို့ပဲ တတ်နိုင်ခဲ့တယ်။ အထဲမှာက အရမ်းအန္တရာယ်များလွန်းတယ်။ မဟုတ်ရင် ကျွန်တော် နောက်ထပ် ပိုပြီး စူးစမ်းလေ့လာနိုင်ခဲ့မှာပဲ။ အနာဂတ်မှာ အထဲကို ဝင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရရင် အရမ်းကောင်းလိမ့်မယ်။”
ကျန်းဟန်က တောင်တန်းများ၊ ပင်လယ်များကဲ့သို့ ကျယ်ပြောလှသည့် ထိုအထွတ်အထိပ်သတ္တဝါကြီးကို တွေးမိပြီး စိတ်ထဲတွင် တမ်းတမှုကို မထိန်းနိုင်ဖြစ်သွားခဲ့ရသည်။
“အဲဒီလိုဖြစ်ဖို့ မဖြစ်နိုင်တော့ဘူး။ သုတေသနပြုချက်တွေအရ ဧရာမခွန်းရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်ဖူးသူအများစုက အလုပ်သင်အဆင့် သားရဲထိန်းချုပ်သူတွေပဲ။ အဆင့်မြင့် သားရဲထိန်းချုပ်သူတွေက ဧရာမခွန်းနဲ့ လုံးဝ မဆုံဖူးသလောက်ပဲ။ ပြီးတော့ ဧရာမခွန်းရဲ့ ကမ္ဘာထဲကို နှစ်ကြိမ် ဝင်ဖူးတဲ့သူရှိတယ်လို့လည်း ငါတစ်ခါမှ မကြားဖူးဘူး။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ခေါင်းခါလိုက်သည်။ ဧရာမခွန်းနှင့် ပတ်သက်သည့် သုတေသနများ အများကြီးရှိသည်။ ဧရာမခွန်း တည်ရှိကြောင်း အတည်ပြုနိုင်ခဲ့ကတည်းက နိုင်ငံအဆင့်မှ တစ်ဦးတစ်ယောက်ချင်းစီအထိ အားလုံးက ၎င်းကို သုတေသနပြုခဲ့ကြသော်လည်း ဆယ်စုနှစ်တစ်ခုကျော် ကြာလာသည်အထိ မည်သူမျှ အောင်မြင်ခဲ့သည်ကို မတွေ့ရသေးပေ။
“မင်းရဲ့ သားရဲနှစ်ကောင်အတွက် ဖော်စပ်ထားတဲ့ ဆေးရည်တွေ အားလုံး ဒီမှာရှိတယ်။ အားလုံးက ထိပ်တန်းအဆင့် အဆင့် ၃ တွေပဲ။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ပုလင်းအကြည်လေးများ ထည့်ထားသည့် သေတ္တာနှစ်လုံးကို ထပ်မံထုတ်ယူလိုက်သည်။ ပုလင်းတစ်ပုလင်းစီတွင် ဆေးရည် ၅၀၀ မီလီလီတာ ပါဝင်သည်။ ဟုတ်ဟုတ်၏ ဆေးရည်က အနီရောင်ရင့်ရင့်ဖြစ်ပြီး ပိုင်လင်း၏ ဆေးရည်မှာမူ ငွေရောင်ဖြစ်သည်။ အမျိုးအစားတစ်ခုစီအတွက် ၃၅ ပုလင်းစီ ရှိပြီး နောက်လအတွက် လုံလောက်သော ပမာဏဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အစ်မရှောင်ယွဲ့။ ဒါပေမဲ့ ကျွန်တော် တစ်ဝက်ပဲ ယူသွားပါရစေ။ နောက်လကျရင် မိုးကြိုးတောင်မှာ သွားပြီး ကိုယ့်ဘာသာ လေ့ကျင့်ဖို့ အစီအစဉ်ရှိလို့ပါ။”
ကျန်းဟန်က ဆေးရည်တစ်ဝက်ကို ယူပြီး သူ၏ သိုလှောင်သေတ္တာထဲ ထည့်လိုက်ကာ ကျန်တစ်ဝက်ကိုမူ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ထံတွင် ချန်ထားခဲ့လိုက်သည်။
“မိုးကြိုးတောင်မှာ သွားလေ့ကျင့်မလို့လား။ ကျောင်းက မင်းကို ခွင့်ပေးလို့လား။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ အနည်းငယ် အံ့သြသွားခဲ့သည်။ မိုးကြိုးတောင်မှာ အလွန်အန္တရာယ်များပြီး ကျန်းဟန်က ထိုနေရာတွင် သွားရောက်လေ့ကျင့်ရန် အမှန်တကယ် စီစဉ်နေခြင်းဖြစ်သည်။
သို့သော် သေချာပြန်စဉ်းစားကြည့်ပြီးနောက် ဘာပြဿနာမှမရှိဟု သူမ ခံစားလိုက်ရသည်။ သူကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက် ကျောင်းမှာ သင်ယူစရာ ဘာမှမကျန်တော့ပေ။ ယခုလို အန္တရာယ်ရှိသည့် ပတ်ဝန်းကျင်တွေမှာ စွန့်စားခြင်းကသာ သူတို့ကို ပိုမိုတိုးတက်ကောင်းမွန်လာစေလိမ့်မည်။
“ဟုတ်ကဲ့။ ကျွန်တော် ကျောင်းနဲ့ ဆက်သွယ်ပြောဆိုပြီးပါပြီ။”
ကျန်းဟန်က ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် မင်း နောက်ပိုင်း ဒီမှာပဲ နေလို့ရတယ်။ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုသာ ပြောလိုက်။”
“ကျေးဇူးတင်ပါတယ် အစ်မရှောင်ယွဲ့။”
ကျန်းဟန်က ကျေးဇူးတင်ကြောင်းပြသရင်း ခေါင်းညိတ်လိုက်သည်။
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့နှင့် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ကျန်းဟန်က သူ့အခန်းသို့ ပြန်လာခဲ့လိုက်သည်။
“ဂူး...။”
အခန်းထဲပြန်ရောက်သော် ဟုတ်ဟုတ်က စားပွဲပေါ်သို့ ခုန်တက်သွားခဲ့သည်။ ၎င်းက ကွန်ပျူတာကို ကိုယ်တိုင်ဖွင့်လိုက်ပြီး ၎င်းအား စိတ်စွမ်းအင်ပါရမီ ထည့်သွင်းပေးရန် ကျန်းဟန်ကို အချက်ပြလာခဲ့လေသည်။
“ဒါဆိုလည်း မင်းဘာသာမင်း ဆော့နေလိုက်ပါ။ ဒါပေမဲ့ လျှောက်တော့မရှုပ်နဲ့။”
ကျန်းဟန်က ၎င်းအား စိတ်စွမ်းအင် ထည့်သွင်းပေးပြီးနောက် ရေချိုးရန် ထွက်လာခဲ့လိုက်သည်။ သူ့၏ စိတ်စွမ်းအင်ဖြင့် သူ့ခန္ဓာကိုယ်ပေါ်က မည်သည့်အညစ်အကြေးကိုမဆို တိုက်ရိုက်ဖယ်ရှားနိုင်နေပြီ ဖြစ်သော်လည်း ရေနွေးကန်ထဲတွင် စိမ်ရသည့် သက်တောင့်သက်သာရှိသော ခံစားချက်ကိုမူ သူ မခုခံနိုင်သေးပေ။
ဟုတ်ဟုတ်သည် ကွန်ပျူတာရှေ့တွင် ထိုင်ပြီး ကီးဘုတ်ကို ရိုက်နှိပ်ကာ အသုံးပြုနေ၏။ ၎င်းသည် ကျန်းဟန်ထံမှ စာဖတ်ခြင်းကို သင်ယူတတ်မြောက်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါ ကွန်ပျူတာကို မည်သို့အသုံးပြုရမည်ကိုပါ သိနေပြီဖြစ်သည်။
အမှန်တော့ ဟုတ်ဟုတ်၏ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်မှာ ပိုင်လင်းထက် အမြဲတမ်း ပိုမိုမြင့်မားခဲ့သည်။ ပိုင်လင်းသည် နဂါးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်မှသာ ဟုတ်ဟုတ်ကို ကျော်တက်သွားခဲ့ခြင်းဖြစ်ပြီး ထိုအချက်က ဟုတ်ဟုတ်ကို ဖိအားဖြစ်စေခဲ့သည်။ အတိတ်တုန်းကဆိုလျှင် ၎င်းက တိတ်တဆိတ် ခိုးပြီး လေ့လာတတ်သော်လည်း ယခုမူ ပွင့်ပွင့်လင်းလင်းပင် ကွန်ပျူတာဖွင့်ကာ သင်ယူနေတော့သည်။
၎င်းသည် အမှောင်ဓာတ်နှင့် သွေးဓာတ် သားရဲအချို့ရဲ့ တိုက်ပွဲအခင်းအကျင်း ဗီဒီယိုများကို အာရုံအပြည့်စိုက်ကာ ကြည့်ရှုနေခဲ့သည်။ ကျန်းဟန်၏ စိတ်စွမ်းအင် ပါရမီ ထည့်သွင်းပေးမှုအောက်တွင် ၎င်းသည် အမြဲမပြတ် သင်ယူလေ့လာပြီး အတုခိုးနေခဲ့သည်။
ဤဗီဒီယိုများမှတစ်ဆင့် ကျွမ်းကျင်မှုစွမ်းရည်များကို တိုက်ရိုက်သင်ယူရန်မှာ မဖြစ်နိုင်ပေ။ ထိုသို့သာ ဖြစ်နိုင်ပါက စွမ်းရည်ကျောက်ပြားများ တည်ရှိနေမည်မဟုတ်ချေ။ သို့သော်လည်း ဤစွမ်းရည်များသည် ဟုတ်ဟုတ်၏ အမြင်ကို ကျယ်ပြန့်စေနိုင်ပြီး ၎င်း၏ စွမ်းရည်ထုတ်လွှတ်ပုံကို ပြောင်းလဲစေနိုင်ကာ တစ်ချိန်တည်းမှာပင် အချို့သောအခြေအနေများကို ကိုယ်တိုင် စမ်းသပ်ကြည့်ရန် အထောက်အကူပြုနိုင်သည်။
ယခင်က တတ်မြောက်ခဲ့သော အရိပ်ပုန်းကွယ်ခြင်း စွမ်းရည်သည်လည်း ၎င်းဘာသာ တွေးတောဆင်ခြင်ပြီး ကိုယ်တိုင်သင်ယူခဲ့ခြင်း ဖြစ်သည်။
ကျန်းဟန်သည် ရေချိုးကန်ထဲတွင် နာရီဝက်ခန့် စိမ်ခဲ့သည်။ သူအပြင်ထွက်လာသည့်တိုင်အောင် ဟုတ်ဟုတ်မှာ ကွန်ပျူတာရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ကြိုးစားပန်းစား လေ့လာနေဆဲပင်။
သူသည် ဟုတ်ဟုတ်ကို မနှောင့်ယှက်တော့ဘဲ ကျောင်းဆရာထံသို့ အခြေအနေကို ရှင်းပြသည့် စာတစ်စောင် ပို့လိုက်ပြီး နောက်ပိုင်းတွင် မိုးကြိုးတောင်၌ စွန့်စားခန်းဖွင့်တော့မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
ဟုတ်ဟုတ် လေ့လာ၍ပြီးသွားသည့်အခါ ကျန်းဟန်က ဟုတ်ဟုတ်ကို ပြောလိုက်သည်။
“သွားကြစို့။ ငါတို့ အပြင် ခဏလောက် သွားရအောင်။”
အပြင်ထွက်ရခြင်းမှာ အဓိက ရည်ရွယ်ချက် နှစ်ခုရှိသည်။ တစ်ခုမှာ မိုးကြိုးတောင်တွင် ရေရှည်နေထိုင်ရန်အတွက် လိုအပ်သော ပစ္စည်းအချို့ ဝယ်ယူရန်နှင့် တစ်ဆက်တည်းမှာပင် မလိုအပ်သော ပစ္စည်းအချို့ကို ရောင်းချရန်ဖြစ်သည်။ ရေရှည်နေထိုင်ရန်အတွက်ဆိုလျှင် အပြည့်အဝ ပြင်ဆင်ထားရမည် ဖြစ်သည်။
နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာမူ ထိုမုတ်ဆိတ်ရှည်လူအိုကြီးတို့အဖွဲ့၏ နေအိမ်ကို လိုက်ရှာကြည့်ပြီး ကောင်းမွန်သည့် ပစ္စည်းတစ်ခုခု ကျန်ရစ်ခဲ့ခြင်း ရှိ၊ မရှိ သိနိုင်ရန်အတွက် ဖြစ်သည်။
“ကျန်းဟန် မင်းဆင်းလာတာ အတော်ပဲ။ မင်း မိုးကြိုးတောင်မှာ အကြာကြီး နေချင်တယ်ဆိုလို့ ငါ မင်းအတွက် ရိက္ခာတချို့နဲ့ ဆေးရည်မျိုးစုံ ပြင်ဆင်ပေးထားတယ်။ ဒါတွေကိုပါ ယူသွားလိုက်ပါ။”
ကျန်းဟန် အောက်ထပ်ကို ဆင်းလာစဉ် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က သူ့ကိုလှမ်းခေါ်လိုက်ပြီး ဆေးရည်မျိုးစုံ၊ ရှေးဦးသူနာပြုပစ္စည်းများနှင့် တောတွင်းရှင်သန်ရေးအတွက် အသုံးပြုရမည့် ကိရိယာတန်ဆာပလာအချို့ ထည့်ထားသည့် ပြင်ဆင်ပြီးသား သေတ္တာတစ်လုံးကို ပေးလိုက်သည်။
“ငါ့ကို အားနာမနေနဲ့။ ဒီပစ္စည်းတွေအားလုံးက ဆိုင်ထဲက ပစ္စည်းအဟောင်းတွေမို့လို့ သိပ်ပြီး အဖိုးမတန်ဘူး။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ကျန်းဟန်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် အစ်မရှောင်ယွဲ့။ ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်။”
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ မင်း တောင်ပေါ်ကနေ ရခဲ့တဲ့ ပစ္စည်းတွေကို ရောင်းချင်တယ် မဟုတ်လား။ အားလုံး ထုတ်လိုက်လေ။ ငါ ကူပြီး ရောင်းပေးမယ်။ ငါ့ရဲ့ အဆက်အသွယ်တွေကနေတစ်ဆင့် ရောင်းတာက အပြင်မှာ မင်းသွားရောင်းတာထက် ပိုပြီး ဈေးကောင်းရတယ်။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ထပ်ပြောလိုက်သည်။ သူမက ကျန်းဟန်ကို မောင်လေးအရင်းတစ်ယောက်လို အမှန်တကယ် ဆက်ဆံနေခြင်း ဖြစ်သည်။
“ဒါဆိုရင် ကောင်းတာပေါ့။ တကယ်တော့ ကျွန်တော်လည်း ပစ္စည်းတချို့ ရောင်းချင်နေတာ။”
ကျန်းဟန်က သိုလှောင်သေတ္တာကို ထုတ်လိုက်ပြီး သူ ပထမဆုံးရရှိခဲ့သည့် မြွေဝိညာဉ်သစ်သီးများကို အရင်ဆုံး ထုတ်ယူလိုက်သည်။
“မင်း မြွေဝိညာဉ်သီးတွေကို ဒီလောက်အများကြီးတောင် ခူးနိုင်ခဲ့တာလား။ ဒါဆိုရင် နှစ်သိန်းကျော်တောင် ရနိုင်တယ်။”
ကျန်းဟန် ပထမဆုံး ထုတ်လိုက်သည့် ပစ္စည်းကတင် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့ကို အံ့အားသင့်သွားစေသည်။ သူမသည် ကျန်းဟန်ကို သူမ၏ မျက်ဝန်းလှလှလေးများဖြင့် စိုက်ကြည့်ရင်း မြွေဝိညာဉ်သစ်သီး အများကြီးကို ရှာဖွေတွေ့ရှိခဲ့သည့် သူ၏ကံတရားက အမှန်တကယ် ထူးခြားလှသည်ဟု တွေးမိနေသည်။
“ဟားဟား...ကံကောင်းလို့ တွေ့ခဲ့ရတာပါ။”
ကျန်းဟန်က ရယ်မောလိုက်သည်။ ထို့နောက် အခြားမလိုအပ်သော ဝိညာဉ်ပင်များနှင့် သားရဲအမြုတေ အချို့ကို ထုတ်ယူလိုက်သည်။ စုစုပေါင်း အခုရေ တစ်ရာကျော်ရှိပြီး တန်ဖိုးအားဖြင့် တစ်သိန်းကျော် ရှိသည်။
“မင်း မိုးကြိုးတောင်မှာ ငါထင်ထားတာထက် ပိုပြီး အဆင်ပြေနေပုံပဲ။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က မချီးကျူးဘဲ မနေနိုင်ဖြစ်သွားခဲ့ရသည်။ ဤသည်မှာ မိုးကြိုးတောင်ကို ပထမဆုံးအကြိမ် ဝင်ရောက်ဖူးသည့် လူသစ်တစ်ယောက် ရရှိသင့်သည့် ရလဒ်မျိုး လုံးဝမဟုတ်ပေ။
အမှန်တော့ သူမ မသိသည်မှာ ကျန်းဟန်ဆီတွင် အဆင့် ၄ မိုးကြိုးပန်း၊ အဆင့် ၃ နဂါးသွေးလင်းဇီး၊ သွေးဝိညာဉ်ပုံဆောင်ခဲများနှင့် စွမ်းရည်ကျောက်ပြား တစ်ခုကို ထုတ်မပြရသေးဘဲ ကျန်ရှိနေသေးခြင်း ဖြစ်သည်။ ဤပစ္စည်းများ အားလုံးပေါင်းလိုက်လျှင် အနည်းဆုံး ခြောက်သိန်း သို့မဟုတ် ခုနစ်သိန်းခန့် တန်ဖိုးရှိသည်။
ပိုင်လင်း၏ နဂါးမူလသွေးနှင့် နဂါးဝိညာဉ်၊ နဂါးအကာအကွယ် စွမ်းရည်စသည့် အခြားသော လျှို့ဝှက်ထားသည့် အကျိုးအမြတ်များကိုမူ ထည့်မပြောရသေးချေ။ ၎င်းတို့ထဲက တစ်ခုခုကိုသာ သိလိုက်ရပါက စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့တစ်ယောက် ရက်ပေါင်းများစွာ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားပေလိမ့်မည်။
“ဟားဟား...ကံကောင်းလို့ပါ။”
ကျန်းဟန်က ရယ်မောလိုက်သည်။ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က သူ့အတွက် ဤပြဿနာနှစ်ခုလုံးကို ကူညီဖြေရှင်းပေးလိုက်သဖြင့် အရာအားလုံးက ပိုမိုလွယ်ကူသွားခဲ့သည်။