အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း ၁၄၂
ကျန်းဟန်သည် တောတွင်းဈေးကွက်ထဲ၌ လျှောက်သွားနေခဲ့သည်။ သူသည် မုတ်ဆိတ်ရှည်လူကြီး၏ နေအိမ်သို့ သွားချင်သော်လည်း မည်သည့်နေရာမှ စတင်ရှာဖွေရမည်ကို လုံးဝမသိဖြစ်နေခဲ့သည်။
အခြားရွေးချယ်စရာမရှိသဖြင့် သူသည် တောတွင်းဈေးကွက်မှ အရင်ဆုံးထွက်ခွာကာ လူသူရှင်းသောနေရာတစ်ခုကို ရှာ၍ အဝတ်အစားလဲလိုက်ပြီး မြူခိုးမျက်နှာဖုံးကို အသုံးပြုကာ သူနှင့် ဟုတ်ဟုတ်၏ ရုပ်သွင်ကို ပြောင်းလဲပြီးမှ တောတွင်းဈေးကွက်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
မကြာမီမှာပင် သူသည် သားရဲထိန်းချုပ်ရေးဗဟိုဌာနနှင့် မလှမ်းမကမ်းရှိ ဆိုင်ငယ်လေးတစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ဆိုင်ပိုင်ရှင်မှာ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးပင်။ စုံစမ်းမေးမြန်းမှုအချို့မှတစ်ဆင့် ထိုလူသည် တရားမဝင်ပစ္စည်းမျိုးစုံကို ဝယ်ယူရုံတင်မကဘဲ အမျိုးမျိုးသော လျှို့ဝှက်သတင်းအချက်အလက်များကိုပါ ရောင်းချသည့် မှောင်ခိုဈေးကွက်ကုန်သည်တစ်ဦး ဖြစ်ကြောင်း သိခဲ့ရသည်။
အထူးသဖြင့် ဤတောတွင်းဈေးကွက်ထဲတွင် သူ မသိသော သတင်းအချက်အလက်ဟူ၍ မရှိဟုပင် ကြွေးကြော်ထားကြသည်။
“ဝယ်ဖို့လာတာလား။ ရောင်းဖို့လာတာလား ဧည့်သည်။”
ကျန်းဟန် ဝင်လာသည်ကို မြင်သောအခါ ဆိုင်ရှင်အဘိုးအိုက သူ၏ နောက်မှီကုလားထိုင်ပေါ်မှ ကိုယ်ကို အနည်းငယ်ကြွ၍ ပြုံးကာ မေးလိုက်သည်။
“ကျုပ် သတင်းအချက်အလက် ဝယ်မယ်။”
ကျန်းဟန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဘယ်ဘက်ကို လျှောက်ခဲ့ပြီး ငါ့နောက်က လိုက်ခဲ့ပါ။”
ဆိုင်ရှင်အဘိုးအိုက ထရပ်ကာ ကျန်းဟန်ကို နောက်ဖေးခြံထဲသို့ ခေါ်ဆောင်သွားပြီး ဘယ်ဘက်ရှိ နားနေဆောင်ငယ်လေး တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
“နောက်ဖေးခြံကို အကာအကွယ်အတားအဆီးနဲ့ ပိတ်ဆို့ထားတယ်။ မင်း ဘယ်လိုသတင်းအချက်အလက်ကို ဝယ်ချင်လဲဆိုတာ အခု ပြောလို့ရပြီ။”
ဆိုင်ရှင်အဘိုးအိုက သူ၏မုတ်ဆိတ်ကို သပ်ရင်း ပြုံးကာ ပြောလိုက်သည်။
“ကျုပ် ဒီသော့နှစ်ချောင်းနဲ့ ကိုက်ညီတဲ့ အိမ်ကို လိုက်ရှာနေတာပဲ။”
ကျန်းဟန်က သော့နှစ်ချောင်းကို ထုတ်ပြရင်း ပြောလိုက်သည်။
ဆိုင်ရှင်အဘိုးအိုက သော့များကို ယူကြည့်လိုက်ပြီး လက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ စာအုပ်ပိုးကောင်တစ်ကောင် သူ့လက်ပေါ်သို့ တွားသွားတက်လာခဲ့သည်။ ၎င်းသည် အလျား ၁၀ စင်တီမီတာခန့်ရှိသော အဖြူရောင်ပိုးကောင်ကြီးတစ်ကောင်ဖြစ်သော်လည်း ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
၎င်းက သော့များကို အနံ့ခံကြည့်ပြီး ခေတ္တအကြာတွင် ဆိုင်ရှင်အဘိုးအိုက ထိုပိုးကောင်ကို ပြန်သိမ်းလိုက်ကာ ကျန်းဟန်ကို ပြောလိုက်သည်။
“ငါ နေရာကို ရှာတွေ့ပြီ။ အခကြေးငွေက တစ်သောင်း...။ အရင်ပေးချေလိုက်ပါ။”
ကျန်းဟန်သည် မှောင်ခိုဈေးကွက်ကုန်သည်များ၏ ကောက်ကျစ်ရက်စက်တတ်သော သဘာဝကို သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း ယခင်က သူ ၎င်းတို့ကို လျှော့တွက်ခဲ့မိသည်ဟု ခံစားလိုက်ရဆဲပင်။
“ခင်ဗျားပေးတဲ့နေရာက မှန်ကန်တယ်ဆိုတာ ကျုပ် ဘယ်လိုသိနိုင်မှာလဲ။”
ကျန်းဟန်က မေးလိုက်သည်။
“အဲအတွက် စိတ်မပူပါနဲ့။ တကယ်လို့ မမှန်ဘူးဆိုရင် ငါ့ဆီ ပြန်လာခဲ့။ ဒီအဖိုးကြီးက မင်းကို သုံးဆ ပြန်လျော်ပေးမယ်။ ငါ့ဆိုင်က ဒီမှာတင်ရှိနေတယ်။ ဘယ်မှ ထွက်ပြေးမှာ မဟုတ်ဘူး။”
အဘိုးအိုက ပြောလိုက်သည်။
“ဒါဆိုရင်လည်း ကောင်းပြီလေ။”
ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်ကာ ငွေပေးချေလိုက်ပြီး သူလိုချင်သော သတင်းအချက်အလက်ကို အမြန်ရယူ၍ လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် မုတ်ဆိတ်ဖြူနှင့် ဆိုင်ရှင်က သူ့ကို လှမ်းခေါ်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒီသော့တွေက ဝူကွေ့နဲ့ ကောင်းဖျင်တို့ရဲ့ သော့တွေ မဟုတ်လား။ အဲဒီနှစ်ယောက် မင်းလက်ထဲမှာ သေသွားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါပေမဲ့ မင်း သူတို့ရဲ့ နေအိမ်ကို သွားပြီးတော့ ဟိုမွေးမြူရေးပညာရှင်ရဲ့ အမွေအနှစ်ကို ရှာချင်တာဆိုရင်တော့ အလကား အမောဆို့ရုံပဲ ရှိလိမ့်မယ်။ အဲဒီမှာ ဘာမှမရှိဘူး။”
ကျန်းဟန်က ခေါင်းကို ရုတ်တရက် လှည့်ကာ ထိုအဖိုးအိုကို စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်တို့က အေးစက်ထက်ရှနေပြီး လူသတ်လိုသော အငွေ့အသက်အချို့ပင် ထွက်ပေါ်လာခဲ့သည်။
“သိပ်အများကြီး မတွေးနဲ့။ ငါက ခန့်မှန်းကြည့်ရုံပဲ။ ငါ အဲဒီကောင်နှစ်ယောက်နဲ့ စီးပွားရေးအရ ဆက်ဆံဖူးတယ်။ ဝူကွေ့ အဲဒီ မွေးမြူရေးပညာရှင်ရဲ့ အမွေအနှစ်ကို ရတုန်းကတောင် ငါကူညီပေးခဲ့သေးတယ်။”
“သူတို့မှာ အခြား လျှို့ဝှက်ထားတဲ့ နေအိမ်တစ်လုံး ရှိသေးတယ်ဆိုတာ ငါသိတယ်။ ပြီးတော့ သူ့ရဲ့ မွေးမြူရေးပညာရှင် အမွေအနှစ်ကလည်း အဲဒီမှာပဲ ရှိဖို့များတယ်။ တကယ်လို့ မင်း အဲဒါကို ရှာချင်တယ်ဆိုရင် ငါ့ကို တစ်သိန်းပေး။ ငါ အဲဒီနေရာကို ပြောပြနိုင်တယ်။”
ဆိုင်ရှင်အဘိုးအိုက ပြုံးကာ ပြောလိုက်သည်။
“သူတို့အိမ်မှာ ဘာမှမရှိဘူးဆိုတာ သိရက်သားနဲ့ ခင်ဗျားက ကျုပ်ဆီက ပိုက်ဆံကို ယူခဲ့သေးတယ်ပေါ့။”
ကျန်းဟန်သည် မိမိ အလှည့်စားခံလိုက်ရပြီဟု ခံစားလိုက်ရသည်။
“မင်းမှ မမေးတာလေ ဟုတ်တယ်မလား။ ဒါ့အပြင် ငါက မင်းမေးတဲ့ သတင်းအချက်အလက်ကိုပဲ ပေးတာ။ ဒါက ဒီထဲမှာ မပါဘူးလေ။”
ဆိုင်ရှင်အဘိုးအိုက ကျန်းဟန်၏ မျက်နှာအမူအရာကို လုံးဝဂရုမစိုက်ဘဲ တဟီးဟီး ရယ်မောလိုက်၏။
“တစ်သိန်းက ဈေးကြီးလွန်းတယ်။ ဈေးလျှော့ဦး။”
ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်ကာ နှေးကွေးစွာ ပြောလိုက်သည်။
“ယူရင်ယူ၊ မယူရင်နေ။ ငါ ဈေးမဆစ်ဘူး။ ဒါပေမဲ့ မင်း မဝယ်ဘူးဆိုရင် ဒီသတင်းကို တခြားလူဆီ ငါ ရောင်းလိုက်မယ်။”
ဤဆိုင်ရှင်အဘိုးအိုသည် အရှက်မရှိပေ။ ဈေးမဆစ်ရုံတင်မကဘဲ ကျန်းဟန်ကိုပါ ခြိမ်းခြောက်နေသေးသည်။
တကယ်လို့ မင်းမဝယ်ရင် မင်းကို ဖြည်းဖြည်းချင်း ရှာဖို့ ငါ အချိန်ပေးမှာ မဟုတ်ဘူး။ တိုက်ရိုက်ပဲ ရောင်းချလိုက်မယ်။ စိတ်ဝင်စားမယ့်သူတွေ အများကြီး ရှိတယ် ဟူသည့် သဘောပင်။
“ကောင်းပြီ...ကျုပ် ဝယ်မယ်။”
ကျန်းဟန်က ထိုအဘိုးအိုကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး သူ၏ ရုပ်သွင်ကို စိတ်ထဲတွင် အသေအချာ မှတ်သားထားလိုက်သည်။
“ဟဲဟဲ...ပိုက်ဆံပေးချေလိုက်တော့။ ငါ့ကို အဲဒီလို လာကြည့်မနေနဲ့။ အလကားပဲ။ မင်း ငါ့ကို မနိုင်ဘူး။”
အဘိုးအိုက တဟီးဟီး ရယ်မောလိုက်သည်။ ကျန်းဟန်က သူ့ကို မကြည်သော်လည်း ဘာမှမတတ်နိုင်သည့် အဖြစ်ကို သူ သဘောကျနေသည့်ပုံပင်။
ကျန်းဟန်က သူ့အကြည့်ကို လွှဲလိုက်ပြီး ငွေပေးချေလိုက်သည်။ သူသည် ထိုအရှက်မရှိသော အဘိုးအို၏ ရုပ်သွင်ကို စိတ်ထဲတွင် မှတ်ထားရုံတင်မကဘဲ နာကျည်းစွာ မှတ်သားထားလိုက်ပြီ ဖြစ်သည်။
“ငါ မင်းကို လိပ်စာပေးပြီးပြီ။ စိတ်ချပါ။ ငါ မင်းဆီကို ရောင်းပြီးပြီဆိုမှတော့ ဒီသတင်းကို တခြားဘယ်သူ့ကိုမှ ထပ်မရောင်းတော့ဘူး။”
ဆိုင်ရှင်အဘိုးအိုက ပြုံးကာ ပြောလိုက်သည်။ ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်ကာ တိုက်ရိုက်ပင် ထွက်ခွာလာခဲ့လိုက်သည်။
ကျန်းဟန် ထွက်သွားသည်ကို မြင်ပြီးနောက် အဘိုးအိုက သူ၏မုတ်ဆိတ်ကို သပ်ရင်း သက်ပြင်းချလိုက်သည်။
“ဝူကွေ့ဆိုတဲ့ ကောင်စုတ်လေး တကယ် သေသွားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါပေမဲ့ အခုနကလူက သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိနေတာ ထင်ရှားတယ်။ ငါ သူ့ရဲ့ မျက်နှာအစစ်ကို မမြင်ရဘူး။”
“ဒါပေမဲ့လည်း ဟီးဟီး... မင်း ဒီအမွေအနှစ်ကို ယူပြီးတာနဲ့ မင်း ဘယ်လိုမှ ပုန်းကွယ်နေလို့ ရတော့မှာ မဟုတ်ဘူး။”
ကျန်းဟန်သည် တည်နေရာကို ရရှိပြီးနောက် ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။ သူ ဤမျှ ပိုက်ဆံအမြောက်အမြား အသုံးချခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ထိုမွေးမြူရေးပညာရှင်၏ အမွေအနှစ်ကို စိတ်ဝင်စားသောကြောင့် ဖြစ်သည်။
ထို့အပြင် ထိုအမွေအနှစ်၏ တန်ဖိုးသည် တစ်သိန်းထက် များစွာ သာလွန်လိမ့်မည်ဟု သူ ခံစားမိသည်။ သို့မဟုတ်ပါက သူသည် လူအနင်းခံ အမူအရာမျိုး လုပ်ပြနေမည်မဟုတ်ပေ။
သူသည် ထိုလူနှစ်ယောက် နေထိုင်ခဲ့သည့် နေရာသို့ အရင်ဆုံး သွားရောက်ခဲ့ပြီး သော့များဖြင့် တံခါးကို တိုက်ရိုက် ဖွင့်လိုက်သည်။ ဆိုင်ရှင်အဘိုးအို ပြောခဲ့သည့်အတိုင်းပင် အတွင်းထဲတွင် အမှန်တကယ် ဘာမှမရှိပေ။ ပစ္စည်းအားလုံး စုစုပေါင်းတန်ဖိုးမှာ သုံးသောင်းခန့်သာ ရှိသည်။
ထို့နောက်တွင် သူသည် တော်တွင်းဈေးကွက်၏ အပြင်ဘက်သို့ ထွက်လာခဲ့ပြီး ဆူးချုံတောတစ်ခုထဲသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ရောက်သွားလိုက်သည်။ ဤတောအုပ်တစ်ခုလုံးသည် အဆိပ်များ ပြည့်နှက်နေသည့် ချွန်ထက်သော အနက်ရောင်ဆူးများဖြင့် ပြည့်နှက်နေပြီး သက်ရှိသတ္တဝါ အလွန်နည်းပါးသည်။
သို့သော်လည်း အဘိုးအို၏ လမ်းညွှန်ချက်များကြောင့် ကျန်းဟန်မှာ အဟန့်အတားမရှိ ခရီးဆက်နိုင်ခဲ့သည်။ ဤအချက်က ကျန်းဟန်အား ဆိုင်ရှင်အဘိုးအို ပိုင်ဆိုင်သည့် ပိုးကောင် သားရဲအပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်စေခဲ့သည်။
ဒီဆန်းကြယ်ရအောင် အဲအကောင်က ဘယ်လို သားရဲအမျိုးအစားလဲ။
၎င်း၏ အရှိန်အဝါကို ကြည့်ရသလောက် ဆန်းကြယ်သော အရည်အချင်း တစ်ခု ရှိနေပုံရသည်။
ထိုကိစ္စကို ယာယီဘေးဖယ်ထားလိုက်ပြီး ကျန်းဟန်သည် ဆက်လက်ရွေ့လျားလာခဲ့ရာ မကြာမီမှာပင် တောင်ကုန်းတစ်ခုအတွင်းရှိ ကျောက်တုံးအိမ်လေးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ကျောက်တုံးအိမ်၏ ရှေ့မျက်နှာစာကို ဆူးချုံများဖြင့် ဖုံးလွှမ်းထားသည်။ အကယ်၍ ဟုတ်ဟုတ်က ၎င်း၏ စိတ်စွမ်းအင်ဖြင့် ထိုဆူးချုံများကို ခုတ်ထွင်ရှင်းလင်းမပေးခဲ့ပါက သူ ထိုနေရာကို လုံးဝ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
“ဂူး....”
ဘေးကင်းလုံခြုံမှုအတွက် ဟုတ်ဟုတ်သည် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ တံခါးကို အဝေးမှ လှမ်းဖွင့်လိုက်၏။ တံခါးပွင့်သွားသောအခါ အတွင်းပိုင်း နေရာလွတ်ကို အထင်းသား မြင်တွေ့လိုက်ရသည်။
“အန္တရာယ် မရှိတဲ့ပုံပဲ။ ငါ အတွေးလွန်သွားတာ။”
ကျန်းဟန်က သက်ပြင်းတစ်ချက်ချကာ အထဲသို့ လျှောက်ဝင်သွားလိုက်သည်။ အခန်းတွင်းကို အလွန်သန့်ရှင်းစွာ ထားရှိပြီး ပစ္စည်းအနည်းငယ်သာ ရှိသည်။ သူ စိတ်ကူးယဉ်ထားသလို ရတနာမျိုးစုံဖြင့် ပြည့်နှက်နေသည့် အခြေအနေမျိုး မဟုတ်ပေ။
ထိုမုတ်ဆိတ်ရှည်လူကြီးသည် အစွမ်းထက်သော်လည်း သူသည် အလုပ်သင်အဆင့် သားရဲထိန်းချုပ်သူမျှသာ ဖြစ်သည်။ သူ၏ သားရဲကို မွေးမြူရခြင်းကပင် သူ၏ အားအင်အများစုကို ကုန်ခမ်းစေသဖြင့် ပိုက်ဆံအမြောက်အမြား စုဆောင်းမိရန်မှာ မဖြစ်နိုင်ပေ။
ကျောက်တုံးအိမ်အတွင်း၌ သားရဲဆေးရည်အချို့နှင့် အဆင့် ၃ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲ အခု နှစ်ဆယ် ရှိသည်။ တစ်ခု၏ တန်ဖိုးမှာ ငါးထောင်ခန့် ရှိသည်။ ၎င်းတို့သည် ရှားပါးသော မိုးကြိုးဒြပ်စင် အမျိုးအစားများ ဖြစ်သောကြောင့် အခုနှစ်ဆယ်၏ တန်ဖိုးမှာ တစ်သိန်းခန့် ရှိသည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် အဆင့်နိမ့် သားရဲဆရာများ၏ ဆင်းရဲနွမ်းပါးမှုကို မြင်တွေ့နိုင်သည်။ သူတို့သည် ပိုက်ဆံကို လုံးဝ မစုဆောင်းနိုင်ကြပေ။
ထိုပစ္စည်းများအပြင် ထိုနေရာတွင် မွေးမြူရေးပညာရှင်၏ အမွေအနှစ်လည်း ရှိနေသည်။ ဤအမွေအနှစ်တွင် ပစ္စည်းသုံးမျိုး ပါဝင်သည်။ တစ်ခုမှာ ယန်ခိုင်ဟု အမည်ရသည့် မွေးမြူရေးပညာရှင်တစ်ဦး ရေးသားထားသော မွေးမြူရေးလက်စွဲစာအုပ် ဖြစ်သည်။ ၎င်းထဲတွင် သူ၏ မွေးမြူရေးသက်တမ်းတစ်လျှောက်လုံးကို မှတ်တမ်းတင်ထားသည်။ ထိုလက်စွဲစာအုပ်သည် အလွန်ထူပြီး အရေးအကြီးဆုံး ပစ္စည်းလည်း ဖြစ်သည်။
နောက်တစ်ခုမှာမူ ဖောက်ထွင်းမြင်ရသည့် ပယင်းတုံးထဲတွင် ပိတ်လှောင်ထားသည့် အနီရောင်ရင့်ရင့် ပုစဉ်းရင်ကွဲ တစ်ကောင် ဖြစ်သည်။ ထိုပုစဉ်းရင်ကွဲသည် သေးငယ်သော်လည်း အလွန်ထိတ်လန့်ဖွယ်ကောင်းသော လူသတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး လူတို့၏ စိတ်ဝိညာဉ်ကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
ဤသည်မှာ မွေးမြူရေးပညာရှင် ယန်ခိုင်၏ နောက်ဆုံးလက်ရာ သုတေသနအောင်မြင်မှုတစ်ခု ဖြစ်သည်။ ကျန်းဟန်က လက်စွဲစာအုပ်ကို အသေးစိတ် မဖတ်ရသေးသဖြင့် ၎င်းသည် လောလောဆယ်တွင် ဘာအတွက် အသုံးချရမှန်း အသေအချာ မသိသေးပေ။
နောက်ဆုံးပစ္စည်းကတော့ ဗလာဖြစ်နေသည့် သတ္တုသေတ္တာတစ်လုံး ဖြစ်သည်။ အတွင်းထဲတွင် တစ်ခုခု ရှိနေခဲ့သင့်သော်လည်း ထိုမုတ်ဆိတ်ရှည်လူကြီးက အသုံးပြုသွားခဲ့ပြီ ဖြစ်ပုံရသည်။
ကျန်းဟန်က သာမန်ကာလျှံကာပင် အကဲခတ်ကြည့်ရှုပြီး အခန်းတွင်းကို နောက်တစ်ကြိမ် ထပ်မံရှာဖွေလိုက်သည်။ အခြားဘာမှမရှိတော့ကြောင်း အတည်ပြုပြီးနောက် သူ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။
သူသည် ထိုဆိုင်ရှင်အဘိုးအိုကို အလွန်အမင်း မယုံကြည်သဖြင့် ဤနေရာတွင် အကြာကြီး လုံးဝ မနေနိုင်ပေ။
ပစ္စည်းများကို သိုလှောင်သေတ္တာထဲသို့ ထည့်ပြီးနောက် ကျန်းဟန်သည် အပြင်ဘက်တွင် အနည်းငယ် ပတ်ပတ်လည် လျှောက်သွားခဲ့ပြီး နောက်ဆုံးတွင် မြူခိုးမျက်နှာဖုံးကို ချွတ်၊ မူလအဝတ်အစားများအား ပြန်လဲကာ တောတွင်းဈေးကွက်ထဲသို့ ပြန်ဝင်လာပြီး စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့၏ မွေးမြူရေးဂေဟာသို့ ပြန်လာခဲ့လိုက်တော့သည်။