အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း ၁၄၃
မွေးမြူရေးဂေဟာသို့ ပြန်ရောက်သောအခါ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့မှာ စာဖတ်နေလေသည်။
ကျန်းဟန်က သူမကို နှုတ်ဆက်ပြီးနောက် သူ့အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
အခန်းထဲသို့ ပြန်ရောက်သည်နှင့် နောက်ဆုံးတွင် ကျန်းဟန်သည် ထိုမွေးမြူရေးလက်စွဲစာအုပ်ကို ဖွင့်ကာ အကြောင်းအရာများကို စတင်စစ်ဆေးကြည့်ရှုလိုက်တော့သည်။
အပေါ်ယံ ခပ်သွက်သွက် ဖတ်ကြည့်ပြီးနောက် သူ အနှစ်ချုပ်ကို နားလည်သွားခဲ့သည်။ ယန်ခိုင်ဟု အမည်ရသည့် ဤမွေးမြူရေးပညာရှင်သည် သူ၏သက်တမ်းတစ်လျှောက်တွင် အဆင့်မြင့်မွေးမြူရေးပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး သူသည် မဟာဆရာကြီးအဆင့် မွေးမြူရေးပညာရှင် တစ်ဦး၏ အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်ဟု ကိုယ်တိုင်ခံစားခဲ့ရသော်လည်း မွေးမြူရေးပညာရှင်အသင်းထဲက ထိုလူစုနှင့် ပေါင်းသင်းဆက်ဆံရခြင်းကိုမူ ရိုးရှင်းစွာပင် မုန်းတီးရွံရှာခဲ့သည်။
ထို့အပြင် ယန်ခိုင်သည် မွေးမြူရေးပညာရှင်အသင်းနှင့် ပဋိပက္ခများ ရှိခဲ့သဖြင့် သူ၏အမွေအနှစ်ကို မွေးမြူရေးပညာရှင်အသင်း၏ လက်ထဲသို့ လုံးဝ မကျရောက်စေရန် အနာဂတ်မျိုးဆက်များကို သတိပေးထားခဲ့သည်။
ယန်ခိုင်တစ်ဘဝလုံး သုတေသနပြုခဲ့သည့် အဓိက အစိတ်အပိုင်း နှစ်ခုရှိသည်။
တစ်ခုမှာ အမြွှာသားရဲ ထိန်းချုပ်ခြင်းဖြစ်ပြီး ၎င်း၏ မွေးမြူပုံ၊ အသုံးချပုံ၊ သုတေသနပြုချက်များနှင့် အခြားသော အသွင်အပြင်များ ပါဝင်သည်။
၎င်းတို့ထဲတွင် အသုံးအဝင်ဆုံး အပိုင်းမှာ အဆင့်တက်နိုင်ရန်အတွက် အခြားသူများ၏ စိတ်စွမ်းအင်ကို စုပ်ယူပြီး ထိုအမြွှာသားရဲ၏ အမြုတေကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုခြင်းပင် ဖြစ်သည်။
သို့သော်လည်း ၎င်းမှာ မတော်တဆ တွေ့ရှိချက်တစ်ခုမျှသာ ဖြစ်ပြီး ယန်ခိုင်၏ အဓိက သုတေသနပြုချက်မှာ အမြွှာသားရဲများ ပေါင်းစပ်ခြင်းသာ ဖြစ်သည်။
သူသည် အမြွှာသားရဲများနှင့် စာချုပ်မချုပ်နိုင်ခြင်းဟူသော ပြဿနာကို ဖြေရှင်းလိုခဲ့သည်။
အကယ်၍ သူသာ ထိုအမြွှာသားရဲများကို တစ်ကောင်တည်းဖြစ်အောင် ပေါင်းစပ် ပေးနိုင်ခဲ့လျှင် သူတို့ စာချုပ်ချုပ်နိုင်ကြမည် မဟုတ်ပါလော။
သူ၏ စိတ်ကူးမျှော်မှန်းချက်အရ အကောင်းဆုံး အခြေအနေမှာ ထိုအမြွှာသားရဲများသည် ပေါင်းစပ်ခြင်းနှင့် ခွဲထွက်ခြင်း အခြေအနေနှစ်ခုကြားတွင် လွတ်လပ်စွာ ကူးပြောင်းနိုင်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဤသုတေသနသည် သူ၏နောက်ဆုံးနှစ်များတွင် လုံးဝ ကျရှုံးသွားခဲ့သည်။
ဝိညာဉ်များက မပေါင်းစပ်နိုင်ကြပေ။ ဝိညာဉ်အချင်းချင်း မည်မျှပင် တူညီနေပါစေ ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်ပြီး ပေါင်းစပ်ခြင်းကို ပြီးမြောက်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ခဲ့ပေ။
ဤအချက်က သူ့ကို ခေတ္တမျှ စိတ်ဓာတ်ကျစေခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် အခြားနည်းလမ်းတစ်ခုကို တွေးမိသွားခဲ့သည်။ ၎င်းမှာ အလွန်ထူးကဲသော အလားအလာရှိသည့် သားရဲများကို မွေးမြူသည့် နည်းလမ်းပင် ဖြစ်သည်။
၎င်းမှာ တစ်ကြိမ်တည်းတွင် သားသမီးအမြောက်အမြား မွေးဖွားသည့် အမြွှာ ပူးသားရဲများကို လူလုပ်နည်းပညာဖြင့် ဝင်ရောက်စွက်ဖက်ကာ မွေးမြူခြင်း ဖြစ်သည်။
အမြွှာပူးသားရဲများသည် အမြွှာသားရဲများကဲ့သို့ပင် စိတ်ဝိညာဉ်စွမ်းအား၊ စိတ်စွမ်းအင်နှင့် အခြားသော အသွင်အပြင်များတွင် အလွန်တူညီကြပြီး လုံးဝထပ်တူပင် ကျနေတတ်သည်။
ဤအမြွှာပူးသားရဲများကို မွေးမြူပြီးနောက် အကောင်းဆုံးတစ်ကောင်ကို အဓိက သားရဲအဖြစ် ရွေးချယ်ကာ ကျန်ရှိသော အခြားသားရဲများ အားလုံးကို စတေးလိုက်ခြင်းဖြင့် ထိတ်လန့်ဖွယ်ကောင်းသော အလားအလာရှိသည့် အထွတ်အထိပ်သားရဲ တစ်ကောင်ကို မွေးထုတ်ပေးနိုင်သည်။
ကျန်းဟန်၏ လက်ထဲရှိ ပယင်းတုံးထဲက အနီရောင်ရင့်ရင့် ပုစဉ်းရင်ကွဲသည် ထိုနည်းလမ်း၏ နောက်ဆုံးရလဒ်ဖြစ်သော ကြယ်ခုနစ်ပွင့် အလားအလာရှိသည့် နတ်ဘုရားသတ်ပုစဉ်းရင်ကွဲပင် ဖြစ်သည်။
သို့သော်လည်း ဤပုစဉ်းရင်ကွဲသည် အမြောက်အမြား စတေးခံခဲ့ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရူးသွပ်ဖောက်ပြန်နေပြီး ၎င်းကို လုံးဝပြန်လည်ကုသနိုင်ရန်အတွက် ဝိညာဉ်ဆေးကြောခြင်းဆေးရည်ထဲတွင် စိမ်ထားရန် လိုအပ်သည်။
သို့သော် ၎င်းကို ထုတ်လုပ်ပြီးနောက်တွင် ယန်ခိုင်၏ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။
ဝိညာဉ်ဆေးကြောခြင်းဆေးရည်ဆိုသည်မှာ သူ ကြားဖူးရုံမျှသာရှိသော ထူးခြားသည့် ပစ္စည်းအမျိုးအစား တစ်ခုဖြစ်ပြီး ၎င်းကို ဘယ်မှာရှာရမည်ကို မပြောနှင့်...အမှန်တကယ် တည်ရှိခြင်း ရှိ၊ မရှိကိုပင် သူ သေသေချာချာ မသိခဲ့ပေ။
သူသည် အနာဂတ်မျိုးဆက်များအတွက် အမွေအနှစ်အဖြစ်သာ ချန်ထားခဲ့နိုင်တော့သည်။
လက်စွဲစာအုပ်၏ ဖော်ပြချက်အရ အကယ်၍ ဆယ်နှစ်အတွင်း ဝိညာဉ်ဆေးကြောခြင်းဆေးရည်ကို မရှာဖွေနိုင်ပါက ဤနတ်ဘုရားသတ်ပုစဉ်းရင်ကွဲမှာ လုံးဝ သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ကျန်းဟန် အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ဤနတ်ဘုရားသတ်ပုစဉ်းရင်ကွဲ လုံးဝ သေဆုံးရန်အတွက် နှစ်နှစ်ခန့်သာ အချိန်ကျန်တော့သည်။
ဖော်ပြချက်အရ ဤနတ်ဘုရားသတ်ပုစဉ်းရင်ကွဲ၏ အရည်အချင်းများမှာ သွေးအမျိုးအစားနှင့် ဆန်းကြယ်ခြင်းအမျိုးအစားဖြစ်သည့် သတ်ဖြတ်ခြင်းလမ်းစဉ်တို့ ဖြစ်ကြသည်။
၎င်းသည် ကြယ်ခုနစ်ပွင့် အလားအလာ ရှိရုံတင်မကဘဲ ထိတ်လန့်ဖွယ်ကောင်းသော ဆန်းကြယ်အမျိုးအစား ပင်ကိုယ်ပါရမီစွမ်းရည်ဖြစ်သည့် စစ်နတ်ဘုရားကိုလည်း ပိုင်ဆိုင်ထားသည်။
၎င်းကို ဤသို့ ဖော်ပြထားသည်။
တိုက်ပွဲအတွင်း တိုက်ခိုက်လိုစိတ် ရှိနေသရွေ့ ၎င်းသည် ဘယ်တော့မှ သေဆုံးမည်မဟုတ်ပေ။
ဆိုလိုသည်မှာ ၎င်းတွင် တိုက်ခိုက်လိုစိတ် ရှိနေပြီး ဆက်လက်တိုက်ခိုက်နေသရွေ့ တိုက်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာအားလုံးက သက်ရောက်မှုရှိမည်မဟုတ်ပေ။ သေစေနိုင်သော ဒဏ်ရာများကိုပင် ကြံ့ကြံ့ခံနိုင်မည် ဖြစ်သည်။ တစ်စက္ကန့်အတွင်း ၎င်းကို ပြာအဖြစ်သို့ လုံးဝပြောင်းလဲပစ်နိုင်မှသာ သေဆုံးပေလိမ့်မည်။
ဤစစ်နတ်ဘုရာ ပါရမီစွမ်းရည်သည် ၎င်းအား အဆက်မပြတ် တိုက်ခိုက်နိုင်စွမ်းကို ပေးစွမ်းပြီး ၎င်းက သက်ရှိတစ်ခုခုကို သတ်ဖြတ်လိုက်သည်နှင့် သတ်ဖြတ်လိုစိတ်နှင့် သွေးများကို စုပ်ယူကာ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကို ကုသနိုင်ပြီး ပိုမိုအစွမ်းထက်လာစေနိုင်ပေသည်။
ဤစစ်နတ်ဘုရား ပင်ကိုယ်ပါရမီတစ်ခုတည်းနှင့်တင် ၎င်းသည် မည်မျှအထိ ထိတ်လန့်ဖွယ်ကောင်းကြောင်း ပြောနိုင်ပေသည်။
အကယ်၍ ဤအချက်သာ အပြင်သို့ ပေါက်ကြားသွားပါက ၎င်းသည် လူတိုင်း လုယူချင်ကြမည့် အထွတ်အထိပ်သားရဲတစ်ကောင် သေချာပေါက် ဖြစ်လာလိမ့်မည်။
မွေးမြူရေးပညာရှင် ယန်ခိုင် ကိုယ်တိုင် အသက်ပြန်ရှင်လာရင်တောင်မှ နောက်ထပ် နတ်ဘုရားသတ်ပုစဉ်းရင်ကွဲ တစ်ကောင်ကို ထပ်မံမွေးမြူရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။
မွေးမြူရေးလက်စွဲစာအုပ်ထဲက သူ့၏မှတ်တမ်းများအရ ဤနတ်ဘုရားသတ်ပုစဉ်းရင်ကွဲသည် မူလက သာမန် သွေးဓားပုစဉ်းရင်ကွဲအသိုက်တစ်ခုမျှသာ ဖြစ်သည်။
စမ်းသပ်မှုပြုလုပ်နေစဉ်အတွင်း သူသည် အန္တာတိကတိုက်မှ ကျဆင်းလာခဲ့သည့် ဥက္ကာခဲတစ်ခုမှ စွမ်းအားကို အသုံးပြု၍ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်ပြီး ၎င်းက နောက်ဆုံးတွင် ပုစဉ်းရင်ကွဲကို ဗီဇပြောင်းလဲသွားစေကာ ယခုကဲ့သို့ နတ်ဘုရားသတ်ပုစဉ်းရင်ကွဲကို ရရှိလာစေခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဤကမ္ဘာပေါ်တွင် တစ်ကောင်တည်းသာရှိပြီး နောက်ထပ် ပုံတူမရှိတော့သည့် သားရဲတစ်ကောင်ဖြစ်သလို သူ၏ဘဝတစ်ခုလုံးစာ အထူးချွန်ဆုံး လက်ရာတစ်ခုလည်း ဖြစ်သည်။
“တကယ့်ကို အံ့သြစရာကောင်းတဲ့ လက်ရာမွန်ပဲ။”
ကျန်းဟန်သည် သူ့လက်ထဲရှိ ပယင်းတုံးထဲက သေးငယ်လှသော နတ်ဘုရားသတ်ပုစဉ်းရင်ကွဲကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
ဤနတ်ဘုရားသတ်ပုစဉ်းရင်ကွဲက တကယ့်ကို အံ့ဩဖို့ကောင်းလွန်းလှရာ သူသည် ထိုဝိညာဉ်ဆေးကြောခြင်းဆေးရည်ကို ရှာဖွေပြီး နောက်ဆုံးတွင်ပင် ဤနတ်ဘုရားသတ်ပုစဉ်းရင်ကွဲကို လွှတ်ပေးနိုင်မည့် အခွင့်အရေး ရှိ၊ မရှိပင် သူ မသိတော့ပေ။
ဤပယင်းတုံးသည် ရှင်းလင်းစွာပင် နေရာလွတ် ဂုဿ်သတ္တိများကိုလည်း ပိုင်ဆိုင်ထားသည်။
ဖော်ပြချက်အရ ဤနတ်ဘုရားသတ်ပုစဉ်းရင်ကွဲသည် အမြင့် သုံးမီတာရှိပြီး ကျောပေါ်တွင် သွေးကဲ့သို့ နီရဲသော အတောင်ပံ လေးစုံ ရှိကာ ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားထည်ဝါပြီး အာဏာစက် ပြင်းထန်လှသည်။
ဤအရာများအပြင် ကျန်းဟန်က အလွန်ထူသော မွေးမြူရေးလက်စွဲစာအုပ်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သေးသည်။
ဤစာအုပ်ငယ်သည် အလွန်ရှည်လျားပြီး အသိပညာ ဗဟုသုတများစွာကို မှတ်တမ်းတင်ထားသဖြင့် သူ အချိန်တိုအတွင်း အပြီးဖတ်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ထိုမုတ်ဆိတ်ရှည်လူအိုကြီး အသုံးပြုသွားခဲ့သည့် သတ္တုသေတ္တာထဲတွင် ဘာရှိနေခဲ့သည်ကိုမူ ယခုအခါ သူ သိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ယန်ခိုင်၏ မွေးမြူရေးဆိုင်ရာ အခြားအသွင်အပြင်တစ်ခုက သုတေသနရလဒ်တစ်ခု ဖြစ်သည်။
အမြွှာသားရဲများအပြင် ယန်ခိုင်သည် အမြွှာပူး မွေးမြူခြင်းနှင့် အမြောက်အမြား ပြုစုခြင်းဟု ခေါ်သည့် အထူးမွေးမြူရေးနည်းလမ်းတစ်ခုကိုလည်း သုတေသနပြုခဲ့သေးသည်။
ဤမွေးမြူရေးနည်းလမ်းသည်လည်း အမြွှာသားရဲများကို သုတေသနပြုရာမှ ရရှိလာသော စိတ်ကူးစိတ်သန်းတစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် အဆင့်မြင့် ဝိညာဉ်ပင်တစ်ပင်ကို တစ်ကိုယ်တော် မွေးမြူရန်မှာ အလွန်ခက်ခဲလှသည်။
ယန်ခိုင် တွေးမိခဲ့သည့် နည်းလမ်းမှာ အစပိုင်းတွင် အဆင့်နိမ့် ဝိညာဉ်ပင် အုပ်စုလိုက်ကို အရင်စိုက်ပျိုးပြီး ထို့နောက် သူ ဖော်ထုတ်ထားသည့် နည်းလမ်းကို အသုံးပြုကာ ၎င်းတို့၏ အမြစ်များကို အတူတူ ကိုင်းကူးပေးလိုက်သည်။ ထို့နောက် စတေးခြင်းနှင့် ဆင်တူသည့် နည်းလမ်းကို အသုံးပြုကာ ထိုဝိညာဉ်ပင်များထဲက တစ်ပင်ကို အခြားအပင်များအား အဆက်မပြတ် စုပ်ယူစေခြင်းဖြင့် နောက်ဆုံးတွင် အဆင့်မြင့် ဝိညာဉ်ပင်တစ်ပင်ကို မွေးမြူလိုက်ခြင်း ဖြစ်သည်။
၎င်းတွင် ကိုင်းဆက်ကူးနည်း၊ စတေးခြင်းဖြင့် ဓာတ်ကူလှုံ့ဆော်ပုံ စသည့် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များစွာ ပါဝင်ပြီး ထိုအရာများအားလုံးမှာ ကျယ်ပြောလှသော ပညာရပ်နယ်ပယ်များ ဖြစ်ကြသည်။
ကျန်းဟန်သည် လောလောဆယ်တွင် ၎င်းကို နားမလည်နိုင်သေးဘဲ လုံးဝ ဇဝေဇဝါ ဖြစ်နေရုံသာ ရှိသည်။
သို့သော် အထက်ပါ ဖော်ပြချက်များအရ ဤနည်းလမ်းကို အသုံးပြု၍ အဆင့်မြင့် ဝိညာဉ်ပင်များကို စိုက်ပျိုးခြင်းက ပိုမိုရိုးရှင်းပြီး ကုန်ကျစရိတ်လည်း ပိုမိုသက်သာကြောင်း ကျန်းဟန် သိရှိသွားခဲ့သည်။
ထိုသတ္တုသေတ္တာအတွင်း၌ ရှိနေခဲ့သည်မှာ ယန်ခိုင် ထိုနည်းလမ်းကို အသုံးပြု၍ စိုက်ပျိုးထားခဲ့သော အဆင့် ၅ ဉာဏ်အလင်းပွင့်မြက်ပင် ဖြစ်သည်။
ဉာဏ်အလင်းပွင့်မြက်ဆိုသည်မှာ သားရဲတစ်ကောင်၏ ဉာဏ်ရည်ကို တိုက်ရိုက်ပွင့်လန်းစေနိုင်ပြီး ၎င်း၏ အလားအလာကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့် ရှားပါးဝိညာဉ်ပင်ဖြစ်ကာ အဆင့်မြင့်လေလေ စိုက်ပျိုးရန် ခက်ခဲလေလေ ဖြစ်သည်။
“နှမြောစရာကောင်းလိုက်တာ။ အဆင့် ၅ ဉာဏ်အလင်းပွင့်မြက်ကို သုံးလိုက်ပြီပဲ။”
ကျန်းဟန်က နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။
သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် ၎င်းကို ထိုလျှပ်စစ်သံလိုက် သားရဲက အသုံးပြုသွားခဲ့ခြင်း ဖြစ်ရမည်။
ထိုလျှပ်စစ်သံလိုက် သားရဲသည် တိုက်ပွဲနှင့် အခြားသော အသွင်အပြင်များတွင် အလွန်ထူးချွန်ပြောင်မြောက်ခဲ့ပြီး အထူးသဖြင့် လျှပ်စစ်သံလိုက်စက်ကွင်းကို ၎င်း၏အသုံးချပုံမှာ ဆရာကြီးတစ်ဆူအဆင့်နီးပါးပင် ဖြစ်သည်။
သို့သော်လည်း သူဘာမှမတတ်ပေ။ ဤမွေးမြူရေးပညာရှင်၏ အမွေအနှစ်ကို ရရှိနိုင်ခဲ့ခြင်းကပင် ကျန်းဟန်အတွက် ကြီးမားလှသော ကံကောင်းမှုတစ်ခု ဖြစ်နေပြီဖြစ်ရာ သူ ထို့ထက်ပို၍ လောဘမတက်နိုင်တော့ပေ။
“ကျန်းဟန် ထမင်းစားဖို့ အချိန်ကျပြီ။”
ကျန်းဟန် စာအုပ်ကို ဆက်ဖတ်ရန် ပြင်နေစဉ်မှာပင် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က တံခါးခေါက်ပြီး သူ့ကို ထမင်းစားရန် လှမ်းခေါ်လိုက်သည်။
“လာပြီ...အစ်မရှောင်ယွဲ့။”
ကျန်းဟန်က ပြန်ထူးလိုက်ပြီး မွေးမြူရေးလက်စွဲစာအုပ်နှင့် ပယင်းတုံးထဲက နတ်ဘုရားသတ်ပုစဉ်းရင်ကွဲတို့ကို သိုလှောင်သေတ္တာထဲသို့ ထည့်လိုက်သည်။
ဤမွေးမြူရေးလက်စွဲစာအုပ် ရှိနေခြင်းအပြင် အပြင်လောကတွင် တကယ်ရှိနေသည့် အဆင့်မြင့်မွေးမြူရေးပညာရှင်တစ်ဦးဖြစ်သော စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့လည်း ရှိနေသဖြင့် ကျန်းဟန်သည် သူ၏မွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများမှာ အလွန်လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု ခံစားလိုက်ရသည်။
“မင်း အခန်းထဲမှာ ဘာလုပ်နေတာလဲ။”
ကျန်းဟန် အောက်ထပ်သို့ ဆင်းလာသောအခါ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က သူ့ကို လက်လှမ်းပြရင်း ပြုံးကာ မေးလိုက်သည်။
“စာဖတ်ပြီး ဗဟုသုတအချို့ ဖြည့်စွက်နေတာပါ။”
ကျန်းဟန်က သူ့လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
“မင်းလိုမျိုး အထီးကျန်မှုကို ကြံ့ကြံ့ခံနိုင်တဲ့ လူငယ်တွေ သိပ်မရှိတော့ဘူး။”
စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က ပြုံးလိုက်ပြီး ကျန်းဟန်ကို ထမင်းစားရန် အချက်ပြလိုက်သည်။
သူမသည် နောက်ဖေးခြံရှိ သုတေသနဥယျာဉ်ထဲက ဂင်ဂိုသစ်ပင် အောက်တွင် စားပွဲတစ်လုံးကို ပြင်ဆင်ထားပြီး စားပွဲပေါ်၌ ဟော့ပေါ့အိုးအသေးလေးတစ်အိုးနှင့်အတူ အစားအသောက်မျိုးစုံကို အပြည့်အစုံ ချထားပေးခဲ့သည်။
ဆောင်းဦးနှောင်းပိုင်း ညနေခင်းတစ်ခုတွင် သစ်ပင်အောက်၌ ဟော့ပေါ့စားရခြင်းမှာ တကယ့်ကို စိတ်ချမ်းမြေ့စရာ အပန်းဖြေမှုတစ်ခုပင်။
ကျန်းဟန်လည်း အားနာမနေတော့ဘဲ တူကို ကိုင်ကာ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့နှင့် စကားစမြည်ပြောရင်း မြိန်ယှက်စွာ စားသောက်လိုက်တော့သည်။