အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း ၁၄၇
မိုးကြိုးတောင်သို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် မိုးကြိုးပစ်ခတ်မှုနည်းပါးပြီး စွန့်စားသူအလာနည်းသော နေရာတစ်ခုကို ရှာဖွေလိုက်သည်။ ထိုနေရာသည် ဟုတ်ဟုတ်အတွက် အနှောင့်အယှက်မရှိဘဲ အေးဆေးငြိမ်သက်စွာ နေနိုင်မည့် နေရာကောင်းတစ်ခု ဖြစ်သည်။
ကျန်းဟန်သည် ဟုတ်ဟုတ်ကို ကင်းစောင့်ခိုင်းထားပြီးနောက် လိုအပ်မည့်ပစ္စည်းများကို စတင်ပြင်ဆင်လိုက်တော့သည်။
ပထမဦးစွာ သူသည် ပျော်ရည်အဖြစ် အသုံးပြုရန် ၅၀၀ မီလီလီတာဆန့် ဆေးရည်ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် သွေးဝိညာဉ်ပုံဆောင်ခဲတစ်တုံးကို ထုတ်ကာ ကျောက်ခဲအသေးစားလေးများအဖြစ် ကြိတ်ခြေပြီး ဆေးရည်ထဲသို့ လောင်းထည့်လိုက်သည်။ ၎င်းနောက်တွင် သွေးကြောသစ်သီးနှင့် ဖီးနစ်သွေးသစ်သီးတို့ကို ဆက်တိုက်ထည့်လိုက်သည်။
သွေးကြောသစ်သီးဆိုသည်မှာ အဆင့် ၃ အမျိုးအစား အထောက်အကူပြု ဝိညာဉ်သစ်သီးတစ်မျိုးဖြစ်ပြီး ၎င်း၏လုပ်ဆောင်ချက်မှာ အထူးသဖြင့် သွေးအမျိုးအစား ကုန်ကြမ်းပစ္စည်းများ၏ စွမ်းအင်အာနိသင်ကို ပိုမိုမြင့်တက်လာစေရန် ဖြစ်သည်။
သွေးကြောသစ်သီးနှင့် ဖီးနစ်သွေးသစ်သီးတို့ကို တိုက်ရိုက်ခြေမွကာ ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပြီးနောက် ဆေးရည်ဖော်စပ်မှုမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
“လာ...ဟုတ်ဟုတ်...ဒီဆေးရည်ကို ကုန်အောင်သောက်လိုက်။”
ကျန်းဟန်သည် ဟုတ်ဟုတ်ကို လှမ်းခေါ်ပြီး ဆေးခွက်ကို ညွှန်ပြလိုက်သည်။
ဆေးရည်မှ ပျံ့လွင့်လာသော မွှေးရနံ့ကို ရရှိလိုက်သောအခါ ဟုတ်ဟုတ်သည် မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိပြီး ခေါင်းငုံ့ကာ ဆေးရည်တစ်ခွက်လုံးကို တစ်ကျိုက်တည်းနှင့် အကုန်သောက်ချလိုက်တော့သည်။
ဆေးရည်များ ဗိုက်ထဲရောက်သွားပြီး မကြာမီမှာပင် ဟုတ်ဟုတ်၏ခန္ဓာကိုယ်မှ ပူပြင်းသော သွေးနီရောင်မြူခိုးများ ထွက်ပေါ်လာပြီး ၎င်းကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။ ကျန်းဟန်သည် မီတာအနည်းငယ်အကွာမှပင် လောင်မြိုက်မတတ် ပူပြင်းသည့် ခံစားချက်ကို ခံစားနေပြီး ၎င်းမှာ ဖီးနစ်သွေးသစ်သီး၏ အာနိသင်ကြောင့်ဖြစ်ကြောင်း သိလိုက်သည်။
ဖီးနစ်သွေးသစ်သီး၏ ပြန်လည်ဝင်စားခြင်း အာနိသင်က ဆေးရည်အတွင်းရှိ စွမ်းအားများကို ပိုမိုသန့်စင်သွားစေသည်။ သွေးရောင်မြူခိုးများသည် နာရီဝက်ခန့် ကြာမြင့်ပြီးနောက် တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ကျန်းဟန် မြင်တွေ့လိုက်ရသည်မှာ ပြန်လည်အသက်ဝင်လာသည့် မျက်နှာဝိုင်း ကြက်ဝတုတ်ကြီးတစ်ကောင်ပင် ဖြစ်သည်။
၎င်း၏မျက်လုံးများသည် စူးရှထက်မြက်ပြီး စွမ်းအင်အပြည့် ရှိနေကာ ကြောင်မျက်နှာနှင့်တူသော ၎င်း၏မျက်နှာကြီးမှာ ချစ်စရာကောင်းနေသော်လည်း တစ်ဖက်တွင်လည်း တည်ငြိမ်အေးစက်သော အငွေ့အသက်ကို ဆောင်ကျဥ်းနေခဲ့သည်။ ဟုတ်ဟုတ်သည် အပြည့်အဝ ပြန်လည်ကျန်းမာလာရုံသာမက ယခင်ကထက်ပင် ပိုမိုကောင်းမွန်လာခဲ့သည်။
ကျွတ်ကျသွားခဲ့သော အမွှေးအတောင်များ ပြန်ပေါက်လာရာတွင်လည်း မူလကကဲ့သို့ မီးခိုးရောင် မဟုတ်တော့ဘဲ အနက်ရောင်နှင့် အနီရောင် ရောယှက်နေပြီး ခန္ဓာကိုယ်အနှံ့ ပြီးပြည့်စုံသော အချိုးအစားဖြင့် ဖြန့်ကျက်တည်ရှိနေခဲ့သည်။
ဟုတ်ဟုတ်၏ လက်ရှိအရပ်အမြင့်မှာ တစ်မီတာအပြည့် ရှိနေပြီး တောင်ပံများကို ဖြန့်လိုက်မည်ဆိုပါက တောင်ပံဖြန့်အလျားမှာ သုံးမီတာ သို့မဟုတ် လေးမီတာခန့် ရောက်နိုင်စရာ ရှိသည်။ ၎င်း၏ ကျင့်စဉ်အဆင့်သည်လည်း ခေါင်းဆောင်အဆင့်၏ အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
“ဂူးးးး ဂူးးးး”
ဟုတ်ဟုတ်က နှစ်ချက်တွန်ကျူးလိုက်ပြီး ၎င်း၏အခြေအနေ ကောင်းမွန်ကြောင်း အချက်ပြလိုက်သည်။
“ကောင်းပြီ အဆင်သင့်ပြင်ထားတော့...။ ငါ မင်းကို စိတ်ဝိညာဉ်ချီစွမ်းအင် ထည့်သွင်းပေးတော့မယ်။”
ကျန်းဟန်က ခေါင်းညိတ်ရင်း ဟုတ်ဟုတ်ကို ကြည့်ကာ ပြောလိုက်သည်။
သူသည် ဟုတ်ဟုတ်အား မိမိ၏ ပါရမီစွမ်းရည်ဖြစ်သော စိတ်ဝိညာဉ်ချီစွမ်းအင်ကို ပေးအပ်ရန် လက်ကို မြှောက်လိုက်သည်။ ကျန်းဟန်၏ အချက်ပြမှုကို ရရှိပြီးနောက် ဟုတ်ဟုတ်သည် ဝိညာဉ်စွမ်းအားများကို မှုတ်ထုတ်လိုက်ပြီး စွမ်းရည်ကျောက်ပြားပေါ်သို့ စွမ်းအင်များ ပေါင်းစပ်လိုက်တော့သည်။
ဟုတ်ဟုတ်၏ ဦးဆောင်မှုအောက်တွင် စွမ်းရည်ကျောက်ပြားမှ ပိုင်ရှင်မဲ့ သွေးရောင်ဝိညာဉ်စွမ်းအား အလင်းတန်းတစ်ခုသည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး သွေးရောင်ဒုဓလီပန်း၏ ဝိညာဉ်စွမ်းအားမျိုးစေ့ကို မည်သို့မည်ပုံ စုစည်းရမည်ကို ပြသရန်အတွက် ခန္ဓာကိုယ်အတွင်း အလိုအလျောက် လှည့်ပတ်စီးဆင်းပြတော့သည်။
ဤကဲ့သို့သော ပိုင်ရှင်မဲ့ ဝိညာဉ်စွမ်းအားသည် စွမ်းရည်ကို သုံးကြိမ်သာ သရုပ်ပြသနိုင်ပြီး သုံးကြိမ်ပြည့်ပါက လုံးဝလွင့်ပြယ်ပျောက်ကွယ်သွားတတ်သည်။ ၎င်းကို ထပ်မံလေ့လာလိုပါက စွမ်းရည်ကျောက်ပြားအသစ်တစ်ခု ထပ်မံလိုအပ်မည် ဖြစ်သည်။ ထူးခြားပြောင်မြောက်သော ဉာဏ်ပညာနှင့် တာအိုလမ်းစဉ်အပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှု မရှိပါက သုံးကြိမ်တည်းနှင့် တတ်မြောက်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ထို့ကြောင့်ပင် စွမ်းရည်ကျောက်ပြားများသည် ငွေကြေးအမြောက်အမြား ကုန်ကျစေခြင်း ဖြစ်သည်။ သာမန်စွမ်းရည်တစ်ခုအတွက် ကျောက်ပြားတစ်ချပ်လျှင် ငွေအနည်းငယ် သောင်းဂဏန်းသာ ကျသင့်နိုင်သော်လည်း သားရဲအများစုမှာ တစ်ကြိမ်တည်းနှင့် မတတ်မြောက်နိုင်ကြသဖြင့် ကျောက်ပြားအများအပြား လိုအပ်ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ အနည်းဆုံး တစ်သန်း သို့မဟုတ် ထိုထက်မက ရှိတတ်သည်။
ဟုတ်ဟုတ်သည် မွေးရာပါ ဉာဏ်ပညာကြီးမားသူဖြစ်ပြီး ကျန်းဟန်ကလည်း ၎င်း၏ နားလည်သဘောပေါက်မှုစွမ်းရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်သော စိတ်ဝိညာဉ်ချီစွမ်းအင် ပါရမီကို ထည့်သွင်းပေးထား၏။ သို့သော်ငြားလည်း ဟုတ်ဟုတ်အနေဖြင့် ၎င်းကို တတ်မြောက်နိုင်ပါ့မလားဆိုသည်ကို ကျန်းဟန် မသေချာသေးပေ။
စွမ်းရည်သရုပ်ပြမှုသည် လျင်မြန်စွာ ပြီးဆုံးသွားပြီးနောက် စွမ်းရည်ကျောက်ပြားမှာ အက်ကွဲကာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။ ဤစွမ်းရည်ကျောက်ပြားသည် ကိုးကြိမ်တိုင်တိုင် အသုံးပြုပြီးသားဖြစ်ပြီး ယခုအကြိမ်သည် ၎င်း၏ နောက်ဆုံးအကြိမ်မြောက် အသုံးပြုခြင်း ဖြစ်သည်။
ကျန်းဟန်သည် ဟုတ်ဟုတ်ကို ကြည့်လိုက်သော်လည်း ၎င်းတတ်မြောက်သွားခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။ သို့သော် တတ်မြောက်သည်ဖြစ်စေ၊ မတတ်မြောက်သည်ဖြစ်စေ သူတတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားပေးခဲ့ပြီးပြီ ဖြစ်သည်။
မြူခိုးအဖွဲ့အစည်းသည် မတတ်တတ်အောင် အာမခံချက်ပေးသော ဝန်ဆောင်မှုမျိုးကို ပေးဆောင်ထားသော်လည်း ၎င်းအတွက် ထောက်ပံ့မှုအမှတ် ၅၀၀ လိုအပ်သည်။ ထိုဝန်ဆောင်မှုသည် အဖွဲ့ဝင်အား တတ်မြောက်သည်အထိ စွမ်းရည်ကျောက်ပြားအသစ်များကို ဆက်တိုက်ပံ့ပိုးပေးမည့် ဝန်ဆောင်မှု ဖြစ်သည်။
သို့သော် ကျန်းဟန်အနေဖြင့် ထိုကဲ့သို့သော ဝန်ဆောင်မှုကို မတတ်နိုင်ပေ။ ထောက်ပံ့မှုအမှတ် ၅၀၀ ဆိုသည်မှာ ငွေငါးသန်းနှင့် ညီမျှသည်။ အကယ်၍ သူသည် ပိုင်လင်းကို မရောင်းချပါက ထိုမျှများပြားသော ငွေပမာဏကို အချိန်တိုအတွင်း ရှာဖွေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ဟုတ်ဟုတ်၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုစွမ်းရည်အပေါ်၌သာ လုံးလုံးလျားလျား အားကိုးရတော့မည် ဖြစ်သည်။
နာရီဝက်တိတိ ကြာပြီးနောက်တွင် ဟုတ်ဟုတ်သည် ၎င်း၏မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ ၎င်းသည် အဝေးရှိ သစ်တောအုပ်ထဲမှ ဖြတ်သန်းသွားလာနေသည့် လျှပ်စီးအစင်းကြောင်းယုန် တစ်ကောင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ၎င်း၏ သွေးရောင်မျက်လုံး သူငယ်အိမ်များ ဝင်းခနဲဖြစ်သွားကာ သွေးအရိပ်တစ်ခုကို စုစည်းပြီး ပစ်လွှတ်လိုက်တော့သည်။
လျှပ်စီးအစင်းကြောင်းယုန်သည် သွေးအရိပ်ကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွားပြီး အတင်းထွက်ပြေးရင်း စိတ်ထဲမှ ကျိန်ဆဲနေမိ၏။
ငါက အဆင့် ၁ ရှိတဲ့ ယုန်ပေါက်လေးပဲ။ မင်းကိုလည်း ဘာမှမလုပ်ရပါဘဲနဲ့ ဘာလို့ ငါ့ကို လာတိုက်ခိုက်ရတာလဲ။
သို့သော် ဟုတ်ဟုတ်ကမူ ထိုမျှအထိ တွေးမနေခဲ့ပေ။ လျှပ်စီးအစင်းကြောင်းယုန်သည် မိမိခန္ဓာကိုယ်ကို သွေးအရိပ် လာရောက်ရိုက်ခတ်သွားသည်ကို ကြည့်ရင်း စိတ်ထဲမှ အော်ဟစ်လိုက်မိ၏။ မကြာမီမှာပင် ၎င်း၏ခန္ဓာကိုယ်ပေါ်၌ သွေးရောင်အပင်များ ပေါက်ရောက်လာပြီး နှစ်စက္ကန့်အကြာတွင် လျင်မြန်စွာ ပွားများလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးအစင်းကြောင်းယုန်သည် ပျောက်ကွယ်သွားခဲ့ပြီး သွေးရောင်ဒုဓလီပန်းများဖြင့် ဖုံးလွှမ်းနေသည့် အရိုးစုတစ်ခုသာ ကျန်ရစ်တော့သည်။
မကြာမီ ဒုဓလီပန်းများ ပွင့်အာလာပြီး မြေပြင်ပေါ်သို့ လွင့်ပျံကျလာခဲ့ကာ ယုန်ပေါက်လေးမှာလည်း အသက် လုံးဝပျောက်ကွယ်သွားခဲ့ရရှာသည်။
“မိုက်တယ်... မင်း တတ်သွားပြီပဲ ဟုတ်ဟုတ်။”
ကျန်းဟန်က ဝမ်းသာအားရဖြင့် ဟုတ်ဟုတ်၏လည်ပင်းကို ဖက်လိုက်သည်။
“ဂူး... ဂလူး...”
ဟုတ်ဟုတ်သည် ကျန်းဟန်ကို စိတ်မရှည်သလို တွန်းဖယ်လိုက်ပြီး အလွန်အမင်း မာန်တက်နေသည့် ပုံစံဖြင့် ‘ဒီလိုစွမ်းရည်မျိုးကို ငါတတ်သွားတာ သဘာဝကျပါတယ်။ ဒီလောက်တောင် ဝမ်းသာနေဖို့ လိုလို့လား’ ဟု ပြောနေသည့်အလား ပြုမူနေခဲ့သည်။
အမှန်စင်စစ် ၎င်းကိုယ်တိုင်လည်း အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းသာ မတတ်မြောက်ခဲ့ပါက ကျန်းဟန်၏ ကြိုးစားအားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားမည်ကို သူ စိုးရိမ်နေခဲ့သည်။ ကျန်းဟန်သည် ဤစွမ်းရည်နှင့် လဲလှယ်ရန်အတွက် ဆယ်ရက်ဆက်တိုက် မိုးကြိုးသံလက်ဖက်များကို လိုက်လံစုဆောင်းခဲ့ရခြင်းဖြစ်ရာ ၎င်းအနေဖြင့် အရှုံးမပေးနိုင်ခဲ့ပေ။
“ဟားဟား... ငါသိသားပဲ။ မင်းက ပါရမီထူးပြီး ဉာဏ်ကောင်းပါတယ် ဟုတ်ဟုတ်။ မင်း တကယ်ပဲ ငါ့ကို စိတ်မပျက်စေဘူးပဲ။”
ကျန်းဟန်က အလွန်ဝမ်းသာအားရဖြင့် ရယ်မောလိုက်ပြီး မိမိ၏ စိတ်ဝိညာဉ်ချီစွမ်းအင်ပါရမီသည် ဤနေရာတွင် အလွန်အသုံးဝင်ကြောင်း သိလိုက်ရသည်။
“ဂူးဂူး...”
ဟုတ်ဟုတ်က ၎င်း၏ခေါင်းကို မြင့်မြင့်မော့လိုက်သည်။
‘ကျန်းဟန်... မင်း စိတ်မပူစမ်းပါနဲ့။ မင်းက နည်းနည်း အူကြောင်ကြောင်နိုင်ပေမဲ့ ငါ မင်းကို ကောင်းကောင်း ကာကွယ်ပေးပါ့မယ်။’
“ကောင်းပြီ... မင်းလည်း တတ်သွားပြီဆိုတော့ ငါတို့ သွားကြစို့။”
ကျန်းဟန်သည် မြေပြင်ပေါ်ရှိ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ကြေမွသွားသော စွမ်းရည်ကျောက်ပြားနှင့် သနားစရာကောင်းသော တောယုန်ရိုင်းလေးကို သစ်ပင်ကြီးတစ်ပင်အောက်တွင် မြှုပ်နှံပေးလိုက်သည်။
အမှန်တော့ သူသည် သနားဂရုဏာသက်၍ ဤသို့လုပ်ခြင်းမဟုတ်ဘဲ ဟုတ်ဟုတ်၏ ဤဖဲချပ်အသစ်ကို အခြားသူများအား မသိစေချင်သောကြောင့် ဖြစ်သည်။
အရာအားလုံး ပြီးစီးသွားသောအခါ ကျန်းဟန်သည် ဟုတ်ဟုတ်ကိုခေါ်၍ ပြန်လာခဲ့လိုက်သည်။
အပြန်လမ်းတွင် ဟုတ်သုတ်သည် သွေးရောင်ဒုဓလီစွမ်းရည်ကို လေ့ကျင့်ရန်အတွက် အဆင့် ၃ သားရဲအချို့ကို ရှာဖွေကာ တိုက်ခိုက်ခဲ့သည်။ ဤစွမ်းရည်သည် တကယ့်ကို ထူးချွန်ပြောင်မြောက်ပြီး တိုက်ပွဲများတွင် မကြာခဏ အံ့ဖွယ်အာနိသင်များ ရှိကြောင်း လက်တွေ့အချက်အလက်များက သက်သေပြနေခဲ့သည်။
ယခုရက်ပိုင်းတွင် မိုးကြိုးတောင်ပေါ်၌ သားရဲထိန်းချုပ်သူဦးရေ သိသိသာသာ နည်းပါးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူအများစုမှာ ကန်မြို့၏ အခြားတစ်ဖက်ရှိ သွေးနက်တွင်းကြီးသို့ ဆွဲဆောင်ခြင်းခံလိုက်ရသောကြောင့် ဖြစ်သည်။ မကြာသေးမီက ထိုနေရာတွင် သွေးဝိညာဉ်ပုတီးစေ့ အမြောက်အမြား ထွက်ပေါ်လာခဲ့ပြီး မိုးကြိုးအမျိုးအစား သားရဲများသည် သွေးအမျိုးအစား သားရဲများကို အသာစီးရနိုင်ပြီး ၎င်းတို့သည် ထိုနေရာတွင် အလွန်ရေပန်းစားနေခဲ့ရာ လူအများအပြား အာရုံပြောင်းသွားကြခြင်း ဖြစ်သည်။
ထို့ကြောင့် မကြာသေးမီက မိုးကြိုးတောင်ပေါ်၌ တိုက်ပွဲဖြစ်ပွားမှု လှိုင်းဂယက်များမှာ နည်းပါးသွားခဲ့သည်။ ကျန်းဟန်သည်လည်း ရက်အနည်းငယ်ခန့် အခြားသားရဲထိန်းချုပ်သူများနှင့် မဆုံတွေ့ခဲ့ရသဖြင့် ဟုတ်ဟုတ်အနေဖြင့် ယခင်ကကဲ့သို့ အမြဲတမ်း သတိကြီးကြီးထားနေရခြင်းမျိုး မဟုတ်ဘဲ စိတ်လွတ်ကိုယ်လွတ် လေ့ကျင့်နိုင်ခဲ့သည်။
ဤသို့ဖြင့် နောက်ထပ် သုံးရက် ကုန်လွန်သွားခဲ့သည်။ ထိုနေ့ မွန်းတည့်ချိန်တွင် ကျန်းဟန်သည် ယနေ့အတွက် လေ့ကျင့်ခန်းပြီးဆုံးသွားသော ပိုင်လင်းနှင့်အတူ ခရမ်းရောင်မိုးကြိုးတောင်ထွတ်မှ ဆင်းလာပြီး သူ၏ခိုလှုံရာစခန်းလေးဆီသို့ ပြန်လာခဲ့လိုက်သည်။
“ဟင်... ဒါက ဘယ်လိုဖြစ်ပြီး စွမ်းအင်လှိုင်းတွေ ဒီလောက် ရှုပ်ထွေးနေရတာလဲ။ လူအများကြီး အုပ်စုဖွဲ့ ချနေကြတာလား။”
မီတာ ၅၀၀ ခန့်အကွာမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများကြောင့် ကျန်းဟန် အံ့အားသင့်သွားခဲ့သည်။ ထိုနေရာက သူ၏ခိုလှုံရာစခန်းနှင့် မဝေးလှပေ။ သို့ပါလျက်နှင့် တစ်စုံတစ်ယောက်သည် ဤအနီးအနားတွင် အုပ်စုဖွဲ့ တိုက်ခိုက်နေကြ၏။ အထူးသဖြင့် ဤရက်ပိုင်းအတွင်း လူသူနည်းပါးနေချိန်တွင် ယခုကဲ့သို့ အုပ်စုဖွဲ့တိုက်ပွဲမျိုး မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။
“သွားမယ်... သွားကြည့်ကြရအောင်။”
ကျန်းဟန်က ဟုတ်ဟုတ်ကို လှမ်းကြည့်ရင်း ထိုဘက်သို့ လျှောက်သွားလိုက်သည်။ အကယ်၍ အခြားနေရာတွင် တိုက်ခိုက်ကြခြင်းဖြစ်ပါက သူ သွားကြည့်ချင်မှ သွားကြည့်မိမည်ဖြစ်သော်လည်း ယခုမူ မိမိအိမ်ရှေ့တည့်တည့်တွင် ဖြစ်နေသဖြင့် ဘာဖြစ်နေသည်ကို သိအောင် သွားကြည့်ရမည် ဖြစ်သည်။
မီတာ ၅၀၀ အကွာအဝေးမှာ မဝေးလှသဖြင့် မကြာမီမှာပင် ကျန်းဟန်သည် တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။ တိုက်ခိုက်နေကြသည့် နှစ်ဖက်စလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူ အနည်းငယ် အံ့သြသွားမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအုပ်စုထဲမှ တစ်စုကို သူ သိနေသောကြောင့်ပင်။
“သူတို့က ဘာလို့ ဒီကို ရောက်နေတာလဲ။”
ကျန်းဟန်၏ စိတ်ထဲတွင် လှုပ်ခတ်သွားသော်လည်း ချက်ချင်း ထွက်မသွားသေးဘဲ အခြေအနေကို အကဲခတ်ရန်အတွက် ဦးစွာ စောင့်ကြည့်နေလိုက်သည်။