အခန်း ၁၄၅၉
Vol. 98 Ch. 1459
အခန်း ၁၄၅၉: လိပ်ပြာလွင့်မတတ်! ၂
Dominica လန့်သွားသည်။
Chris နှင့် Quelda ၏အင်အားကိုသူသိသည်။ သူ့လောက်မသန်မာသော်လည်း နိုင်ငံတကာလူဆိုး၊သူခိုးဟူသောနာမည်နှင့်လိုက်သည်။
သူအံ့ဩနေစဉ် ကျွမ်းလုံနှင့်လီရှန်က သူ့ရှေ့ရောက်လာပြီဖြစ်သည်။ သူကအမှတ်တမဲ့လှုပ်ရှားရန်ပြင်လိုက်သော်လည်း ထိုနှစ်ယောက်ကသူ့ကိုချုပ်ထားလိုက်သည်။
ထို့နောက် သူ့ဝမ်းဗိုက်တွင် လက်သီးစာများဆက်တိုက်အကျွေးခံရသည်။ သူမတုံ့ပြန်နိုင်ခင် သူ့တကိုယ်လုံးတောင့်တင်းသွားပြီး သွေးအန်ထွက်ကာ မြေပေါ်လဲကျသွား၏။ သူမလှုပ်နိုင်တော့။
အချိန်တိုအတွင်း နိုင်ငံတကာတွင်နာမည်ကြီးနေသော Dominica၊ Chris နှင့် Quelda တို့ကို ရှင်းလင်းပြီးသွားသည်။
နိုင်ငံတကာရာဇဝတ်ကောင်၊ ကြေးစား၊ သူခိုးဓားပြ၊ အမဲလိုက်သူများသာ ဒီမြင်ကွင်းကိုမြင်ရင် လိပ်ပြာလွင့်မတတ်ဖြစ်သွားမည်။
Dominica၊ Chris နှင့် Quelda တို့လည်း လိပ်ပြာလွင့်သွားသည်။ သူတို့အချင်းချင်း၏အင်အားကို သူတို့သိသည်။
မဟုတ်ရင် နိုင်ငံတကာအမြင်ကိုလွှမ်းမိုးနိုင်မည်မဟုတ်။ နာမည်ကြီးလွန်း၍ FBI နှင့်နိုင်ငံတကာရဲများတောင် မတတ်နိုင်ကြ။
သို့သော် အခုဒီလူနှစ်ယောက်နှင့်ရင်ဆိုင်ရမှ နည်းနည်းလေးတောင် ပြန်မခုခံနိုင်တော့။
ချင်းလင်ဓာတ်ခွဲခန်းမှာ ဒီလောက်ထူးဆန်းပြီးကြောက်စရာကောင်းတဲ့လူတွေ ဘယ်လိုလုပ်ရှိနေတာလဲ?
အလုပ်ရှင်က မစ်ရှင်ထဲမှာဒီအကြောင်းထည့်မပြောခဲ့။ ပြောရင် သူလာမည်မဟုတ်ပေ။ အနည်းဆုံးတော့ မလာခင်အရင်စုံစမ်းခဲ့လိမ့်မည်။
မာဟုန်လည်းလျှောက်လာပြီး တခြားသူများကိုပြောလိုက်သည်_
"အရင်ဆုံး သူတို့ကိုခေါ်သွားပြီး ဘယ်သူဘယ်ဝါလဲစုံစမ်းကြ''
တခြားသူများက ခေါင်းညိမ့်ပြီး Dominica တို့ကိုလက်ထိပ်ခတ်ကာ ချင်းလင်ရှုမျှော်ခင်းရဲစခန်းသို့တန်းခေါ်သွားသည်။
ဘာပဲဖြစ်ဖြစ် ထိုနေရာက စစ်ဆေးမေးမြန်းပြီး ယာယီထိန်းသိမ်းရန်အသင့်တော်ဆုံးနေရာပင်။
ချင်းလင်ရှုမျှော်ခင်းရဲစခန်း_
ခေါင်းဆောင်ဟုန် အလုပ်ရှုပ်နေသည်။
သို့သော် လုပ်သက်ရင့်လာပြီဖြစ်၍ ငြီးငွေ့ခြင်းမရှိ။ သူ့မှာ နိုင်ငံတကာအဆင့် ၃ ယောက်ရထားသောကြောင့် ရာထူးတိုးခံရပြီး အားအင်များပြည့်ဝနေသည်။
အရင်က ရွေးချယ်မှုမှန်ခဲ့သည့်အတွက် ဝမ်းသာမိသည်။
အစပိုင်း ရုံချန်းက ချင်းလင်ရှုမျှော်ခင်းသို့ ရှုမျှော်ခင်းပတ္တရောင်လှည့်သောအဖွဲ့ပို့ချင်သော်လည်း ကင်းလှည့်ရဲများ၏ဂုဏ်မှာ ရှုမျှော်ခင်းနှင့်ဆက်စပ်နေတတ်သောကြောင့် လူအများစုက ချီတုံချတုံဖြစ်ခဲ့သည်။
ရှုမျှော်ခင်းပတ္တရောင်အဖွဲ့မှာ သက်သောင့်သက်သာနေရသော်လည်း အသိအမှတ်ပြုခံရဖို့မလွယ်။ ကြီးကြီးမားမားဖြစ်လာဖို့က မဖြစ်နိုင်သလောက်ပင်။
အများစုမှာ ခရီးသည်အချင်းချင်းကြားဖြစ်တတ်သော သာမန်အငြင်းပွားမှုလေးများသာဖြစ်သည်။ ဒီလိုကိစ္စမျိုးဘယ်လောက်ရှင်းရှင်း ပြည်သူ့ရေးရာဌာနသို့ရောက်ရှိသွားမည်ဖြစ်၍ အကန့်အသတ်ရှိနေသည်။
သူချင်းလင်ရှုမျှော်ခင်းသို့လာရန်ဆုံးဖြတ်ခဲ့ခြင်းမှာ အားလုံးအံ့ဩရလောက်အောင်ဖွံ့ဖြိုးသောနေရာဖြစ်သောကြောင့်ပင်။ မကြာမီ လုံခြုံရေးရုံးတည်ထောင်ပေးခဲ့ပြီး နောက်ပိုင်းရဲစခန်းဖြစ်လာသည်။
သူလည်း တောက်လျှောက်ရာထူးတိုးလာသည်။
အခုညွှန်မှူးဖြစ်နေသော်လည်း အလုပ်အတော်များများကို ကိုယ်တိုင်လုပ်ရသေးသည်။ ရှုမျှော်ခင်းအတွင်း ခရီးသည်များကိုစေ့စပ်ညှိနှိုင်းပေးမှုရလဒ်များကိုလည်း သေချာစောင့်ကြည့်ရသည်။
ဘာပဲဖြစ်ဖြစ် ရှုမျှော်ခင်းမှာ ဘာပြဿနာမှမဖြစ်စေချင်။
ခေါင်းဆောင်ဟုန်က ဖြန်ဖြေရေးကိစ္စများကြည့်နေစဉ် ရှုမျှော်ခင်းလုံခြုံရေးဝန်ထမ်းများက လူမည်းအမျိုးသားနှင့်အမျိုးသမီးစုံတွဲအားခေါ်လာသည်ကိုတွေ့ရသည်။
ရှုမျှော်ခင်းတွင် လူမည်းများတွေ့နေကျဖြစ်သည်။ အရင်ကတည်းက နိုင်ငံခြားခရီးသည်များလည်း စိတ်ဝင်စားကြသောကြောင့် လူမည်းများရှိတတ်သည်။
သို့ရာတွင် လုံခြုံရေးဝန်ထမ်းနှစ်ဦးကိုမြင်ပြီး ခေါင်းဆောင်ဟုန်ကချက်ချင်းမတ်တပ်ထရပ်ကာ ကြိုဆိုလိုက်သည်_
"ခင်ဗျားတို့ပါလား.. သူတို့က?''
ရှုမျှော်ခင်းဝန်ထမ်းများထဲတွင် အထက်လူများလွှတ်ထားသောထူးထူးခြားခြားပုဂ္ဂိုလ်များရှိမှန်း သူသိသည်။ ဒီနှစ်ယောက်လည်း အပါအဝင်ပင်။
အခုသူတို့ကိုယ်တိုင်ကြီးကြပ်ပြီး နိုင်ငံခြားသားနှစ်ယောက်ကိုခေါ်လာသည်။ ရုတ်တရက် သူအာရုံရနေသလိုလို။
တစ်ယောက်က စားပွဲပေါ်အိတ်ပစ်ချပြီး_
"လောလောဆယ် ဒီနှစ်ယောက်က ဘယ်သူတွေမှန်းမသိသေးဘူး... ဒါပေမဲ့ လူကောင်းတော့မဟုတ်ဘူး... နောက်မှရောက်လာတဲ့သူတွေရှိရင်ရှိဦးမယ်... စစ်ဆေးမေးမြန်းခန်းနဲ့ယာယီထောင်တစ်ခု ခင်ဗျားပြင်ထားသင့်တယ်''
ခေါင်းဆောင်ဟုန်က အမှတ်တမဲ့အိတ်ထဲမှပစ္စည်းများကိုကြည့်ပြီး ခေါင်းချွေးပြန်လာသည်။
ဒါဘာတွေလဲ သူသိသည်။ ခလုတ်တစ်ချက်နှိပ်လိုက်ရင် ကားတစ်စီးလုံးဖောက်ခွဲပစ်နိုင်သည်။
"သော*က် သော*က် သော*က်!''
ခေါင်းဆောင်ဟုန်က သတိလက်လွတ်ဆဲပစ်လိုက်သည်။
ဒါတွေဒီလောက်အများကြီး ဒီနှစ်ယောက်က ဘာလုပ်တာလဲ? Optimus Prime နဲ့ Megatron ကိုသ*တ်ချင်လို့လား?
လုံခြုံရေးဝန်ထမ်းနှစ်ဦးလည်း ကွန်ပျူတာထုတ်ပြီး အထူးဝဘ်ဆိုက်ထဲဝင်လိုက်သည်။ လျှို့ဝှက်နံပါတ်ထည့်၍ သုံးလေးခုအတည်ပြုပြီးနောက် စရှာတော့သည်...
ခဏအကြာ အပြင်မှကားအင်ဂျင်စက်သံကြားရသည်။
ခေါင်းဆောင်ဟုန်က ချက်ချင်းအပြင်ထွက်ကြည့်ရာ မာဟုန်တို့က နိုင်ငံခြားသားတချို့ခေါ်လာသည်ကိုတွေ့ရသည်။ သူတို့ကြည့်ရတာ အခြေအနေဆိုးဝါးနေပြီး မျက်နှာများဖြူဖျော့နေ၏။
ဒီလူတွေက စောစောကနှစ်ယောက်နှင့်ကြံရာပါတွေဖြစ်ကြောင်း ခေါင်းဆောင်ဟုန်တွေးစရာမလိုဘဲသိလိုက်သည်။ သူက ချက်ချင်းပင်_
"ခေါင်းဆောင်မာ... စစ်ဆေးမေးမြန်းခန်းအသင့်ဖြစ်ပါပြီ''
"အနှောင့်အယှက်ပေးရတာအားနာပါတယ် ခေါင်းဆောင်ဟုန်''
မာဟုန်ကခေါင်းညိမ့်ပြီး Dominica တို့ကို အထဲခေါ်သွားသည်။
ထိုအချိန်တွင် အရင်ရောက်နေသောလုံခြုံရေးဝန်ထမ်းနှစ်ဦးက မာဟုန်ကိုမြင်ပြီး မတ်တပ်ထရပ်လိုက်သည်။ တစ်ယောက်က Dominica ကိုကြည့်ကာ_
"ဒီလူက ခေါင်းဆောင်ပဲ... တခြားနှစ်ယောက်ရှိသေးတယ်... တစ်ဖွဲ့လုံးကိုဖမ်းမိလိုက်တာပဲ''
"ဘယ်သူတွေမှန်းသိရပြီလား?''
မာဟုန်ကမေးသည်။
လုံခြုံရေးဝန်ထမ်းကခေါင်းညိမ့်ပြီး_
"ဟုတ်ကဲ့.. ဒီမှာလည်း နှစ်ယောက်ဖမ်းမိထားပါတယ်... သူတို့ကနေ ဒီလူတွေအားလုံးအကြောင်းသိရတာပါ''
"ဒီထိပ်ပြောင်နဲ့လူက Dominica တဲ့... ကမ္ဘာ့နံပါတ်တစ်သူခိုး Mike ထက်ပိုပြီးအားကောင်းတယ် နာမည်ကြီးတယ်... ကမ္ဘာ့နံပါတ်တစ်အမဲလိုက်သူလို့လည်းသိကြတယ်... သူတို့အဖွဲ့ကကားမောင်းကျွမ်းပြီးတော့ ကိစ္စကြီးအတော်များများလုပ်ထားတာ''
ဘေးမှခေါင်းဆောင်ဟုန်လည်း နားထောင်ရင်းအံ့ဩနေသည်။
ထင်တဲ့အတိုင်း_
သူက ကမ္ဘာ့နံပါတ်တစ်သူခိုး Mike ထက်ပိုတော်သော ကမ္ဘာ့နံပါတ်တစ်အမဲလိုက်အဖွဲ့ဖြစ်နေသည်။
ဘာလို့ဒီလူတွေအားလုံး ရုံချန်းလာချင်ကြတာလဲ?
"တခြားနှစ်ယောက်ကိုလည်းစုံစမ်းကြည့်''
မာဟုန်ကပြောသည်_
"သူတို့က ဒီ Dominica နဲ့တဖွဲ့တည်းဟုတ်မယ်မထင်ဘူး''
လုံခြုံရေးဝန်ထမ်းကခေါင်းညိမ့်ပြီး Chris နှင့် Quelda ကိုဓာတ်ပုံများရိုက်လိုက်သည်။ ထို့နောက် သူ့ကွန်ပျူတာဆီပြန်သွားပြီး ဝဘ်ဆိုက်တွင်အချက်အလက်များရှာကြည့်သည်။
မကြာမီ လုံခြုံရေးဝန်ထမ်းက_
"ခေါင်းဆောင်.. တွေ့ပြီ.. အဲဒီနှစ်ယောက်က Chris နဲ့ Quelda တဲ့... တစ်ယောက်က ဂျာမနီမှာနံပါတ်တစ်.. နောက်တစ်ယောက်က ကမ္ဘာ့နံပါတ်တစ်ဓားပြ... တစ်ကမ္ဘာလုံးကအလိုရှိနေတဲ့သူတွေပဲ''
မာဟုန်ကနားထောင်ရင်း ချက်ချင်းထေ့လိုက်သည်_
"သော*က်ရမ်းရူးတာပဲ? အုပ်စုလိုက်ကျူးလွန်ကြတယ်ပေါ့''
ခေါင်းဆောင်ဟုန် လုံးဝအံ့အားသင့်သွားသည်။
ဘယ်လိုလူတွေလဲ?
ကမ္ဘာ့နံပါတ်တစ်အမဲလိုက်အဖွဲ့နဲ့ကမ္ဘာ့နံပါတ်တစ်ဓားပြ...
ရုံချန်းရဲတွေ ဒီလိုလူမျိုးတစ်ယောက်တောင်မထိန်းနိုင်ဘူးမလား?
အခု ဒီလူတွေကပျားအုံလို ရုံချန်းရောက်လာကြတာ။ ခေါင်းဆောင်မာသာမရှိရင် သူတို့စိတ်တောင်မကူးဝံ့။
မာဟုန်က လုံခြုံရေးဝန်ထမ်းများကိုတစ်ချက်ကြည့်ပြီး_
"သူတို့ကိုတစ်ယောက်ချင်းမေး!''
လုံခြုံရေးဝန်ထမ်းများက ခေါင်းညိမ့်လိုက်သည်။ သူတို့သဘောပေါက်သည်။
ဒီနိုင်ငံတကာသူခိုးများလက်ထဲတွင် အတင်းအဓမ္မယူထားသောရွှေမည်းများရှိရမည်။ နောက်ပြီး အသုံးတည့်သောအချက်အလက်များရကောင်းရနိုင်သည်။
ခေါင်းဆောင်ဟုန်ကအလိုက်တသိနှင့် ရှုမျှော်ခင်းပတ္တရောင်ရဲများအား_
"သွားစို့.. ငါဧည့်ခံမယ်... တစ်ခုခုသောက်ရအောင်''
တချိန်တည်းမှာ ခေါင်းဆောင်ဟုန်ကဖုန်းထုတ်ပြီး ထိုကိစ္စကို ရုံချန်းစီရင်စုသို့အစီရင်ခံလိုက်သည်။
ရုံချန်း_
ချန်လီကအလုပ်မှအိမ်ပြန်လာပြီး ရေချိုးပြီးခါစတွင်ဖုန်းဝင်လာသောကြောင့် ချက်ချင်းစီရင်စုပြန်ကာ စွန်းရှန်နှင့်တွေ့သည်။
"စွန်းရှန်.. ခင်ဗျားပြောတာအမှန်ပဲလား?''
ချန်လီက တအံ့တဩမေးသည်။
စွန်းရှန်ကခေါင်းညိမ့်အတည်ပြုပြီး_
"အမှန်ပဲ... အထက်လူတွေလွှတ်ထားတဲ့လူတွေကဖမ်းမိပြီး မေးမြန်းနေတယ်... ငါတို့ရုံချန်းက ဝင်ပါလို့မရဘူး''
ချန်လီက သက်ပြင်းချလိုက်ကာ_
"ကောင်းတာပေါ့.. ဒါပေမဲ့ ကျုပ်တို့ရုံချန်းမှာ ဘာကိစ္စရှိလို့လဲ? ဒီကောင်တွေပျားအုံလိုရောက်လာရအောင်''
စွန်းရှန်ကသက်ပြင်းချပြီး_
"ချင်းလင်ဓာတ်ခွဲခန်းမှာ ပစ္စည်းကောင်းတွေအများကြီးလေ... ကျုပ်တို့ ခေါင်းဆောင်မာ ဒါမှမဟုတ် အထက်လူတွေနဲ့ဆွေးနွေးသင့်တယ်ထင်တယ်... ဒီဖမ်းမိထားတဲ့ကောင်တွေကို လူထုရှေ့မှာတရားစီရင်ရအောင်... ဒီကောင်တွေကိုရုံချန်းမှာဖမ်းမိတယ်လို့လည်း အပြင်လူတွေသိအောင်ကြေညာမယ်... ဘယ်သူလာရဲမလဲ ကြည့်ရတာပေါ့''
ထိုစကားကြောင့် ချန်လီကြောင်သွားပြီး အမှတ်တမဲ့မေးလိုက်သည်_
"ဒီလိုဆို တစ်ကမ္ဘာလုံးတုန်လှုပ်သွားလိမ့်မယ်... ရုံချန်းအကြောင်းကြားတာနဲ့ ရာဇဝတ်ကောင်တွေလိပ်ပြာလွင့်မတတ်ကြောက်သွားမှာပဲ''