အခန်း ၁၄၄
Vol. 15 Ch. 144
🍄 Chapter 144
သို့အီ (တရုတ်စကားပုံထဲမှ လူတစ်ယောက်) ထက်ပင် မတရားစွပ်စွဲခံထားရသော ယန်ကျောက်မှာမူ ကောက်ရိုးမွေ့ရာ အကြီးကြီးတစ်ခုကို အိမ်ထဲသို့ သယ်ဆောင်လာသည်။
မှန်ပေသည်၊ နှစ်မီတာကျယ်ဝန်းသော ထိုမွေ့ရာကြီးကို သူက လက်တစ်ဖက်တည်းဖြင့် သယ်မလာခြင်းဖြစ်သည်။
ဤမြင်ကွင်းက လူတိုင်း၏သံသယများကို ပိုမိုခိုင်မာသွားစေခဲ့၏။
ဆီမွန်မွေ့ရာအောက်ရှိ ကုတင်ဘောင်မှာ အနည်းငယ် နိမ့်နေသဖြင့် တိုက်ရိုက်အိပ်စက်ရန် မာကျောပြီး သက်သောင့်သက်သာ မရှိလှချေ။
ထို့ကြောင့် ကောက်ရိုးမွေ့ရာကို ခင်းကာ အပေါ်မှ စောင်နှစ်ထပ် ထပ်မံခင်းကျင်းလိုက်သောအခါ ဆီမွန်မွေ့ရာလောက် မနူးညံ့သော်လည်း သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းမွန်လှသည်။
ယန်ကျောက်သည် ကုတင်ကို ကိုယ်တိုင်နေရာချနေရင်း ချန်မေ့လန်အား အခန်းထဲသို့ လှမ်းခေါ်လိုက်သည်။
“ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ဖုန်းဆက်လာတယ်၊ လာမယ့်စနေနေ့ကျရင် ယွမ်ယွမ်ကို သူတို့နဲ့ လာပူးပေါင်းစေချင်တယ်တဲ့”
ချန်မေ့လန်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“ ‘အဝါရောင်မြစ်၏ ငိုကြွေးသံ' ရုပ်ရှင်အတွက်လား၊ အချိန်ဘယ်လောက်ကြာမလဲ၊ ရိုက်ကူးရေးက ဘယ်လောက်ကြာမှာလဲ”
ယွမ်ယွမ်မှာ ပထမတန်း၌ ပညာသင်ကြားနေဆဲဖြစ်ပြီး ချန်မေ့လန်အနေဖြင့် သူမကို ကလေးကြယ်ပွင့်တစ်ဦး မဖြစ်စေလိုချေ။
ထို့အပြင် ရိုက်ကွင်းတွင် အချိန်ကြာမြင့်စွာ နေရနိုင်ပြီး ကျောင်းမှ ခွင့်ယူရမည့်အခြေအနေမျိုးကိုလည်း မလိုလားပေ။
ယန်ကျောက်က အခြေအနေကို ရှင်းပြလာသည်။
“စနေနဲ့ တနင်္ဂနွေနှစ်ရက်လို့ ပြောတာပဲ၊ မင်း သူ့ကို မသွားစေချင်ဘူးဆိုရင်လည်း ငါတို့ ငြင်းလိုက်လို့ရပါတယ်”
တကယ်တမ်းတွင် ယန်ကျောက်ကိုယ်တိုင်လည်း ယွမ်ယွမ်ကို မသွားစေလိုပေ။ လက်ထောက်ဒါရိုက်တာ ဖုန်းဆက်လာစဉ်က သူ ကနဦး ငြင်းဆိုခဲ့ပြီးဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ဒါရိုက်တာထန်ကိုယ်တိုင် ဖုန်းဆက်လာကာ ယွမ်ယွမ်ကို ပါဝင်စေလိုကြောင်းနှင့် အချိန်သိပ်မကြာစေရကြောင်း အာမခံခဲ့သဖြင့် ချန်မေ့လန်နှင့် လာရောက်တိုင်ပင်ရခြင်းဖြစ်သည်။
ချန်မေ့လန်လည်း သိပ်ပြီးစိတ်မဝင်စားလှကြောင်း သိရသောအခါ ယန်ကျောက်သည် ငြင်းဆိုလိုက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ချန်မေ့လန်က ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။
“ယွမ်ယွမ် သွားချင်တယ်ဆိုရင်လည်း သွားပါစေလေ၊ စနေနေ့အတွက် သူ ခွင့်ယူလိုက်လို့ရတယ်၊ သူလွတ်သွားတဲ့ သင်ခန်းစာတွေကို ကျွန်မ ပြန်သင်ပေးလိုက်ပါ့မယ်”
အကယ်၍ သူမ သွားခွင့်မပြုဘဲ ယွမ်ယွမ် အရွယ်ရောက်လာချိန်တွင် ဤကိစ္စအတွက် ညည်းတွားလာခဲ့လျှင် မည်သို့လုပ်မည်နည်း။
ယန်ကျောက်က နောက်ထပ်အကြောင်းအရာတစ်ခုကို ဆက်လက်ပြောဆိုလာသည်။
“ဒီနေ့ အပြင်မှာ ကျိုးချောင်ဖန် ဟင်းသီးဟင်းရွက် ဝယ်နေတာတွေ့တော့ သူ ငါ့ကို ရှောင်သွားတယ်၊ သူ ငါတို့အိမ်ကို မလာဘူးလား”
တုန်းဖန်အုပ်စုအတွက် လုပ်ငန်းခွင် ပြီးစီးသွားပြီဖြစ်သော်လည်း လက်စသတ်ရန် ကျန်ရှိနေသော အသေးစားအလုပ်များစွာ ရှိနေသေးသည်။
ချန်တကုန်းသည် အလုပ်သမားများအားလုံးကို အိမ်ပြန်လွှတ်ကာ နောက်ဆုံးလက်စသတ် အလုပ်များကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေလေ၏။
အိမ်နှင့် ခွဲခွာနေရသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ချန်တကုန်းသည် ဇာတိရွာသို့ မပြန်ဖြစ်သေးပေ။
သူ့ဇနီးဘက်မှ ဆွေမျိုးများမှာ ရှီးဖျင်မြို့တွင် ရှိနေသဖြင့် သူမသည် ခင်ပွန်းဖြစ်သူထံသို့ သဘာဝကျစွာပင် လာရောက်လည်ပတ်လေ့ရှိသည်။
သို့သော် ကျိုးချောင်ဖန်တွင် အကျင့်တစ်ခုရှိသည်။ သူမ မှန်ကန်သည်ဟု ခံစားရချိန်တွင် ချန်မေ့လန်နှင့်အတူ နေထိုင်ရသည်ကို နှစ်သက်၏။
သူတို့နှစ်ဦးမှာ အသက်ရွယ်တူများဖြစ်ကြရာ ပြောဆိုစရာ အကြောင်းအရာများစွာ ရှိနေတတ်သည်။
သို့သော် သူမ အပြစ်ရှိသည်ဟု ခံစားရသောကိစ္စတစ်ခုခုကို လုပ်ဆောင်မိပါက မေ့လန်ကို ရှောင်ဖယ်နေတတ်သည်။
ချန်တကုန်း ငွေအနည်းငယ် ရရှိထားသည်ကို သိရှိသွားသော မိခင်ဖြစ်သူက လာရောက်တောင်းရမ်းရာတွင် ကျိုးချောင်ဖန်က အလျှော့ပေးလိုက်ရသဖြင့် မေ့လန်ကို မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေခြင်းဖြစ်မည်ဟု ချန်မေ့လန် ခန့်မှန်းမိသည်။
ကံကောင်းထောက်မစွာဖြင့် ချန်တကုန်းသည် ယွမ်ကိုးထောင်ကို တိတ်တဆိတ် ဖုံးကွယ်ထားနိုင်ခဲ့၏။
သို့မဟုတ်ပါက ခက်ခက်ခဲခဲ ရှာဖွေထားသော ငွေများအားလုံး အမေကျိုး၏ မိသားစုကို ထောက်ပံ့ရန် ပါသွားပေလိမ့်မည်။
ကျိုးချောင်ဖန် ငွေပေးလိုက်ခြင်းက သူမအတွက် မည်သည့်မျက်နှာသာပေးမှုမျှ မရရှိစေခဲ့ပေ။ အကြောင်းမှာ ကျိုးရွှယ်ချင်းက စကားပြောပိုမိုကောင်းမွန်ပြီး ငွေလည်း ပိုရှာနိုင်သောကြောင့်ဖြစ်သည်။
ကျိုးရွှယ်ချင်းက အမေကျိုးအား ငွေတစ်ပြားတစ်ချပ်မျှ မပေးလျှင်ပင် အမေကျိုးကမူ ကျိုးရွှယ်ချင်းကိုသာ မျက်နှာသာပေးမြဲဖြစ်သည်။
မိခင်ဖြစ်သူ၏ မိသားစုကို ငွေပေးခဲ့ရသည့်အပြင် မိခင်၏ ဆူပူကြိမ်းမောင်းမှုကိုပါ ခံရသေးသဖြင့် ကျိုးချောင်ဖန်သည် သူမ၏ ယောင်းမဖြစ်သူထံသို့ပင် မလာရဲတော့ချေ။
ကျိုးချောင်ဖန်၏ အခြေအနေကို တွေးမိသောအခါ ချန်မေ့လန်မှာ ပြုံးလိုက်မိလေသည်။
ယန်ကျောက်သည် ခဏတာ ရပ်တန့်သွားပြီးနောက် ပြုံးလိုက်ပြန်သည်။
‘သူမ ထပ်ပြုံးနေပြန်ပြီ'
သူက မွေ့ရာကို ပုတ်ပြရင်း ဖိတ်ခေါ်လိုက်သည်။
“လှဲအိပ်ပြီး စမ်းကြည့်မလား”
ပွစိစိဖြစ်နေသော စောင်နှစ်ထပ်ကြောင့် ကုတင်မှာ အလွန်တရာ နူးညံ့အိစက်နေပုံရသည်။
ချန်မေ့လန် စမ်းသပ်လှဲလျောင်းကြည့်လိုက်စဉ် သူမ မသိလိုက်ခင်မှာပင် ယန်ကျောက်က သူမကို နောက်ပြောင်ကာ ဝင်ရောက်ဖက်တွယ်လိုက်သည်။
သူမ တွန်းဖယ်လိုက်သော်လည်း သူက အနည်းငယ်မျှပင် မရွေ့လျားချေ။
ရုတ်တရက် သူသည် သူ့အိတ်ကပ်ထဲသို့ နှိုက်ကာ ယွမ်တစ်ရာကို ထုတ်ယူပြီး ချန်မေ့လန်ထံသို့ ကမ်းပေးလိုက်သည်။
“ဆုကြေးငွေရတာ၊ ရေပူစက်အတွက်တစ်ရာ၊ မွေ့ရာအတွက်တစ်ရာ၊ အခု တစ်ရာကျန်သေးတယ်”
ဇွဲလုံ့လကြီးမားလှသော ဤအမျိုးသားသည် မွေ့ရာဝယ်ယူရန်အတွက် သူဆုကြေးငွေရရှိမည့်အချိန်အထိ ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။
ဤသို့ နောက်ပြောင်ဖက်တွယ်ထားရင်း ငွေကမ်းပေးနေပုံမှာ အတော်လေး ရယ်စရာကောင်းလှ၏။
ချန်မေ့လန်က ငွေကို ယူလိုက်ပြီး ထပ်မံတွန်းဖယ်လိုက်သော်လည်း ယန်ကျောက်မှာ မရွေ့လျားခဲ့ပေ။
ရှောင်လန်၏ရေဘူးလေးကို ချန်မေ့လန်က ယူဆောင်ကာ အမြင့်တွင် တင်ထားခဲ့သဖြင့် အပြင်ဘက်မှနေ၍ မိခင်ဖြစ်သူကို အော်ခေါ်နေလေသည်။
စပရင်ေမွ့ရာပေါ်တွင် အချိန်ကြာမြင့်စွာ ခုန်ပေါက်ကစားပြီးနောက် ရေဆာလာသဖြင့် ရေတောင်းနေခြင်းဖြစ်သည်။
ချန်မေ့လန် လန့်ဖြန့်သွားပြီး မျက်နှာဖြူလျော့သွားကာ ပြောလိုက်သည်။
“ရှောင်လန် အထဲဝင်လာတော့မယ်”
ယန်ကျောက်ကမူ ချန်မေ့လန် ပြုံးမနေသည့်အချိန် မြင်ရသည်ကို နှစ်သက်နေမိသည်။
‘ဘယ်လိုခေါ်ပါလိမ့်၊ သူမ မျက်နှာ ဖြူလျော့သွားတာကို မြင်ရတာက တစ်မျိုးလေးပဲ'
ကလေးများ ပြေးဝင်လာပြီး ဆူညံသံများကို ကြားလိုက်ရသောအခါ သူသည် နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်ပြီး မျက်နှာအမူအရာမပြောင်းလဲဘဲ ပြောဆိုလိုက်သည်။
“ဒီည ဒီကုတင် အသံမည်တော့မှာ မဟုတ်ဘူး”
‘သူ နည်းနည်းလောက် ပိုပြီး နူးနူးညံ့ညံ့ မပြောနိုင်ဘူးလား၊ ဆွဲဆောင်မှုရှိတဲ့ စကားလေးတစ်ခွန်းလောက် မပြောနိုင်ဘူးလား၊
ငါက ခိုးကြောင်ခိုးဝှက်နဲ့ ကျူးကျော်သူတစ်ယောက်လို ခေါင်းအုံးကိုပိုက်ပြီး တိတ်တဆိတ် ဝင်လာရတော့မယ်၊
သူ ပြောလိုက်တာက ကုတင် အသံမည်မှာ မဟုတ်ဘူး ဆိုတာလေးပဲလား'
ယန်ကျောက်သည် နောက်ထပ်တစ်ခုခု ပြောလိုသေးဟန် ရှိသော်လည်း ရှောင်လန်က ရေတောင်းရင်း အော်ဟစ်ဝင်လာသဖြင့် သူသည် လိုက်ကာကို မတင်ကာ အလျင်အမြန် ထွက်ခွာသွားလေသည်။
ကျိုးချောင်ဖန်သည် လက်ရှိတွင် ခင်ပွန်းဖြစ်သူနှင့်အတ ရှိနေကြောင်း ကြားသိရသဖြင့် ချန်မေ့လန်သည် သူမနှင့် သေချာစကားပြောရန်ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့၏။
မည်သို့ပင်ဖြစ်စေ အစ်ကိုဖြစ်သူမှာ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးအရင်းမချာဖြစ်ပြီး ကျိုးချောင်ဖန်မှာ ကျိုးမိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း သူမအစ်ကိုဖြစ်သူ၏ ဇနီးဖြစ်ကာ ကျင်းပေါင်၊ ကျန်းပေါင်တို့၏ မိခင်လည်းဖြစ်သည်။
အခက်အခဲများ ရှိနေသော်လည်း အစ်ကိုဖြစ်သူနှင့် ဘဝကို ကောင်းမွန်စွာတည်ဆောက်ရန်နှင့် အမေကျိုး၏ မိသားစုကြောင့် လမ်းမှားသို့မရောက်စေရန် သူမကို ဖျောင်းဖျရမည်ဖြစ်သည်။
သို့သော် လုပ်ငန်းခွင်တွင် ကျိုးချောင်ဖန်ကို မတွေ့ရဘဲ ရင်းနှီးနေသော အမျိုးသားတစ်ဦးကိုသာ တွေ့လိုက်ရသည်။
ထိုသူမှာ ချန်တကုန်းနှင့်အတူ ဆောင့်ကြောင့်ထိုင်ကာ စီးကရက်သောက်ရင်း ခေါင်းကုတ်နေလေ၏။
ထိုအမျိုးသားက မတ်တတ်ရပ်ကာ အံ့ဩတကြီး မေးလိုက်သည်။
“ဒါက... ခင်ဗျား”
ချန်မေ့လန်ကလည်း မဆိုင်းမတွတုံ့ပြန်လိုက်သည်။
“ရှင်၊ လူဦးရေလွန်ကဲမှုတပ်ဖွဲ့က ခေါင်းဆောင် မဟုတ်လား၊ ရှင့်ဇနီး ဘယ်လိုနေလဲ၊ မွေးပြီလား၊ ဘာလေးမွေးလဲ”
ဤသူမှာ ယန်ကျောက် ဖျောင်းဖျခဲ့သော လူဦးရေလွန်ကဲမှုတပ်ဖွဲ့၏ ခေါင်းဆောင်ပင်ဖြစ်သည်။
ကြည့်ရသည်မှာ သူမ၏အစ်ကိုနှင့် သိကျွမ်းနေပုံရသည်။
အမျိုးသားက ပြုံးဖြီးဖြီးဖြင့် ရှစ်ချောင်းမြောက်လက်ချောင်းကို ထောင်ပြကာ ပြန်လည်ဖြေကြားသည်။
“သားလေးပါ၊ ဒဏ်ကြေး ယွမ်ရှစ်ရာပေးရလို့ ရှစ်ရာလို့ နာမည်ပြောင်ပေးထားတယ်၊ အခုထိ မပေးရသေးဘူးလေ၊ လောင်ချန်များ ကူညီနိုင်မလားဆိုပြီး လာကြည့်တာပါ”