အခန်း ၁၄၅
Vol. 15 Ch. 145
🍄 Chapter 145
ချန်မေ့လန်သည် ယောကျ်ားလေးများကိုသာ ဦးစားပေးသောအလေ့အထကို ရွံရှာသော်လည်း ထို့ထက် အမျိုးသမီးများ၏ သားအိမ်များထဲမှ မွေးဖွားလာပြီးနောက် အမုန်းခံရ၊ အထင်အမြင်သေးခံရ၊ လွှင့်ပစ်ခံရပြီး ရေနစ်သတ်ခံရသည့်တိုင်အောင် အဖြစ်ဆိုးလှသော မိန်းကလေးငယ်များကိုမူ ပို၍ပင် သနားဂရုဏာ သက်မိလေသည်။
ထို့ကြောင့် ထိုသနားစရာအမျိုးသမီးအတွက် ဤသည်မှာ အကောင်းဆုံးရလဒ်ပင်ဖြစ်သည်ဟု တွေးကာ သက်ပြင်းချလိုက်မိသည်။
လူဦးရေလွန်ကဲမှုတပ်ဖွဲ့ခေါင်းဆောင်၏ မျိုးရိုးနာမည်မှာ လီ ဖြစ်ပြီး လီမိသားစုရွာမှ လီကွမ်မင်ဟုခေါ်သည်။
သူသည် အသင့်အတင့်ကောင်းမွန်သော ဘဝတစ်ခုကို ရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါ သားဆက်ခြားစီမံကိန်း ကြပ်မတ်မှုကြောင့် မိသားစုမှာ ဆင်းရဲမွဲတေသွားခဲ့ရပြီဖြစ်သည်။
သူသည် ဒဏ်ကြေး မပေးဆောင်ရသေးသလို ဇနီးဖြစ်သူမှာလည်း မွေးဖွားပြီးပြီးချင်း သားကြောဖြတ်ခံခဲ့ရ၏။
ထို့အပြင် အိမ်ရှိ ပရိဘောဂများ၊ အိုးခွက်ပန်းကန်များ အားလုံးကိုလည်း သားဆက်ခြား စီမံကိန်းဌာနမှ သိမ်းဆည်းသွားခဲ့လေသည်။
အကယ်၍ ယွမ်ရှစ်ရာကို အမြန်ဆုံး ရှာဖွေနိုင်ခြင်းမရှိပါက သူ့ဇနီးနှင့် ကလေးများမှာ ဆာလောင်မွတ်သိပ်ခြင်းဒဏ်ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ချန်တကုန်းက ချန်မေ့လန်အား မေးမြန်းလိုက်သည်။
“ချင်ချွမ်း အုပ်စုရဲ့ ပရောဂျက်နဲ့ ပတ်သက်ပြီး သတင်းထူးသေးလား၊ ညီမရဲ့ အစ်ကိုလီက ရှစ်ရာကို ဒီအတိုင်းပေးဖို့ မလွယ်ဘူးလေ၊
သူ့မှာ ကျွေးရမယ့် ပါးစပ် လေးငါးပေါက် ရှိသေးတယ်၊ ဝင်ငွေမရှိဘဲနဲ့တော့ မဖြစ်ဘူး”
လူဦးရေလွန်ကဲမှုတပ်ဖွဲ့ ခေါင်းဆောင်ထံတွင် ယခင်က မာနတရားများ မရှိတော့ချေ။
ချန်တကုန်း အမြဲပြောလေ့ရှိသော သူဌေးမှာ ချန်မေ့လန်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူက လက်အုပ်ချီကာ တောင်းပန်လိုက်သည်။
“ကျွန်တော့်မှာ ခွန်အားရှိပါတယ်၊ အလုပ်ရှိသရွေ့ ကျွန်တော် အဆင်ပြေပါတယ်၊
တကုန်းက ပြောတယ် သူဌေးချန်က သဘောကောင်းပြီး ပိုက်ဆံလည်း မြန်မြန်ရှင်းပေးတယ်တဲ့၊ သူဌေးချန်၊ ကျွန်တော် သူဌေးဆီမှာ အလုပ်လုပ်လို့ရမလား”
သူ့တွင် ယွမ်ယွမ်အရွယ် မိန်းကလေး သုံးဦးနှင့် နို့ဆာနေသော ကလေးငယ်တစ်ဦးရှိနေသည်။
သားဆက်ခြား စီမံကိန်းအဖွဲ့၏ဖမ်းဆီးမှုမှ ရှောင်တိမ်းနေရသဖြင့် သူ့စိုက်ခင်းများကိုလည်း ပစ်ထားခဲ့ရသည်။
ချန်မေ့လန်က ကမ်းလှမ်းလိုက်၏။
“အရင်ဆုံး ကျွန်မအစ်ကိုနဲ့အတူ ဒီမှာ အောက်ခြေသိမ်း အလုပ်တွေ အရင်စမ်းလုပ်လိုက်ပါ၊ တစ်ရက်ကို နှစ်ယွမ်ပဲ ပေးနိုင်မယ်၊
အဲဒီ ပရောဂျက်အတွက် ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားနေပေမယ့် ရနိုင်မရနိုင်တော့ မသေချာသေးဘူး”
ချန်တကုန်းသည် လီကွမ်မင်အား တစ်ရက်လျှင် သုံးယွမ်ဖြင့် လက်ခံရန် သဘောတူထားပြီးဖြစ်သည်။
ယခုအခါ မေ့လန်က နှစ်ယွမ်ဟု ပြောလိုက်သဖြင့် သူ အကြပ်ရိုက်သွားလေသည်။
သူက မေ့လန်ကို အချက်ပြနေသော်လည်း သူမက လျစ်လျူရှုထားလိုက်သည်။
ထွက်ခွာရန် ပြင်လိုက်စဉ် တစ်ခုခုလိုအပ်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ချန်မေ့လန်သည် နောက်လှည့်ကာ ချန်တကုန်းအား မေးမြန်းလိုက်၏။
“အစ်ကို၊ မီးဖိုချောင်ထဲက နိုင်လွန်ကြိုးတွေနဲ့ အိုးခွက်ပန်းကန်တွေ ဘယ်ရောက်သွားပြီလဲ”
ချန်တကုန်းက ပြန်လည်ဖြေကြားပြီးနောက် ချက်ချင်းပင် သူ့ပါးသူ ပြန်ရိုက်လိုက်သည်။
“နင့်ရဲ့ ယောင်းမက အိမ်ကိုယူသွားပြီလို့ ပြောတယ်မဟုတ်လား၊ သူနဲ့ သူ့အမေ ယူသွားကြတာ”
ချန်မေ့လန်က ဆုံးဖြတ်ချက်ချလိုက်၏။
“လာ၊ အဲဒါတွေကို သွားရှာဖို့ ကျွန်မ လိုက်ပို့ပေးမယ်”
ပရောဂျက်များဆိုသည်မှာ ငွေအမြောက်အမြား ရှာဖွေခြင်းဖြစ်ပြီး အသေးစိတ်ကိစ္စရပ်များကို များစွာဂရုစိုက်နေရန်မလိုအပ်ဟု လူတိုင်းက ထင်မှတ်ထားကြသည်။
သို့သော် ထိုနိုင်လွန်ကြိုးများ၊ အိုးခွက်ပန်းကန်များ အားလုံးမှာ ငွေပေးဝယ်ထားရခြင်းဖြစ်ပြီး နောက်ထပ်ပရောဂျက်အတွက် လိုအပ်ပေသည်။
အကယ်၍ ၎င်းတို့သာ ပျောက်ဆုံးသွားပါက အသစ်ဝယ်ယူရန် ယွမ်ရာနှင့်ချီ၍ ကုန်ကျမည်ဖြစ်သည်။
ချန်မေ့လန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက အမေကျိုး၏ သွေးဆောင်မှုကြောင့် ကျိုးချောင်ဖန်သည် ၎င်းတို့ကို တိတ်တဆိတ် ယူဆောင်သွားခြင်းသာ ဖြစ်ရမည်။
ယနေ့မှ ယူဆောင်သွားခြင်းဖြစ်ရာ သိပ်ဝေးဝေးသို့ ရောက်မည်မဟုတ်ပေ။
အခြားနေရာသို့ သွားရောက်ရှာဖွေနေခြင်းမပြုဘဲ ချန်မေ့လန်သည် ချန်တကုန်းနှင့် လီကွမ်မင်တို့ကို ပထမတပ်ဖွဲ့ရှိရာသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားလေသည်။
ယန်ကျောက်၏ ဇာတိအိမ်မှာ အပြာရောင်အုတ်ချပ်များနှင့် အမိုးကြွပ်ပြားကြီးများဖြင့် တည်ဆောက်ထားသော ခြံဝင်းဟောင်းကြီးတစ်ခုဖြစ်ပြီး လေးထောင့်ပုံစံ ခြံဝင်းလေးခု ပေါင်းစပ်ထားကာ တံခါးပေါက်တွင် ‘ဂုဏ်ပြုခံစစ်မှုထမ်းမိသားစု’ ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားလေသည်။
ယန်ကွမ်ရွာတွင် ထိုသို့သောအိမ်မျိုးမှာ ဤတစ်အိမ်တည်းသာ ရှိသည်။
အခန်းကြီးခြောက်ခန်း သို့မဟုတ် ခုနစ်ခန်းခန့် ပါရှိပြီး အကယ်၍သာ ဖြိုချလိုက်ပါက အထပ်မြင့်တိုက်ခန်း အများအပြား ရရှိနိုင်မည့် အနေအထားဖြစ်သည်။
ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လုတာ့ပေါင်အမည်ရှိ ကလေးဝဝဖိုင့်ဖိုင့်လေးက နံရံထောင့်တွင် ဆီးသွားနေသည်ကို မြင်တွေ့ရသည်။
ဤကလေးသည် အိမ်သာအသုံးမပြုဘဲ နံရံတွင် ဆီးသွားရသည်ကို ပို၍ နှစ်သက်သည်။
သူ့အကျင့်ကြောင့် နံရံထောင့်ရှိ အပြာရောင် အုတ်ချပ်များပေါ်တွင် အဖြူရောင် အစွန်းအထင်းများ ဖုံးလွှမ်းနေပြီး ပြင်းထန်သောဆီးနံ့များ ထွက်ပေါ်နေလေသည်။
အကယ်၍သာ ချန်မေ့လန်ဆိုလျှင် သူ့ကို အိမ်သာထဲသို့ ဆွဲခေါ်သွားကာ ဆီးသွားစေမည်ဖြစ်သော်လည်း ယခုအခါ ကျိုးရွှယ်ချင်းနှင့် လုကျင်းယွီတို့ မကြာခဏ အပြင်ရောက်နေတတ်သဖြင့် ကလေးကို အမေကျိုးထံတွင် အပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
အမေကျိုး ကိုယ်တိုင်ပင်လျှင် ကောင်းမွန်သော ပြုစုပျိုးထောင်မှု ကင်းမဲ့နေသူဖြစ်ရာ ကလေးအား သွန်သင်ဆုံးမရန်ဆိုသည်မှာ ဝေးလာဝေးပင်။
လုတာ့ပေါင်က အော်ဟစ်မေးမြန်းလိုက်သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ကျွန်တော့်အိမ်မှာ ဘာလာလုပ်တာလဲ”
ချန်တကုန်းသည် တစ်စုံတစ်ရာကို ရှာဖွေရန် တံခါးများကို တစ်ပေါက်ပြီးတစ်ပေါက် ဖွင့်နေစဉ် လီကွမ်မင်က ရေရွတ်လိုက်သည်။
“ခြံဝင်းအပြင်ဘက်ကတော့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းသား၊ အတွင်းထဲမှာတော့ ရှုပ်ပွနေတာပဲ”
အခန်းကြီးတစ်ခုကို တွန်းဖွင့်လိုက်သောအခါ ကြက်များ ဆူညံစွာအော်ဟစ်နေကြသည်ကို တွေ့လိုက်ရသည်။ အခြားအခန်းတစ်ခုတွင်မူ မည်မျှကြာအောင် ထားထားမှန်းမသိသော နံစော်နေသည့် ဆီးအိုးတစ်လုံး ရှိနေ၏။
နောက်ထပ် တံခါးတစ်ပေါက်ကို ဖွင့်ရန်ကြိုးစားသောအခါ ပွင့်မလာချေ။
ချန်တကုန်းက အမေကျိုးနှင့် ကျိုးချောင်ဖန်တို့ အထဲတွင် ရှိနေသည်ဟု ထင်မှတ်ကာ တံခါးကို ကန်ဖွင့်လိုက်သည်။
အတွင်းဘက်တွင် လျှော်ဖွတ်ထားသော်လည်း အဝါရောင် အစွန်းအထင်းများ ရှိနေဆဲဖြစ်သော အမျိုးသမီးအောက်ခံအဝတ်အစားအချို့ကို စင်ပေါ်တွင် လှန်းထားပြီး ကုတင်ပေါ်တွင် တွန့်ကြေနေသော အဝတ်အစားများကို ပုံထားကာ ကြမ်းပြင်ပေါ်တွင်မူ သတင်းစာများ ပြန့်ကျဲနေလေသည်။
ဤသည်မှာ လုကျင်းယွီနှင့် ကျိုးရွှယ်ချင်းတို့၏ အိပ်ခန်းပင်။
အခြားအခန်းတစ်ခန်းကို ဖွင့်လိုက်သောအခါ အသစ်စက်စက် နှင်းဆီရောင်နိုင်လွန်ကြိုးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်းများ စုပုံနေသည်ကို တွေ့လိုက်ရသည်။
ချန်တကုန်းနှင့် လီကွမ်မင်တို့ ပစ္စည်းများကိုရွှေ့ပြောင်းနေစဉ် ချန်မေ့လန်က လုတာ့ပေါင်ဘက်သို့ လှည့်ကာမေးလိုက်သည်။
“တာ့ပေါင်၊ သားရဲ့မိဘတွေ ဘယ်မှာလဲ”
လုတာ့ပေါင်က လှောင်ပြောင်သည့် အမူအရာဖြင့် ပြန်လည်ချေပလိုက်သည်။
“ခင်ဗျားအပူပါလား”
ချန်မေ့လန်က သူ့ကို လက်မထောင်ပြလိုက်သည်။
“မင်း ဆဲတာ အရမ်းကောင်းတာပဲ၊ ပိုကျယ်ကျယ်လေး ပြောစမ်းပါဦး”
လုတာ့ပေါင်က ထပ်ပြောလိုက်သည်။
“ခင်ဗျားအပူပါလား၊ အဲဒီလောက်ဆို ကျယ်ပြီလား”
ချန်မေ့လန်က ပြုံးလျက် တုံ့ပြန်လိုက်၏။
“အရမ်းကောင်းတယ်၊ နောင်လည်း အဲဒီလို ဆက်ဆဲနေနော်၊ ဆက်လုပ်”
ဤကလေးသည် ယန်ရှီရှန်းကဲ့သို့ ကောက်ကျစ်စဉ်းလဲနိုင်သည့် အလားအလာရှိသော်လည်း ငယ်စဉ်ကတည်းက ရိုင်းစိုင်းပြီး ပါးစပ်သရမ်းကာ ဆဲရေးတိုင်းထွာရသည်ကို နှစ်သက်သည်။
ချန်မေ့လန်သည် သူ့ကို ဆုံးမရန်အတွက် အချိန်နှင့် ခွန်အားများစွာ ရင်းနှီးမြှုပ်နှံခဲ့ဖူး၏။
ယခုအခါ သူ့ကို သွန်သင်ဆုံးမမည့်သူ မရှိတော့ဘဲ ဖခင်ဖြစ်သူမှာလည်း ချမ်းသာနေပြီဖြစ်ရာ ကောင်လေး၏ ဆဲရေးတိုင်းထွာမှုများမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။
နောင်တစ်ချိန်တွင် အလွန်အောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်လာနိုင်သော်လည်း သူ့ပါးစပ်ကြောင့် အရွယ်မရောက်မီမှာပင် အသက်အန္တရာယ် ကြုံတွေ့ရနိုင်ခြေလည်း ရှိနေလေသည်။
နိုင်လွန်ကြိုးနှစ်ထုံးကို သယ်ဆောင်ထွက်လာစဉ် ချန်မေ့လန်သည် ယန်ကျောက်အတွက် နောင်တရစိတ်တစ်ချက် ဖြစ်ပေါ်သွားမိသည်။
ရိုးရှင်းပြီး ခမ်းနားလှသော အပြာရောင် အုတ်ချပ်များနှင့် အမိုးကြွပ်ပြားကြီးများပါရှိသည့် ဤခြံဝင်းကြီးကို တည်ဆောက်ရန် ယန်ကျောက်၏မိသားစုသည် ခွန်အားများစွာ စိုက်ထုတ်ခဲ့ရမည်မှာ သေချာသည်။
သို့သော် ယခုအခါတွင်မူ ဆီးနံ့များ ထောင်းထောင်းထနေပြီး မီးဖိုချောင်မှ ရေဆိုးများမှာ တံခါးဝအထိ စီးဆင်းနေကာ ဝက်ခြံတစ်ခုပမာ ဖြစ်နေလေပြီ။