← Chapters

ကျွန်တော်လုပ်ချင်တာကို သူတို့တွေတားဆီးလို့ မရပါဘူး

Vol. 36 Ch. 507

ကျွန်တော်လုပ်ချင်တာကို သူတို့တွေတားဆီးလို့ မရပါဘူး

Vol. 36 Ch. 507

အခန်း (၅၀၇) ကျွန်တော်လုပ်ချင်တာကို သူတို့တွေတားဆီးလို့ မရပါဘူး

ကြံ့ဝိညာဉ်ပင်လယ် ၊ လိပ်ပျံပင်လယ်နှင့် ဝင်္ကပါပင်လယ်တို့ ဆုံစည်းရာနေရာတွင်တည်ရှိသော ပင်လယ်နက်စင်္ကြံ...။

အမှီအခိုမရှိ လွတ်လပ်သော ပင်လယ်ရေစီးကြောင်း (၃)ခုသည် ပင်လယ်ပြင်နက်ရှိုင်းရာ ထူးဆန်းသောတူးမြောင်းပမာ ချောက်နက်အတွင်းသို့ စီးဆင်းဝင်ရောက်သွားပြီး မသန့်စင်ဘဲ ညစ်ညမ်းသော ရေအောက်စီးကြောင်းများအဖြစ် ထိုနေရာတွင် ပေါင်းစည်းသွားသည်။

သမုဒ္ဒရာကမ္ဘာသည် ပင်လယ်သမုဒ္ဒရာများဖြင့်ပြည့်နေပြီး ကျွန်းများဖြင့် ဖွဲ့စည်းထားသော ကမ္ဘာတစ်ခု ဖြစ်၏။

သို့ဖြစ်ရာ ပင်လယ် (၃)ခုဆုံသည့် နေရောပေါင်းများစွာ တည်ရှိလေသည်။ သို့ပေသိ ‘ပင်လယ်ရေနက်စင်္ကြံ’ ကဲ့သို့ ထူးခြားပြီး ညစ်ညမ်းသောရေစီးကြောင်းများ စီးဆင်းနေခြင်းကို အခြားသောဒေသများတွင် မတွေ့ရှိရပေ။

ဤညစ်ညမ်းသောရေစီးကြောင်းများသည် ကျင့်ကြံသူများအတွက် အကျိုးမရှိသည့်အပြင် ထိခိုက်ခြင်းပင် ဖြစ်စေနိုင်လေရာ မည်သူမှ ဤသို့သောနေရာမျိုးသို့ လာရောက်လိုခြင်း မရှိကြပေ။

ယခုတော့ ဤနေရာတွင် လူပေါင်းများစွာ စုရုံးနေလေရာ ရန်ကျောက်ကဲ အတော်လေးပင် အံ့အားသင့်သွားရသည်။

“ကြားထားတဲ့သတင်းတွေက မှားနေတာလား”

သူ တွေးလိုက်မိ၏။

ညစ်ညမ်းသောရေစီးကြောင်းနေရာတွင် ကြီးမားသောရေဝဲဂယက်ကြီးတစ်ခု ဖြစ်တည်နေပြီး ထိုရေဝဲဂယက်ကြီး အလယ်ဗဟိုတွင် ကြီးမားကျယ်ပြန့်သော ကုန်းမြေတစ်ခု ရှိနေသည်။

သိုင်းသမားများက ထိုကုန်းမြေထက်တွင် မတ်တတ်ရပ်လျှက် အခြေအနေများကို ဆွေးနွေးနေကြသည်။ သူတို့က တစ်စုံတစ်ခုကို စိတ်လှုပ်ရှားစွာ ပြောဆိုဆွေးနွေးနေကြသည်ပင်။

“ဟက်... လီရှန်က နောက်ဆုံးတော့ စိတ်မထိန်းနိုင်တော့ဘဲ ကျန်းဟောက်ချန်ကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့ ၊ ထိပ်တန်းအဆင့် အမတဝိညာဉ်သိုင်းဆရာသခင်နှစ်ယောက်ရဲ့တိုက်ပွဲကို မကြည့်ရတာကြာနေပြီ ၊ အခုတော့ ပွဲကြီးပွဲကောင်းပဲဟေ့...”

“လမ်းမှန်ဂိုဏ်းတွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ရေသလင်းနန်းတော်နဲ့ မိစ္ဆာဂိုဏ်းတွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ကျန်လုန်ဂိုဏ်းတို့ နောက်ဆုံးတော့ ထိပ်တိုက်တွေ့ကြပြီပေါ့ ၊ အပြာရောင်နဂါး ‘ကျန်းဟောက်ချန်’ က သူရထားတဲ့ နံပါတ် (၁)နေရာနဲ့ ထိုက်တန်ရဲ့လား ဒါမှမဟုတ် နံပါတ် (၂)နေရာက လီရှန်ကပဲ သူ့ထက်သာမလား ကြည့်ကြတာပေါ့”

“လီရှန်ကို လျှော့မတွက်နဲ့ သူက ကြောက်စရာကောင်းတဲ့လူသတ်သမားတစ်ယောက်ဆိုပေမယ့် ဘာကိုမှ အလောတကြီး မလုပ်တ်ဘူး ၊ အခု ကျန်းဟောက်ချန်ကို စိန်ခေါ်တာကိုကြည့်ရတာ... သူက အမတလက်ဖွဲ့အဆင့်ကိုတက်ဖို့ ကျင့်ကြံခြင်းတစ်ဆို့နေလို့ တမင်သက်သက် အသုံးချဖို့ စိန်ခေါ်လိုက်တာဖြစ်ရမယ်”

“လီရှန်က ဝိညာဉ်သစ်ရွက်ကိုးရွက်ကနေ အမတနတ်ပန်းကိုးပွင့်ပွင့်ခဲ့တာလေ ၊ ဘယ်သူက သူ့ကိုလျှော့တွက်ရဲမှာလဲ”

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲသည် အခြေအနေကို တဖြည်းဖြည်း နားလည်လာသည်။ ဤနေရာတွင် တိုက်ပွဲတစ်ခုကျင်းပရန် ပြင်ဆင်ထားဟန်ပင်။

တိုက်ခိုက်မည့်သူများကတော့ သမုဒ္ဒရာကမ္ဘာမှ အမတဝိညာဉ် အထွတ်ထိပ်အဆင့် သိုင်းဆရာသခင် (၂)ယောက် ဖြစ်သည်။

ရေသလင်းနန်းတော်သည် လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတွင် စွမ်းအားအကြီးမားဆုံးဖြစ်သကဲ့သို့ ကျန်လုန်ဂိုဏ်းကတော့ မိစ္ဆာဂိုဏ်း (၆)ဂိုဏ်းတွင် နံပါတ် (၁)အဖြစ် သတ်မှတ်ခံထားရသည်။

ကျန်လုန်ဂိုဏ်းဆိုသည့်နာမည်က “နဂါးသတ်ဖြတ်ခြင်း” ဟုအဓိပ္ပါယ်ရလေရာ ရေသလင်းနန်းတော်နှင့် သွေးနီနဂါးဂိုဏ်းကို စော်ကားထိခိုက်စေသော အမည်ဖြစ်သဖြင့် သူတို့ကြားမှဆက်ဆံရေးက ရန်စွယ်ငေါငေါ ဖြစ်ကြ၏။

ကျင့်ကြံခြင်းအဆင့်တစ်ခုတွင် ထိပ်တန်း (၁၀)ယောက် သတ်မှတ်သည်ဆိုသော်လည်း အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ပြီး သတ်မှတ်ထားသောအဆင့်များမဟုတ်ပေ။ ယခင်က တိုက်ခိုက်ခဲ့သောတိုက်ပွဲမှတ်တမ်းများနှင့် စွမ်းအားမြင့်မားမှုအပေါ်မူတည်ပြီး ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ကိုယ်ရသည့်အဆင့်ကို မကျေနပ်ဘဲ အငြင်းပွားစရာများ ရှိလာနိုင်သည်။

အချင်းချင်းယှဉ်ပြိုင်ပြီး အနိုင်ရသူကိုသတ်မှတ်ခြင်းပြုလုပ်လျှင်ပင် အရှုံးသမားက မကျေနပ်ဘဲ အပြင်းအထန် ကျင့်ကြံပြီး နှစ်ပေါင်းများစွာကြာသည့်နောက် ယခင်အရှက်ကွဲခဲ့ရသော အရှုံးကြွေးကို ပြန်လည်အဖတ်ဆယ်ရန် ကြိုးစားမည်ဖြစ်သည်။ သိုင်းကျင့်ကြံသူတိုင်းက အရှုံးကို လက်ခံချင်ကြသည် မဟုတ်ပေ။

သို့ဖြစ်ရာ နဂါးနှင့်ကျားတို့ကြား ပြင်းထန်သောတိုက်ပွဲကြီးကတော့ ပေါ်ပေါက်လာပေတော့မည်။

ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။ သူလည်း ဤတိုက်ပွဲကို အလွန်တရာ စိတ်ဝင်စားနေမိသည်။

“ငါ သတ်လိုက်တဲ့ ရှားလော်ဂိုဏ်းက ကျန်းရှုန်က ထိပ်တန်းအမတဝိညာဉ်သိုင်းဆရာသခင် (၁၀)ယောက်မှာ နံပါတ် (၃) ရထားတဲ့သူပဲ ၊ အခု ဒီနှစ်ယောက်က နံပါတ် (၁)နဲ့ နံပါတ် (၂) တိုက်ခိုက်ကြမှာပဲ”

သူက အတွေးနှင့်အတူ ပြုံးလိုက်မိသည်။

ထို့နောက် ခေါင်းတစ်ချက်ခါယမ်းရင်း ရေဝဲဂယက်အလယ်မှ ကုန်းမြေထက်သို့ ပျံသန်းထွက်ခွာသွားလေသည်။

သိုင်းသမားများကတော့ စကားဆက်ပြောနေကြ၏။

“ဒီဘက်ခြမ်းက ကြံ့ဝိညာဉ်ပင်လယ်ဒေသ ၊ ဟိုဘက်ခြမ်းက လိပ်ပျံပင်လယ်ဒေသ... ဒေသနှစ်ခုလုံးက လမ်းမှန်ဂိုဏ်းနယ်မြေတွေချည်းပဲ”

“ဒီလိုနေရာမျိုးမှာ စိန်ခေါ်ပွဲလုပ်ရဲတဲ့ လီရှန်ကတော့ အတော်သတ္တိကောင်းနေတာပဲ”

“ဒါပေမဲ့ အနောက်မှာ ဝင်္ကပါပင်လယ်ရှိတယ်လေ ၊ အမတလက်ဖွဲ့သိုင်းဆရာသခင်တစ်ယောက်က သူ့ကို လုပ်ကြံမယ်ဆိုရင်တောင် သူ့အနေနဲ့ ဝင်္ကပါပင်လယ်ဘက်ကို ပြန်ဆုတ်ခွာသွားလို့ရတယ် ၊ ပြီးတော့ ကျန်လုန်ဂိုဏ်းက တခြားသူတွေလည်း သူ့ကိုကာကွယ်ပေးဖို့ ရောက်လာကြမှာ သေချာတယ်”

“ဒီစိန်ခေါ်ပွဲဖြစ်ရတဲ့ အကြောင်းရင်းက.... ကျန်လုန်ဂိုဏ်းက တပည့်ငယ်တစ်ယောက်က ရေသလင်းနန်းတော်က တပည့်ငယ်တစ်ယောက်ကို ရှုံးသွားခဲ့တယ်ကွာ ၊ အဲဒါက ကျန်လုန်ဂိုဏ်းကို အ‌တော်လေး မျက်နှာပျက်စေခဲ့တယ် ၊ အဲဒီမှာ ကျန်းဟောက်ချန် ဒီဒေသကိုရောက်နေတာလည်းသိရော လီရှန်က သူတို့ဂိုဏ်းသိက္ခာပြန်ဆည်ဖို့ ချက်ချင်းရောက်လာပြီး စိန်ခေါ်တာပဲ”

သူတို့ စကားစမြည်ပြောနေကြရင်း ရန်ကျောက်ကဲနှင့် ဖူအန်းစုရောက်လာသည်ကို သတိပြုမိသွားကြ၏။

ပထမတော့ သူတို့အားလုံး သိပ်ပြီး အရေးမစိုက်ကြပေ။ လောကတွင် တစ်ကိုယ်တော်သိုင်းကျင့်ကြံသူများစွာရှိလေရာ လူတိုင်းကိုမှတ်မိသိရှိနိုင်မည် မဟုတ်ပေ။

သို့သော် လူတစ်စုကတော့ ရန်ကျောက်ကဲကို မြင်ဖူးသည်ဟု ထင်မှတ်ပြီး သတိပြုမိသွားကြသည်။ ထိုသူများက ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများဖြစ်ကြပြီး ရန်ကျောက်ကဲကို စိုက်ကြည့်လာကြ၏။

“အဲဒါ... သူ မဟုတ်လား”

တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။

ကြံ့ဝိညာဉ်ကျွန်းသို့ ပြန်သွားကြသော တပည့်အငယ်များက ရန်ကျောက်ကဲကို သိရှိကြသည်ဖြစ်ရာ ယခု သူတို့ဂိုဏ်းမှလူများအားလုံး ရန်ကျောက်ကဲ၏ ရုပ်ပုံကိုတွေ့မြင်ဖူးကြပြီ ဖြစ်သည်။ ဖန်းကျောက်ဟုန် ၊ ယန်ချူးဖန်နှင့် အခြားသူများကို ဆုံးရှုံးခဲ့ပြီးနောက် ကြံ့ဝိညာဉ်ဂိုဏ်းမှလူများအားလုံး ဆိုးရွားသည့်အဖြစ်အပျက်ကို ခံစားခဲ့ကြရသည်။

လွန်ခဲ့သည့်ရက်များအတွင်း ကြံ့ဝိညာဉ်ကျွန်းက သူတို့ရေပိုင်နက်တစ်ခုလုံး အစောင့်အကြပ်များ ချထားပြီး နေရာတိုင်းတွင် ရန်ကျောက်ကဲကို ရှာဖွေနေခဲ့သည်။ ထို့ကြောင့် ယခု ရန်ကျောက်ကဲကိုတွေ့တော့ မှတ်မိသွားကြခြင်း ဖြစ်၏။

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်ကိုတွေ့သည်နှင့် အခြားသူများလည်း သတိပြုမိသွားကြသည်။

“အဲဒီလူငယ်က...  အမှောင်မိစ္ဆာ’ကျန်းရှုန်’ ကိုသတ်ခဲ့တဲ့လူလား”

သူတို့စကားများကိုကြားသော်လည်း ရန်ကျောက်ကဲပုံစံက ခပ်အေးအေးပင်။ သူက ကြံ့ဝိညာဉ်ကျွန်းမှလူများကို မရယ်မပြုံးမျက်နှာထားဖြင့် လှမ်းကြည့်သည်။

ရှားလော်ဂိုဏ်းမှလူအများ အသတ်ခံရသည်ဆိုသောသတင်း ပျံ့နှံ့သွားပြီးနောက် ကြံ့ဝိညာဉ်ကျွန်းကလည်း သတင်းလျှို့ဝှက်ထားရန် မရည်ရွယ်ခဲ့ပေ။ ထို့ကြောင့် ကြံ့ဝိညာဉ်ကျွန်းမှ လူများသည်လည်း ရန်ကျောက်ကဲကို စတင်ရှာဖွေနေကြဟန် တူသည်။

ဖန်းကျောက်ဟုန်နှင့် အခြားသူများသတင်းကတော့ ကြံ့ဝိညာဉ်ကျွန်းကို သိက္ခာကျစေမည့်သတင်းဖြစ်လေရာ ထုတ်ဖော်ကြေငြာခြင်းမရှိဘဲ လျှို့ဝှက်ထားကြသည်။ ထို့ပြင် ဖန်းကျောက်ဟုန်တို့၏ ရုပ်အလောင်းများကို မတွေ့မြင်ရသဖြင့် အသက်ရှင်သန်နေဦးမည်လားဟု မျှော်လင့်ချက်အနည်းငယ်လည်း ရှိနေသည်ပင်။

ရန်ကျောက်ကဲမျက်နှာထက်မှ တည်ငြိမ်သောအမူအရာကို မြင်လိုက်ရတော့ သိုင်းသမားများအားလုံး ချက်ချင်း ငြိမ်သက်သွားကြသည်။

ရန်ကျောက်ကဲ သတ်ဖြတ်လိုက်သူက အခြားသူမဟုတ် ၊ အမတဝိညာဉ်သိုင်းဆရာသခင် ထိပ်တန်း (၁၀)ယောက်တွင် နံပါတ် (၃)ဖြစ်သော အမှောင်မိစ္ဆာ ‘ကျန်းရှုန်’ ဖြစ်သည်။ ကျန်းရှုန်က ကျန်းဟောက်ချန်နှင့် လီရှန်တို့ပြီးလျှင် အတော်ဆုံးတစ်ယောက် ဖြစ်၏။

ရှားလော်ဂိုဏ်းတွင် သိုင်းသူတော်စင်မရှိသလို အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်း မရှိသဖြင့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှ ကျန်လုန်ဂိုဏ်း ၊ မိစ္ဆာသူတော်စင်ဂိုဏ်းနှင့် တစ္ဆေဝိညာဉ်ဂိုဏ်းတို့အပြင် လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှ ရေသလင်းနန်းတော် ၊ သွေးနီနဂါးဂိုဏ်းနှင့် ဓားအသင်္ချေရေကန်တို့ထက် အနည်းငယ် အင်အားနည်းပါးသည်။

သို့သော်လည်း အမှောင်မိစ္ဆာ’ကျန်းရှုန်’ သည် အမတဝိညာဉ်သိုင်းဆရာသခင် ထိပ်တန်း (၁၀)ယောက်တွင် နံပါတ် (၃)နေရာကို ရယူနိုင်ခဲ့၏။ ထို့ပြင် သူက အသက်ငယ်သေးသည်ဖြစ်ရာ ကြီးမားသောအလားအလာများကို ပိုင်ဆိုင်ထားပြီး ရှားလော်ဂိုဏ်းတစ်ခုလုံးကလည်း သူ့အပေါ် များစွာ မျှော်လင့်ထားကြသည်။

သို့သော် ကြံ့ဝိညာဉ်ကျွန်းမှ ထွက်ပေါ်လာသောသတင်းများအရ ကျန်းရှုန်သည် လူငယ်တစ်ယောက်လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့သည်ဟူ၏။

သို့ဖြစ်ရာ ရှားလော်ဂိုဏ်းအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ခဲ့သလို စိတ်အနှောက်အယှက်လည်း ဖြစ်ခဲ့ရသည်။ ပြီးတော့ ထိုကိစ္စက သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံး အာရုံစိုက်ရမည့်ကိစ္စ ဖြစ်သည်။

အထူးသဖြင့် လူသားတိုင်း၏စိတ်ကို အေးခဲသွားစေသည့်အချက်မှာ ထိုလူငယ်က မိစ္ဆာသူတော်စင်ဂိုဏ်းသားတစ်‌ယောက်ဖြစ်သည်ဆိုသော သတင်းပင်။

လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် မိစ္ဆာသူတော်စင်ဂိုဏ်းက အလွန်တရာ လျှို့ဝှက်ဆန်းကျယ်လွန်းပြီး တပည့်အနည်းငယ်သာလျှင် ရှိသည်။ သို့သော် သူတို့ထဲမှတစ်ယောက် ပြင်ပလောကသို့ ထွက်လာပါက အမြဲတမ်း လောကတစ်ခွင်တုန်လှုပ်စေသော ပုံရိပ်တစ်ခု ဖြစ်လာစမြဲ ဖြစ်၏။

မိစ္ဆာသူတော်စင်ဂိုဏ်းချုပ်ကိုယ်တိုင်က သမုဒ္ဒရာကမ္ဘာမှ သိုင်းသူတော်စင်အနည်းငယ်များထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ပြီး အလွန်တရာ လျှို့ဝှက်ဆန်းကျယ်သည် မဟုတ်ပါလား။

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့မျက်နှာများထက် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေကြသည်။

သူတို့ထဲမှတစ်ယောက်က အခြားဂိုဏ်းမှသိုင်းသမားများထံသို့ အသံပို့လွှတ်စနစ်ဖြင့် တိတ်တဆိတ် စကားပြောလိုက်၏။

“ဒီလူက မိစ္ဆာသူတော်စင်ဂိုဏ်းက မိစ္ဆာသူတော်စင်အသစ်တစ်ယောက် ဖြစ်လာနိုင်တယ် ၊ လမ်းမှန်ဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေက အတိုင်းအတာတစ်ခုအထိ ဆန့်ကျင်နေတာဆိုတော့ ငါတို့တွေပူးပေါင်းပြီး သူ့ကို ရှင်းပစ်လိုက်ကြရအောင်”

သူက ဆက်ပြောသည်။

“ပြီးတော့ သူက အသက်ငယ်ငယ်လေးနဲ့ မကြုံစဖူး အစွမ်းထက်လွန်းတဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားတယ် ၊ မိစ္ဆာသူတော်စင် ငယ်ငယ်ကတောင်မှ သူ့လောက်မတော်ဘူး ၊ ငါတို့ သူ့ကို ကြီးထွားခွင့်ပေးလိုက်မယ်ဆိုရင် အနာဂတ်မှာ သေချာပေါက် အန္တရယ်ဖြစ်လာလိမ့်မယ်”

ဤနေရာ၏ ပထဝီဝင်အနေအထားအရ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများအပြင် လိပ်ပျံပင်လယ်ကို အုပ်ချုပ်သည့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများလည်း ရောက်ရှိနေကြသည်။

ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်က မျက်မှောင်ကြုတ်လျှက် ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“သူက သွေးနီတစ္ဆေအင်းသင်္ကေတကို အသုံးပြုတယ်ဆိုတာ သေချာလို့လား”

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများက အမြန် ပြန်ဖြေသည်။

“အဲဒီနေရာက အရံအတားမရှိတော့ဘူးဆိုတော့ သက်သေတော့မပြနိုင်တော့ဘူး ၊ ဒါပေမဲ့ ဒီလူငယ် သွေးနီတစ္ဆေအင်းသင်္ကေတအသုံးပြုခဲ့တယ်ဆိုတာ အမှန်ပါပဲ ၊ ပြီးတော့ သွေးနီတစ္ဆေအင်းသင်္ကေတက နည်းနည်းပဲရှိတာ ၊ သူက အဲဒီပစ္စည်းကိုအသုံးပြုခွင့်ရှိတာကိုကြည့်ရရင် မိစ္ဆာသူတော်စင်ဂိုဏ်းမှာ သူ့အဆင့်အတန်းက ပေါ့သေးသေး မဟုတ်နိုင်ဘူး ၊ သူ့ဆီမှာ နောက်ထပ် သွေးနီတစ္ဆေအင်းသင်္ကေတတွေတောင် ရှိချင်ရှိနေဦးမှာ”

ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားက မချိပြုံးတစ်ချက်ပြုံးရင်း...

“ငါတို့ ဒီကိုလာတာ စိန်ခေါ်ပွဲကြည့်ဖို့လာတာ ၊ သူ့ကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မလဲ”

သူက ဖူအန်းစုကို မျက်လုံးတစ်ချက်စွေကြည့်ရင်း...

“ပြီးတော့... သူ့ဘေးနားက အဲဒီအမျိုးသမီးလည်း ရှိသေးတယ်”

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားက...

“ခဏနေရင် ကျန်းဟောက်ချန်ကိုအားပေးဖို့ ရေသလင်းနန်းတော်ကလူတွေ ရောက်လာကြတော့မယ် ၊ ကျန်လုန်ဂိုဏ်းကလူတွေလည်း ရောက်လာမှာပဲ ၊ အဲဒီအချိန်ဆို ဒီလူငယ်လွတ်သွားလိမ့်မယ် ၊ အခု ငါတို့ ကျွန်းပေါ်ကို သတင်းပြန်ပို့ထားလို့ ကျွန်းသခင်ကိုယ်တိုင် ထွက်လာနေပြီ ၊ မင်းတို့လည်း မင်းတို့ဂိုဏ်းက အကြီးအကဲတွေကို ဆက်သွယ်သင့်တယ် ၊  ဒီလူ ဝင်္ကပါပင်လယ်ထဲ ဝင်မပုန်းနိုင်အောင် တားဆီးရမယ်”

ကြံ့ဝိညာဉ်ကျွန်းသခင် ‘ခန်းဖုန်’ ကိုယ်တိုင်ရောက်လာမည်ဆိုသောစကားကိုကြားတော့ ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ မျက်နှာအမူအရာများပြောင်းလဲသွားကြပြီး စိတ်ဓာတ်များ တက်ကြွလာကြသည်။

သိုင်းသမားများ သူတို့ကိုကြည့်နေကြောင်း ရန်ကျောက်ကဲနှင့် ဖူအန်းစုသည်လည်း သတိပြုမိကြသည်။

ဖူအန်းစုက...

“ဘယ်လိုလဲ ၊ ငါတို့ နယ်မြေရှင်းကြမလား”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“မလိုပါဘူး ၊ ခဏနေရင် ရေသလင်းနန်းတော်နဲ့ ကျန်လုန်ဂိုဏ်းကလူတွေလည်း ရောက်လာကြတော့မယ်”

သူက ဆက်ပြောသည်။

“ပြီးတော့ ကျွန်တော်လုပ်ချင်တာကို သူတို့တွေ တားဆီးလို့ မရပါဘူး ၊ သူတို့ကို မောင်းထုတ်ရင်ပဲဖြစ်ဖြစ် သူတို့ ရှိနေရင်ပဲဖြစ်ဖြစ် ဘာမှမထူးခြားဘူး”

All Chapters