← Chapters

ရန်ကျောက်ကဲက ပင်လယ်ကိုတုန်ခါစေပြီး ညစ်ညမ်းခြင်းမှသန့်စင်ခြင်းသို့ပြောင်းလဲပေးတယ်

Vol. 36 Ch. 508

ရန်ကျောက်ကဲက ပင်လယ်ကိုတုန်ခါစေပြီး ညစ်ညမ်းခြင်းမှသန့်စင်ခြင်းသို့ပြောင်းလဲပေးတယ်

Vol. 36 Ch. 508

အခန်း (၅၀၈) ရန်ကျောက်ကဲက ပင်လယ်ကိုတုန်ခါစေပြီး ညစ်ညမ်းခြင်းမှသန့်စင်ခြင်းသို့ပြောင်းလဲပေးတယ်

ဖူအန်းစုက ပတ်ဝန်းကျင်မှ ညစ်ညမ်းသောရေစီးကြောင်းများကိုကြည့်ရင်း ရန်ကျောက်ကဲ ဘာလုပ်ချင်သည်ကို နားမလည်ပေ။

ရန်ကျောက်ကဲက တစ်ချက်ပြုံးလိုက်ပြီး ညစ်ညမ်းသောရေစီးကြောင်းများရှိရာသို့ ပျံသန်းထွက်ခွာသွားသည်။

ထို့နောက် သူက လက်ဖဝါးများကို ဆန့်ထုတ်လိုက်ပြီး ကြယ်တာရာချီစွမ်းအားများ စုစည်းလျှက် ကြီးမားသောရေဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာသည်။

ထိုရေဝဲဂယက်ကြီးက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို လွှမ်းခြုံသွားသည်။ ညစ်ညမ်းရေအောက်စီးကြောင်းများကြား ရောက်ရှိသွားသည်နှင့် အမွှေးတိုင်အိုးလေးက အနည်းငယ် တုန်ခါသွား၏။

ရန်ကျောက်ကဲက သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရများကို ညစ်ညမ်းရေအောက်စီးကြောင်းများအတွင်းသို့ ရိုးရှင်းစွာ ထည့်သွင်းနေသည် မဟုတ်ပေ။ ထိုအစား သူက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို စည်းချက်ညီစွာ ရွေ့လျားနေစေသည်။

သူ၏ လှုပ်ရှားမှုနှင့်အတူ ညစ်ညမ်းပင်လယ်ရေအောက်စီးကြောင်းများက ခန့်မှန်းနိုင်သောစည်းချက်များပမာ ပြောင်းလဲသွားပြီး ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး ရွေ့လျားနေသော ကြိမ်နှုန်းနှင့် နီးကပ်လာခဲ့သည်။

ဒါကိုမြင်တော့ သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများ အံ့အားသင့်သွားကြပြီး...

“ညစ်ညမ်းတဲ့ပင်လယ်ရေအောက်စီးကြောင်းတွေကို သူက ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ”

သူတို့ ထိတ်လန့်တခြား တုန်လှုပ်သွားပြီး...

“ဒီလူက ဘာလုပ်နေတာလဲ”

အမှောင်မိစ္ဆာ’ကျန်းရှုန်’ ကိုပင် သတ်ဖြတ်ခဲ့သော ရန်ကျောက်ကဲ၏စွမ်းပကားကြောင့် သူ့အနားသို့ မည်သူမှ မချဉ်းကပ်ဝံ့ကြဘဲ နားမလည်နိုင်စွာဖြင့်သာ ကြည့်နေခဲ့ကြသည်။

ရန်ကျောက်ကဲကိုကြည့်ပြီးနောက် ဖူအန်းစုကို လှမ်းကြည့်လိုက်ကြပြီး ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ စကားမဆိုရဲကြဘဲ တိတ်တဆိတ် နောက်သို့ ဆုတ်ခွာသွားကြသည်။ ဖူအန်းစု၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် များစွာမြင့်မားလေရာ သူမ ဒဏ်ရာရနေသည့်တိုင် သူတို့အနေဖြင့် ရင်ဆိုင်နိုင်ကြမည် မဟုတ်ပေ။

ထို့ပြင် သူမက စွမ်းအားရောင်ဝါကို ဖုံးကွယ်ထားခြင်းမရှိသဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့်က အနည်းဆုံး အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်ရှိကြောင်း ခန့်မှန်းနိုင်ကြသည်။

ဖန်းကျောက်ဟုန်တို့ ပျောက်ကွယ်သွားသည်မှာ ဖူအန်းစုလက်ချက်ဖြစ်မည်ဟု ကြံ့ဝိညာဉ်ကျွန်းမှသိုင်းသမားများ တွေးထင်လိုက်ကြ၏။

သူတို့ ထွက်ခွာသွားချင်သည့်တိုင် ရန်ကျောက်ကဲ ဘာလုပ်နေသည်ကိုလည်း သိချင်နေသည်။

သေသေချာချာကြည့်လိုက်တော့ များပြားလှစွာသော ညစ်ညမ်းရေအောက်စီးကြောင်းများကို ရန်ကျောက်ကဲ ပြုပြင်လိုက်သည်နှင့် သူ ပြုလုပ်ထားသော ကြီးမားသောရေဝဲဂယက်ကြီးက အဆောက်အဦတစ်ခုပမာ ပြိုကျလုနီးပါးဖြစ်သွားသည်ကို တွေ့မြင်ကြရသည်။

အနီးပတ်ဝန်းကျင်ရှိပင်လယ်ရေများက အဆက်မပြတ် ဟုန်းဟုန်းထနေပြီး ပင်လယ်ရေမျက်နှာပြင်အောက်မှ လှိုင်းလုံးကြီးများမှာလည်း တဟုန်ထိုး မြင့်တက်လာသည်။ နဂိုကပင် မငြိမ်သက်သော ပင်လယ်သုံးစင်းဆုံစည်းရာနေရာသည် ယခုတော့ လှိုင်းလုံးများက ကောင်းကင်ထက်ထိ မြင့်မားစွာ ပျံတက်နေသည်ကို တွေ့မြင်ရ၏။

ပင်လယ်ရေပြင်ထက်မတ်တတ်ရပ်နေသော ရန်ကျောက်ကဲ၏မျက်နှာက တည်ငြိမ်နေပြီး ညစ်ညမ်းပင်လယ်ရေအောက်စီးကြောင်းများ၏ ပြောင်းလဲမှုကို ဂရုတစိုက်စောင့်ကြည့် အာရုံခံနေသည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ဖြတ်ကျော်သွားပြီး ညစ်ညမ်းရေအောက်စီးကြောင်းများဆီသို့ အဆက်မပြတ်ဝင်ရောက်သွားသည်။

ဤအမွှေးတိုင်အိုးလေးက အလွန်တရာ လျှို့ဝှက်ဆန်းကျယ်ပြီး ရန်ကျောက်ကဲသည်ပင် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိပေ။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ရန်ကျောက်ကဲက ဤရတနာပစ္စည်းလေးကို အဆက်မပြတ် ဆန်းစစ်နေခဲ့သည်။ ဤပစ္စည်းသည် ပြီးပြည့်စုံသောပစ္စည်းတစ်ခုမှ ကွဲထွက်လာသည့် မပြည့်စုံသော ရတနာပစ္စည်းတစ်ခု ဖြစ်ဟန်တူသည်။

မည်သို့ပင်ဖြစ်စေ ဤ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက အံ့သြဖွယ်ကောင်းနေဆဲဖြစ်ပြီး သူ့ကိုပစ်မှတ်ထားသည့် စွမ်းအားများစွာကို ထူးဆန်းစွာ ဆုပ်ယူနေဆဲပင်။

အရာဝတ္တထုများက အသက်မဲ့ကြပြီး လူသားများကတော့ အသက်ရှင်သန်လျှက် တွေးတောနိုင်စွမ်း ရှိကြသည်။ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက ရန်ကျောက်ကဲအတွက် ငြိမ်သက်စွာ အလုပ်လုပ်ပေးနေစဉ် ရန်ကျောက်ကဲက ထိုအရာကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

ညစ်ညမ်းရေစီးကြောင်းများက အထဲသို့ရောက်လာသမျှ သက်ရှိသကဲမဲ့အရာအားလုံးကို ဆွဲငင်ယူဆောင်သွားနိုင်စွမ်း ရှိသည်။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး ထိုရေစီးကြောင်းများအတွင်း ရောက်ရှိသွားသည်နှင့် ညစ်ညမ်းပင်လယ်ရေများ၏ ဆွဲငင်ခြင်းကို ခံရသည်။ ထိုအခါ အမွှေးတိုင်အိုးလေးက ညစ်ညမ်းသော ရေအောက်ရေစီးကြောင်းများ၏ စွမ်းအားကို စုပ်ယူဝါးမျိုပစ်လိုက်လေ၏။

ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ထိန်းချုပ်မှုဖြေလျှော့လိုက် ၊ ပြန်လည်ထိန်းချုပ်လိုက်ဖြင့် အတိုးအလျော့လုပ်ပေးနေသည်။

ထိုအခါ မူလကပင်မတည်ငြိမ်သော ညစ်ညမ်းရေအောက်စီးကြောင်းများက အဆက်မပြတ် ပြောင်းလဲသွားပြီး ပြင်းထန်လာလိုက် အားပျော့သွားလိုက် ဖြစ်နေသည်။ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကိုထိန်းချုပ်ရင်း ညစ်ညမ်းရေအောက်စီးကြောင်းများ၏ မြင့်တက်လာလိုက် အားပျော့သွားလိုက်ဖြစ်နေသော ကြိမ်နှုန်းကို ရန်ကျောက်ကဲ စတင်ဆုပ်ကိုင်နိုင်လာသည်။

ရန်ကျောက်ကဲက အခြေအနေကို ဤအတိုင်းဆက်ထိန်းထားပြီး စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေ၏။

အချိန်ကြာလာသည်နှင့်အမျှ ညစ်ညမ်းရေစီးကြောင်းများ၏ပြောင်းလဲမှုက သူ့အရှေ့မှသေးငယ်သောဧရိယာတွင်သာမက ကျယ်ပြန့်သောပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဒါကိုမြင်တော့ ဖူအန်းစုမျက်ဝန်းများ အနည်းငယ်တုန်ခါသွားပြီး...

“ပင်လယ်သုံးစင်းက ရေအောက်စီးကြောင်းတွေအကုန်လုံး ဒီနေရာမှာ ဆုံစည်းပြီး ညစ်ညမ်းတဲ့ ရေအောက်စီးကြောင်းတွေဖြစ်လာဖို့ တွန်းအားပေးနေကြတယ်”

“ဒီနေရာက သဘာဝစည်းချက်တွေကို ပြောင်းလဲချင်တယ်ဆိုရင် လူတစ်ယောက်ရဲ့စွမ်းအားနဲ့ အဆပေါင်းများစွာကြိုးစားမယ်ဆိုရင်တောင် နည်းနည်းပဲသက်ရောက်မှုရှိလိမ့်မယ် ၊ ဒါပေမဲ့ ကျောက်ကဲရဲ့ လုပ်ရပ်ကတော့ ထူးထူးခြားခြား စည်းချက်ညီပြီး သက်ရောက်မှုကလည်း အရမ်းများတယ်”

“အခု ဒီနေရာက ညစ်ညမ်းရေအောက်စီးကြောင်းတွေရဲ့ စည်းချက်က ပြောင်းလဲသွားပြီ ၊ ဒါပေမဲ့ ဒီလိုပြောင်းလဲသွားတာက ဘာဖြစ်လာနိုင်မလဲ”

ဖူအန်းစုတွေးနေစဉ်မှာပင် သူမရှေ့မှ ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ထွန်းလင်းလာသည်ကို ခံစားရသည်။

တူးမြောင်းတစ်ခုပမာရှိနေသည့် ပင်လယ်ရေနက်အောက်ခြေ ၊ ပင်လယ်သုံးစင်း၏ ရေအောက်စီးကြောင်းများ ဆုံစည်းရာနေရာမှ အလင်းရောင်များ တောက်ပလာခြင်း ဖြစ်၏။

ထိုအလင်းရောင်က မပြင်းထန်ဘဲ နူးညံ့သိမ်မွေ့စွာတောက်ပနေပြီး တွေ့မြင်ရသူတိုင်းကို ငြိမ်းချမ်းခြင်းနှင့် ရွှင်လန်းမှုများ ခံစားရစေသည်။

တဖြည်းဖြည်း မိုးရေစက်နှင့်ဆင်တူသော ရေစက်ငယ်များသည် နူးညံ့သောအလင်းရောင်များကြားမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ပင်လယ်ရေထဲသို့ ကျဆင်းသွးသော်လည်း ပင်လယ်ရေနှင့် ပေါင်းစပ်သွားခြင်း မရှိပေ။ ဆီစက်များရေထဲကျဆင်းသွားသည့်ပမာ မိုးရေစက်များကသပ်သပ် ပင်လယ်ရေကသပ်သပ် ထူးခြားစွာ တည်ရှိနေသည်။

မိုးရေစက်များက ကြည်လင်တောက်ပပြီးအေးမြနူးညံ့သော်လည်း မှိန်ဖျော့သောပင်လယ်ရေပြင်ထက်တွင် စူးရှစွာ တောက်ပနေခဲ့သည်။

ဤသို့ ထူးဆန်းသောအပြောင်းအလဲများကို တွေ့လိုက်ရသည့်အခါ အနီးပတ်ဝန်းကျင်မှ သိုင်းသမားများအားလုံး အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

အချို့က မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ထိုမိုးရေစက်များအတွင်းမှ ဝိညာဉ်စွမ်းအားများကို ဂရုတစိုက် အာရုံခံကြည့်ကြသည်။ ထိုမိုးစက်များမှထွက်ပေါ်လာသော ရေခိုးရေငွေ့များသည်ပင် စိတ်ကိုကြည်လင်စေပြီး ရနံ့သင့်ပျံ့လျှက် ရှိကြသည်။

ထို့နောက် ဤနေရာမှ သိုင်းသမားများအားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ညစ်ညမ်းရေစီးကြောင်းများထက်တွင် ဖန်ဆင်းထားသော ရေဝဲဂယက်ကြီးသာမက ပတ်ဝန်းကျင်မှ မသန့်ရှင်းသောရေများအားလုံး ထိုမိုးရေစက်များဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။

ဤမိုးရေစက်များက ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံး မိုးရေစက်များပမာဖြစ်ပြီး သူတို့ရှေ့မှ ပင်လယ်ရေများသည်ပင် ညစ်ပတ်နေဟန်ရှိသည်။

ဖူအန်းစု အံ့အားသင့်သွားပြီး...

“ကန်းလင်မိုးရေစက်တွေလား...”

ရန်ကျောက်ကဲက ပြုံးရင်း...

“တကယ့်ကန်းလင်မိုးရေစက်တွေထက် အများကြီးနိမ့်ကျနေသေးပေမယ့် အတော်လေးအခြေအနေကောင်းတယ်လို့ ယူဆလို့ရတယ်”

ဖူအန်းစုသည် ကြည်လင်သောမိုးရေစက်များကိုကြည့်ရင်း အံ့အားတသင့်ဖြစ်လျှက် ရှိ၏။

ကန်းလင်မိုးရေစက်များသည် မဟာကပ်ဘေးကြီးမတိုင်ခင်က ရတနာပစ္စည်း ဖြစ်သည်။ မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ထိုမိုးရေစက်များ မည်သည့်နေရာတွင်တည်ရှိကြောင်း မသိရှိသော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်တော့ တွေ့မြင်ရခြင်း မရှိပေ။ ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသည်ကိုသာ လေ့လာနိုင်ကြသည်။

ကောလဟလများအရဆိုသော် ကန်းလင်မိုးရေစက်များသည် အညစ်အကြေးများမှကင်းစင်ကာ မိုးအောက်မြေပြင်မှ အညစ်အကြေးများအားလုံးကို သန့်စင်နိုင်စွမ်းရှိပြီး ငရဲကိုးထပ်ကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ ကောလဟလများဖြင့်ပင် ကန်းလင်မိုးရေစက်များကို လူတိုင်းက ချီးမွမ်းကြရသည်။

ယနေ့တော့ ဖူအန်းစုသည် ထိုရတနာကို သူမမျက်စိဖြင့် တပ်အပ်တွေ့မြင်ခဲ့ပေပြီ။

ရန်ကျောက်ကဲက ပြုံးရင်း...

“မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ဒီ ကန်းလင်မိုးရေစက်တွေက အရမ်းရှားပါးတယ် ၊ ဒီတော့ ဝံပုလွေကများပြီး အသားကမလုံလောက်သလို အလုပ်မဖြစ်ဘူးလေ ၊ ဒါကြောင့် အချို့ထိပ်တန်းကျင့်ကြံသူတွေက သုတေသနပြုပြီး အညစ်အကြေးကနေ သန့်စင်ခြင်းကို မွေးဖွားပေးနိုင်တဲ့ အံ့ဖွယ်နည်းလမ်းတစ်ခုကို တီထွင်ခဲ့ကြတယ် ၊ အခု ဒီ ညစ်ညမ်းရေအောက်စီးကြောင်းတွေကနေတစ်ဆင့် ကန်းလင်မိုးရေစက်တွေကိုဖန်တီးတာက အားနည်းချက်တွေ ရှိနေသေးပေမယ့် အောင်မြင်တယ်လို့ ပြောလို့ရတယ်”

သူက ဆက်ပြောသည်။

“ဒီနည်းလမ်းကို ဟိုးအရင်ကတည်းက ကြားဖူးပေမယ့် ထူးဆန်းတယ်လို့ပဲတွေးမိပြီး စိတ်ထဲသိပ်မထားခဲ့ဘူး ၊ ဘာလို့ဆို ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကန်းလင်မိုးရေစက်မပြောနဲ့ ညစ်ညမ်းရေအောက်စီးကြောင်းတွေတောင် မရှိဘူးလေ”

“ဒါပေမဲ့ ဒီ သမုဒ္ဒရာကမ္ဘာမှာ ညစ်ညမ်းရေအောက်စီးကြောင်းတွေရှိတယ်လို့ ကျွန်တော်ထင်မထားခဲ့မိဘူး ၊ ဝင်္ကပါပင်လယ်က သိုင်းသမားတွေဆီကသတင်းကြားတာနဲ့ ဒီနေရာကို အမြန်လာခဲ့တာပဲ”

စကားပြောနေစဉ်မှာပင် ကန်းလင်မိုးစက်များက မရပ်မနားထွက်ပေါ်လာကာ အဆက်မပြတ်များပြားလာပြီး အချိန်ကြာမြင့်စွာတည်ရှိလျှက် တဖြည်းဖြည်းသိပ်သည်းသွားသည်။ အဆုံးသတ်မှာတော့ ပင်လယ်ရေအောက်တွင် ကြည်လင်ပါးလွှာသည့် ရေစီးကြောင်းတစ်ခု ဖြစ်တည်လာသည်။

ထို အဖြူရောင်ရေစီးကြောင်းကိုကြည့်ရင်း ဖူအန်းစုက ချီးကျူးဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။

သို့သော် သူမက ရန်ကျောက်ကဲကို မေးခွန်းထုတ်လိုက်၏။

“မင်းက ဘယ်နေရာမှာသုံးမလို့ ဒါကိုလုပ်နေတာလဲ”

All Chapters