အပိုင်း (၁၁၁၉)
Vol. 023 Ch. 1119
“ဒီအခြေအနေက အန္တရာယ်များလွန်းလှတယ်။ ဒီအဘိုးအိုက ဒီဆူပွက်နေတဲ့နေရာမှာ ရှင်သန်နိုင်ဖို့ ပထမကောင်းကင်ဘုံဒုက္ခကိုပဲ ရင်ဆိုင်ဖို့ ပိုစွန့်စားချင်သေးတယ်…”
အရှင်လေဟာနယ်၏ မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာချိန်၌ သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ သူ့မျက်လုံးထဲ၌ ပြတ်သားသောအကြည့် ဖြစ်ပေါ်လာသည်။
သူ့လက်နှစ်ဖက်ကို ဖြန့်ကားနေရင်း လှိုဏ်ဂူအပြင်ဘက် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ အပြင်ဘက်တွင် ဟင်္သာငှက်စိတ်ဝိညာဉ် ရှိနေသော အဆုံးမဲ့ဟင်းလင်းပြင်နေရာတွင် ကြယ်ငါးလုံးသည် ဖော်ပြနိုင်စွမ်းမဲ့သော အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။
ထိုအလင်းသည် တောက်ပနေရင်း ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် ပေါင်းစည်းသည်။ လူတစ်ယောက်သည် မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် ရှိနေသ၍ ထိုသူသည် ကောင်းကင်ထက်၌ ကြယ်ငါးလုံးပေါ်လာသည်ကို တွေ့မြင်ရပေမည်။
နေ့ဖြစ်စေ၊ညဖြစ်စေ ကြယ်ငါးလုံးထံမှ အလင်းကို နေရာတိုင်းကနေ မြင်နိုင်၏။ ထို့နောက် ကြယ်ငါးလုံးထဲမှ တစ်လုံးသည် လွန်စွာ တောက်ပကာ ကျန်သည့် ကြယ်လေးလုံးကို ဖုံးလွှမ်းသည်။ သည့်နောက် ထိုအလင်း အထွတ်အထိပ် ရောက်ချိန်၌ ယင်းကြယ်သည် ရုတ်တရက် လေဟာနယ်ထဲသို့ ပြိုဆင်းကျသည်။
တောက်ပသောဟင်းလင်းပြင်နယ်မြေမှ အဘိုးအိုနှင့် လှပသောအမျိုးသမီးတို့သည် ကြယ်များကြား၌ သွားလာနေသည်။ သူတို့ ရှေ့သို့ သွားနေရင်း အဘိုးအိုသည် ခေါင်းမော့ကာ တည်တည်ငြိမ်ငြိမ် ခပ်တိုးတိုး ပြောလာသည်။ “တယောက်ယောက်ကတော့ ပထမကောင်းကင်ဘုံဒုက္ခကို ရင်ဆိုင်တွေ့ကြုံနေပြီ…”
ကြယ်ငါးလုံး၏ အတောက်ပဆုံးအလင်းသည် ပြိုဆင်းကျလာ၏။ ထိုအလင်းသည် မြန်ဆန်လွန်းလှသည်။ မည်သည့်ကျင့်ကြံသူမဆိုထက် ပိုမြန်၏။ ချက်ခြင်းပင် ထိုတောက်ပသောကြယ်က ဟင်္သာငှက်စိတ်ဝိညာဉ်ကို ဖြတ်ကျော်ကာ ကျယ်လောင်စွာ မြည်ဟိန်း၍ ဖုန်မှုန့်အတွင်းတွင် ပျောက်ကွယ်သွားတော့သည်။
ဖုန်မှုန့်ကို ထွင်းဖောက်သွားသည့်နောက် ၎င်းသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွင်းသို့ ဝင်ရောက်ကာ ကုန်းမြေအား ဝန်းရံထားသည့် မိစ္ဆာစွမ်းအင်များအား ကန်ထွက်စေသည်။ ထိုကြယ်သည် မြေကြီးထုကို ထွင်းဖောက်ကာ ဆူပွက်နေသောပင်လယ်ပြင်အတွင်းရှိ အရှင်လေဟာနယ်၏ မူလစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်လာတော့သည်။
ဤအခိုက်အတန့်၌ အရှင်လေဟာနယ်၏ကျင့်ကြံမှုအဆင့်သည် အရူးအမူး တိုးတက်လာနေ၏။ သို့သော် သူ့ထံ၌ နာကျင်ဟန် ထွက်ပေါ်နေသည်။ သူက စတင် အော်ဟစ်ချေသည်။ ပထမကောင်းကင်ဒုက္ခ၏ စွမ်းအားကို ငှားယမ်းကာ အရှင်လေဟာနယ်သည် ကောင်းကင်ထက်ရှိ မိစ္ဆာမီးတောက်များကို မထင်မှတ်စွာ ချိုးဖျက်ကာ အထက်သို့ ဆန်တက်သည်။
သူ့မူလစိတ်ဝိညာဉ်မှာလည်း ထိုကြယ်အလင်းအောက်၌ မြန်ဆန်စွာ လွင့်ပြယ်နေသည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ဤအရာကား ပထမကောင်းကင်ဘုံဒုက္ခ၏ အစပြုရုံမျှသာ ဖြစ်ချေသည်။
ရှေးဟောင်းမိစ္ဆာတာကျားသည် အရှင်လေဟာနယ်ထံသို့ သွားရောက်ရန် ပြင်နေ၏။ သို့သော် သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူသည် သူ့လက်ကို ပြန်ချလိုက်သည်။
“သူက သူ့ရဲ့ ပထမကောင်းကင်ဘုံဒုက္ခကို ဒဏ်ရာအပြင်းအထန် ရနေစဉ်အတွင်းမှာ ရင်ဆိုင်တွေ့ကြုံနေတာပဲ။ သူသာ မသေခဲ့ရင် သူဟာ ငါ့ ပြန့်ကြဲမိစ္ဆာတွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်…”
သည်အခိုက်အတန့်၌ ပေလော၊ဝမ်လင်းနှင့် မီးနဂါးတို့သည် ဆူပွက်နေသော ပင်လယ်အတွင်း၌ ပိတ်မိနေ၏။ သူတို့အတွက် သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်နေပေပြီ။ ကောင်းကင်ဘုံအင်ပါယာ၏ မန္တာန်နှင့် မွန်းစတားဆန်သော မိစ္ဆာမီးတောက်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပေပြီ။
ပင်လယ်၏ ရေချိန်သည် အလျင်အမြန် လျော့ကျကာ အပူချိန်မှာ ကြီးစွာ တိုးလာ၏။ ဝမ်လင်း၏ ဟင်္သာငှက်နှင့် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့်ပင် သူသည် အပူဒဏ်ကြောင့် နာကျင်မှုကို ခံစားရသည်။ သို့ရာတွင် သူက မည်မျှ ရုန်းကန်ပါစေ ထိုးထွက်နိုင်ခြင်းမရှိ ဖြစ်ရသည်။
မိစ္ဆာမီးတောက်များက ပင်လယ်ထဲသို့ သက်ဆင်းနေကာ သည်မန္တာန်ကို အထွတ်အထိပ်သို့ ရောက်ရှိလာစေသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ ပူပန်ဟန်တို့ ဖြစ်ပေါ်လာ၏။ သိပ်သည်းသောအပူသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေခြင်းက သူ့အား ရှင်လျက် ချက်ပြုတ်ခြင်း ခံရသလို ဖြစ်စေသည်။ သည်လို အခြေအနေ၌ ဝမ်လင်းသည် ခါးသီးသည့်ဟန်ပန် ဖြစ်ပေါ်နေ၏။ သူသည် သူ့တဘဝလုံး တွက်ချက်ခဲ့ရာ၌ မှားယွင်းခဲ့သည်မှာ ရှားပါး၏။ သို့သော် သူသည် သည်တစ်ကြိမ်၌ တွက်ချက်မှု မှားပြီ ဖြစ်ကြောင်း ဝန်ခံရတော့မည်။
သူသာ ဟူကျွမ်နှင့်ဝမ်ဝေတို့ကို ထားခဲ့ပါက သူသည် သည်လိုအန္တရာယ်မျိုး ကြုံချင်မှ ကြုံရပေမည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတို့သည်လည်း သည်နေရာကနေ လွတ်မြောက်နိုင်ခြင်း မရှိကြသေးပေ။ ကြောက်မက်ဖွယ် ရှေးဟောင်းမိစ္ဆာတာကျားသည် သူတို့အား တဖြည်းဖြည်း ဖမ်းမီကာ သူတို့သည်လည်း ဤမိစ္ဆာနှင့် ရင်ဆိုင်ရပေလိမ့်ဦးမည်။
အဘယ်သို့ပင် ဖြစ်စေကာမူ အဆုံးသပ်သည် အတူတူပင်။ ဝမ်လင်းသည် သူ့ဘဝ၌ အန္တရာယ်များကို ဖြတ်သန်းဖူး၏။ သူသည် သွေးဘိုးဘေးကို ရင်ဆိုင်ခြင်း၊ ယောင်မိသားစု၏ လိုက်သတ်မှုကို ရင်ဆိုင်ခြင်း သို့မဟုတ် သူ အမြုတေဖွဲ့တည်ခြင်း အဆင့်မှာကတည်းက ရှေးဟောင်းနတ်ဘုရားကုန်းမြေတွင် ရောက်ရှိကာ အန္တရာယ်များကို ရင်ဆိုင်ရခြင်းတို့ ရှိခဲ့သည်။ ထိုအဖြစ်များကလည်း ဝမ်လင်းကို အရှုံးမပေးစေခဲ့ပေ။ ခုတကြိမ်၌လည်း သူသည် အရှုံးမပေးလိုပေ။ သို့ရာတွင် အမှန်တရားမှာမူ ရက်စက်ပေ၏။
သို့သော် သည်အရာအားလုံးက ဝမ်လင်း၏ တာအိုနှလုံးသားကို ပျက်စီးသွားစေဖို့ သို့မဟုတ် လက်လျော့စေဖို့ရာ မလုံလောက်သေးပေ။ ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူ့ထံ၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေဆဲ၊ မူလရင်းမြစ်စွမ်းအင် ရှိနေဆဲ မဟုတ်လား။
သည်အခိုက်အတန့်၌ ပင်လယ်ပြင်သည် လုံးဝ လွင့်ပါးကာ မီးတောက်များသာ ကျန်တော့၏။ ကြည့်ရသည်မှာ ၎င်းပင်လယ်အတွင်းရှိ သက်ရှိအားလုံးကို သေဆုံးသည့်အထိ ဤမီးတောက်များက လောင်ကျွမ်းပစ်ချင်သည့်ပုံပင်။
မီးနဂါးသည် အားနည်းနေပေပြီ။ ၎င်း၏ ခန္ဓာကိုယ်က ဆက်၍ ကျုံ့နေ၏။ ၎င်းသည် မိစ္ဆာမီးတောက်များကို ခုခံနိုင်စွမ်း မရှိတော့ချေ။
ပေလော၏ ခန္ဓာကိုယ်က မွန်းစတားဆန်သော နတ်ဆိုးစွမ်းအင်များနှင့် ဝန်းရံထားသည်။ သို့သော် ထိုအရာမှာလည်း အချည်းနှီးပေ။
ရှေးဟောင်းမိစ္ဆာ၏ ရူးသွပ်ဖွယ် ရယ်မောသံသည် ပဲ့တင်ထပ်နေ၏။ သူက မိစ္ဆာမီးတောက်များကို စူးစိုက်ကြည့်နေသည်။ သူ့ပုခုံးထက်၌ လူသေးသေး တစ်ယောက် ရှိ၏။ ထိုသူမှာ ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ပင်။ သူက ကျုံ့၍ ထိုင်နေခြင်းပင်။
ဝတ်စုံနက်နှင်လူကို မီးတောက်နဂါးက လှည့်ပတ်နေ၏။ သူက မီးနဂါးကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲ၌ လောဘနှင့် ပြည့်နေတော့သည်။
“ဒီမီးစိတ်ဝိညာဉ်ဟာ ချင်းလင်ရဲ့ သန့်စင်မွန်းမံထားခြင်း ခံထားရတာ။ ဒီတော့ ချင်းလင်အပေါ်မှာ အဆုံးစွန် သစ္စာရှိမှာပဲ။ ဒါ့ကြောင့် ၎င်းဟာ ငါ့ကို ချင်းလင် မဟုတ်မှန်း သိနေမှာပဲ။ လျိုဟူ မင်းက အန္တိမတန်ခိုးရှင်ရဲ့ တပည့် ဖြစ်မှတော့ ငါ ဒီမီးစိတ်ဝိညာဉ်ကို ဝါးမြိုဖို့အတွက် မင်းရှိ လက်ဆောင်ပေးလိုက်မယ်…” တာကျား၏အသံသည် တည်ငြိမ်နေ၏။ သူသည် ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ဖမ်းယူကာ ရှေ့သို့ ပစ်လွှတ်လိုက်သည်။
မူလစိတ်ဝိညာဉ်သည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ မိစ္ဆာမီးတောက်များအတွင်း အားနည်းနေသော မီးနဂါးထံသို့ လောဘတကြီး ဦးတည်ဝင်လာသည်။
“ကျေးဇူးအများကြီးတင်ပါတယ်…မိစ္ဆာအရှင်…” ဝတ်စုံနက်နှင့်လူက မီးနဂါးထံသို့ ဦးတည်သွားနေရင်း ပျော်ရွှင်စွာ ပြန်ပြောသည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ မီးနဂါးသည် ခေါင်းမော့လာကာ အညံ့မခံမောက်မာမှုကို ထုတ်ဖော်သည်။ ၎င်းက ဟိန်းသံပေးကာ မိစ္ဆာမီးတောက်များအတွင်း အသံပေါက်ကွဲမှုများကို ပဲ့တင်ထပ်သွားစေသည်။ မီးတောက်များသည်ပင် ခဏတာ တုံ့ဆိုင်းသွားရသည်။
ဝတ်စုံနက်နှင့်လူ ဖြစ်ပေါ်နေသော နဂါးသည် ရုတ်တရပ် တန့်သွားကာ နောက်ဆုတ်၏။ သို့သော် သူ့မျက်လုံးထဲရှိ လောဘသည် ပို၍ တိုးလာသည်။ သူက အလျင်မလိုပေ။ သူသည် သည်မီးနဂါးသည် ရှေးဟောင်းမိစ္ဆာတာကျား၏ မန္တာန်အောက်၌ ကြာကြာမခံတော့သည်ကို ယုံကြည်ပေ၏။
သူက လောဘတကြီး အကြည့်ဖြင့် အကွာအဝေးတစ်ခုတွင် ရုန်းကန်နေသော ဝမ်လင်းထံသို့ ကြည့်၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာချေ၏။
“သူ့ဟင်္သာငှက်ကလည်း ငါ့ဟာပဲ…”
ချက်ခြင်းလိုလိုပင် ဝတ်စုံနက်နှင့်လူသည် တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖြစ်ပေါ်စေသည်။ သူက မီးနဂါးသည် ရုတ်တရပ် ရုန်းကန်ကာ ၎င်း၏ခန္ဓာကိုယ်ကို လှုပ်ရှား၏။ ၎င်း၏ဧရာမခန္ဓာကိုယ်မှာ ပေတစ်ရာလောက်ထိ ကျုံ့သွားပြီး ဝမ်လင်းထံသို့ ဦးတည်သည်။
၎င်း၏နဂါးမျက်လုံးထဲ၌ ပြတ်သားမှု လှစ်ဟကာ သေဆုံးရန် ပြင်သည်။
၎င်းသည် ဝတ်စုံနက်နှင့်လူ ဝါးမြိုခြင်းထက် သေသည်ကို ရွေးပေမည်။ ၎င်းသာ သေရမည်ဆိုပါက သည့်လူကို ရွေးချယ်ပေမည်။ အကြောင်းမှာ ၎င်းသည် ဝမ်လင်းထံကနေ ရင်းနှီးသည့်အငွေ့အသက်အချို့ကို အနည်းဆုံးတော့ ခံစားမိရခြင်းကြောင့် ဖြစ်သည်။
ထိုမြင်ကွင်းသည် ဝတ်စုံနက်နှင့်လူ မျှော်လင့်ထားသည်ထက် လွန်နေ၏။ မီးနဂါးသည် ဝတ်စုံနက်နှင့်လူ ဘာမှ မတုန့်ပြန်နိုင်လောက်အောင် မြန်လွန်းကာ ဝမ်လင်းအနားသို့ ရောက်ရှိသွားခဲ့ပေပြီ။
ဝမ်လင်းက မျက်လုံးဖွင့်လာချိန်၌ မီးနဂါးသည် ဟိန်းသံပေးကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွား၏။ အဆုံးမဲ့မီးမူလစွမ်းအင်မှာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ ၎င်းသည် သူ့မူလစိတ်ဝိညာဉ်ထံသို့ ဦးတည်သည်။ ဟင်္သာငှက်တက်တူးက ရုတ်တရပ် စွမ်းအားအသစ်တစ်ခု ထိုးသွင်းသကဲ့သို့ နိုးထလာကာ အော်မြည်၏။
မီးနဂါးအတွင်းရှိ မီးမူလစွမ်းအင်သည် ဟင်္သာငှက်၏ မီးနှင့် ခြားနားမှု ရှိသော်လည်း ရင်းမြစ်မှာ ကောင်းကင်နှင့်မြေကြီး၏ မီးဖြစ်နေဆဲပင်။ မီးနဂါးသည် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာချိန်၌ ထိုအဖြစ်က ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးမူလစွမ်းအင်ကို ကြီးစွာ တိုးမြင့်စေသည်။ ထို့အပြင် မတူညီသောမီးတောက်နှစ်ခု ပေါင်းစည်းမှုက မမျှော်ထင့်ထားသည့် ပြောင်းလဲမှုတစ်ခုကို ဖြစ်စေသည်။
ဟင်္သာငှက်သည် နဂါးအရိပ်နှင့် သည်မုန်တိုင်းအတွင်း လှုပ်ရှားနေ၏။ မုန်တိုင်းသည် အထွတ်အထိပ်သို့ ရောက်ရှိလာကာ မထင်မှတ်စွာဖြင့် မိစ္ဆာမီးတောက်များကိုပါ စုပ်ယူလေ၏။
သည်စုပ်ယူမှုက ရူးသွပ်ဖွယ်ရာပင်။ မုန်းတိုင်းသည် ကြောက်မက်ဖွယ်စုပ်အားဖြင့် ဝဲကတော့တစ်ခု ဖြစ်လာ၏။ ထိုအရာများသည် မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ရှေးဟောင်းမိစ္ဆာတာကျားသည်ပင် မင်သက်သွားမိသည်။
ဝတ်စုံနက်နှင့်လူက သည်အခြေအနေကြောင့် အံ့အားတသင့် ပင့်သက်ရှိုက်မိ၏။ သူသည် ဝါးမြိုရန် အတွေးကို ချက်ခြင်း စွန့်လွှတ်ကာ နောက်ပြန်ဆုတ်လို၏။ သို့ရာတွင် သူ့အဖို့ နောက်ကျသွားခဲ့ပေပြီ။ ထို့ကြောင့် သူ နောက်ဆုတ်ရန် ကြိုးစားချိန်၌ ဝဲကတော့၏ စုပ်ယူခြင်းအား ခံလိုက်ရတော့သည်။
ရှေးဟောင်းမိစ္ဆာက မျက်မှောင်ကြုတ်သွားကာ သူ့ညာလက်ကို ပင့်မြှောက်၍ ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ပြန်ဆွဲယူ၏။ သူ သူ့လက်ကို ပြန်ရုတ်သိမ်းခါနီးမှာပင် ရှေးဟောင်းနတ်ဆိုးပေလော၏ မျက်လုံးမှာ လက်ခနဲ ဖြစ်သွား၏။
သူက လက်လျော့ဟန် ပြင်ခဲ့ပြီး ဖြစ်၏။ သို့သော် သူသည် ဝမ်လင်း မီးနဂါးကို စုပ်ယူပြီးနောက် ခုလိုမျိုး မမျှော်လင့်ထားဖွယ်အဖြစ်အပျက် ရှိလာခဲ့လိမ့်မည်ဟု မထင်ထားမိပေ။ သူသည် ထိုဝဲကတေ့အတွင်းရှိ အဖြူရောင်မီးတစ်ခု ဝမ်လင်း၏ ခန္ဓာကိုယ်အတွင်း၌ အရူးအမူး သိပ်သည်းနေသည်ကို တွေ့မြင်ရပေသည်။
“မူလမီးမျိုးစေ့ ရင်းမြစ်…” သည်အခိုက်အတန့်၌ ရှေးဟောင်းနတ်ဆိုးသည်ဟူသော အဆင့်အတန်းဖြင့်ပင် ပေလောသည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူ့မျှော်လင့်ချက်မဲ့မှုမှာ ရုတ်တရပ် ပျောက်ဆုံးသွား၏။ သူသည် လွတ်မြောက်ရန် အခွင့်အရေးတစ်ခုကို တွေ့မြင်ခဲ့ပေပြီ။
“အချိန်နည်းနည်းထပ်ရရုံနဲ့ သူဟာ ဒီမီးမျိုးစေ့ကို လုံးဝ သိပ်သည်းနိုင်လိမ့်မယ်။ ဒီမီးမျိုးစေ့သာ ဖြစ်ပေါ်သွားရင် သူဟာ လောကမှာရှိတဲ့ မီးအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားလိမ့်မယ်။ ဒီမီးတောက်တွေထဲမှ စိတ်ဆန္ဒတစ်ခုရှိနေမှတော့၊ တာကျားရဲ့ ခန္ဓာကိုယ်ပိုင်စိုးမှုဟာ ပြီးပြည့်စုံခြင်းမရှိသေးမှတော့ အခွင့်အရေးတစ်ခု ရှိနေဦးမှာပဲ…”
ပေလော၏ စိတ်ထဲ၌ အတွေးများနေ၏။ ရှေးဟောင်းမိစ္ဆာတာကျားက ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ပြန်ဆွဲထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် ပေလောသည် အံတင်းတင်းကြိတ်၏။ သူ့ညာမျက်လုံးထဲရှိ ကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ လှည့်လည်ကာ ထို့နောက် ကြယ်တစ်လုံးသည် ရုတ်တရပ် ပျက်စီးသွားတော့သည်။
ရှေးဟောင်းနတ်ဆိုးသည် ကြယ်ကို ခြေမွပစ်ပေခြင်း မည်၏။
ရှေးဟောင်းနတ်ဆိုးကြယ် ပျက်စီးမှုက ပြင်းထန်သော နတ်ဆိုးစွမ်းအင်ကို မြင့်တက်လာစေကာ ပေလော၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာစေသည်။ ထိုအဖြစ်က သူ့အား ရုန်းကန်နိုင်စွမ်း ရှိသွားစေသည်။ သူက သည်လောင်ကျွမ်းနေသော မီးတောက်များထဲကနေ လွတ်မြောက်ဖို့ရာအတွက် သည်စွမ်းအင်က မလုံလောက်သေးသော်လည်း သူ့မန္တာန်များကို အသုံးပြုဖို့ရာအတွက်တော့ လုံလောက်ပေသည်။
သူ့ညာမျက်လုံးသည် နောက်တစ်ကြိမ် လင်းလက်သွား၏။ နောက်ထပ် ရှေးဟောင်းနတ်ဆိုးကြယ်တစ်လုံး ပျက်စီးသွားပြန်သည်။ ကြယ်နှစ်လုံးခြေမွပစ်ခြင်းနှင့်အတူ ရှေးဟောင်းနတ်ဆိုးပေလာ၏ ခန္ဓာကိုယ်သည် ရုတ်တရပ် ကြီးမားလာပြီး သူသည် ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ကယ်တင်ရန် ပြင်နေသော တာကျားထံသို့ ဦးတည်ဝင်ရောက်သည်။ ပေလော၏ ခန္ဓာကိုယ်က နတ်ဆိုးစွမ်းအင် လေပွေအဖြစ်သို့ ပြောင်းကာ တာကျား၏ လက်ထံသို့ ရိုက်ချသွားသည်။
***