အခန်း ၉၃
Vol. 10 Ch. 93
အခန်း ၉၃
အပြာရောင်နဂါး တာအိုကျောင်းတော်၏ ပထမဆုံး ယှဉ်ပြိုင်ပွဲတွင် အနိုင်ရရှိသူမှာ အနီရောင်အဖွဲ့ ဖြစ်ခဲ့သည်။
ထိုရလဒ်ကြောင့် တစ်ပတ်တာ အားလပ်ရက် ဆုလာဘ်ကို ရရှိသွားသော အနီရောင်အဖွဲ့မှ သိုင်းသမားများသည် တာအိုကျောင်းတော်မှ ထွက်ခွာကာ ခဏတာ အပန်းဖြေခွင့် ရရှိခဲ့ကြသည်။
"ဟားဟားဟား ဒါတွေအားလုံး သခင်လေးပန်ရဲ့ ကျေးဇူးပဲ"
"တကယ်ကြီး ဘာတွေဖြစ်ခဲ့တာလဲ"
တာအိုကျောင်းတော်မှ ထွက်လာပြီး ကြာမြင့်စွာမှ တစ်ခါ နားနေရသဖြင့် အပန်းဖြေနေသော မုရုံဆူဆူက သိလိုစိတ်ဖြင့် မေးလိုက်သည်။ ပန်ရှောင်ဖုန်းက ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်သည်။
"အားလုံး သတိလစ်သွားတဲ့ အခြေအနေမှာ ငါက တခြားလူထက်သာလွန်တဲ့ စိတ်ဓာတ်ခွန်အားကို ပြသပြီး သတိပြန်ဝင်လာခဲ့တာလေ။ ဒါကြောင့် တာအိုကျောင်းတော် အကြီးအကဲက ငါ့ကို ကြည့်ပြီး ဒီလိုပြောခဲ့တာပေါ့ မင်းက အနိုင်ရသူပဲ ပန်ရှောင်ဖုန်းလို့လေ"
"ဒါဆို သူရဲကောင်းပန်က ဘာလို့ အနိုင်ရတာလဲ။ သူရဲကောင်းပန်က ယှဉ်ပြိုင်ပွဲမှာ ပါတောင် မပါခဲ့ရတာကို"
"အ…အဲဒါက... နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်ခဲ့တာက ငါဖြစ်နေလို့... ဟုတ်တယ်မလား"
"အင်း..."
အနိုင်ရသည့်ဘက်က အနီရောင်အဖွဲ့ ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သဖြင့် ပန်ရှောင်ဖုန်း၏ စကားမှာ လိမ်ညာချက် သက်သက်တော့ မဟုတ်ပေ။
ဒါဆို ချွန်းဂါဆောင်းနဲ့ ဂျင်ဆိုဟွန်းတို့ရဲ့ တိုက်ပွဲက ဘယ်လိုဖြစ်သွားတာလဲ။
ဘယ်သူနိုင်သွားတာလဲ။
ထိုနေ့က အနိုင်ရသူကို မည်သူမျှ မသိခဲ့ကြပေ။ ယှဉ်ပြိုင်ပွဲ ပြီးဆုံးပြီးနောက် ဂျင်ဆိုဟွန်းမှာ ညည်းညူရင်း ဆေးခန်းသို့ ရောက်သွားခဲ့ပြီး သူ့မတိုင်ခင် ဆေးခန်းရောက်နေသည့် ချွန်းဂါဆောင်းကလည်း ယှဉ်ပြိုင်ပွဲ ရလဒ်နှင့် ပတ်သက်၍ ဘာမျှ မပြောခဲ့ပေ။
ရလဒ်ကို သိသည့် နှစ်ဦးစလုံးက တိတ်ဆိတ်နေကြသဖြင့် မည်သူအနိုင်ရသလဲဟူသော ကောလဟာလများသာ ထွက်ပေါ်လာသည်။
ဘယ်သူနိုင်မယ် ထင်လဲ။
အဲဒါ မေးစရာလိုသေးလား။
သူရဲကောင်းချွန်းပေါ့။
အဲဒီ အပျင်းကြီးတဲ့ကောင်က သူရဲကောင်းချွန်းကို ဘယ်လိုလုပ် အနိုင်ရမှာလဲ။
ဒါပေမဲ့ သူရဲကောင်းချွန်းလည်း သတိလစ်သွားတာပဲ မဟုတ်ဘူးလား။
နောက်ပြီး ကျွန်တော်တို့အဖွဲ့က သူရဲကောင်းပန်ရဲ့ ကျေးဇူးနဲ့ နိုင်တယ်လို့ ပြောနေကြတာ။ ဆိုလိုတာက သူရဲကောင်းချွန်းက ဂျင်မိသားစုက ကောင်စုတ်လေးကို မနိုင်ခဲ့ဘူးပေါ့။
သူ ကံကောင်းလို့ ဖြစ်မှာပေါ့။ ဒါမှမဟုတ် အဲဒီ ထူးဆန်းသော အသံပညာရှင်ရဲ့ အသံပညာကြောင့် ဖြစ်မယ်။
ထူးဆန်းသော အသံပညာရှင် ဆိုတာ ဘာလဲ။
ဂျင်ဆိုဟွန်းရဲ့ ဘွဲ့နာမည်သစ်လေ။
သူ့ပုလွေသံက အရမ်းဆိုးဝါးလို့ အဲလိုခေါ်ကြတာတဲ့။
အပျင်းကြီးတဲ့ သခင်လေးကနေ အခုတော့ ထူးဆန်းသော အသံပညာရှင်တဲ့ ဂျင်မိသားစုက ကောင်လေးမှာ ဘွဲ့နာမည် နှစ်ခုတောင် ရှိသွားပြီ။
အဲလို ဘွဲ့နာမည်မျိုးဆိုရင်တော့ အလကားပေးရင်တောင် မယူချင်ဘူး။
ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ။
အမှန်တရားကို မသိကြသော သိုင်းပညာရှင်များသည် ထိုနေ့က ယှဉ်ပြိုင်ပွဲအကြောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခန့်မှန်းနေကြသည်။
ဂျင်ဆိုဟွန်းမှာလည်း ဘွဲ့နာမည် ဒုတိယတစ်ခု ထပ်ရသွားသည်။ မုရုံဆူဆူက အမှန်တရားကို မသိဘဲ အရူးအမူး ပြောဆိုနေကြသော သိုင်းပညာရှင်များကို လျစ်လျူရှုလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့၏ စကားများမှာ အနှစ်သာရ မရှိသော စကားများသာ ဖြစ်နေ၍ ဖြစ်သည်။ အဓိက သက်ဆိုင်သူ ဂျင်ဆိုဟွန်းကိုယ်တိုင်ကပင် ဂရုမစိုက်သဖြင့် သူတို့နှစ်ဦးလည်း အာရုံစိုက်နေစရာ မလိုပေ။
"ဒါနဲ့ သူရဲကောင်းဂျင်က အသံပညာကို တတ်ထားတာတော့ အံ့ဩစရာပဲနော်။ မဟုတ်ဘူးလား"
"အင်း။ အခု ပြန်တွေးကြည့်ရင်တောင် တကယ့်ကို ကြောက်စရာကောင်းတဲ့... အသံပါပဲ"
"ဒါပေမဲ့ အကျိုးသက်ရောက်မှုကတော့ ကြီးမားတယ် မဟုတ်လား။ တိုက်ပွဲအတွင်းမှာ အဲလိုအသံမျိုး ကြားရရင် ကျွန်မတောင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
"နားစည်ကွဲသွားတာကမှ ပိုကောင်းဦးမယ်"
"ဟိုဟို။ သူရဲကောင်းပန်နဲ့တော့ လိုက်ဖက်ပါတယ်။ တစ်ပတ်ပဲ ရှိတာမို့ ကျွန်တော်တို့ အစွမ်းကုန် ပျော်ပါးကြရအောင်"
"ကောင်းပြီလေ"
မုရုံဆူဆူနှင့် ပန်ရှောင်ဖုန်းတို့သည် အားလပ်ရက်ကို အစွမ်းကုန် ပျော်ပါးရန် အလုပ်ရှုပ်နေကြသည်။ ဟျော့အူဂွန်နှင့် အိုဆောဟွာတို့အတွက်လည်း အတူတူပင်။
သူတို့အားလုံး အချိန်အကြာကြီးမှ တစ်ခါ အပြင်ထွက်ခွင့်ရသဖြင့် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့သည်။ ထိုအတောအတွင်း ယှဉ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော အပြာရောင်အဖွဲ့မှာမူ တင်းမာသော လေထုထဲတွင် လေ့ကျင့်နေကြသည်။
"အနီရောင်အဖွဲ့... တကယ်ကို မနာလိုဖို့ကောင်းတယ်"
"သူရဲကောင်းချွန်းနဲ့အတူ အနီရောင်အဖွဲ့ထဲမှာသာဆိုရင် အခုဆို ရေနွေးနွေးလေးနဲ့ ရေချိုးနေရမှာ"
"အရသာရှိတဲ့ အစားအစာတွေကိုလည်း စိတ်ကြိုက် စားနေရမှာပေါ့"
အပြာရောင်အဖွဲ့မှ သိုင်းပညာရှင်များ မျက်နှာမသာမယာဖြင့် လေ့ကျင့်နေစဉ် ဇူဂယ်မင်းက နောက်ဆုံးယှဉ်ပြိုင်ပွဲကို ပြန်လည် ဆန်းစစ်နေသည်။
သူရဲကောင်းဂျင်ရဲ့ အသံပညာက ပိုပြီး အံ့ဩစရာကောင်းလာလိုက်တာ... ပြီးတော့ ကြောက်ဖို့လည်း ကောင်းတယ်။ လူတိုင်းကို သတိလစ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။
သတိလစ်သွားသည်မှာ မျိုးဆက်သစ် ပါရမီရှင်များသာ မဟုတ်ပေ။ နည်းပြများပါ သတိလစ်သွားခဲ့သဖြင့် ဇူဂယ်မင်းမှာ ယှဉ်ပြိုင်ပွဲ၏ ရလဒ်ကို မကြားလိုက်ရပေ။
လေ့ကျင့်ရေးကွင်း ဘယ်လောက်တောင် ပျက်စီးသွားလဲဆိုတာ ကြည့်ရင် သူရဲကောင်းချွန်းနဲ့ သူရဲကောင်းဂျင်တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာ အမှန်ပဲ။
တိုက်ပွဲ၏ အငွေ့အသက်များက လေ့ကျင့်ရေးကွင်းတွင် ကျန်ရစ်နေသေးသည်။
"ဒါပေမဲ့ အနိုင်ရသူက အနီရောင်အဖွဲ့..."
ဇူဂယ်မင်းက အခြားသိုင်းပညာရှင်များကဲ့သို့ ရမ်းသန်းခန့်မှန်းမနေဘဲ အခြေအနေကို အေးဆေးစွာ အကဲခတ်လိုက်သည်။
"သူရဲကောင်းပန်တစ်ယောက်တည်း နိုးလာလို့ သူ့ကျေးဇူးနဲ့ နိုင်တာပါဆိုပြီး ဂုဏ်ယူဝါကြွားနေတာ... ဆိုလိုတာက သူရဲကောင်းချွန်းရော၊ သူရဲကောင်းဂျင်ပါ ဆက်ပြီး မယှဉ်ပြိုင်နိုင်တော့ဘူး။ ဒါဆို သူရဲကောင်းပန်တစ်ယောက်တည်း ကျန်ခဲ့တဲ့ အနီရောင်အဖွဲ့က နိုင်သွားတာပေါ့"
ထိုသို့ဆိုလျှင် ဆဋ္ဌမမြောက် ယှဉ်ပြိုင်ပွဲမှာ သရေကျသွားခြင်းပင်။
ဇူဂယ်မင်းမှာ ထိုအချက်ကို နားမလည်နိုင် ဖြစ်နေသည်။
"သရေကျရင် ကျွန်တော်တို့အဖွဲ့ နိုင်သင့်တာလေ... ဒါပေမဲ့ သူရဲကောင်းဂျင် ရှုံးသွားတယ်ဆိုတာကိုတော့ နားမလည်နိုင်ဘူး"
စိတ်ညစ်နေသော ဇူဂယ်မင်းသည် ဂျင်ဆိုဟွန်း နားနေသည့် ဆေးခန်းဘက်သို့ အကြည့်ပို့လိုက်သည်။
"အပျင်းမကြီးပါနဲ့တော့ ကျွန်တော့်မှာ မေးစရာ မေးခွန်းတွေ တောင်ပုံရာပုံ ရှိနေတယ်"
"ခင်ဗျား ဘယ်လောက်ကြာကြာ အပျင်းကြီးနေဦးမှာလဲ"
"အဟွတ် အဟွတ် ငါ့ အတွင်းဒဏ်ရာက မပျောက်သေးဘူးလေ..."
"ခင်ဗျားက အခွင့်အရေးရတာနဲ့ အပျင်းကြီးချင်နေတာပဲ"
"တာအိုကျောင်းတော် အကြီးအကဲလည်း မြင်တာပဲ။ ချွန်းဂါဆောင်းဆိုတဲ့ ကောင်လေးက ဘယ်လောက်တော်လဲဆိုတာ သိတယ်မလား"
"မင်းသာ အစွမ်းကုန် ကြိုးစားခဲ့ရင် အဲလောက်တောင် ခက်ခဲတဲ့ တိုက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူး"
ဂျင်ဆိုဟွန်းက စောင်ကို ခေါင်းပေါ်အထိ ဆွဲခြုံလိုက်သောအခါ ဂွမ်မြောင်က အိပ်ရာကို လှန်ပစ်လိုက်သည်။
"အား"
ကိုယ်ခန္ဓာကို လိမ်ဆွဲပြီး မြေပြင်ပေါ်သို့ ခြေနှစ်ချောင်းဖြင့် ခိုင်မာစွာ ရပ်လိုက်သည့် ဂျင်ဆိုဟွန်းက ဂွမ်မြောင်ကို စိုက်ကြည့်လိုက်သည်။
"ဘာလို့ ကျွန်တော်တို့အဖွဲ့က အရင်ဆုံး ရှုံးရတာလဲ။ ဆဋ္ဌမမြောက် ယှဉ်ပြိုင်ပွဲက သရေကျသွားရင်တောင်မှ အနိုင်အရေအတွက် ပိုများတဲ့ အပြာရောင်အဖွဲ့ပဲ နိုင်ရမှာ မဟုတ်ဘူးလား"
"ပုံမှန်ဆိုရင်တော့ အဲဒီအတိုင်း ဖြစ်ရမှာပေါ့"
"ဒါဆို ဘာလို့လဲ"
"မင်း ယှဉ်ပြိုင်ပွဲမှာ ခွင့်ပြုချက်မရှိဘဲ လက်နက်တွေကို သုံးခဲ့လို့လေ။ မမှတ်မိတော့ဘူးလား။ ချွန်းဂါဆောင်းရဲ့ ဓားချက်ကို ကာကွယ်ဖို့အတွက် တခြားမျိုးဆက်သစ်တွေရဲ့ ဓားတွေကို ခိုးယူသုံးခဲ့တာကိုလေ"
"အ…အဲဒါက..."
"နောက်ပြီး ဓားသမားတစ်ယောက်အတွက် ဓားဆိုတာ သူ့အသက်နဲ့ အတူတူပဲ။ မင်းက သူများဓားကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တဲ့အတွက် အရည်အချင်း မမီတော့ဘူး။ အပြာရောင်အဖွဲ့နဲ့ အနီရောင်အဖွဲ့ သရေကျနေတဲ့ အခြေအနေမှာ ယှဉ်ပြိုင်ပွဲပြီးတာနဲ့ မင်းက အိပ်ပျော်သွားတာလေ။ ဒါကြောင့် နောက်ဆုံးအနိုင်ရသူကတော့ သတိပြန်ဝင်လာတဲ့ ပန်ရှောင်ဖုန်းရှိတဲ့ အနီရောင်အဖွဲ့ပဲ ဖြစ်သွားတယ်"
"ခွီး"
သေသွားသင့်တာလား။ ချွန်းဂါဆောင်း သုံးခဲ့တာက သတ်ကွက် မဟုတ်ဘူးလားဟူ၍ ဂျင်ဆိုဟွန်းက တတွတ်တွတ် ရေရွတ်နေသည်။
နားငြီးလှသော ဂျင်ဆိုဟွန်း၏ စကားများကြောင့် ဂွမ်မြောင်က သူ့ကျောကို ပုတ်လိုက်သည်။
"အား"
"ရေရွတ်မနေနဲ့တော့ လှုပ်ရှားစမ်း မင်းအဖွဲ့သားတွေက အခုဆို ကိုယ့်ခွန်အားကိုယ် တည်ဆောက်ဖို့ ကြိုးစားနေကြပြီ"
"ဟုတ်ကဲ့ပါ..."
နှုတ်ခမ်းကို ဆူပုပ်ပုပ်နှင့် ဂျင်ဆိုဟွန်းက ဆေးခန်းမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။ ထိုမြင်ကွင်းကို စိတ်မသက်မသာဖြင့် ကြည့်နေသော ဂွမ်မြောင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဒီလို ကောင်စုတ်မျိုးကိုမှ အဖွဲ့ခေါင်းဆောင် လုပ်ခိုင်းရဦးမှာလား"
ဂွမ်မြောင်၏ စိုးရိမ်ပူပန်မှုမှာ နေ့စဉ်နှင့်အမျှ တိုးပွားနေတော့သည်။
"အာ... နေရောင်ခြည်ကတော့ ကောင်းသားပဲ"
ဆေးခန်းမှ ထွက်လာသော ဂျင်ဆိုဟွန်းသည် လေ့ကျင့်ရေးကွင်းဆီသို့ ခြေဆွဲပြီး လျှောက်သွားလိုက်သည်။ ထိုနေရာတွင် စောစီးစွာ ထွက်လာပြီး လေ့ကျင့်နေကြသော အပြာရောင်အဖွဲ့ဝင် သိုင်းသမားများ ရှိနေသည်။ သူတို့သည် ဂျင်ဆိုဟွန်းကို တွေ့လိုက်ရသည့်အခါ ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ငါ အရည်အချင်းမမီလို့ အဖွဲ့ရှုံးသွားတာ သူတို့ သိသွားပြီလား။ တာအိုကျောင်းတော် အကြီးအကဲရဲ့ ပါးစပ်က ထင်ထားတာထက် ပိုပေါ့နေတာပဲ။
အပြစ်တစ်ခုခု လုပ်ထားသကဲ့သို့ ဂျင်ဆိုဟွန်းသည် လည်ပင်းကို အနည်းငယ် ကုပ်ထားပြီး လေ့ကျင့်ရေးကွင်း၏ ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။
"သူရဲကောင်းဂျင်"
ဂျင်ဆိုဟွန်းကို စောင့်မျှော်နေခဲ့သော ဇူဂယ်မင်းက အားတက်သရော ပြေးလာသည်။ လေ့ကျင့်ရေးကွင်းထဲသို့ ခိုးဝင်သလို ရောက်လာပြီး ပတ်ဝန်းကျင်ကို ငေးကြည့်နေသော ဂျင်ဆိုဟွန်းက ပခုံးကို တွန့်လိုက်သည်။
"ဘာ…ဘာလို့လဲ"
"ကျွန်တော် ညီအစ်ကို ဂျင် ထွက်လာမှာကို စောင့်နေတာ ကြာလှပြီဗျာ"
"အ…အဲဒါက... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး... အခြေအနေက အဲလို ဖြစ်သွားတာပါ"
"ဘာတွေကို ပြောနေတာလဲ"
"ယှဉ်ပြိုင်ပွဲမှာ ရှုံးသွားတာကို..."
"အာ ကိစ္စမရှိပါဘူး သူရဲကောင်းဂျင် အစွမ်းကုန် ကြိုးစားခဲ့မှာပါ။ သူရဲကောင်းချွန်းကို မတားဆီးနိုင်ခဲ့တဲ့ ကျွန်တော်တို့အားလုံးရဲ့ အမှားပါပဲ"
"ဟားဟား။ အဲဒီလိုလား"
"အဲဒါထက်"
ဇူဂယ်မင်းသည် တိုးတိုးလေး ကပ်မေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ။ သူရဲကောင်းချွန်းနဲ့ တိုက်ပွဲမှာ ညီအစ်ကို ဂျင် နိုင်ခဲ့တာလား"
ဘာပြန်ပြောရမလဲ စဉ်းစားနေသော ဂျင်ဆိုဟွန်းသည်လည်း တိုးတိုးလေး ပြန်ပြောလိုက်သည်။
"နိုင်…နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူရဲကောင်းချွန်းက တကယ့်ကို အားကောင်းတဲ့ ပြိုင်ဘက်ပါ။ နောက်ဆုံးတော့ ကျွန်တော်လည်း လဲကျသွားတာပဲ"
သူသည် အရမ်းပင်ပန်းပြီး အပျင်းကြီးသဖြင့် အိပ်ပျော်သွားခဲ့သည်ဆိုသည့် အပိုင်းကို လုံးဝ ချန်လှပ်ထားလိုက်သည်။
အကယ်၍သာ ထိုအကြောင်းကို ပြောလိုက်ပါက အပျင်းကြီးသော လူပျင်းတစ်ယောက်၏ ပျင်းရိမှုကြောင့် ယှဉ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရကြောင်း တစ်ကမ္ဘာလုံးက သိသွားလိမ့်မည်။ သို့သော် ထိုအရာကို ကြားလိုက်ရသော ဇူဂယ်မင်း၏ မျက်နှာမှာ တည်ကြည်သွားသည်။
"သူရဲကောင်းချွန်းရဲ့ အဆင့်က ကျွန်တော် ထင်ထားတာထက် ပိုမြင့်နေတာပဲ။ ညီအစ်ကို ဂျင်တောင်မှ မနည်းနိုင်ခဲ့တယ်ဆိုတော့..."
"ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းမနေဘူးလား"
"ညီအစ်ကိုက ကျောက်ရေအိုင်က နတ်ဆိုးကို တစ်ယောက်တည်း အနိုင်ယူခဲ့တဲ့သူလေ။ အထင်ကြီးတာ မဟုတ်ဘဲ အရှိအတိုင်း ပြောတာပါ"
"ဒါနဲ့ ခင်ဗျား ဘာလို့ ကျွန်တော့်ကို ညီအစ်ကို ဂျင်လို့ ခေါ်နေတာလဲ"
ဇူဂယ်မင်းက တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။
"ကျွန်တော်တို့ အခု တော်တော် ရင်းနှီးသွားပြီ မဟုတ်လား။ ဒါကြောင့် ညီအစ်ကို ဂျင်လို့ ခေါ်လိုက်တာပါ"
"ခင်ဗျား စိတ်ကြိုက် ခေါ်နိုင်ပါတယ်"
"အာ ဒါဆို... ကျွန်တော် ခင်ဗျား နာမည်ကို အဆင်ပြေသလို ခေါ်လို့ ရမလား"
ဂျင်ဆိုဟွန်း ခေါင်းညိတ်ပြလိုက်သောအခါ ဇူဂယ်မင်းသည် ပုံမှန်နှင့်မတူဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား ဒါဆို ကျွန်တော် အခုကစပြီး ဆိုဟွန်းလို့ပဲ ခေါ်တော့မယ် ခင်ဗျားလည်း ကျွန်တော့်ကို စိတ်ကြိုက် ခေါ်လို့ ရပါတယ်"
"အိုကေ"
သို့သော် ဂျင်ဆိုဟွန်း တစ်ခု မသိလိုက်သည်မှာ ရင်းနှီးသွားသည်နှင့် ဇူဂယ်မင်း၏ ပါးစပ်မှာ ဘယ်တော့မှ ရပ်နားတော့မည် မဟုတ်ကြောင်းပင်။
"သာမန်ထက် ပိုကောင်းတဲ့ ဗျူဟာတစ်ခုသာ ချခဲ့ရင် ကျွန်တော်တို့အဖွဲ့ နိုင်နိုင်ပါတယ်... နှမြောစရာပဲ။ အခု ပြန်တွေးကြည့်ရင်..."
ရပ်မနားဘဲ စကားပြောနေသော ဇူဂယ်မင်းဘေးတွင် ဂျင်ဆိုဟွန်းသည် တဖြည်းဖြည်းနှင့် သေမလို ဖြစ်နေသည်။ အပျင်းကြီးသူများထဲတွင် အပျင်းဆုံးဖြစ်သူ ဂျင်ဆိုဟွန်းသည် ခေါင်းပင် မညိတ်နိုင်တော့ဘဲ ပါးစပ်ကို အဟောင်းသားဖြင့် လေဟာနယ်ကိုသာ စိုက်ကြည့်နေမိသည်။
ဂျင်ဆိုဟွန်းတစ်ယောက် ဇူဂယ်မင်း၏ အဆုံးမရှိသော စကားများကြောင့် ဒုက္ခရောက်နေချိန်တွင် ဆေးခန်းတစ်နေရာ၌ အိပ်ပျော်နေသော ချွန်းယဲရန်း၏ လက်ချောင်းများမှာ အနည်းငယ် လှုပ်ရှားလာသည်။
အိပ်မက်ထဲတွင် ချွန်းယဲရန်းမှာ အဖမ်းခံနေရပြီး အနက်ရောင်ဝတ်စုံနှင့် လူများမှာ သူမနောက်သို့ အလျင်အမြန် လိုက်လာနေကြသည်။ တိုတောင်းသော သူမ၏ လက်တံများနှင့် သူမ၏ ခန္ဓာကိုယ်ဖြင့် လှုပ်ရှားမှုသိုင်းကို အသုံးပြုကာ ထွက်ပြေးရန်မှာ မဖြစ်နိုင်သလို ခါးတွင် အမြဲဆောင်ထားတတ်သည့် သူမ၏ ဓားလည်း မရှိပေ။
သို့သော်လည်း သူမ၌ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
ကျွန်မရဲ့ ဘဝက အဖြူရောင်လ နန်းတော်အတွက်ပါ။
ထွက်ပြေးစရာ နေရာမရှိတော့မှန်း သိလိုက်သည့် အခိုက်အတန့်တွင် ချွန်းယဲရန်းသည် သူမ၏ လက်ကိုင်ဓားမြောင်ကို တွန့်ဆုတ်မနေဘဲ ထုတ်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများမှာ သူမကို ဝိုင်းရံထားပြီး ဆိုးဝါးသော လူသတ်လိုစိတ်များကို ထုတ်လွှတ်နေကြသည်။
သေရမှာကို မကြောက်ဘူး။
ပို၍ အရေးကြီးသည်မှာ အဖြူရောင်လ နန်းတော်၏ ဂုဏ်သိက္ခာပင်။ အညံ့ခံရန် ပြောဆိုနေသော ထိုလူများ၏ စကားကို လျစ်လျူရှုကာ သူမသည် ဓားမြောင်ကို သူမ၏ လည်ပင်းသို့ တေ့လိုက်သည်။ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသော်လည်း သူမ ဂရုမစိုက်။
ထိုအချိန်တွင် လူနှစ်ယောက် ရောက်လာသည်။
"ဖေဖေ... အစ်ကို..."
သူတို့သည် ချွန်းယဲရန်းကို ကြည့်နေကြသည်။ ခံစားချက်ကင်းမဲ့သော သူတို့၏ မျက်ဝန်းထဲတွင် ချွန်းယဲရန်းအတွက် မေတ္တာမရှိပေ။
"မင်းသာ ယောက်ျားလေး ဖြစ်ခဲ့ရင်..."
"အပြာရောင် မျက်လုံးကိုပဲ အမွေရထားတဲ့ အသုံးမကျတဲ့ကောင်မလေး"
သူတို့သည် ချွန်းယဲရန်းကို ကျောခိုင်းသွားကြသည်။
ငါလည်း သိတာပေါ့...။ ငါ သေသွားခဲ့ရင်တောင် အဲဒီလူနှစ်ယောက်ကတော့ နည်းနည်းလေးမှ မျက်ရည်ကျပြီး စိတ်မကောင်း ဖြစ်ကြမှာ မဟုတ်ဘူးဆိုတာ...
ဒါပေမဲ့... အဲဒါက ဘာဖြစ်လဲ။ ငါ့ရဲ့ နှလုံးသားထဲမှာတော့ ဘာနောင်တမှ ရှိမနေခဲ့ပါဘူး။
"အခုချိန်မှာ... အရေးကြီးဆုံးက... အဖြူရောင်လ နန်းတော်ရဲ့..."
အရာအားလုံးကို လက်လွှတ်လိုက်သည့်အချိန်တွင် တစ်နေရာရာမှ လှပသော တေးသွားတစ်ခုကို ခံစားလိုက်ရသည်။ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော ပုလွေသံက နီးကပ်လာသည့် အနက်ရောင်ဝတ်စုံနှင့် လူအားလုံးကို အနိုင်ယူသွားသည်။
တစ်ချိန်တည်းမှာပင် သူမဘေးတွင် တစ်ယောက်ယောက် ပေါ်လာသည်။ ချွန်းယဲရန်း ထိုလူ၏ မျက်နှာကို ကြည့်ရန် ကြိုးစားသော်လည်း သူမ မြင်နိုင်ခြင်း မရှိခဲ့ပေ။
"ဘယ်သူ..."
ဝုန်း
မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သော ချွန်းယဲရန်းသည် သူမ၏ လည်ပင်းတွင် ကျန်ရစ်နေသော အမာရွတ်ကို မသိစိတ်ဖြင့် စမ်းမိလိုက်သည်။
"အိပ်မက်တစ်ခု..."
အိပ်ရာမှ ထလိုက်သည့်အခါ ဆေးခန်းတံခါး ပွင့်သွားပြီး မိန်းကလေးတစ်ယောက် ဝင်လာသည်။
"အာ နိုးပြီလား"
"ဟုတ်ကဲ့"
"ဒါပေမဲ့ နည်းနည်းလောက် ထပ်နားပါဦး။ ဆရာဝန် ပြောတာက ခန္ဓာကိုယ်က ဒဏ်ရာတွေထက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုက ပိုများနေလို့ အတွင်းဒဏ်ရာကြောင့် ရက်အနည်းငယ်လောက် နားရမယ်တဲ့"
"ကျွန်မ အဆင်ပြေပါတယ်"
"ဒါပေမဲ့... အာ သူရဲကောင်းချွန်းကတော့ ခုနကပဲ ဆေးရုံက ဆင်းသွားလို့ စိတ်မပူပါနဲ့"
"ကျွန်မရဲ့ အစ်ကိုက... ဆေးရုံတက်ခဲ့တာလား"
"ဟုတ်ကဲ့။ ယှဉ်ပြိုင်ပွဲမှာ ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိလို့ သတိလစ်သွားတယ်လို့ ကြားပါတယ်။ စိတ်မပူပါနဲ့ အနာတစ်ခုနဲ့ အတွင်းဒဏ်ရာကလွဲရင် အကြီးကြီး ထိခိုက်ထားတာ မရှိပါဘူး"
သူမ မယုံနိုင်ပေ။ ချွန်းဂါဆောင်းသည် အဖြူရောင်လ နန်းတော်၏ ပထမဆုံး သခင်လေးဖြစ်ပြီး အဖေဖြစ်သူ ချွန်းယူဆင်၏ အရိုက်အရာကို ဆက်ခံကာ နန်းတော်ကို ဦးဆောင်မည့် သခင်လေးဖြစ်သည်။ သူ့၏ ရှုံးနိမ့်မှုမှာ စိတ်ကူးပင် ယဉ်လို့ မရနိုင်သော အရာဖြစ်သည်။ ထို့ကြောင့် ချွန်းယဲရန်းသည် ဆေးခန်းမှ ချက်ချင်း ထွက်ခွာကာ လေ့ကျင့်ရေးကွင်းသို့ ဦးတည်သွားလိုက်သည်။ ထိုနေရာတွင် ချွန်းယဲရန်းကို တွေ့ရှိသွားသော ဂျင်ဆိုဟွန်း ရှိနေသည်။
"သူရဲကောင်းချွန်းရဲ့ ညီမလေး"
ဂျင်ဆိုဟွန်းသည် နှေးကွေးခြင်း၊ မြန်ဆန်ခြင်း မရှိသော ခြေလှမ်းများဖြင့် ချဉ်းကပ်လာပြီး တောက်ပစွာ ပြုံးလိုက်သည်။
"နေကောင်းလား"