← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

"သူရဲကောင်းဂျင်... နေကောင်းရဲ့လား"

"ကျွန်တော် အဆင်ပြေပါတယ်"

ပြောသည့်အတိုင်းပင် ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်တွင် ထူးခြားသည့် ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရပေ။

ငါ့ရဲ့ အစ်ကိုနဲ့ တိုက်ခိုက်ခဲ့ပြီးတာတောင် သူ ဒဏ်ရာမရဘူးလား။

ထိခိုက်ဒဏ်ရာ မရှိသည့် ဂျင်ဆိုဟွန်းကို မြင်လိုက်ရသောအခါ ချွန်းယဲရန်းသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိသွားသည်။ ၎င်းသည် စိတ်သက်သာရာ ရခြင်းတစ်မျိုးဖြစ်သည်။

ထိုသို့သော ခံစားချက်မျိုးနှင့် ချွန်းယဲရန်း အကျွမ်းမဝင်ပေ။ အဖြူရောင်လ နန်းတော်တွင် တစ်စုံတစ်ယောက်အတွက် စိတ်သက်သာရာ ရခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ မရှိခဲ့ပေ။

အမြဲတမ်း အရေးကြီးဆုံးမှာ အဖြူရောင်လ နန်းတော်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သူ ချွန်းယူဆင်နှင့် သူ၏ သားသမီးနှစ်ဦးဖြစ်သည့် ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းတို့သာ ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ထည့်တွက်ပေးရန် သို့မဟုတ် စိုးရိမ်ပေးရန် မလိုပေ။

"ပြီးတော့ တောင်းပန်ပါတယ်။ ယှဉ်ပြိုင်ပွဲမှာ အနိုင်ရတာက အနီရောင်အဖွဲ့ပါ"

"..."

ချွန်းယဲရန်းက သူမကို စိုက်ကြည့်နေသဖြင့် ဂျင်ဆိုဟွန်း၏ မျက်လုံးနှစ်လုံးမှာ လှုပ်ရှားနေသည်။

သူမ ဘာလို့ ငါ့ကို အဲဒီလို စိုက်ကြည့်နေတာလဲ။

အပြာရောင်သန်းနေသော မျက်ဝန်းကြီးများက ကြည့်နေသဖြင့် ဂျင်ဆိုဟွန်း အတော်လေး အားနာသွားသည်။

မပြောလောက်ပါဘူး... ချွန်းဂါဆောင်းကို ငါ ထုခဲ့မိလို့လား။ ဘာပဲဖြစ်ဖြစ် မိသားစုက မိသားစုပဲလေ။

မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ မိသားစုဆိုသည်မှာ မိသားစုပင်။ သွေးသားတော်စပ်သော ချွန်းဂါဆောင်းတစ်ယောက် အခြားသူ၏ အထုခံရပြီး သတိလစ်သွားသည်ကို သူမ စိုးရိမ်နေပုံပင်။

"အ…အဲဒါက... သူရဲကောင်းချွန်း အဆင်ပြေမှာပါ။ ကျွန်တော် တစ်ချက်ပဲ ထုခဲ့တာပါ"

"တစ်ချက်"

"ဟုတ်ကဲ့။ ထုလိုက်တဲ့နေရာက ခေါင်းဆိုပေမယ့်... ထူးခြားတဲ့ ဒဏ်ရာ အကြီးကြီး ဖြစ်လာမှာ မဟုတ်ပါဘူး"

ခေါင်းကို ထုခဲ့သည်ဆိုသော စကားကြောင့် ချွန်းယဲရန်း၏ မျက်နှာမှာ တည်ကြည်သွားသည်။ မည်သည့် ခံစားချက်မျှ မဖော်ပြတတ်သော ချွန်းယဲရန်း၏ မျက်နှာတွင် အရိပ်အယောင်တစ်ခု ပေါ်လာသဖြင့် ဂျင်ဆိုဟွန်း ပို၍ စိုးရိမ်သွားသည်။

"ဆရာဝန်ကတော့ ဘာမှမဖြစ်ဘူးလို့ ပြောပါတယ် ဒါကြောင့် အရမ်း စိတ်ပူစရာ မလိုပါဘူး"

"နားလည်ပါပြီ"

ခေါင်းကို ငုံ့ထားခဲ့သော ချွန်းယဲရန်း နောက်လှည့်ထွက်သွားသည့်အခါမှ ဂျင်ဆိုဟွန်း သက်ပြင်းချနိုင်တော့သည်။

ကံကောင်းလိုက်တာ။

စိတ်သက်သာရာ ရသွားသည့် ဂျင်ဆိုဟွန်းနှင့် မတူဘဲ ချွန်းယဲရန်း၏ စိတ်ထဲတွင်မူ အလွန် ရှုပ်ထွေးနေသည်။

ငါ့ရဲ့ အစ်ကိုက သူရဲကောင်းဂျင်ဆီမှာ ရှုံးသွားတယ်... တစ်ခါမှ မရှုံးဖူးခဲ့တဲ့ ငါ့ရဲ့ အစ်ကိုက...

ချွန်းယဲရန်း၏ လှည့်လည်ကြည့်ရှုနေသော မျက်လုံးများထဲတွင် ချွန်းဂါဆောင်း၏ အရိပ်အယောင် ပေါ်လာသည်။

သူသည် လေ့ကျင့်ရေးကွင်း၏ အစွန်းတွင် ဓားတစ်လက်ကို ကိုင်လျက် ရပ်နေသည်။ အားလပ်ရက် ရရှိပြီး အပြင်ထွက်သွားကြသည့် အနီရောင်အဖွဲ့မှ အခြားသူများနှင့် မတူဘဲ သူသည် တာအိုကျောင်းတော်တွင်ပင် ရှိနေဆဲပင်။ ခဏမျှ တွေဝေနေပြီးနောက် ချွန်းယဲရန်း သူ့ဆီသို့ လျှောက်သွားလိုက်သည်။

"မင်းလား ယဲရန်း"

ချွန်းဂါဆောင်းက သူမကို မကြည့်ဘဲ ပြောသည်။

"ဟုတ်ကဲ့။ အစ်ကို အဆင်ပြေရဲ့လား"

"ငါ အဆင်မပြေဘူး။ မင်းလည်း ကြားမှာပါ။ ငါ... အဖြူရောင်လ နန်းတော်က လူတောင် မဟုတ်တဲ့သူတစ်ယောက်ဆီမှာ ရှုံးသွားတာ"

"..."

"ငါ ပေါ့ဆခဲ့တာ မဟုတ်ဘူး။ အဖြူရောင်လ ကောင်းကင်လှုပ်ရှားဓားသိုင်းရဲ့ စွမ်းအားတွေကို အကုန်ထုတ်သုံးခဲ့ပြီး နောက်ဆုံးတော့ လျှို့ဝှက်ချက်ဖြစ်တဲ့ အဖြူရောင်လရဲ့ စွမ်းအားကိုပါ ထုတ်ပြခဲ့တာ"

"..."

အလွန် အံ့ဩသွားသော ချွန်းယဲရန်း သူ့ကို ကြည့်လိုက်သည်။ ချွန်းဂါဆောင်း၏ မျက်နှာမှာမူ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။

"ဒါတောင် ငါ ရှုံးခဲ့တယ်။ အပြည့်အဝ ရှုံးနိမ့်ခဲ့တာ"

ချွန်းဂါဆောင်းသည် သူ၏ ရှုံးနိမ့်မှုကို အပြည့်အဝ လက်ခံနေသည်။ သူနှင့် မတူသော မြင်ကွင်းဖြစ်သည်။ ၎င်းမှာ ကောင်းကင်အောက် တစ်ဦးတည်းသာ ရှိသည်ဟူသော သဘောထားဖြင့် ကမ္ဘာလောကကို အထင်သေးခဲ့သော ချွန်းယူဆင်နှင့် ဆင်တူသူ ချွန်းဂါဆောင်းက ဂျင်ဆိုဟွန်းကို အသိအမှတ်ပြုလိုက်ခြင်းပင်။

"ချွန်းယဲရန်း"

"ဟုတ်ကဲ့ အစ်ကို"

"သူနဲ့အတူ လှုပ်ရှားပါ။ သူ ဘာတွေကို ဖုံးကွယ်ထားလဲ။ သူ ဘေးမှာ ဘာတွေကို သိုဝှက်ထားလဲဆိုတာ ရှာဖွေပါ"

မျှော်လင့်မထားသော ကမ်းလှမ်းချက်ဖြစ်သည်။ ချွန်းယဲရန်း အဖြေပေးရန် တွေဝေနေချိန်တွင် ချွန်းဂါဆောင်းက ထပ်ပြောသည်။

"ဂျင်ဆိုဟွန်းဆိုတာ အနာဂတ် အဖြူရောင်လ နန်းတော်ရဲ့ လမ်းကြောင်းမှာ အတားအဆီးတစ်ခု ဖြစ်လာမယ့်သူပါ။ အဖေရဲ့ ဆန္ဒတွေကို ငါ အကုန်အမွေဆက်ခံပြီးတဲ့အခါ သူ ဘယ်လောက်တော်တော် ငါ့ကို မတားဆီးနိုင်တော့ဘူး။ ဒါပေမဲ့ အဲဒီအချိန်ထိတော့... အဲဒီကောင်စုတ်လေးက ငါ့ရဲ့ အကြီးမားဆုံး အတားအဆီးပဲ"

အရာအားလုံးက အဖြူရောင်လ နန်းတော်ရဲ့ ဂုဏ်ကျက်သရေအတွက်ပဲ။

အဖြူရောင်လ နန်းတော်၏ အရေးအကြီးဆုံး မူဝါဒကို ပြန်ပြောင်းသတိရရင်း ချွန်းယဲရန်း ခေါင်းငုံ့လိုက်သည်။

"ကျွန်မ ဘာလုပ်ရမလဲ"

"ဂျင်ဆိုဟွန်းကို မင်းလူ ဖြစ်အောင်လုပ်ပါ။ သုံးလို့ရရင် သုံး မဖြစ်နိုင်ဘူး ထင်ရင်တော့... မင်းကိုယ်တိုင် မင်းလက်နဲ့ပဲ အဲဒီကောင်စုတ်လေးရဲ့ အသက်ကို အဆုံးသတ်လိုက်"

ချွန်းယဲရန်းဆီမှ အဖြေမထွက်လာသဖြင့် ချွန်းဂါဆောင်းက သူမပခုံးပေါ် လက်တင်လိုက်သည်။ ယနေ့ ချွန်းဂါဆောင်း၏ လက်မှာ လေးလံနေပြီး မတ်တပ်ရပ်နေရန်ပင် ခက်ခဲနေသည်။

"ငါပြောတာ နားလည်လား"

"...နားလည်ပါပြီ"

"မမေ့နဲ့ ချွန်းယဲရန်း။ မင်းဟာ အမြဲတမ်း အဖြူရောင်လ နန်းတော်အတွက်ပဲ ရှိနေတာဆိုတာကို"

ငါ... သိသားပဲ။ ချွန်းယူဆင်ရဲ့ သွေးတွေ ငါ့ရဲ့ ကိုယ်ထဲမှာ စီးဆင်းနေသရွေ့တော့ ငါကအဖြူရောင်လ နန်းတော်ရဲ့ အရိပ်အောက်ကနေ ဘယ်လိုနည်းနဲ့မှ ရုန်းထွက်ပြီး ပြေးလွှတ်နိုင်မှာ မဟုတ်ဘူးဆိုတာကို...

ချွန်းယဲရန်းသည် လှပသော်လည်း ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ခေါင်းမော့ကာ ချွန်းဂါဆောင်းကို ကြည့်လိုက်သည်။

"မှတ်ထားပါ့မယ်"

….

"မင်္ဂလာပါ စီးယု"

"မနက်စောစောစီးစီးပဲ သခင်မလေး"

စီးယုသည် အိပ်ချင်မူးတူး ဖြစ်နေသော်လည်း ယဉ်ကျေးသော နှုတ်ဆက်ခြင်းကို မမေ့ပေ။ ဂျင်မိသားစုဆီ ပြန်ရောက်ပြီးသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကံကောင်းသည်မှာ ဂျင်ဆူမောက်သည် ပြန်ရောက်လာသည့် စီးယုကို ဆူပူကြိမ်းမောင်းခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမကို ပခုံးပုတ်ကာ ကြိုးစားခဲ့ကြောင်း ချီးကျူးခဲ့သည်။

ဒါဆို အခု အိမ်တော်ထိန်းရဲ့ အရိုက်အရာကို သစ္စာရှိတဲ့ ကျွန်မပဲ ဆက်ခံရတော့မှာပေါ့...

အဲဒါတော့ စောင့်ကြည့်ရဦးမှာပေါ့။

ဒါပေမဲ့ ရှင် ကတိပေးထားတာလေ။

ဆိုဟွန်း ပြန်ရောက်လာတဲ့အခါ ဒီကိစ္စကို အတူတူ ဆွေးနွေးကြတာပေါ့။

မိသားစုအိမ်တော်သို့ ပြန်ရောက်လာသော စီးယုသည် သခင်မလေး ဂျင်ဂါဟွန်း၏ တစ်ဦးတည်းသော အစေခံအဖြစ် တာဝန်ယူကာ သူမ၏ အလုပ်များကို ကူညီပေးရတော့သည်။ ဂျင်ဂါဟွန်း၏ အစေခံဖြစ်ရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ကြောင်း စီးယု မကြာမီ သဘောပေါက်သွားသည်။

သခင်လေးကို အစေခံတုန်းကမှ ပိုကောင်းသေးတယ်။

ဂျင်ဂါဟွန်းဘေးတွင် အစေခံနှစ်ယောက် ရှိနေရခြင်းမှာ အကြောင်းမရှိဘဲ ဖြစ်နေခြင်း မဟုတ်ပေ။ ဂျင်ဂါဟွန်းသည် ညနက်မှ အိပ်ပြီး မိုးလင်းမှ ထလေ့ရှိသည်။

ထိုအကြောင်းကြောင့် ဂျင်ဆိုဟွန်းနှင့်အတူ တစ်နေ့အချိန် ၈ နာရီကြာ အိပ်စက်ခဲ့ဖူးသော စီးယုသည် မိုးသောက်ချိန်တွင် ထကာ ဂျင်ဂါဟွန်း၏ အမှုအကိစ္စများကို လုပ်ပေးရတော့သည်။ ထိုသို့သော ဘဝနေထိုင်မှုပုံစံများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် စီးယုသည် အပြာရောင်နဂါး တာအိုကျောင်းတော်တွင် ကျန်ရစ်ခဲ့သော ဂျင်ဆိုဟွန်းကို လွမ်းဆွတ်နေမိသည်။

"သခင်လေး အဆင်ပြေပါ့မလား..."

လုပ်ကြံသူများ၏ တိုက်ခိုက်မှုနှင့် ဂွေ့ကျိုးဒေသရှိ ဝမ်းနည်းဖွယ်ဖြစ်ရပ်များ၊ ဂျင်ဆိုဟွန်းနှင့်အတူ ထိုအရာများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ စီးယုသည် အပြာရောင်နဂါး တာအိုကျောင်းတော်တွင် ကျန်ရစ်ခဲ့သော ဂျင်ဆိုဟွန်းအတွက် စိုးရိမ်နေမိသည်။

သို့သော်လည်း ဂျင်ဆိုဟွန်း၏ တောင်းဆိုချက်အတိုင်း အပြာရောင်နဂါး တာအိုကျောင်းတော်ရှိ ဖြစ်ရပ်အားလုံးကို လျှို့ဝှက်ထားခဲ့သည်။

မိသားစုခေါင်းဆောင်နဲ့ သခင်မကြီး စိုးရိမ်လိမ့်မယ်။

ဂျင်ဆိုဟွန်းကို ကာကွယ်ရန်အတွက် အပြာရောင်နဂါး တာအိုကျောင်းတော်သို့ ပို့ခဲ့သော ဂျင်ဆူမောက်နှင့် ယူဆောဟွန်းတို့သာ အမှန်တရားကို သိသွားပါက အကြီးအကျယ် ဒေါသထွက်ပြီး စိုးရိမ်နေကြလိမ့်မည်။

သူတို့ကို လိမ်ညာခဲ့ရခြင်းမှာလည်း အတော်လေး နာကျင်ရသော အလုပ်တစ်ခုပင်။ သို့သော် စီးယုသည် ကျွမ်းကျင်စွာ အကြောင်းပြချက်များ ပေးခဲ့ပြီး ဂျင်ဆိုဟွန်း တောင်းဆိုခဲ့သော အလုပ်ကိုလည်း ပြီးမြောက်အောင် လုပ်ခဲ့သည်။

"စာလေး ရောက်သွားပါ့မလား"

စာပို့လိုက်သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီဖြစ်သည်။

"စီးယု သွားကြရအောင်။ ဒီနေ့လည်း လုပ်စရာတွေ အများကြီး ရှိသေးတယ်"

"ဟုတ်ကဲ့"

စီးယုသည် စာလေး ပိုင်ရှင်ဆီသို့ ဘေးကင်းစွာ ရောက်ရှိပါစေကြောင်း ဆုတောင်းရင်း ဂျင်ဂါဟွန်းနှင့်အတူ လျှောက်သွားလိုက်သည်။

"ဒါက အပြာရောင်နဂါး တာအိုကျောင်းတော်ပဲ"

အသက်အရွယ်ကြီးရင့်နေသည့် လူကြီးတစ်ဦးသည် အပြာရောင်နဂါး တာအိုကျောင်းတော်သို့ ရောက်ရှိလာသည်။ သူသည် စိတ်ဝင်တစားဖြင့် တာအိုကျောင်းတော်ကို အကဲခတ်ကြည့်ရှုပြီးနောက် အဓိကတံခါးပေါက်ဆီသို့ လျှောက်သွားသည်။ မည်သူမည်ဝါမှန်း မသိရသော ထိုလူကြီးကို မြင်သောအခါ ကျောင်းတော်ကို စောင့်ကြပ်နေသည့် သိုင်းသမားများသည် အလွန်သတိထားကာ လမ်းပိတ်ဆို့လိုက်ကြသည်။

"ရပ် ဒါက သိုင်းလောက မဟာမိတ်အဖွဲ့ရဲ့ တာအိုကျောင်းတော် အပြာရောင်နဂါး တာအိုကျောင်းတော်ပဲ။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တားမြစ်ထားတယ်။ ဒါကြောင့် ပြန်လှည့်သွားပါ"

"ငါလည်း သိပါတယ်။ ငါ့တပည့်ကို လာတွေ့တာမို့ ခဏလောက် လမ်းဖယ်ပေးကြပါ"

"တပည့် ခင်ဗျားမှာ အပြာရောင်နဂါး တာအိုကျောင်းတော်မှာ တပည့်ရှိတယ်လို့ ပြောတာလား"

"မှန်တယ်"

လူကြီး၏ ပေါ့ပေါ့တန်တန် အပြုအမူကြောင့် မဟာမိတ်အဖွဲ့မှ သိုင်းသမားများမှာ ဒေါသထွက်လာကြသည်။ သူတို့သည် ဓားရိုးကို ကိုင်ကာ မောက်မာစွာဖြင့် အော်ဟစ်လိုက်ကြသည်။

"ဒါဆိုရင် အရင်ဆုံး အကြောင်းကြားစာ ပို့ရမှာပေါ့ အပြာရောင်နဂါး တာအိုကျောင်းတော်ဆိုတာ ခင်ဗျား လာချင်တဲ့အချိန် လာလို့ရတဲ့ နေရာ မဟုတ်ဘူး"

သိုင်းသမားများ၏ အော်ဟစ်သံကြောင့် လူကြီး၏ နှုတ်ခမ်းထက်တွင် ကစားစရာ အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းကောင်း နားထောင်ထားကြ လူငယ်တို့... ငါဝင်ချင်ရင် ငါဝင်တာပဲ"

"ဘာ"

သိုင်းသမားများ တုံ့ပြန်လိုက်နိုင်ခြင်း မရှိခင်မှာပင် လူကြီး၏ လက်မှာ ရှေ့သို့ ဆန့်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် တံခါးစောင့်နေသည့် သိုင်းသမားများ၏ ခါးမှ ဓားများ အလိုအလျောက် ထွက်လာပြီး ကျောင်းတော်တံခါးဆီသို့ ပျံသန်းသွားသည်။

ခွါ…ဂါ…အန်း

အပြာရောင်နဂါး တာအိုကျောင်းတော်၏ တံခါးမှာ ပျက်စီးသွားပြီးနောက် လူကြီးမှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ ပေါ့ပေါ့ပါးပါး လျှောက်ဝင်သွားသည်။ ထိုအတောအတွင်း တံခါးပေါက် ကျိုးပဲ့သွားကြောင်း သတင်းက အတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ဂွမ်မြောင်အပါအဝင် နည်းပြများက လက်နက်များကို ကိုင်ဆောင်ကာ ပြေးလာကြသည်။ ထို့နောက် တာအိုကျောင်းတော်၏ မျိုးဆက်သစ် ပါရမီရှင်များလည်း စုဝေးရောက်ရှိလာကြသည်။

"အားလုံးပဲ အခြေအနေကို နားမလည်မချင်း ဒီမှာပဲ စောင့်နေကြ"

ဂွမ်မြောင်သည် တံခါးကို ဖျက်ဆီးကာ ဝင်လာသော ထူးဆန်းသည့်သူကို နည်းပြများနှင့်အတူ ပိတ်ဆို့လိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ ကိုယ့်အကြောင်းကို ဖွင့်ပြော"

ပျက်စီးသွားသော တံခါးကြားမှ ပေါ်လာသည့် လူကြီးသည် သူ့ကို ပိတ်ဆို့ထားသည့် ဂွမ်မြောင်နှင့် နည်းပြများ၏ မျက်နှာများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ဘယ်သူက တာဝန်ခံလဲ"

လူကြီး၏ မေးခွန်းကြောင့် ဂွမ်မြောင် ရှေ့သို့ တိုးလာသည်။

"ကျွန်တော်က အပြာရောင်နဂါး တာအိုကျောင်းတော်ရဲ့ အကြီးအကဲ ဂွမ်မြောင်ပါ"

"စခန်းခွဲ ဓားသမား"

"ခင်ဗျား ကျွန်တော့်ကို သိတယ်ပေါ့"

"မင်းရဲ့ နာမည်နဲ့ ဘွဲ့နာမည်ကို ငါသိတယ်"

"ဒါဆို ဆရာကြီးရဲ့ နာမည်ကိုလည်း ပြောပြပါ။ ဒါက သိုင်းလောက မဟာမိတ်အဖွဲ့ပိုင် အပြာရောင်နဂါး တာအိုကျောင်းတော်ပါ။ အထောက်အထား မပြနိုင်ရင်တော့ ခင်ဗျားကို ရန်သူလို့ သတ်မှတ်ရလိမ့်မယ်"

"ငါကတော့..."

ဂွမ်မြောင်နှင့် လူကြီး စကားပြောနေစဉ် သူတို့နောက်မှ ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဆရာ"

နှစ်ဦးစလုံးသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ဂျင်ဆိုဟွန်း ရပ်နေသည်။

"ဟားဟားဟား မတွေ့ရတာ ကြာပြီပဲ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ကျွန်တော် အဆင်ပြေပါတယ်... အား"

ဂျင်ဆိုဟွန်းသည် သတိပေးခြင်းမရှိဘဲ ပျံသန်းလာသော ဓားကြောင့် အံ့ဩသွားပြီး ခန္ဓာကိုယ်ကို ဘေးသို့ လွှဲလိုက်ရသည်။ ကြမ်းပြင်ပေါ် လူးလိမ့်ကာ ဓားကို အနိုင်နိုင် ရှောင်လိုက်ရသည့် ဂျင်ဆိုဟွန်းက မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။

"အကြောင်းမဲ့ ဓားနဲ့ ပစ်ပေါက်ရလား ဆရာ့ရဲ့ တစ်ဦးတည်းသော တပည့် သေတော့မလို့လေ"

"အဲဒီလောက် အဆင့်ရှိတဲ့ တိုက်ခိုက်မှုနဲ့ သေမယ့် ကောင်ဆိုရင်တော့ သေတာပဲ ကောင်းပါတယ် မဟုတ်ဘူးလား"

"အု... ဆရာ့ရဲ့ ထူးဆန်းတဲ့ စရိုက်ကတော့ အခုထိ ဒီအတိုင်းပဲ"

"မင်းရဲ့ ပျင်းရိတဲ့ စရိုက်ရော ပိုကောင်းလာရဲ့လား"

"ကောင်းတာပေါ့ ကျွန်တော် တော်တော်လေး လုံ့လဝီရိယရှိရှိ လှုပ်ရှားနေတာပါ"

တာအိုကျောင်းတော်မှ သိုင်းပညာရှင်များကတော့ ထိုစကားကို သဘောမတူကြသော်လည်း ဂျင်ဆိုဟွန်းကတော့ ယုံကြည်ချက်အပြည့်ရှိနေသည်။

"ဆရာ ခဏလေး ဒါဆို ဆရာက... ပျံသန်းသော ဓားသူရဲကောင်းလား"

ဂျင်ဆိုဟွန်းနှင့် လူကြီးတို့၏ စကားပြောဆိုမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသော ဂွမ်မြောင်က သတိထားစွာ မေးလိုက်သည်။ လူကြီးမှာ ရယ်မောလိုက်ပြီး ပစ်လွှတ်လိုက်သော ဓားကို ပြန်သိမ်းလိုက်သည်။

"ငါက ကန်ချွန်းပါ"

"အကြီးအကဲကန်ကို ဂါရဝပြုပါတယ်"

ဂွမ်မြောင်က အလျင်အမြန် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဂါရဝပြုလိုက်သည်နှင့် အနီးရှိ နည်းပြများလည်း တစ်ပြိုင်နက်တည်း ဂါရဝပြုလိုက်ကြသည်။

ပျံသန်းသော ဓားသူရဲကောင်းကန်ချွန်းက သိုင်းလောက၏ ဖြူစင်သော သူရဲကောင်းတစ်ဦးဖြစ်ပြီး ဗဟိုလွင်ပြင်၏ ထိပ်သီးသိုင်းပညာရှင် ငါးဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ တစ်ချိန်က လူပေါင်းထောင်ချီကို သတ်ဖြတ်ခဲ့ဖူးသည့် လက်ဆယ်ချောင်း သွေးတစ္ဆေဟု ခေါ်ဆိုခြင်းခံခဲ့ရသော ထိပ်သီးသိုင်းပညာရှင်သည် အပြာရောင်နဂါး တာအိုကျောင်းတော်သို့ ရောက်ရှိလာခြင်းပင်။

"ကျွန်တော်တို့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ"

"အင်း ငါ့ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်ပါမယ်"

ကန်ချွန်း၏ မောက်မာသော စကားကြောင့် သူနှင့်အတူ ဧည့်ခန်းသို့ လိုက်လာသော ဂျင်ဆိုဟွန်းမှာ ငြီးငြူလိုက်သည်။

"ဆရာက ဘယ်လိုလုပ် အဓိကတံခါးကို ဖျက်ဆီးပြီး ဝင်လာရတာလဲ"

"တံခါးမဖွင့်ပေးရင် ငါက ဘာလုပ်ရမလဲ"

"ဟုတ်ကဲ့ ဟုတ်ကဲ့။ နားလည်ပါတယ်။ ဆရာ့ဆီကနေ အကြာကြီးမှ သင်ခန်းစာ ပြန်ရတော့မှာပေါ့"

"ဒီကောင်စုတ်လေးက ငါနောက်ဆုံးတွေ့တုန်းကထက် တော်တော်လေး ကြီးပြင်းလာပြီပဲ။ ဆရာ့နဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်မလား"

"ဟားဟား... ဆရာ အဆင်ပြေရဲ့လား"

ဂျင်ဆိုဟွန်းက တောက်ပစွာ ပြုံးရင်း ယခုနောက်ပိုင်း သူ အတော်လေး ကျင့်သားရနေပြီဖြစ်သော လက်ဖဝါးဆုပ်ကိုင် ဂါရဝပြုခြင်းဖြင့် နှုတ်ဆက်လိုက်သည်။

ကန်ချွန်းက အူကြောင်ကြောင် ရယ်မောလိုက်ပြီး လက်ဖက်ရည်ခွက်ကို စောင်းလိုက်သည်။

"လက်ဖက်ရည် ကောင်းသားပဲ"

"ဆရာ့ အကြိုက်နဲ့ တွေ့လို့ ဝမ်းသာပါတယ်"

ပုံမှန်နှင့်မတူဘဲ အလွန်ရိုသေသောဟန်ဖြင့် ထိုင်နေသည့် ဂွမ်မြောင်က အလွန် သတိထားစွာဖြင့် စကားအစပြုလိုက်သည်။

"ဒါနဲ့... တာအိုကျောင်းတော်ကို လာရတဲ့ အကြောင်းရင်းက ဂျင်ဆိုဟွန်းကို လာတွေ့တာလား"

"ဟုတ်တယ်။ ဒီကောင်လေး ငါ့ဆီကို စာရေးလိုက်လို့"

"အာ ဟုတ်ကဲ့"

တကယ်တော့ ဂွမ်မြောင်မှာ ချွေးပြန်နေရသည်။

တကယ်လို့သာ... ကန်ချွန်းရဲ့တပည့် ဂျင်ဆိုဟွန်းကို အသုံးချပြီး သိုင်းလောကအပြင်ဘက်က အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ ကြံစည်နေကြတယ်ဆိုတာကို ကန်ချွန်းတစ်ယောက် သိသွားခဲ့ရင်... ဘာတွေဖြစ်ကုန်မလဲ။

သေချာတယ်...

အပြာရောင်နဂါး တာအိုကျောင်းတော်နဲ့ သိုင်းလောကမဟာမိတ်အဖွဲ့ကြီးတစ်ခုလုံး ကန်ချွန်းရဲ့အမျက်ဒေါသအောက်မှာ ပြာအဖြစ် ပြောင်းသွားရလိမ့်မယ်။

ဗဟိုလွင်ပြင်၏ ထိပ်သီးသိုင်းပညာရှင် ငါးဦးဆိုသည့် နာမည်၏ အလေးချိန်မှာ အခြားသော ဘွဲ့နာမည်များနှင့် မတူညီပေ။ သိုင်းလောက၏ အခြေအနေကို အလွယ်တကူ ပြောင်းလဲနိုင်သူများ၊ ထိုသူများမှာ ထိပ်သီးသိုင်းပညာရှင် ငါးဦးပင်။

"ငါ့တပည့်နဲ့ ခဏလောက် တစ်ယောက်တည်း စကားပြောလို့ ရမလား"

သူ့အသံနှင့် လေသံမှာ နူးညံ့သော်လည်း ၎င်းအတွင်းတွင် ပုန်းကွယ်နေသော ဖိအားမှာ ဂွမ်မြောင်၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ ခံစားရစေသည်။ ထိုင်ခုံမှ ထရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့သော ဂွမ်မြောင်သည် စိတ်လေးလံစွာဖြင့် ပြန်ဆုတ်ခွာခဲ့ရသည်။

"ဒါဆိုရင် အဆင်ပြေသလို စကားပြောကြပါ"

ဂွမ်မြောင် ထွက်သွားသည်နှင့် ကန်ချွန်းသည် ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ဆန့်တန်းလိုက်သည်။

"ကဲ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မင်းဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြ"

"အကုန်လုံးလား"

ဂျင်ဆိုဟွန်းက စိတ်ပျက်သည့်ဟန် ပြလိုက်သောအခါ ကန်ချွန်း၏ မျက်လုံးများမှာ ပြတ်သားသွားသည်။

"ဆရာပြောတာကို နားထောင်သင့်တယ် ဘာလို့ ပြန်ပြောနေတာလဲ ပျံသန်းသော ဓားကို တစ်ခေါက်လောက် မြည်းစမ်းချင်နေတာလား"

"အရေးကြီးတဲ့အပိုင်းတွေကိုပဲ အနှစ်ချုပ် ပြောပြပါမယ်"

ဂျင်ဆိုဟွန်းသည် ဖြစ်ပျက်ခဲ့သမျှကို နာရီဝက်ခန့် ပြောပြလိုက်သည်။

ဇာတ်လမ်းကို နားထောင်နေရင်း ကန်ချွန်းက အရက်သေစာ မပါဝင်မှုကို ငြီးငြူကာ အာရုံစူးစိုက်၍ နားထောင်နေသည်။

"ဒါဆို... တစ်နှစ်အတွင်းမှာပဲ မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့သာမက၊ အမည်မဲ့တဲအိမ်နဲ့ အခြားသော အဖွဲ့တွေက မင်းအသက်ကို လိုချင်နေကြတာပေါ့"

"အဲဒါကို ပြောတာပါ"

"ဟားဟားဟား ဒါက ဒီကန်ချွန်းရဲ့ တပည့်ဖြစ်ရတဲ့ အရသာပဲ မင်း တော်တော် ကောင်းကောင်း လုပ်နေတာပဲ"

"ဆရာဖြစ်ပြီးတော့ ဒီလိုအချိန်မှာ တပည့်ဖြစ်သူအတွက် ကိုယ်တိုင် ဘာလို့ မကူညီပေးတာလဲ"

"ဘာလို့ ကူညီရမှာလဲ"

ဂျင်ဆိုဟွန်းမှာ အံ့ဩသွားသည်။ အချိန်တိုင်းတွင် တပည့်ဖြစ်သူအကြောင်းကို ပြောနေသော ကန်ချွန်းသည် ယခုတော့ တပည့်၏ အကျပ်အတည်းကို မျက်ကွယ်ပြုနေသည်။

သည်းမခံနိုင်တော့သော ဂျင်ဆိုဟွန်းသည် ကန်ချွန်း၏ ပေါင်ပေါ်သို့ လက်နှစ်ဖက်တင်ကာ တည်ကြည်စွာ ပြောလိုက်သည်။

"ဆရာ"

"ဘာလဲ"

"မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့ကို ဖယ်ရှားပေးပါ။ ဒီတပည့်လေးအတွက်ပါ"

"ငါ မလုပ်ချင်ဘူး။ အလုပ်ရှုပ်တယ်။ ပြီးတော့ သူတို့ လိုချင်တာက ငါ့ကို မဟုတ်ဘူး မင်းကိုလေ။ ဒါဆို ငါက ဘာလို့ ဒုက္ခခံရမှာလဲ"

"ဟူးးး..."

ကန်ချွန်းကို ဆွဲဆောင်ရန် ကြိုးစားမှုကို စွန့်လွှတ်လိုက်သော ဂျင်ဆိုဟွန်းသည် သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။

"ဟူး ဒါဆိုရင် ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါ"

"ပြောကြည့် ငါ ဆုံးဖြတ်မယ်"

"ကျွန်တော်တို့ မိသားစု အိမ်တော်မှာ နေပြီး ကျွန်တော့်မိသားစုကို ကာကွယ်ပေးပါ။ မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့နဲ့ အမည်မဲ့တဲအိမ်ကို ကျွန်တော် ဖယ်ရှားနိုင်တဲ့အထိပဲ"

ဂျင်ဆိုဟွန်း၏ တည်ကြည်သော အသွင်အပြင်ကို ကြည့်ပြီးနောက် ကန်ချွန်းက ခေါင်းညိတ်လိုက်သည်။

"အဲလောက်တော့ လုပ်ပေးနိုင်ပါတယ်။ ဘယ်လောက်ကြာမယ်လို့ ထင်လဲ"

"ကြည့်ရဦးမှာပဲ... တတ်နိုင်သလောက် မြန်မြန် ပြီးအောင် လုပ်ဖို့ စီစဉ်ထားတယ်။ အလုပ်ရှုပ်လွန်းလို့"

ကန်ချွန်းသည် ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေသည်။ သူ့၏ အပြစ်ကင်းသော တပည့်သည် မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့ဆိုသည်မှာ မည်ကဲ့သို့သော အရာဖြစ်သည်ကို မသိသေးပုံပင်။ သို့သော်လည်း သူသည် ထိုအချက်ကို သဘောကျသည်။

"ဒါနဲ့ ဆရာဗီနဲ့ ဆရာမအိုတို့ကရော"

"အကြီးအကဲအိုက အပြင်မှာ ရှိတယ်။ တခြားလူတွေရှေ့မှာ မျက်နှာပြဖို့ ရှက်တယ်တဲ့လေ။ ပြီးတော့ အဲဒီ ကြက်ခြေသည်းကောင်လေးအကြောင်း ငါမသိဘူး။ သူ့ဆီက သတင်းကြားတာ ကြာပြီ"

"အင်းလေ ဆရာဗီက တစ်နေရာတည်းမှာ နေမယ့်သူ မဟုတ်ဘူး"

ဂျင်ဆိုဟွန်းသည် အေးစက်နေသော လက်ဖက်ရည်ကို သောက်ရင်း နှုတ်ခမ်းကို လှုပ်ရှားလိုက်သည်။

"ဆရာဗီအဆင်ပြေရဲ့လား မသိဘူး..."

……

ဟောင်ဂိုဏ်းရဲ့ အဖွဲ့ဝင် ဖြစ်ချင်ရင် သက်သေပြစမ်း။

သက်သေ... ဘာကို သက်သေပြရမှာလဲ။

မင်းက ဟောင်ဂိုဏ်းအတွက် မရှိမဖြစ် လိုအပ်တဲ့သူ ဖြစ်ကြောင်း သက်သေပြရမယ်။

ပင့်ကူအသိုက်မှ ထွက်လာသော ဗီယွန်းဂဲသည် မိုးသောက်ချိန်တွင် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ကာ ဆီချွမ်တန်မျိုးနွယ်စုရှေ့တွင် ရပ်နေသည်။

ခန္ဓာကိုယ်နှင့် ကပ်နေသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူသည် လျှာကို သပ်လိုက်ကာ ပေါင်ကို ကုတ်လိုက်သည်။

"မြင့်လိုက်တာ... ပြီးတော့ စောင့်ကြပ်မှုကလည်း ထူထပ်လိုက်တာ"

သီးသန့်နေထိုင်မှုကြောင့် ကျော်ကြားသော ဆီချွမ် တန်မျိုးနွယ်စုသည် ရှည်လျားသော သမိုင်းကြောင်းရှိသည့် တန်မျိုးနွယ်စုဖြစ်ပြီး ပြင်ပလူများကို တစ်ခါမျှ ဝင်ရောက်ခွင့် မပေးခဲ့ဖူးပေ။

စကားလုံးအတိုင်း ပြောရလျှင် ချိုးဖောက်၍ မရနိုင်သော နယ်မြေပင်။

ယခုတော့ ဗီယွန်းဂဲသည် ထိုချိုးဖောက်၍ မရနိုင်သော နယ်မြေထဲသို့ ပထမဆုံး ခြေလှမ်းကို စတင်လိုက်သည်။

"ကောင်းပြီလေ စမ်းကြည့်ကြတာပေါ့။ ငါက ဗီယွန်းဂဲပဲ"

All Chapters