အခန်း ၉၅
Vol. 10 Ch. 95
အခန်း ၉၅
"မင်းတို့ဆီက မျိုးဆက်သစ် ပါရမီရှင်တွေကို ပညာပေးဖို့ ကူညီပေးရမလား"
"ဟုတ်ပါတယ်။ တစ်ရက်ပဲဖြစ်ဖြစ် ကျွန်တော် တောင်းပန်ပါတယ်"
ဂွမ်မြောင်က ခေါင်းငုံ့ကာ တောင်းပန်နေချိန်မှာ ကန်ချွန်းတစ်ယောက် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်တော့ပေ။ ထိုမျှမက သူ၏မျက်စိရှေ့တွင် ပျက်စီးသွားသော အဓိကတံခါးကို ပြုပြင်ရန် ရုန်းကန်နေရသည့် နည်းပြများကို မြင်နေရသည်။ နည်းပြတို့၏ လက်ရာမှာ အလွန်ညံ့ဖျင်းလှရာ တူဖြင့် သူလက်ကိုပြန်ထုမိလိုက်၊ သံမှားရိုက်မိလိုက်နှင့် ရှုပ်ယှက်ခတ်နေကြသည်။
"ငါပြောတယ်လေ အဲဒီနေရာမှာ မရိုက်နဲ့ ဘေးမှာရိုက်လို့"
"ဒီနေရာက မှန်တယ် မကျေနပ်ရင် ခင်ဗျားပဲ လုပ်လိုက်ပါလား"
"အို ပြုတ်ကျတော့မယ် ဖယ်ကြစမ်း"
"အား"
မခိုင်မာသော တိုင်လုံးမှာ ပြိုကျသွားချိန်တွင် နည်းပြတို့သည် လေးဘက်လေးတန်သို့ ပြေးလွှားကြရသည်။
ငါ အားနည်းနည်း ပိုသုံးမိသွားလား။
ကြာရှည်မှ ပြန်တွေ့ရသည့် တပည့်ဖြစ်သူကြောင့် အားလပ်လွန်း၍ ဖြစ်သွားသည်ဟု သူတွေးလိုက်မိသည်။ သူ မသိလိုက်သည်မှာ နည်းပြတို့၏မျက်ဝန်းတွင် သူ့အပေါ် မကျေနပ်ချက်များ တောက်လောင်နေခြင်းပင်။
"ပြန်ဆင်ကြစမ်း... နေမဝင်ခင် တိုင်ကို ပြန်ထောင်ပေးရမယ်"
ကန်ချွန်းက သနားစရာကောင်းသော အမူအရာဖြင့် ကြည့်ရင်း အားနာစွာ မေးလိုက်သည်။
"ဘာလို့ ကျွမ်းကျင်တဲ့ ပြုပြင်ရေးသမားတွေကို မခေါ်တာလဲ"
"မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့ရဲ့ လက်တံတွေ ဘယ်လောက်ထိ ရောက်နေလဲ မသိရတဲ့အချိန်မှာ အပြင်လူတွေကို မခေါ်နိုင်လို့ပါ။ ဒါကြောင့် နည်းပြတွေ ဒုက္ခရောက်နေတာပါ။ ဒီနေ့ ပြီးပါ့မလား မသိဘူး..."
"ခွီး"
သူ့အပြစ်ကြောင့်ပင် ဖြစ်မည်။ တာအိုကျောင်းတော်မှ ထွက်ခွာမည့် ခြေလှမ်းများမှာ လေးလံနေသည်။
"ကောင်းပြီ မျိုးဆက်သစ်တွေကို တစ်ရက်လောက်ပဲ သင်ပေးမယ်။ ဒါပေမဲ့ ငါသင်ပေးတာကို ဝင်မရှုပ်နဲ့"
"သေချာတာပေါ့။ ကလေးတွေလည်း အကြီးအကဲရဲ့ ပညာကို သင်ရတော့မှာမို့ အရမ်း ဝမ်းသာကြမှာပါ"
ခဏအကြာတွင် အပြာရောင်နဂါး တာအိုကျောင်းတော်မှ သိုင်းပညာရှင်များက ယခင်က တိုက်ပွဲကြောင့် ပျက်စီးသွားသော ကွင်းကြီးမဟုတ်ဘဲ အနည်းငယ်သေးသည့် လေ့ကျင့်ရေးကွင်းတွင် စုဝေးကာ ရောက်ရှိနေကြသည်။ ဂျင်ဆိုဟွန်းမှလွဲ၍ ကျန်ရှိသော သိုင်းပညာရှင်သုံးဆယ်သည် ကန်ချွန်းကို တောက်ပသော မျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။
ဒီခံစားချက်က ထူးဆန်းလိုက်တာ။
သူ့ကို ကြည့်သည့်အကြည့်မှာ အတော်လေး ကွာခြားသည်။ သူ့တပည့်ဦး ဂျင်ဆိုဟွန်းကမူ သူ့ကို အမြဲတမ်း သေနေသော ငါးတစ်ကောင်ကဲ့သို့ အကြည့်မျိုးဖြင့်သာ ကြည့်တတ်သည်။ အမြဲ ပျင်းရိနေပြီး ဆရာ့အပေါ် လေးစားမှု မရှိပေ။
သို့သော် အပြာရောင်နဂါး တာအိုကျောင်းတော်မှ သိုင်းပညာရှင်များမှာမူ ကွာခြားသည်။ ဗဟိုလွင်ပြင်၏ ထိပ်သီးငါးဦးအနက် တစ်ဦးဖြစ်သူ ကန်ချွန်းအပေါ် သူတို့၏ မျက်ဝန်းထဲတွင် လေးစားမှုများ ပြည့်နှက်နေသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဟွာရှန်းဂိုဏ်းက တပည့် ဟျော့အူဂွန်ပါ။ အပြာရောင်နဂါး တာအိုကျောင်းတော် သိုင်းပညာရှင်တွေကိုယ်စား အကြီးအကဲ ကန်ကို ကျေးဇူးတင်ပါတယ်။ ပျံသန်းသော ဓားသူရဲကောင်းရဲ့ ပညာကို သင်ယူရတာက အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ"
"ဟဲဟဲ... ဟဲဟဲဟဲ..."
"အကြီးအကဲ"
"ဟဲဟဲဟားဟားဟား"
ကန်ချွန်းဆီမှ ရူးသွပ်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။
ဒါကမှ တပည့် ဒါကမှ တကယ့်တပည့်အစစ်ပဲ။
"အဲဒီကောင်စုတ်လေးကတော့ ငါ့ကို ကြည့်လိုက်ရင်လည်း ပျင်းရိငြီးငွေ့နေတဲ့ မျက်လုံးတွေနဲ့၊ ပညာကို လေးစားရမှန်းလည်း မသိ၊ မောက်မာပြီး အမြဲတမ်း ပျင်းရိနေတာ။ အဲဒီလို ပျင်းပိနေတဲ့ကြားကပဲ... ကောင်းကင်ဘုံက ပါရမီတွေကိုကျတော့ အကုန်သိမ်းကျုံးပြီး ရထားသေးတယ်... တကယ့် ကောင်စုတ်လေးပဲ"
ဆယ်စုနှစ်များစွာ သိုင်းလောကတွင် ကျင်လည်ခဲ့သူ ကန်ချွန်းသည် နောက်ဆုံးတွင် အသက်အရွယ်ကြီးရင့်ချိန်မှ တကယ့်တပည့်ကောင်းများကို ရရှိလိုက်ခြင်းပင်။
ကန်ချွန်းသည် မျက်ဝန်းတွင် ဝဲတက်လာသော မျက်ရည်များကို သုတ်ကာ အော်လိုက်သည်။
"ဒီကန်ချွန်းက မင်းတို့ကို ငါ့ပညာတွေ လက်ဆင့်ကမ်းပေးမယ်"
"ဝါး"
ထိပ်သီးသိုင်းပညာရှင်၏ သင်ကြားမှုကို ဘယ်မျိုးဆက်သစ်ကမှ ငြင်းဆန်မည် မဟုတ်ပေ။
အို... ဆရာကန်ဆီကနေ သိုင်းထပ်သင်စရာ မလိုတော့ဘူးလို့ ထင်ထားတာ ဒီကနေ ဘယ်လို ထွက်ပြေးရမလဲ။
ရှန်ရှီး၏ အပျင်းကြီးသူ ဂျင်ဆိုဟွန်းမှလွဲလျှင် စိတ်အားထက်သန်နေသော ကန်ချွန်းကို ကြည့်ပြီး ဂျင်ဆိုဟွန်း၏ မျက်ဝန်းများမှာ လှုပ်ရှားနေသည်။ သူ၏ ပျင်းရိသော ဦးနှောက်မှာ လွတ်မြောက်မည့်နည်းကို အမြန်ဆုံး စဉ်းစားနေသည်။
"ဟား... ဟား... ဒါ လေ့ကျင့်ရေးလား"
"ဒါကတော့ နှိပ်စက်တာပဲ"
ပျော်ရွှင်စွာဖြင့် ပညာသင်ယူရန် လာခဲ့ကြသော သိုင်းပညာရှင်သုံးဆယ်တို့မှာ ခဏအကြာမှာပင် ဒုက္ခရောက်ကုန်ကြသည်။
"ဟေ့ မင်းတို့ ဒီလောက်တောင် မလုပ်နိုင်ဘူးလား"
"အဲဒါကို ပြောတာလေ"
ဂျင်ဆိုဟွန်းကမူ ကန်ချွန်းဘေးတွင် ရပ်ကာ ပုခုံးနှိပ်ပေးခြင်း၊ ရေတိုက်ခြင်းများ ပြုလုပ်နေသည်။
"ဒီနေ့ခေတ် ကလေးတွေက ဘာလို့ ဒီလောက် အားနည်းရတာလဲ... မဟုတ်ဘူးလား ဆိုဟွန်း"
"သူတို့က အလိုလိုက်ခံပြီး ကြီးပြင်းလာလို့ နေမှာပါ ဆရာ"
တာအိုကျောင်းတော်တွင် တစ်နှစ်၏ တစ်ဝက်ကျော်ကို ပျင်းရိစွာ ကုန်ဆုံးထားသူ ဂျင်ဆိုဟွန်း၏ စကားကြောင့် အခြားသိုင်းပညာရှင်များမှာ ဒေါသထွက်လွန်း၍ အတွင်းမှ မီးတောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
မုရုံဆူဆူ၊ ပန်ရှောင်ဖုန်း၊ ဇူဂယ်မင်းနှင့် အိုဆောဟွာတို့ပင် ဂျင်ဆိုဟွန်းကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
သို့သော် အပျင်းကြီးသူ ဂျင်ဆိုဟွန်းမှာမူ ဤအဆင့်လောက်ဖြင့် အရေးမစိုက်ပေ။ သူက ပြုံးကာ ပြောလိုက်သည်။
"ဆရာ သရေစာက ဆရာ့အကြိုက်နဲ့ တွေ့ရဲ့လား"
"ဟဲဟဲ... အရမ်းချိုပြီး ကောင်းတယ် တပည့်လေး"
သောက်ကျိုးနည်း ဒီလောက်တောင် ပေါ်ပေါ်တင်တင် ဘက်လိုက်တာလား
ငွေက အကောင်းဆုံးပဲ ထိပ်သီးသူရဲကောင်းတောင် ဂျင်ဆိုဟွန်းကို ဘာမှမလုပ်နိုင်ဘူး။
သိုင်းပညာရှင်များ၏ မျက်နှာတွင် အဆိပ်များ ပြည့်နှက်နေချိန်တွင် ဂျင်ဆိုဟွန်းက တိုးတိုးလေး ပြောလိုက်သည်။
"ဆရာ့သင်ကြားမှုကို ကျောင်းသားတွေ သဘောမကျပုံပဲ ဆရာ"
"ဟိုဟို... သူတို့က ဒီကန်ချွန်းရဲ့ သင်ကြားမှုကို သဘောမကျဘူးပေါ့လေ"
"မဟုတ်ရင် ဆရာ့ကို အဲဒီလို ဓားတွေလို ထက်မြက်တဲ့ အကြည့်တွေနဲ့ ကြည့်ပါ့မလား"
ကန်ချွန်း ထလိုက်သည်နှင့် သိုင်းပညာရှင်များ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
သူတို့ သင်တန်းကာလအတွင်း ကန်ချွန်း၏ ထိုးနှက်ချက်ကြောင့် သတိလစ်သွားသူ အများအပြား ရှိနေပြီဖြစ်သည်။ ကန်ချွန်းက လက်နှစ်ဖက်ကို ဖြေလျော့လိုက်သည်။
"ငါက အသက်ကြီးပြီမို့ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။ ဒါနဲ့ မင်းတို့က ငါ့ပညာကို သဘောမကျဘူးပေါ့"
"မ…မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဘူး"
ဟျော့အူဂွန်မှာ ကြောက်လန့်တကြား ထရပ်လိုက်သည်။
"အကြီးအကဲရဲ့ ပညာက ကြီးမြတ်လွန်းလို့ ကျွန်တော်တို့ မလိုက်မီနိုင်မှာ စိုးရိမ်တာပါ..."
"အဲ…အဲဒီလို…လား"
သူ့ရှေ့တည့်တည့်ရောက်နေသော ကန်ချွန်းကို ကြည့်ပြီး ဟျော့အူဂွန်မှာ သတိလစ်မတတ် ဖြစ်သွားသည်။
"ဟိုက်"
ဟျော့အူဂွန်မှာ အသက်ရှူမှားနေစဉ် ကန်ချွန်းက ရယ်မောလိုက်သည်။
"ဟားဟား မင်းတို့ သဘောကျလို့ ငါ အရမ်း ဝမ်းသာတယ်။ ကဲ အခုတော့ အနွေးဓာတ်ယူတာ ပြီးပြီမို့ တကယ့် လေ့ကျင့်ခန်းကို စလိုက်ကြရအောင်"
"အဲ…အဲဒါက... အနွေးဓာတ်ယူတာပဲ ရှိသေးတယ်... ဆိုလား"
ဇူဂယ်မင်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"သေချာတာပေါ့။ ငါ့ရဲ့ သင်ကြားမှုက ဒီလောက် ရိုးရှင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းသက်သက်ပဲလို့ ထင်နေတာလား"
နှစ်နာရီကြာအောင် ခန္ဓာကိုယ်တွင် သံတုံးများချည်ပြီး လေ့ကျင့်ထားသော သိုင်းပညာရှင်များ၏ မျက်နှာမှာ အပြာရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသည်။
"မင်း... မင်းက ဟျော့အူဂွန်လို့ ပြောတယ်မလား"
"ဟုတ်ကဲ့"
ထိပ်သီးသူရဲကောင်းက ငါ့နာမည်ကို မှတ်မိနေတယ်။
မျိုးဆက်သစ် ပါရမီရှင်တစ်ယောက်အတွက် ထိပ်သီးသူရဲကောင်းတစ်ယောက်က သူနာမည်ကို မှတ်မိနေခြင်းထက် ပိုမိုကြီးမားသော ဂုဏ်ယူစရာ မရှိပေ။ ဟျော့အူဂွန်သည် ဝမ်းသာအားရဖြင့် ကန်ချွန်းရှေ့သို့ ပြေးသွားသည်။
"မင်းက ဒီထဲမှာ အတော်ဆုံးလို့ ထင်တယ် ဒါကြောင့် မင်းကို မေးမယ်။ သေချာစဉ်းစားပြီး ဖြေ"
"ဟု…ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ်"
ထိပ်သီးသူရဲကောင်းရဲ့ မေးခွန်း ဒါ စာမေးပွဲပဲ။ ငါ အသိအမှတ်ပြုခံရအောင် လုပ်ရမယ်။
"ဂိုဏ်းအသီးသီးက သိုင်းသမား သုံးဆယ် စုဝေးနေကြတယ်။ သူတို့က မတူညီတဲ့ သိုင်းတွေကို သင်ယူထားကြတယ်။ တစ်ရက်အတွင်းမှာ သူတို့ကို ဘာသင်ပေးရမလဲ"
ဟျော့အူဂွန်သည် ချက်ချင်းပင် နားလည်သွားသည်။
ငါ အဖြေမှန်ကို ရွေးရမယ်။
ဟျော့အူဂွန်၏ ဦးနှောက်မှာ လျင်မြန်စွာ လည်ပတ်နေသည်။
"ကျွန်တော်တို့ မရောက်နိုင်သေးတဲ့ အဆင့်မြင့် ပညာတွေပါ။ အကြီးအကဲရဲ့ ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ အနာဂတ်လမ်းကြောင်းအတွက် လမ်းပြကြယ် ဖြစ်လာမှာပါ အကြီးအကဲ"
ကန်ချွန်းက ကျေနပ်သလို ခေါင်းညိတ်လိုက်သည်။
"ကောင်းတဲ့ အဖြေပဲ"
"ကျေးဇူးတင်ပါတ..."
ဖတ်ခနဲ
"ဒါပေမဲ့ အဲဒါ ငါ့မေးခွန်းရဲ့ အဖြေ မဟုတ်ဘူး"
ကန်ချွန်း၏ ထိုးနှက်ချက်ကြောင့် ဟျော့အူဂွန်မှာ လေ့ကျင့်ရေးကွင်း၏ အခြားတစ်ဖက်သို့ လွင့်စင်သွားသည်။ ကန်ချွန်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဟျော့အူဂွန်သာမက အားလုံးပင် ထိတ်လန့်သွားကြသည်။ ကန်ချွန်းက လက်သီးကို မြှောက်လိုက်သည်။
"ငါ ဆယ်စုနှစ်များစွာ တိုက်ခိုက်၊ သတ်ဖြတ်ပြီး အသက်ရှင်သန်လာချိန်မှာ သင်ယူခဲ့ရတာက ဒါပဲ"
ကန်ချွန်း၏ မျက်နှာတွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာသည်။
"သန်မာတဲ့သူနဲ့ တိုက်ခိုက်တာလောက် ကြီးထွားလာစေတာ မရှိဘူးဆိုတာပဲ။ ငါ အမြဲတမ်း သန်မာသူတွေနဲ့ပဲ တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ငါ အသက်ရှင်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ ငါ ပိုသန်မာလာခဲ့တာ"
ချက်ချင်းဆိုသလို ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအားများကြောင့် ကန်ချွန်း၏ အပေါ်ဝတ်ရုံမှာ ဆုတ်ပြဲသွားသည်။ ထိုကြားထဲမှ ပျံသန်းသော ဓားဆယ်လက် ပေါ်ထွက်လာသည်။
"စည်းကမ်းက ရိုးရှင်းတယ်။ ငါ့ကိုယ်ပေါ်မှာ အနည်းဆုံး အရာတစ်ချက်လောက် ထင်ကျန်အောင် လုပ်နိုင်ရင် မင်းတို့နိုင်တယ်။ ဒါပေမဲ့ မင်းတို့အားလုံး အဲဒီမတိုင်ခင် လဲကျသွားရင်တော့ ငါပဲ နိုင်မယ်"
ကန်ချွန်း၏ အချက်ပေးမှုနှင့်အတူ ဓားဆယ်လက်မှာ ကောင်းကင်သို့ ပျံတက်သွားသည်။ အပြာရောင်နဂါး တာအိုကျောင်းတော်မှ သိုင်းပညာရှင်တို့၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ဖုံးလွှမ်းသွားသည်။
"စကြရအောင်။ ဟားဟားဟား"
ပျံသန်းသော ဓားသူရဲကောင်းကန်ချွန်းနှင့် အပြာရောင်နဂါး တာအိုကျောင်းတော်မှ သိုင်းပညာရှင်သုံးဆယ်တို့၏ တိုက်ပွဲမှာ တစ်ဖက်သတ်နိုင်နေသည်။ တိုက်ပွဲစတင်ပြီး မိနစ်ပိုင်းအတွင်းမှာပင် သိုင်းပညာရှင်တစ်ဝက်ခန့် လဲကျကုန်ပြီဖြစ်သည်။
"မင်းတို့ရဲ့ လှုပ်ရှားမှုသိုင်းကိုတောင် မသုံးနိုင်ဘူး။ ဘယ်ခြေထောက်က ညာခြေထောက်ရဲ့ အမြန်နှုန်းကို မလိုက်နိုင်လို့ လှုပ်ရှားမှုတွေ ရှုပ်ကုန်ပြီ"
ကန်ချွန်းသည် ဂိုဒူရင်း၏ နံဘေးကို ကန်ထုတ်လိုက်သည်။ လက်ဆောင်အဖြစ် ဂေါင်တုန်းဂိုဏ်းမှ အခြားသိုင်းသမားကိုလည်း တစ်ပါတည်း ကန်လိုက်သည်။
ဘုန်း….
ကန်ချွန်း၏ ဆူပူသံတစ်ချက်နှင့်ပင် သိုင်းပညာရှင်တစ်ဦး လွင့်ထွက်သွားသည်။
"အဟမ်း တိုက်ပွဲမှာ အရေးကြီးဆုံးက ကြည့်တတ်ဖို့ပဲ။ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို ဖတ်နိုင်မှ တန်ပြန်တိုက်ခိုက်နိုင်မှာ မျက်စိကို နောက်တစ်ခါ ထပ်မှိတ်ရင်တော့ တစ်သက်လုံး မဖွင့်ရတော့အောင် လုပ်လိုက်မယ်"
"ဟုတ်"
ခြိမ်းခြောက်သံကြောင့် မုရုံမျိုးနွယ်စုမှ သိုင်းသမားမှာ မျက်လုံးကို အတင်းပြူးဖွင့်ထားလိုက်သည်။
ဖတ်…
"အား"
ထိုသို့ ပြူးကြည့်ထားရင်းပင် မုရုံချိုးမှာ လက်ဖြင့် အထုခံရပြီး သတိလစ်သွားသည်။
"ကောင်းတယ်"
ထိပ်သီးသိုင်းပညာရှင် ငါးဦးအနက် တစ်ဦး၏ ချီးကျူးစကားဖြစ်သော်လည်း မုရုံချိုးမှာ ကြားလိုက်ရခြင်း မရှိတော့ပေ။ ထို့နောက် ကန်ချွန်း၏ သင်ကြားမှုများ ဆက်လက်
ဖြစ်ပေါ်နေဆဲပင်။
"ပန်မျိုးနွယ်စုရဲ့ ဓားသိုင်းက ခွန်အားသက်သက်နဲ့ သုံးရတဲ့ ဓားသိုင်း မဟုတ်ဘူး"
"အမ်... ဒါဆို ဘယ်လို သုံးရမှာလဲ"
"ဘာလို့ ငါ့ကို လာမေးနေတာလဲ"
"...အယ်…"
ပန်ရှောင်ဖုန်းသည် ဗိုက်ကို အထုခံလိုက်ရသဖြင့် ချောင်းဆိုးလိုက်သည်။
"မင်း အခုထက်ပိုပြီး တိုးတက်မလာတာ မင်းရဲ့ ပျော့ပြောင်းမှု မရှိလို့ပဲ။ ခန္ဓာကိုယ် တောင့်တင်းပြီး ဓားကို ဝှေ့ယမ်းနေရင် စွမ်းအားက အပြည့်အဝ မရောက်ဘူး။ ပျော့ပြောင်းမှုကို လေ့ကျင့်စမ်း"
"ကျွန်... ကျွန်တော် နားလည်ပါပြီ..."
"နားလည်ရင် ထွက်သွားတော့"
"ခွပ်"
ကြီးမားသော ပန်ရှောင်ဖုန်းမှာ လွင့်ထွက်သွားသည်။
ပျံသန်းတဲ့ဓားကို မသုံးဘဲနဲ့တောင် သူ့ကို မယှဉ်နိုင်ဘူး။
ဟျော့အူဂွန်မှာ ချွေးပြန်နေသည်။ သူ မည်မျှပင် စဉ်းစားပါစေ ကန်ချွန်း၏ ခန္ဓာကိုယ်ပေါ်တွင် အရာတစ်ချက် ထင်ကျန်အောင် လုပ်ရန်မှာ မဖြစ်နိုင်ကြောင်း သူသိလိုက်သည်။ သူသည် အမြန်နှုန်း၊ ခွန်အား မည်သည့်အရာနှင့်မျှ ကန်ချွန်းကို မယှဉ်နိုင်ပေ။
"မင်းတို့က ကြည့်ပဲ ကြည့်နေမှာလား"
ကန်ချွန်း၏ အော်ဟစ်သံကြောင့် ဟျော့အူဂွန် တုန်လှုပ်သွားသည်။ သူသည် တွေဝေနေရင်းမှ ဂါရဝပြုကာ ပြောလိုက်သည်။
"ဟွာရှန်းဂိုဏ်းမှ ဟျော့အူဂွန်က အကြီးအကဲရဲ့ ပညာကို တောင်းခံပါတယ်"
နှုတ်ဆက်ပြီးနောက် ဟျော့အူဂွန် အသင့်ပြင်လိုက်သည်။
"ဟွာရှန်းရဲ့ မက်မွန်ပွင့်ဓားသိုင်း... မတွေ့ရတာ ကြာပြီပဲ။ လာခဲ့။ မင်းတို့ရဲ့ မက်မွန်ပွင့်တွေ ဘယ်လောက်ရနံ့မွှေးမလဲဆိုတာ ငါ့ကိုယ်နဲ့ ခံယူကြည့်မယ်"
"ဂုဏ်ယူပါတယ်"
ဟျော့အူဂွန်ဘေးတွင် အိုဆောဟွာ လာရပ်သည်။
"ကျွန်မလည်း ပါမယ် အစ်ကို"
ဟွာရှန်းဂိုဏ်း၏ ထူးချွန်သော တပည့်နှစ်ဦးသည် ကန်ချွန်းကို ဝိုင်းဝန်း၍ ဖိအားပေးလိုက်ကြသည်။ ပြောင်းလဲလွယ်သော သူတို့၏ ဓားချက်များကို မြင်ရသောအခါ ကန်ချွန်း ကျေနပ်စွာ ပြုံးသည်။
"ဒါကမှ ဂိုဏ်းကြီးတစ်ခုရဲ့ ဂုဏ်သတင်းပေါ့"
သိုင်းပညာရပ်တစ်ခုစီသည် လက်တွေ့ကျမှုနှင့်အတူ သမိုင်းကြောင်းရှိသည်။ ဟွာရှန်းဓားသိုင်းသည် လှပသော်လည်း သေစေလောက်သည့် အစွမ်းရှိသည်။
ကန်ချွန်း ပြုံးသည်။
"ဟွာရှန်းရဲ့ ဓားသိုင်းက တိုက်ခိုက်ရေးရော ကာကွယ်ရေးမှာပါ ပြည့်စုံတယ်။ ဒါပေမဲ့ အားနည်းချက်မရှိတာတော့ မဟုတ်ဘူး"
ကန်ချွန်းသည် သူ့၏ ပျံသန်းသော ဓားကို ပထမဆုံးအကြိမ် ထုတ်သုံးကာ ဘေးနှစ်ဖက်သို့ ပစ်လွှတ်လိုက်သည်။
"ဟပ်"
"အား"
လေ၏ စွမ်းအားပါဝင်သော ဓားနှစ်လက်သည် ဟျော့အူဂွန်နှင့် အိုဆောဟွာတို့၏ ဓားများကို အပြင်းအထန် ရိုက်ခတ်လိုက်ကာ မက်မွန်ပွင့်များ ပြန့်ကျဲသွားသည်။
သူက အဓိကအချက်ကိုပဲ တိတိကျကျ ဖြတ်တောက်သွားတာပဲ။
ဟျော့အူဂွန် လည်ချောင်းထဲ ခြောက်ကပ်သွားသည်။ သူသည် ချွန်းယဲရန်းနှင့် တိုက်တုန်းကကဲ့သို့ပင် အရေးကြီးသည့်အချက်ကို အဖြတ်ခံလိုက်ရသည်။
"ဟွာရှန်းဓားသိုင်းဆိုတာ ဓားချက်သက်သက်နဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး"
"ဘာ"
"ခေါင်းကို အရင်ရှင်းပြီး မင်းသင်ခဲ့တဲ့ ဟွာရှန်းသိုင်းကို ပြန်စဉ်းစားစမ်း"
ဖတ်..
ဓားရိုးဖြင့် ဦးခေါင်းကို အထုခံလိုက်ရသဖြင့် ဟျော့အူဂွန်မှာ လဲကျသွားသည်။
အိုဆောဟွာလည်း ထပ်တူပင် လဲကျသွားသည်။
ဘယ်လို စဉ်းစားကြည့်ကြည့် လမ်းစမရှိဘူး။
ဇူဂယ်မင်းမှာ စစ်ဗျူဟာစာအုပ်များတွင်လည်း ထိပ်သီးသိုင်းသမားကို ယှဉ်နိုင်မည့်နည်းလမ်း မတွေ့ပေ။ ထိပ်သီးသိုင်းသမားတစ်ဦးကို ယှဉ်နိုင်ရန် ထိပ်သီးသိုင်းသမားငါးဦး သို့မဟုတ် ပထမတန်းစား သိုင်းသမားတစ်ရာ လိုအပ်သည်။
အခုက ပထမအဆင့်တောင် မပြည့်ဘူး။
ဇူဂယ်မင်းမှာ နှုတ်ခမ်းကိုကိုက်ကာ ငြိမ်သက်သွားသည်။
ငြိမ်နေလိုက်တာပဲ ကောင်းမယ်။
ဇူဂယ်မင်း သတိလစ်ဟန်ဆောင်နေစဉ် ကန်ချွန်းသည် ကျန်ရစ်သောသူများကို ကြည့်လိုက်သည်။
ဒီကောင်တွေပဲ ကျန်တော့တာလား။
ကန်ချွန်း၏ မျက်ဝန်းထဲတွင် ချွန်းဂါဆောင်းနှင့် ချွန်းယဲရန်းတို့၏ အရှိန်အဝါကို မြင်လိုက်ရသည်။ သူတို့နှစ်ဦးဘေးတွင် မုရုံဆူဆူနှင့် ဂျုံရိုအာတို့ ရောက်လာကြသည်။ ကျန်ရစ်သူ လေးဦးသာ ရှိတော့သည်။
"ကဲ အခုတော့ တကယ့်ကစားပွဲကို စကြရအောင်"
ကန်ချွန်း၏ အချက်ပေးမှုနှင့်အတူ ဓားဆယ်လက် ကောင်းကင်သို့ ပျံတက်သွားသည်။
"ဟင်"
ဂျင်ဆိုဟွန်း၏ မျက်နှာ တောင့်တင်းသွားသည်။ ကန်ချွန်း ပြသနေသော ကောင်းကင်ဘုံလက်၏ အစွမ်းမှာ သူသင်တုန်းက မမြင်ဖူးသည့် အစွမ်းဖြစ်သည်။
ဂျင်ဆိုဟွန်း၏ မျက်နှာပေါ်တွင် ချွေးများ စီးကျလာသည်။ ဆရာဖြစ်သူက ပညာသစ်ပြနေလျှင် တပည့်က သင်ယူရမည်ပင်။
သို့သော် ဂျင်ဆိုဟွန်းကမူ...
"အာ... မသင်ချင်ပါဘူး..."
ဓားဆယ်လက်မှာ ကြယ်ကြွေသကဲ့သို့ ပြိုဆင်းလာသည်။ လေးဦးစလုံး နေရာအနှံ့ ပြေးလွှားနေကြစဉ် ဂျင်ဆိုဟွန်းကမူ မျက်နှာမဲ့လျက် သက်ပြင်းချလိုက်သည်။
"ဟူး မလုပ်ချင်ပါဘူးဆို…."