← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

"ဆရာ"

ဂျင်ဆိုဟွန်းတစ်ယောက် ထိတ်လန့်သွားပြီး ကန်ချွန်းကို အမြန် ထိန်းလိုက်သည်။

"ငါ... အဆင်ပြေပါတယ်။ လုပ်ဆောင်ချက် ကင်းမဲ့ခြင်းရဲ့ စွမ်းအားက... ငါတောင် ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အစွမ်းမျိုးပါ။ ဒီလို တစ်ခေါက်လောက် သရုပ်ပြဖို့အတွက်နဲ့တင် အတွင်းအားနဲ့ စိတ်စွမ်းအားတွေ အများကြီး ကုန်ဆုံးသွားတယ်လေ"

ကန်ချွန်း၏ လက်များမှာ တုန်ရီနေသည်။

ဆရာ ဒီလောက်ထိတောင် ပင်ပန်းသွားမယ်လို့ မထင်ထားခဲ့မိဘူး။

ဂျင်ဆိုဟွန်းအတွက် ကန်ချွန်းသည် သိုင်းလောကတွင် သူတွေ့ဖူးသမျှ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ထိုမျှ သန်မာသည့် ကန်ချွန်းပင်လျှင် တစ်ကြိမ်မျှ သရုပ်ပြရုံဖြင့် သွေးအန်သည်အထိ ဖြစ်သွားရသည်။ စိတ်ကူးယဉ်ဖို့ပင် ခက်ခဲသော ထိုသိုင်းပညာ၏ စွမ်းအားကို မြင်ပြီး ဂျင်ဆိုဟွန်း ခေါင်းခါလိုက်သည်။

"ဒီစွမ်းအားက အရမ်းကို အန္တရာယ်များတယ်။ ဒီလို ပျင်းရိတဲ့ တပည့်ကတော့ တစ်သက်လုံး မမီနိုင်တော့မယ့် ပညာပဲ"

"ဆိုဟွန်း"

"ဟုတ်ကဲ့ ဆရာ"

"ငါ မင်းကို ယုံကြည်တယ်"

"မဟုတ်ပါဘူး။ ကျွန်တော် ကိုယ့်ကိုကိုယ်တောင် မယုံကြည်တာပါ"

"ဒီဆရာ ဘယ်လောက်ထိ နေရဦးမယ်လို့ မင်းထင်လဲ"

"နောက်ထပ် အနှစ်နှစ်ဆယ်လောက်တော့ နေရဦးမှာပါ"

"ငါ ကောင်းကင် ပျံသန်းခြင်း ဓားဆယ်လက်ရဲ့ နောက်ဆုံးအဆင့်ကို ဘယ်တော့မှ မဖြည့်စွက်နိုင်တော့ဘူး။ ဒါပေမဲ့ မင်းကတော့ လုပ်နိုင်တယ်"

"ကျွန်တော် မလုပ်နိုင်ပါဘူး။ ဆရာတောင် မအောင်မြင်နိုင်တဲ့ အဆင့်ကို ကျွန်တော်က ဘယ်လိုလုပ် ပြီးမြောက်အောင် လုပ်နိုင်မှာလဲ။ ကျွန်တော့်ကို မယုံပါနဲ့"

ကန်ချွန်း၏ လက်နှစ်ဖက်က ဂျင်ဆိုဟွန်း၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ ယနေ့တွင် ကန်ချွန်း၏ လက်များမှာ ထူးထူးခြားခြား ပိန်လှီနေသည်။

"ဆိုဟွန်း... အော့... အော့"

"ဆရာ အရမ်းမလုပ်ပါနဲ့။ ဒီပညာက အရမ်းအန္တရာယ်များတယ်။ ကျွန်တော့်ကို အမိန့်သာပေး ကျွန်တော် ဒါကို ထာဝရ ပိတ်ပင်လိုက်မယ်"

"ဒါက ငါ့ရဲ့ နောက်ဆုံး ဆန္ဒပဲ"

"မင်း... မင်း... သောက်ကျိုးနည်း တပည့်ကောင်"

"အား"

ခဏလေးအထိ အားနည်းနေသလို ရှိသော ကန်ချွန်း၏ လက်များသည် ဂျင်ဆိုဟွန်း၏ ပါးပြင်ကို အားပြင်းပြင်းဖြင့် ဆွဲညှစ်လိုက်သည်။ ပါးပြင်များ ကွဲအက်တော့မည့်အလား အလွန်နာကျင်ရသည်။

"ပါးတွေ ပြဲကုန်တော့မယ် ဆရာ"

"ဆရာက တစ်ခုခုလုပ်ခိုင်းရင် လုပ်ရမှာပေါ့။ ဟမ် ဟိုမှာရှိတဲ့ ချွန်းမျိုးနွယ်စုရဲ့ ကလေးတွေက သန်မာချင်လို့ ရူးမတတ် ဖြစ်နေကြတာကို။ မင်းက ဘာလုပ်နေတာလဲ ဘာလုပ်နေတာလဲ"

"နာတယ်"

ကန်ချွန်းက ဂျင်ဆိုဟွန်း၏ ပါးပြင်ကို ခဏလောက် ဆွဲခါပြီးမှ လွှတ်ပေးလိုက်သည်။ ပါးနှစ်ဖက်လုံး ရောင်ကိုင်းသွားသော ဂျင်ဆိုဟွန်းမှာ နှုတ်ခမ်းဆူကာ ငြီးငြူလိုက်သည်။

"တောင်ပေါ်မှာတုန်းက သင်ကြားမှုတွေ ပြီးပြီလို့ ပြောခဲ့တာ မဟုတ်လား"

"ငါ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မင်းက မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့နဲ့ အမည်မဲ့တဲအိမ်ကို သွားနှောင့်ယှက်ပြီး လူမုန်းများနေတာ မဟုတ်လား"

"အဲဒါက... အဲဒီ ဦလေးကြီနမ်ဂန်းကြောင့်..."

"အကြောင်းရင်း ဘာပဲဖြစ်ဖြစ် မင်းက သိုင်းလောကကနေ ခြေမကျွတ်နိုင်တော့တဲ့ ခန္ဓာကိုယ် ဖြစ်သွားပြီ။ ဒါကြောင့် သန်မာလာဖို့ပဲ ရှိတော့တယ်"

သူ ငြင်းဆန်ချင်သော်လည်း ကန်ချွန်း ပြောသလိုပင်။ သူ မလိုချင်သော်လည်း သန်မာလာမှသာ မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့၏ လက်မှ လွတ်မြောက်ပြီး သူ၏ ပုံမှန်ဘဝကို ပြန်ရနိုင်မည်။

"ဒါဆို... ကျွန်တော် ဘာလုပ်ရမလဲ"

ဂျင်ဆိုဟွန်း၏ မေးခွန်းကြောင့် ကန်ချွန်း အားရပါးရ ရယ်မောလိုက်ပြီး ဓားကို မြှောက်လိုက်သည်။

"မင်းမှာရှိတဲ့ အတွင်းအားတွေကို ဓားတစ်လက်ထဲကို အကုန်သွင်းလိုက်"

"ဗျာ ဒါဆို..."

"မင်း ထင်တဲ့အတိုင်းပဲ"

ကန်ချွန်းက လက်ထဲက ဓားကိုချလိုက်ပြီး အေးဆေးစွာ ပြောသည်။

"ဒီပညာက တစ်ချက်တည်းနဲ့ အဆုံးသတ်တဲ့ ပညာပဲ။ ငါ့စွမ်းအားအကုန်လုံးကို ထည့်ထားတဲ့အတွက် တိုက်ပွဲတစ်ခုမှာ တစ်ကြိမ်ပဲ သုံးလို့ရတယ်"

ဂျင်ဆိုဟွန်းသည် ဆရာဖြစ်သူ သင်ကြားပေးသည့်အတိုင်း သူ၏ အတွင်းအားများကို လက်ထဲမှ သစ်သားဓားထဲသို့ စတင်၍ မြစ်ရေပမာ သွန်းလောင်းထည့်လိုက်သည်။

ထိုခဏတွင်ပင် ဓားမြှောင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့ ဖရိုဖရဲ ပျံ့နှံ့သွားတော့သည်။

"သိုင်းစွမ်းအားတွေကို လျှောက်မလွှတ်နဲ့ ထိန်းချုပ်စမ်း။ စွမ်းအားအားလုံးကို ဓားတစ်လက်တည်းဆီမှာပဲ စုစည်းလိုက်"

အနီးနားမှ ဆရာကြီး ကန်ချွန်း၏ ပြောသံကို ကြားလိုက်ရသဖြင့် ဂျင်ဆိုဟွန်းသည် စိတ်ကို အစွမ်းကုန် ပြန်လည်အာရုံစိုက်လိုက်သည်။

ထိန်းချုပ်ရမယ်... အတွင်းအားတွေကို တခြားဆီ မထွက်စေဘဲ တစ်နေရာတည်းမှာပဲ စုစည်းရမယ်။

ဖရိုဖရဲ ဖြစ်နေသော စွမ်းအားများမှာ ဓားကောက်ထံသို့ တဖြည်းဖြည်း တိုးဝင်စုရုံးသွားကြသည်။

ဝူး

နောက်ထပ် နည်းနည်းလောက်...

သူက အတွင်းအားကို ထပ်မံအတင်းဖိသွင်းလိုက်ပြန်သည်။ ဓားမြှောင်အတွင်း၌ ပြင်းထန်လှသော အရှိန်အဝါများ ပြည့်လျှံလာပြီး မခံမရပ်နိုင်တော့သည့်အလား ရုန်းကန်လှုပ်ရှားလာ၏။

ဆရာ့ရဲ့ ဓားချက်က ဘာလို့ ဒီလောက်တောင် နှေးကွေးလေးလံနေရတာလဲဆိုတာ... ဒါကြောင့်ကိုး။

စွမ်းအားများ တသိမ့်သိမ့်ပြည့်နေသော ဓားမှာ အလေးချိန်တန်ပေါင်းများစွာရှိသည့် သံတုံးကြီးကို မထားရသလိုမျိုး လွန်စွာလေးလံလှသည်။ ဂျင်ဆိုဟွန်းသည် အသက်ကို အောင့်ထားရင်း နောက်ဆုံးကျန်ရှိသော စွမ်းအားကိုပါ သွန်းလောင်းလိုက်မည့် ဆဲဆဲတွင်

"မဟုတ်ဘူး နောက်ဆုံးအထိ သတိမလွတ်နဲ့... အာရုံစိုက်ထား"

ကန်ချွန်း၏ ဟန့်တားသံကြောင့် ခဏတာ အာရုံလွဲသွားသောအခါ ဓားမှာ ပြင်းထန်လှစွာ တုန်ခါသွားတော့သည်။

ဂျီ……..

ရုန်းကန်အော်ဟစ်နေသည့် ဓား၏တုန်ခါမှုကြောင့် ဂျင်ဆိုဟွန်း၏ စိတ်အာရုံ လုံးဝပြတ်တောက်သွားပြီး ဓားထဲတွင် အတင်းစုစည်းထားသော အတွင်းအားမုန်တိုင်းများမှာ အပြင်သို့ ပြန်လည်အန်ထွက်ကာ ယိုစီးထွက်လာသည်။

မထိန်း... မထိန်းနိုင်တော့ဘူး...

ဂျင်ဆိုဟွန်း ဆက်၍ မကိုင်ထားနိုင်တော့ချေ။ ထိုအခြေအနေကို မြင်သည်နှင့် ဆရာကြီး ကန်ချွန်းက ရှေ့သို့ လျှပ်စီးပမာ တိုးဝင်ကာ ဓားကို အမြန်ဆုံး ဆွဲယူလိုက်သည်။

ဓား သူ့လက်ထဲသို့ ရောက်သည်နှင့် ကန်ချွန်းပင်လျှင် သွေးပျက်မတတ် လဲကျမလို ဖြစ်သွားရသည်။

သေစမ်း...

သူ့တစ်ကိုယ်လုံး ခေါင်းများ မူးဝေသွားသည်။ ဂျင်ဆိုဟွန်း သွန်းလောင်းလိုက်သော အတွင်းအားစွမ်းရည်မှာ သူ စိတ်ကူးထားသည်ထက် အဆပေါင်းများစွာ ပိုမိုများပြားလွန်းနေသည်။

ဒီအတိုင်းသာ စွမ်းအင်တွေ လွှတ်ထွက်သွားရင် ဒီပတ်ဝန်းကျင်တစ်ခုလုံး မြေလှန်လိုက်သလို ပျက်စီးသွားလိမ့်မယ်

သူ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သော်လည်း ဂျင်ဆိုဟွန်း၏ ပြင်းထန်လှသော ဤစွမ်းအင်ပေါက်ကွဲမှုကို တောင့်ခံနိုင်မည့် အကာအကွယ်နေရာမျိုး ဤအနီးအနားတွင် မရှိချေ။

ကောင်းကင်... ကောင်းကင်ပဲ ရှိတယ်။

သူ အလျင်အမြန် ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် ဓားမှာ သံမဏိတောင်ကြီးတစ်ခုကဲ့သို့ လေးလံလွန်းလှသဖြင့် သူ အလွယ်တကူ ပစ်မတင်နိုင်ပေ။

သူ အလွန်အမင်း အလျင်စလို ဖြစ်သွားခဲ့ခြင်းဖြစ်ကာ ဆိုဟွန်း၏ ပင်ကိုယ်စွမ်းအားကို သူ အကြီးအကျယ် လျှော့တွက်မိခဲ့ခြင်းပင်။

အချိန်မရှိတော့ပေ။

အကယ်၍ ဤဓားသာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါက ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီး သူတို့နှစ်ဦးလုံး အသားစပင် ရှာမရအောင် သေဆုံးသွားကြလိမ့်မည်။

ငါ သေရင်တောင်... ဆိုဟွန်းကိုတော့ ဖြစ်အောင် ကယ်ရမယ်။

ကန်ချွန်း အားထည့်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ မြေပြင်မှာ သူ၏ လေးလံလှသော ဖိအားကို မခံနိုင်ဘဲ ချိုင့်ဝင်သွားရ၏။

"အော့"

ကန်ချွန်းသည် ဂျင်ဆိုဟွန်းကို ဘေးသို့ တွန်းထုတ်ရန် ကြိုးစားနေစဉ် သူ၏မျက်စိရှေ့မှောက်တွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

"ခင်ဗျား... ဘာတွေ လုပ်နေတာလဲ"

ထိုသို့ ပေါ်လာသူကို မြင်လိုက်ရသောအခါ ကန်ချွန်းက လန့်ဖျန့်သွားပြီး အော်ပြောလိုက်သည်။

"ဒါ... ဒါက အရမ်ရအန္တရာယ်များတယ် အမြန်ဆုံး... ဒီနေရာကနေ အဝေးကို ထွက်သွားစမ်း"

"တွေ့ရတာ ကြာပြီပဲ... အကြီးအကဲ ကန်"

ထိုလူကြီး၏ မျက်နှာကို သေချာကြည့်လိုက်မိသောအခါ ကန်ချွန်း၏ မျက်မှောင်များမှာ တွန့်ချိုးသွားတော့သည်။

"ငါ... မင်းကို ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ အိမ်မက်ထဲတောင် မထင်ထားဘူး"

"ကျွန်တော်လည်း အဲဒီအတိုင်းပါပဲ။ ဒါပေမဲ့ အခုက အချိန်မရှိတော့ဘူး ဒီပြဿနာကို အရင်ရှင်းလိုက်ရအောင်"

ထိုလူကြီးသည် သူ၏ တစ်ဖက်တည်းသော လက်အစုံဖြင့် ပေါက်ကွဲလုဆဲဆဲ ဖြစ်နေသော ဓားကို အမိအရ ဖမ်းဆုပ်လိုက်သည်။

"ဒါကို ဘယ်လို လုပ်ရမလဲ"

"ကောင်းကင်... ကောင်းကင်ဘက်ကိုသာ ပစ်တင်လိုက်..."

"ဟွန်း"

ချက်ချင်းပင် အတွင်းအားကို လျှပ်စီးအလား စုစည်းလိုက်ပြီးနောက် ထိုလူကြီးသည် ဓားကို ကောင်းကင်ထက်သို့ အစွမ်းကုန် ဝှေ့ယမ်းကာ ပစ်လွှတ်လိုက်တော့သည်။ အလွန်ပြင်းထန်လှသော မြန်နှုန်းဖြင့် ဝေဟင်သို့ ပျံတက်သွားသော ဓားမှာ စုစည်းထားသည့် စွမ်းအင်မုန်တိုင်းများနှင့်အတူ ကောင်းကင်အမြင့်၌ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

ဘုန်း.…

၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း အလွန်ကို ကြည့်ကောင်းသော မြင်ကွင်းတစ်ခုပင်။ ညကောင်းကင်ယံထက်တွင် တောက်ပသော မီးပန်းများ မိုးရွာသကဲ့သို့ ကြွေကျလာစဉ် ထိုလူကြီးက ပြုံး၍ ပြောလိုက်သည်။

"ကြာပြီပဲ... လက်ဆယ်ချောင်း သွေးတစ္ဆေ။ အခုတော့ ခင်ဗျားကို ပျံသန်းသော ဓားသူရဲကောင်းလို့ပဲ ခေါ်ရတော့မှာပေါ့"

"မင်း ကြိုက်သလိုသာ ခေါ်စမ်းပါ။ ငါ့အတွက်တော့ လက်ဆယ်ချောင်း သွေးတစ္ဆေဆိုတဲ့ နာမည်ဟောင်းကမှ မင်းနဲ့ ပိုပြီး ရင်းနှီးလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား... တစ္ဆေမျက်နှာ ပြည်သူ့တော်လှန်ရေး ဓားသမားဂူဂျူးချော"

ကန်ချွန်းနှင့် ဂူဂျူးချောသည် တစ်ချိန်က ဗဟိုလွင်ပြင်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သော သိုင်းပညာရှင်ကြီးနှစ်ဦးမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ဤသို့ ဆန်းကြယ်စွာ ပြန်လည်ဆုံတွေ့ကြခြင်းပင်။

"ဒါဆို... အကြီးအကဲက ခင်ဗျားရဲ့ တပည့်အသစ်ကို ပညာအသစ် သင်ပေးရင်းနဲ့ မတော်တဆ အနည်းငယ် ဖြစ်သွားတာလို့ ပြောတာပေါ့"

"မှန်တယ်"

ကန်ချွန်းက တည်ငြိမ်စွာဖြင့် ယုံကြည်မှုရှိရှိ ပြန်လည်ဖြေကြားလိုက်သော်လည်း သူ၏ မျက်ဝန်းအစုံမှာမူ အနည်းငယ် တုန်လှုပ်နေရှာသည်။ မနေ့ညက ဖြစ်ပွားခဲ့သော စွမ်းအင်ပေါက်ကွဲမှု ဂယက်ကြောင့် အပြာရောင်နဂါး တာအိုကျောင်းတော်ရှိ အဆောက်အဦးများ၏ ခေါင်မိုးအများစုမှာ အမိုးပွင့်ကာ ပျက်စီးသွားခဲ့ရသောကြောင့်ပင်။

"ဟူး... နားလည်ပါပြီ"

ကျောင်းတော်တာဝန်ခံ၏ စိတ်ထဲတွင် မသက်မသာ ဖြစ်နေသော်လည်း သူ ဘာမှ လုပ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ရှေ့ကပြိုင်ဘက်မှာ ဗဟိုလွင်ပြင်၏ အင်အားအကြီးဆုံး ထိပ်သီးငါးဦးအနက်မှ တစ်ဦးဖြစ်သောကြောင့်ပင်။

ထိုသူက လိမ်ညာပြောဆိုနေလျှင်တောင် သူမျက်နှာသာပေးကာ အသာငြိမ်နေရုံမှတစ်ပါး အခြားမရှိချေ။

"ဒါနဲ့... ပြုပြင်စရိတ် ကိစ္စကိုတော့..."

"ရှန်ရှီးပြည်နယ်က ဂျင်မျိုးနွယ်စုဆီကိုသာ တိုက်ရိုက် ပို့လိုက်စမ်းပါ။ ဒါက ဆိုဟွန်းကို ပညာသင်ပေးရင်း ဖြစ်သွားတဲ့ကိစ္စမို့ ဂျင်မျိုးနွယ်စုခေါင်းဆောင်က စေတနာအပြည့်နဲ့ တပြားမကျန် လျော်ပေးလိမ့်မယ်"

"နားလည်ပါပြီ"

ညက ဖြစ်ပွားခဲ့သော ဧရာမပြဿနာကြီးမှာ ထင်ထားသည်ထက် ပိုမိုချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ သို့သော် လေ့ကျင့်ရေးကွင်းပြင်ရှိ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျင်းကြီးကို မြေဖို့နေရသည့် နည်းပြများအတွက်မူ အထက်မှ အမိန့်သစ်တစ်ခု ထပ်မံရောက်ရှိလာပြန်သည်။

"ဘာ... ခင်ဗျားတို့က ကျွန်တော်တို့ကို ခေါင်မိုးတွေကိုပါ ထပ်ပြီး ပြင်ခိုင်းဦးမှာလားဗျာ"

"ဟုတ်တယ်"

နည်းပြများမှာ ပြိုကျပျက်စီးနေသော အမိုးအကာများကို ကြည့်ကာ စိတ်ပျက်လက်ပျက် ငေးမောနေကြရသည်။

"နေရာဆယ်ခုလောက်ပဲ ပြင်ရမှာပါ။ ကျန်တာကတော့..."

…….

ဒုန်း

"အား ဖယ်ကြစမ်း ပြေးကြဟော့"

"ထမင်းစားဆောင်ကြီးရဲ့ ခေါင်မိုးပါ ထပ်ပြီး ပြိုကျတော့မယ်"

"..."

ဂွမ်မြောင်မှာ နည်းပြများကို မျက်နှာချင်းမဆိုင်ရဲတော့ပေ။

"နေရာ တစ်ဆယ့်တစ်ခု..."

ဒုန်း….

"အဲဒါလည်း ပြိုတော့မယ်"

"အား အဲဒီနား မဟုတ်ဘူး"

ပြိုကျနေသောနေရာမှာ တာအိုကျောင်းတော်ရှိ တစ်ခုတည်းသော ရေချိုးခန်း ဖြစ်သည်။ ဒဏ်ရာတိပ်များ ပတ်ထားရသော မုရုံဆူဆူနှင့် အိုဆောဟွာတို့၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

"ငါတို့ရဲ့... ငါတို့ရဲ့ ရေချိုးခန်း..."

ဂွမ်မြောင်မှာ ဆံပင်ကို ဆွဲဖွရင်း သတိကြီးစွာဖြင့် စကားစလိုက်သည်။

"နေရာ တစ်ဆယ့်နှစ်..."

"တာအိုကျောင်းတော် အကြီးအကဲ... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့"

"အကြီးအကဲ စကားပြောလိုက်တိုင်း ခေါင်မိုးတစ်ခု ပြိုကျနေတာပဲ"

နည်းပြများမှာ စိတ်ဓာတ်များ လုံးဝ ကျဆင်းသွားကြပြီဖြစ်သည်။

ဒါက ပျံသန်းသော ဓားသူရဲကောင်းကို သုံးဖို့ ကြိုးစားခဲ့တဲ့အတွက် ငါ့ကံကြမ္မာပဲ။

ဂွမ်မြောင်မှာ တိတ်တဆိတ် မျက်ရည်သုတ်လိုက်ရတော့သည်။

တာအိုကျောင်းတော်နှင့် အတော်လေး ဝေးသော ဆမ်ဂျောင်း တည်းခိုခန်း၌ အိုယိုရန်သည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေစဉ် ဧည့်သည်လာကြောင်း အချက်ပေးသည့် ခေါင်းလောင်းသံကြောင့် လှည့်ကြည့်လိုက်သည်။

"နောက်ကျလိုက်တာ"

"အကြာကြီး စောင့်လိုက်ရလား"

"ဟုတ်တယ်"

ကန်ချွန်းသည် လွတ်နေသော ခုံတွင် ထိုင်လိုက်သည်။

"ဆိုဟွန်း အဆင်ပြေရဲ့လား"

အိုယိုရန်၏ အသံတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ ရောယှက်နေသည်။ တပည့်ဖြစ်သူ၏ သတင်းကို သိလိုလှသဖြင့် သူမမှာ ကန်ချွန်းကို စောင့်ရင်း ရက်အတော်ကြာ တည်းခိုခန်းတွင် နေနေခဲ့ရသည်။

"သူ အဆင်ပြေပါတယ်"

"မနေ့ညက မီးတောင်ပေါက်သလို အသံကြီး ကြားလိုက်ရတယ်။ အဲဒါ အကြီးအကဲ လက်ချက်မလား"

"ငါ ငြင်းမနေပါဘူး။ ဒါပေမဲ့ အဲဒီထက် ပိုအရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်"

အိုယိုရန်က စကားကို ခေါင်းမရိုက်ဘဲ ဆက်ပြောသည်။

"ဘာက အရေးကြီးတာလဲ"

"မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့နဲ့ အမည်မဲ့တဲအိမ်က ဆိုဟွန်းရဲ့ အသက်ကို လိုချင်နေကြတယ်။ သူတို့ ဆိုဟွန်းကို ရှာတွေ့သွားပုံပဲ"

"ဘယ်လို..."

အိုယိုရန်၏ ဖြူစင်သော မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားသည်။ ထိုအဖွဲ့အစည်းနှစ်ခုမှာ မိစ္ဆာဂိုဏ်းကို ကိုယ်စားပြုကာ သိုင်းလောက၏ သွေးစွန်းသော တိုက်ပွဲများနှင့် ဝေးရာကို သူမ ရွှေ့ပြောင်းလာခဲ့သော်လည်း သူတို့၏ အန္တရာယ်ကိုတော့ သူမ ကောင်းကောင်း သိသည်။

"အခုချက်ချင်း ဆိုဟွန်းကို ဖွက်ထားလိုက်ရမလား"

အိုယိုရန်၏ အသံမှာ တုန်ရီနေသည်။ တပည့်ကို ဆုံးရှုံးရမှာကို ကြောက်သောကြောင့်ပင်။

"ငါ စောင့်ကြည့်ဖို့ စီစဉ်ထားတယ်"

"ဘာပြောလိုက်တယ်"

ဒေါသထွက်သွားသော အိုယိုရန်မှာ ထိုင်ခုံမှ ထရပ်လိုက်သည်။ သူမ၏ မျက်ဝန်းမှ မီးပွားများ ထွက်လာသည်။

"ရှင်တို့တပည့် သေတော့မှာကို စောင့်ကြည့်နေမှာလား ဒါက ဆရာတစ်ယောက်ရဲ့ လုပ်ရပ်လား"

"မှန်တယ်"

"တော်ပြီ ဗဟိုလွင်ပြင်ရဲ့ ထိပ်သီးငါးဦးထဲက တစ်ဦးဖြစ်တဲ့ အကြီးအကဲက ဒီလောက်ထိ တာဝန်မဲ့လိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်မကိုယ်တိုင်ပဲ ဆိုဟွန်းကို ကာကွယ်မယ်။ ဒါ ဆရာတစ်ယောက်ရဲ့ တာဝန်ပဲ"

အိုယိုရန် ထွက်သွားရန် ပြင်ဆင်နေစဉ် ကန်ချွန်းက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

"လွှတ်"

ရှင်းလင်းပြတ်သားသော အသံဖြစ်သည်။

သူမ၏ ဘွဲ့နာမည် ကောင်းကင်အသံပန်းတစ်ရာနှင့် လိုက်ဖက်အောင်ပင် သူမ၏ အသံမှာ သာယာလှသည်။ သို့သော် ယခုအချိန်တွင် အရေးမကြီးပေ။

"အကြီးအကဲအို။ ဒါ ဆိုဟွန်းရဲ့ ဇာတ်လမ်းပါ"

"ဘာဇာတ်လမ်းလဲ..."

"သမိုင်းထဲက သူရဲကောင်းတိုင်းမှာ သူတို့ကိုယ်ပိုင် ဇာတ်လမ်းရှိကြတယ် မဟုတ်ဘူးလား။ ဆိုဟွန်းလည်း ဒီအတိုင်းပဲ။ မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့နဲ့ အမည်မဲ့တဲအိမ်က ဆိုဟွန်း ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေပဲ။ ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်တာက ဒီဇာတ်လမ်းရဲ့ အနှစ်သာရပဲ"

"ရှင် ဘာတွေ ပြောနေတာလဲ"

"ငါ ပြောချင်တာက ဒီအရာအားလုံးက ဆိုဟွန်းရဲ့ သမိုင်းပဲ။ ဗဟိုလွင်ပြင်ဆိုတဲ့ စင်မြင့်ပေါ်မှာ ဖြစ်ပေါ်လာမယ့် ဆိုဟွန်းရဲ့ ဇာတ်လမ်းပဲ။ ငါ ဒီဇာတ်လမ်းထဲ ဝင်မရှုပ်ချင်ဘူး"

"ဝင်မရှုပ်ချင်ဘူး အကြီးအကဲက ဆိုဟွန်းကို ကောင်းကင် ပျံသန်းခြင်း ဓားဆယ်လက်ရဲ့ အမွေဆက်ခံသူ ဖြစ်စေချင်ပြီး လောကမှာ အတော်ဆုံးသူ ဖြစ်စေချင်ရုံ သက်သက်ပဲ"

အိုယိုရန်၏ အသံတွင် ထက်မြက်သော အငွေ့အသက်များ ပါဝင်နေသည်။

"ရှင်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဆိုဟွန်းကို သေခွင့်မပေးနိုင်ဘူး"

"အဲဒါ တစ်ခုတည်းတော့ မဟုတ်ဘူး"

တိန်….

ခေါင်းလောင်းသံ ထပ်မြည်လာသည်။ လက်တစ်ဖက်တည်းသာ ရှိသော လူကြီးတစ်ဦး ဝင်လာသည်။ ထိုသူကို မြင်လိုက်သောအခါ အိုယိုရန် အနည်းငယ် တင်းမာသွားသည်။

"ကျွန်မတို့... တစ်ခါမှ မတွေ့ဖူးကြဘူး မဟုတ်လား"

"တွေ့ဖူးပါတယ်"

သူ့အသံကို ကြားလိုက်ရသည့်အခါ အိုယိုရန်၏ ခန္ဓာကိုယ်ထဲမှ သွေးများ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဆိုးသွမ်းသော နတ်ဆိုးခုနစ်ပါး... တစ္ဆေမျက်နှာ ပြည်သူ့တော်လှန်ရေး ဓားသမား ဂူဂျူးချော"

မုန်းတီးမှုများ ရောယှက်နေသော အသံကို ကြားလိုက်ရချိန်တွင် ဂူဂျူးချောက ခါးသီးစွာ ပြုံးလိုက်သည်။

"တွေ့ရတာ ကြာပြီပဲ ကောင်းကင်အသံပန်းတစ်ရာရေ"

All Chapters