အခန်း ၉၈
Vol. 10 Ch. 98
အခန်း ၉၈
"ဂျင်ဆိုဟွန်းရဲ့ အသံပညာက ထူးဆန်းတယ်လို့ ထင်ခဲ့တာ... အခုတော့ ကောင်းကင်အသံ ပန်းတစ်ရာရဲ့ လက်ရာဖြစ်နေတာကိုး"
"မင်းက ငါ့ရှေ့မှာ ရှက်ရွံ့တာမရှိဘဲ ခေါင်းမော့ပြီး စကားပြောရဲသေးတယ်ပေါ့လေ"
အိုယိုရန်၏ သာယာသော အသံတွင် ရန်လိုမုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သာယာလှပသော အသံတစ်ခုမှတစ်ဆင့် အမုန်းတရားကို ခံစားရခြင်းမှာ အတော်လေး ထူးဆန်းသော အတွေ့အကြုံဖြစ်သည်။
"အတိတ်က အပြစ်တွေကို မေးမယ်ဆိုရင်တော့ ကျွန်တော် ဘာမှ ပြောစရာမရှိပါဘူး။ ကျွန်တော် သွန်းလောင်းခဲ့တဲ့ သွေးတွေကို ဘယ်လောက်ပဲ ဆေးကြောပါစေ ပြန်စင်ကြယ်လာမှာ မဟုတ်ဘူးဆိုတာ သိပါတယ်..."
ကောင်းကင်အသံ ပန်းတစ်ရာအိုယိုရန်နှင့် တစ္ဆေမျက်နှာ ပြည်သူ့တော်လှန်ရေး ဓားသမားဂူဂျူးချော သူတို့နှစ်ဦးကြားရှိ မုန်းတီးမှုမှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဂူဂျူးချောသည် ဆိုးသွမ်းသောနတ်ဆိုးခုနစ်ပါးထဲမှ တစ်ဦးအဖြစ် ခေါ်ဝေါ်ခံရစဉ်က အချိန်ကာလ၌ မင်ဂိုဏ်း၏ နတ်ဆိုးခေါင်းဆောင်များကို နှိမ်နင်းရန် သိုင်းလောကအဖွဲ့ချုပ်မှ ထိပ်သီးသိုင်းသမားများကို စုစည်းခဲ့သည်။
ထိုစဉ်က စတင်ခဲ့သော နတ်ဆိုးနှိမ်နင်းရေးတွင် အိုယိုရန်လည်း ပါဝင်ခဲ့သည်။ အသံပညာကို ကျွမ်းကျင်သူ နည်းပါးလှသဖြင့် သူမသည် ထိုတိုက်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် သူမသည် နောက်တန်းတွင်သာ နေခဲ့ရပြီး သူမ၏ ရဲဘော်ရဲဘက်များ တစ္ဆေမျက်နှာရှိသူ ဂူဂျူးချော၏ လက်ချက်ဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားပုံကိုသာ ကြည့်နေခဲ့ရသည်။
"... "
အိုယိုရန်သည် ထိုအချိန်က ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များနှင့် တကွဲကွဲဖြစ်သွားသော အသံများကို ပြန်တွေးမိကာ မျက်လုံးကို တင်းတင်းစုံမှိတ်လိုက်သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်သော်လည်း သူမ၏ အသက်ထက်မက ချစ်မြတ်နိုးရသူတစ်ဦး ဆုံးရှုံးခဲ့ရသည့် ထိုနေ့က အဖြစ်ဆိုးကို သူမ မေ့မရနိုင်သေးပေ။
"မင်း ဆန္ဒရှိရင် ငါ့လည်ပင်းကို ယူသွားနိုင်ပါတယ်။ မင်းမှာ... အဲဒီအခွင့်အရေး ရှိပါတယ်"
ဂူဂျူးချော စကားဆုံးသည်နှင့် အိုယိုရန်သည် သူမ၏ ရင်ဘတ်ထဲမှ ခက်ရင်းခွကို ထုတ်ကာ သူ၏ လည်ပင်းကို ချိန်ရွယ်လိုက်သည်။
"ငါ လုပ်နိုင်တယ်လို့ မင်းထင်လား"
"မထင်ပါဘူး။ ကျွန်တော် ဘယ်တော့မှ မထင်ခဲ့ဖူးပါဘူး"
တကယ်ပင် ဓားဖျားထိလိုက်သည့် လည်ပင်းနေရာမှ သွေးများ စီးကျလာသည်။ သို့သော် ဂူဂျူးချောမှာ တစ်လက်မမျှပင် မလှုပ်ရှားပေ။ သူသည် သေခြင်းကို ရိုသေလေးစားစွာ လက်ခံထားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အိုယိုရန်မှာ ဂူဂျူးချောကို ချက်ချင်းပင် သတ်ပစ်ချင်နေသည်။
"အကြီးအကဲအို"
ကန်ချွန်း၏ အော်သံကြောင့် အိုယိုရန်သည် အံတင်းတင်းကြိတ်လိုက်သည်။ သူမ နှုတ်ခမ်းများကြားမှပင် သွေးများ စီးကျလာသည်။
"မင်း ကိုယ့်လက်ကိုယ် ဖြတ်ထုတ်ပြီး နတ်ဆိုးလူမိုက်တစ်ရာကို သတ်ခဲ့ပြီးမှ သိုင်းလောကအဖွဲ့ချုပ်ကို အညံ့ခံခဲ့တယ်ဆိုတာ ငါ သိပါတယ်။ အဲဒါကြောင့်ပဲ မင်းကို ပိုမုန်းတာ"
တရားမျှတစွာ သတ်ခွင့်မရခဲ့သော အိုယိုရန်မှာ ထိုအချိန်ကတည်းက ရေခြားမြေခြားတွင် အချိန်ကြာမြင့်စွာ လှည့်လည်နေခဲ့ရသည်။ ယခုမှသာ ထိုအမုန်းဟောင်းကြီးမှာ သူမရှေ့တွင် ပြန်လည် ပေါ်ပေါက်လာခြင်းပင်။
"ဘာလို့ ငါ့ရှေ့ကို ရောက်လာတာလဲ"
"အကြီးအကဲကန်ကို ကူညီဖို့နဲ့ မင်းကို စည်းရုံးဖို့ပါ"
"ဟွန်း ငါချစ်မြတ်နိုးရသူကို သတ်ခဲ့တာနဲ့ မလုံလောက်သေးလို့ ငါ့တပည့်ကိုပါ ထိပါးဦးမလို့လား ငါ့မျက်စိရှေ့မှာတင် အဲဒီလို လုပ်နိုင်မယ်လို့ ထင်နေတာလား"
ကောင်းကင်အသံ ပန်းတစ်ရာသည် သူမ၏ တူရိယာကို ထုတ်လိုက်သည်။ သူမ၏ အသံပညာမှာ အလွန်ပြင်းထန်ကြောင်း သူတို့သိကြသည်။ သတိမထားလျှင် ဝိညာဉ်အထိ တုန်ခါသွားစေနိုင်သော သူမ၏ အသံကြောင့် သွေးအန်ပြီး လဲကျသွားနိုင်သည်။ သို့သော် ဂူဂျူးချောမှာ မလှုပ်ရှားပေ။ သူသည် ခေါင်းကိုသာ ဖြည်းဖြည်းချင်း ငုံ့လိုက်သည်။
"ကျွန်တော်... တစ်ခါတုန်းက ဂျင်ဆိုဟွန်းကို သတ်ဖို့ ကြိုးစားခဲ့ဖူးတယ်"
"မင်း ဘာပြောလိုက်တယ်"
အိုယိုရန်၏ အသံမှာ ပို၍ ထက်မြက်လာသည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ဒါပေမဲ့... ကျွန်တော် ရှုံးခဲ့တယ်"
တူရိယာကို တီးခတ်ရန် ပြင်နေသော အိုယိုရန်၏ လက်များ ရပ်တန့်သွားသည်။ အသက်ရှူနှုန်းပင် ရပ်သွားသကဲ့သို့ တိတ်ဆိတ်သွားသည်။
ပြိုင်ဘက်က ဘယ်သူမို့လို့လဲ...
ဆိုးသွမ်းသော နတ်ဆိုးခုနစ်ပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂူဂျူးချောလေ။
အချိန်ကာလရဲ့ ရိုက်ခတ်မှုကြောင့် ဆံပင်တွေ ဖြူဖွေးပြီး အိုမင်းရင့်ရော်နေပြီ ဆိုပေမဲ့လည်း ဂူဂျူးချောကတော့ ဂူဂျူးချောပါပဲ...
သူ့ရဲ့ ရုပ်ခန္ဓာသာ အိုမင်းသွားတာ စွမ်းအားနဲ့ လက်ရုံးရည်ကတော့ လျော့ပါးသွားခြင်း မရှိခဲ့ဘူး..
အဲဒါကိုတောင်... ဂျင်ဆိုဟွန်းက သူ့ကို အပြတ်အသတ် အနိုင်ယူခဲ့တာလား….
"ဒါတင်မကသေးဘူး... ဂျင်ဆိုဟွန်းက ကျွန်တော့်ရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်နဲ့ မာန်မာနကိုပါ ခြေမွပစ်ခဲ့တာ...
သူက အသာစီးနဲ့ကို အပြတ်အသတ် နိုင်ခဲ့တာဗျ...
အဲဒါ... အဲဒီကောင်လေးရဲ့ တကယ့် စွမ်းအားအစစ်ပဲ..."
"မင်းက... ငါ့ကို လာပြီး စည်းရုံးဖို့ ကြိုးစားနေတာဆိုရင်တော့..."
"စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။ ကောင်းကင်အသံ ပန်းတစ်ရာရေ"
ဂူဂျူးချော၏ အကြည့်များမှာ လေးနက်သွားသည်။
"သိုင်းလောကမှာ စစ်ပွဲက နီးကပ်နေပြီလို့ ခံစားမိနေကြပြီ။ မင်ဂိုဏ်းနဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲကို မင်း ကိုယ်တိုင် ခံစားခဲ့ရတာ မဟုတ်ဘူးလား"
သူ ပြောသည့်အတိုင်းပင် အိုယိုရန်မှာ ထိုစစ်ပွဲကို ကိုယ်တိုင် ဖြတ်သန်းခဲ့သူဖြစ်သည်။ စစ်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင် ခံစားခဲ့ရသူမို့ သူမ၏ အကြည့်များမှာ လှုပ်ရှားသွားသည်။
"မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့ရဲ့ လုပ်ရပ်တွေကြောင့် မျိုးဆက်သစ်တွေ အများကြီး အသက်ဆုံးရှုံးနေရပြီ။ စစ်ပွဲ စတင်တဲ့အခါ လူတွေ ပိုပြီး သေကြလိမ့်မယ်"
"အဲဒီအကြောင်းပြချက်နဲ့ ဆိုဟွန်းကို စတေးခိုင်းမယ်ဆိုရင်တော့ ငါ ငြင်းတယ်။ ငါ့အတွက်တော့ ဆိုဟွန်းက... တခြားသူတွေရဲ့ အသက်ထက် ပိုတန်ဖိုးရှိတယ်"
"ကျွန်တော် သိပါတယ်။ အဲဒါကြောင့်ပဲ ရိုးရိုးသားသား ပြောပြနေတာပါ"
"တော်လိုက်တော့။ တစ်သက်လုံး သေသွားသလိုမျိုး ပုန်းရှောင်ပြီး နေရမယ်ဆိုရင်တောင် သေသွားတာထက် အဆပေါင်းထောင်ချီ သာပါတယ်။ ငါ့တပည့်ကို အန္တရာယ်ကြားထဲ ထားခဲ့ဖို့ စိတ်ကူးမရှိဘူး"
"ဒါဆိုရင် သူ့ကို တိုက်ရိုက် မေးကြည့်ပါလား"
"ဘာလဲ"
"ဆိုဟွန်းကို တိုက်ရိုက် မေးကြည့်ပါလို့ ပြောတာပါ"
"ကောင်းပြီ ငါ ဆိုဟွန်းကိုပဲ စည်းရုံးမယ်။ အဲဒီကလေးက ပျင်းတာမို့ ဘယ်သူမှ မသိတဲ့နေရာမှာ အေးအေးဆေးဆေး နေတာ ပိုကောင်းပါလိမ့်မယ်"
အိုယိုရန်မှာ အလျင်အမြန် ထရပ်လိုက်ပြီး တည်းခိုခန်းမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူမ ရပ်တန့်သွားသည်။ သူမရှေ့တွင် ဂျင်ဆိုဟွန်း ရောက်နေသောကြောင့်ပင်။
"ဆ….ဆိုဟွန်း"
"မတွေ့ရတာ ကြာပြီ ဆရာ"
"ဘယ်... ဘယ်လိုလုပ်... မင်း ဘယ်တုန်းက ရောက်နေတာလဲ"
"အစကတည်းက ရောက်နေတာပါ။ ဘယ်အချိန် ထွက်ရမလဲ မသိလို့ စောင့်နေတာ"
ဂျင်ဆိုဟွန်းဆီသို့ အမြန်လျှောက်သွားပြီး သူမ၏ လက်ဖြင့် သူ၏ ပါးပြင်ကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။
"ဘာလို့ ပါးက ရောင်နေတာလဲ ပျားတုပ်ခံထားရသလိုမျိုး ဘာလို့ ဖူးယောင်နေတာလဲ"
"ဟားဟား..."
ကန်ချွန်း၏ ခေါင်းခါပြနေမှုကို ကြည့်ကာ ဂျင်ဆိုဟွန်း အဆင်မပြေစွာ ရယ်လိုက်သည်။ ထို့နောက် သူ၏ လက်ဖြင့် အိုယိုရန်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ် ဆရာ"
"ဘာကို အဆင်ပြေတာလဲ မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့နဲ့ အမည်မဲ့တဲအိမ်က ဘယ်လောက် အန္တရာယ်များလဲ မင်း မသိဘူးလား သူတို့က..."
"ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့"
"မင်းကို... မင်းကို ဆုံးရှုံးရမှာ ငါ ကြောက်တယ်..."
သူမ၏ အသံတွင် စိတ်ရင်းအမှန်ကို ခံစားမိသည်။ ဂျင်ဆိုဟွန်းလည်း သိရှိပြီး ဖြစ်သောကြောင့် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
"အဲဒီလို ဖြစ်လာခဲ့ရင်တောင် ကျွန်တော် ထွက်ပြေးမှာပါ။ ထွက်ပြေးတာမှာ ကျွန်တော် အတော်လေး ကျွမ်းကျင်ပါတယ်"
ကြောက်ရွံ့စရာ အခြေအနေမျိုးတွင်ပင် တပည့်ဖြစ်သူက တည်ငြိမ်နေသည်။ ထို့ကြောင့် ဆရာဖြစ်သူမှာ ဘာမှ မလုပ်နိုင်တော့ပေ။ သူမသည် တပည့်ဖြစ်သူကို ချစ်ခင်ခြင်းများစွာဖြင့် ပွတ်သပ်လိုက်သည်။
"...မင်း ပြန်လာရမယ်နော်"
"ဟုတ်ကဲ့။ ကတိပေးပါတယ်"
"ကောင်းပြီ"
ဆရာနှင့် တပည့်ကြားတွင် ကတိစကားတစ်ခု ပြုလုပ်ခဲ့ကြသည်။
"ကျွန်တော် ဒီမှာ အချိန်ကြာကြာ မနေနိုင်တော့ဘူး။ အခု ပြန်တော့မယ်။ နောက်တစ်ခါ ထပ်တွေ့ကြတာပေါ့ ဆရာ"
နှစ်ဦး၏ ပြန်လည်ဆုံတွေ့မှုမှာ ကြာရှည်မခံခဲ့ပေ။ အိုယိုရန်သည် ဂူဂျူးချောနှင့်အတူ အပြာရောင်နဂါး တာအိုကျောင်းတော်သို့ ပြန်သွားမည့် ဂျင်ဆိုဟွန်းကို ပြုံးရွှင်စွာဖြင့် လက်ပြကာ နှုတ်ဆက်လိုက်သည်။
"ဆိုဟွန်း... သူ တကယ်ပဲ အဆင်ပြေပါ့မလား"
"သူ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့် ဆိုဟွန်း အသင့်ဖြစ်တဲ့အထိ အချိန်ဆွဲပေးဖို့ စီစဉ်ထားတယ်"
"မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့နဲ့ အမည်မဲ့တဲအိမ်လို့ ပြောလိုက်တာလား"
ကြောက်ရွံ့မှုကြောင့် တုန်ရီနေသော အိုယိုရန်မှာ ယခုအခါ မရှိတော့ပေ။ သူမ၏ မျက်ဝန်းများတွင် ဒေါသအငွေ့အသက်များသာ ကျန်ရှိတော့သည်။
"ငါ့ရဲ့ ချစ်ရတဲ့တပည့်ကိုတောင်မှ သူတို့က ပစ်မှတ်ထားရဲတယ်ပေါ့... ဆိုဟွန်းက ဘယ်သူ့တပည့်လဲဆိုတာ သူတို့ကို သေချာ ပြသပေးရမယ်"
ကန်ချွန်းသည် ဒေါသကို အကုန်ထုတ်လွှတ်နေသော အိုယိုရန်ကို ကြည့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"အော် ဆိုဟွန်းမှာ နာမည်ပြောင်အသစ် ရသွားတယ်နော်"
"တကယ်လား ကျွန်မတပည့်ပဲ။ နာမည်က ဘာတဲ့လဲ ကောင်းကင် ပျံသန်းခြင်း နတ်ဓားတို့၊ ဒါမှမဟုတ် ကောင်းကင်အသံ လူငယ်လေးတို့လား..."
"သူ့ကို ထူးဆန်းသောအသံ သခင်တဲ့"
"ထူး... ထူးဆန်းတဲ့... အသံ... သခင် ဟုတ်လား"
"ဟုတ်တယ်။ ဆိုဟွန်းက သူ့ရဲ့ အသံပညာနဲ့ ရွယ်တူသိုင်းသမားတွေတင်မကဘဲ နည်းပြတွေကိုပါ သတိလစ်သွားအောင် လုပ်လိုက်တာတဲ့။ တကယ်ကို ထူးချွန်တဲ့ အသံပညာပဲ။ ဟားဟားဟား"
ဂျင်ဆိုဟွန်း၏ နာမည်ပြောင်အသစ်ကို ကြားလိုက်ရသော အိုယိုရန်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
……
"မင်း နောင်တမရဘူးလား"
"ဗျာ"
"မင်း ကြားတဲ့အတိုင်းပဲ ငါက မင်းဆရာ အိုယိုရန်ရဲ့ ချစ်ရသူကို အတိတ်က သတ်ခဲ့တာ။ မင်းက မင်းဆရာရဲ့ ရန်သူကို ကယ်တင်လိုက်သလို ဖြစ်နေပြီ"
"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"
ဂျင်ဆိုဟွန်းမှာမူ အေးဆေးပင်။
"မင်း တကယ်ပဲ နောင်တ မရဘူးလား"
"အဲဒါ ကျွန်တော့်ရဲ့ လက်စားချေမှု မဟုတ်ဘူး။ ဆရာအိုက တောင်းဆိုခဲ့ရင်တောင် ကျွန်တော်က ဆရာ့အတွက် ကိုယ်ပိုင်အလိုဆန္ဒနဲ့ လက်စားချေလို့ မရဘူးလေ"
"မင်း ဒီလိုအချိန်မျိုးမှာတော့ အရမ်း အေးစက်တာပဲ"
ဂျင်ဆိုဟွန်းသည် ဘာမှပြန်မပြောဘဲ တောက်ပစွာ ပြုံးလိုက်သည်။ သူ့ကို ကြည့်ရင်း ဂူဂျူးချောတစ်ယောက် ထူးဆန်းသော ခံစားချက်ကို ရလိုက်သည်။
သူ့ကို ကြည့်လေ ပိုထူးဆန်းလေပဲ။
သူသည် မွေးရာပါ ပျင်းရိမှုကြောင့် အမြဲတမ်း အိပ်ပျော်နေတတ်ပြီး သန်မာလာဖို့လည်း စိတ်မဝင်စားပေ။ သို့သော် ကောင်းကင်ဘုံက သူ့ကို အကောင်းဆုံး သိုင်းပါရမီကို ပေးအပ်ထားသည်။ သူသည် စိတ်သဘောထား ကောင်းမွန်သော်လည်း တစ်ခါတစ်ရံတွင် ကြောက်စရာကောင်းလောက်အောင် အေးစက်ကာ တည်ငြိမ်လွန်းသည်။
"မင်း ပညာသစ် ရထားတာမို့ သတိထားပါ။ အဲဒီညက ပြခဲ့တဲ့ အစွမ်းက... သတိမထားရင် လူအများကြီးကို ဒုက္ခပေးနိုင်တယ်"
"သတိထားပါ့မယ်"
တာအိုကျောင်းတော်သို့ ပြန်ရောက်သည်နှင့် ဂျင်ဆိုဟွန်း ဆေးခန်းသို့ ချက်ချင်း ပြေးဝင်သွားသည်။
"ဟူး... ဆရာကန်ရဲ့ သင်ကြားမှုတွေကြောင့် ခန္ဓာကိုယ်တစ်ခုလုံး နာနေတာပဲ။ အတွင်းဒဏ်ရာတွေကလည်း မသေးဘူး"
"မင်း အကောင်းကြီးပါ..."
"အူး…အား…."
ဂျင်ဆိုဟွန်း ဗိုက်ကိုဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ် လိမ့်ပြီး အော်ဟစ်နေသည်။ တာအိုကျောင်းတော်မှ ဆရာဝန်က သက်ပြင်းချလိုက်သည်။
"သူ့ကို ကုတင်တစ်လုံး ပေးလိုက်ပါ"
ညဉ့်နက်သော အပြာရောင်နဂါး တာအိုကျောင်းတော်၌ ပြုပြင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သော ကျောင်းတော်၏ ခေါင်မိုးပေါ်တွင် အရိပ်တစ်ခု ပေါ်လာသည်။
ယုန်တစ်ကောင်ပမာ လှုပ်ရှားနေသော အရိပ်မှာ ကျောင်းတော်၏ မြင့်မားသော နံရံကို ကျော်ဖြတ်လိုက်သည်။
"ဟူး အောင်မြင်ပါ့မလားလို့ စိတ်ပူနေတာ... အောင်မြင်သွားပြီပဲ"
ဂျင်ဆိုဟွန်းမှာ တောင်ပေါ်သို့ ပြေးတက်သွားသည်။
"အရင်ဆုံး ရှင်းလင်းရမယ့်နေရာ လိုသေးတယ်မလား"
သူ တောင်ပေါ်သို့ ရောက်သောအခါ လေ၏စွမ်းအားပါသော ဓားများကို အသုံးပြုကာ သစ်ပင်များကို ဖြတ်တောက်လိုက်သည်။ သစ်မြစ်များကိုပါ ဖယ်ရှားလိုက်ရာ နေရာလွတ်တစ်ခု ဖြစ်လာသည်။
"ဟူး ဒီအလုပ်က အရမ်းပျင်းဖို့ကောင်းတာပဲ"
အလုပ်မှာ မပြီးသေးပေ။ မြေပြင်ကို ညီညာအောင် လုပ်ရဦးမည်။ သူသည် လက်နှစ်ဖက်ကို အသုံးပြုကာ မြေပြင်ကို ညီညာအောင် လုပ်လိုက်သည်။ ခြောက်နှစ်တာ အတွေ့အကြုံအရ ယခုလို လေ့ကျင့်ရေးကွင်း ဖန်တီးခြင်းမှာ သူ့အတွက်တော့ အလွန်လွယ်ကူသည်။
"ဟူး ဟူး"
သူသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ခန္ဓာကိုယ်တွင်းရှိ အတွင်းအားများကို ကောင်းကင်စီးဆင်းမှု အတွင်းအားကျင့်စဉ်အတိုင်း စတင်စုစည်းလိုက်သည်။
ထိုခဏ၌ပင် သူ၏ ကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် ဆံပင်များမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံသွားတော့သည်။
"စကြရအောင်"
သူသည် ညာလက်ဖြင့် သစ်သားဓားကို တည့်တည့်မတ်မတ် မြှောက်လိုက်၏။
"ဟူး... ဟူး... ဟူး..."
ပြင်းထန်လှသော ဖိအားကြောင့် နဖူးမှ ချွေးစက်များမှာ တရဟော စီးကျလာသည်။
"ငါ လုပ်နိုင်တယ်..."
သူသည် သူ၏ အတွင်းအားအားလုံးကို ဓားဆီသို့သာ စိတ်အာရုံ စုစည်းလိုက်သည်။ ညာလက်တစ်ဖက်တည်းဖြင့် အတင်းဖိနှိပ် ထိန်းချုပ်ထားရသော စွမ်းအင်လှိုင်းများမှာ အလွန်တရာ ပြင်းထန်လွန်းလှရာ အကယ်၍ သန့်စင်တောက်ပသော ပင်ကိုယ်အတွင်းအားမျိုးသာ မဟုတ်ခဲ့ပါက မည်သည့်ကျင့်ကြံသူမျှ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တောင့်ခံထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။
"ဟွန်း"
သူသည် အံတင်းတင်းကြိတ်ကာ သူ၏ စွမ်းအားအားလုံးကို ဓားမြှောင်ထဲသို့ အစွမ်းကုန် ရိုက်သွင်းလိုက်သည်။ ထိုအခါ ဓားမြှောင်မှာ မခံမရပ်နိုင်တော့သည့်အလား ဝုန်းဒိုင်းကြဲကာ ပြင်းထန်စွာ တုန်ခါလာတော့၏။
ခွပ်
"သောက်ကျိုးနည်း..."
ဓားကို ဆက်လက်ထိန်းချုပ်ရန် မည်သို့မျှ မဖြစ်နိုင်တော့မှန်း သိလိုက်ရသည့်ခဏ၌ ဂျင်ဆိုဟွန်းသည် လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။
ပြေးမှ ဖြစ်မယ်...
သူသည် လက်ထဲမှ ဓားမြှောင်ကို ကောင်းကင်ထက်သို့ အစွမ်းကုန် ပစ်လွှတ်လိုက်ပြီးနောက် နောက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ အသက်လုကာ လှည့်ပြေးတော့သည်။
"အား..."
ဓားမြှောင်မှာ လျှပ်စီးတန်းတစ်ခုအလား ညကောင်းကင်ယံထက်သို့ မြင့်တက်သွားပြီးနောက်
ဝုန်း…..ဘုန်း……
"အား... ဒါ... ဒါကတော့ ရူးနေတာပဲဗျာ"
နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲမှု ကုန်းလှိုင်းဒဏ်ကြောင့် ဂျင်ဆိုဟွန်းမှာ လေထဲသို့ ဝဲတက်သွားပြီး တောင်စောင်းအတိုင်း အောက်သို့ ဒလိမ့်ခေါက်ကွေး လိမ့်ကျသွားရရှာတော့သည်။
မြေလှန်မတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးကြောင့် အိပ်ပျော်နေရာမှ ဆတ်ခနဲ လန့်နိုးလာသော အပြာရောင်အဖွဲ့မှ ဂွမ်မြောင်သည် ကြောက်လန့်တကြားဖြင့် အခန်းအပြင်သို့ အပြေးအလွှား ထွက်ကြည့်လိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ရှိနေသည့် ကျောင်းတော်ကြီးမှာ တစ်စုံတစ်ရာ ပျက်စီးခြင်းမရှိဘဲ လုံခြုံလျက်ရှိနေသေး၏။
သို့သော်လည်း တောင်ဘက်မျက်နှာစာဆီသို့ လှမ်းကြည့်လိုက်မိသောအခါ အလွန်ဝေးကွာလှသော နေရာမှပင် အထင်းသား လှမ်းမြင်နေရလောက်အောင် ကြီးမားကျယ်ပြန့်လှသည့် ဧရာမ မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို ကြောက်မက်ဖွယ် တွေ့လိုက်ရသည်။
ဂွမ်မြောင်မှာ မျက်လုံးအစုံ ပြူးကျသွားရင်း နှုတ်မှ ရေရွတ်လိုက်မိတော့သည်။
"ဒါ... ဒါက ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ..."