← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

"သူရဲကောင်းဂျင်..."

"ဗျာ"

"တစ်ခုခု ဖြစ်နေတာလား"

"အစ်ကိုဆိုဟွန်း... ဘာဖြစ်လို့လဲဟင်။ တစ်ခုခု နေမကောင်းလို့လား..."

မုရုံဆူဆူက စိုးရိမ်တကြီးဖြင့် တုန်လှုပ်စွာ မေးမြန်းလိုက်သည်။

သူမ ဤမျှလောက် စိုးရိမ်တကြီး ဖြစ်နေရခြင်းမှာ ဂျင်ဆိုဟွန်း၏ လက်ရှိရုပ်ရည်သွင်ပြင်ကြောင့်ပင်။

တစ်ပတ်လုံးလုံး အိပ်စက်ခြင်းမရှိဘဲ ကျင့်ကြံထားသည့်အတိုင်း သူ့မျက်တွင်းများမှာ ဟောက်ပက်ဖြစ်နေပြီး ပါးပြင်များမှာလည်း သိသိသာသာ ချောင်ကျလျက် ရှိသည်။

ထို့အပြင် ဝတ်ဆင်ထားသော သိုင်းဝတ်ရုံမှာလည်း စုတ်ပြဲကာ ဖရိုဖရဲ ဖြစ်နေသဖြင့် ယခုအခါ ဂျင်ဆိုဟွန်းကို ကြည့်ရသည်မှာ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ သွေးချောင်းစီး လူးလိမ့်ဖြတ်သန်းခဲ့သည့် ဝါရင့်စစ်သည်တော်ကြီးတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။

"ဘာမှ... မဟုတ်ပါဘူး"

ဂျင်ဆိုဟွန်းက မောပန်းစွာ အသံပြုလိုက်ရင်း “နည်းနည်းလောက်... နောက်ထပ် နည်းနည်းလောက်ပဲ ထပ်ပြီး ကြိုးစားကြည့်ရင်... အောင်မြင်တော့မယ် ထင်တယ်” ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

သူသည် လူသူကင်းမဲ့လှသည့် တောင်ထိပ်ပေါ်တွင် လုပ်ဆောင်ချက် ကင်းမဲ့ခြင်းဟူသော ထူးခြားနက်နဲသည့် သိုင်းအဆင့်ကို အပတ်တကုတ် လေ့ကျင့်နေသည်မှာ တစ်လတင်းတင်း ရှိခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဤအဆင့်မှာ ကောင်းကင် ပျံသန်းခြင်း ဓားဆယ်လက်ကျင့်စဉ်၏ နောက်ဆုံးအဆင့် ဖြစ်သည်နှင့်အညီ ၎င်း၏ ခက်ခဲနက်နဲမှုမှာ အဆမတန် လေးနက်သည်။ ၎င်းသည် တစ်ကြိမ်မျှ ကြားလိုက်ရုံ၊ မြင်လိုက်ရုံမျှဖြင့် အလွယ်တကူ အတုယူ နှလုံးသွင်းနိုင်ခဲ့သော လေစီးကြောင်း၊ လျှပ်စီးလှိုင်း နှင့် လက်တစ်ထောင်ဓား သိုင်းကွက်မျိုးနှင့် လုံးဝဥဿုံ မတူညီသည့် ကွဲပြားသောအဆင့်ပင်။

ဒါက... အပ်ဖျားလေးတစ်ခုပေါ်မှာ ဧရာမ တောင်ကြီးတစ်ခုလုံးကို တင်ပြီး ထမ်းထားရသလိုပဲ။

ထိုဆန်းကြယ်လှသော သိုင်းနယ်ပယ်အဆင့်ဆီသို့ ချဉ်းကပ်သွားနိုင်ပြီဟု ထင်လိုက်တိုင်းတွင် နောက်ထပ် အလှမ်းဝေးကွာသွားသလိုမျိုး ထူးဆန်းစွာ ခံစားရပြန်သည်။

ခန္ဓာကိုယ်အတွင်းရှိ သန့်စင်သော အတွင်းအားများကို စက္ကန့်မလပ် အဆက်မပြတ် သွန်းထုတ်ထိန်းချုပ်နေရသဖြင့် ပြိုင်ဘက်ကင်း ပါရမီရှင် ဂျင်ဆိုဟွန်းကိုယ်တိုင်ပင် အင်အားကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

"အားလုံးပဲ... ဒီဘက်ကို ခဏလောက် စုဝေးပေးကြပါဦး"

အပြာရောင်အဖွဲ့မှ ဂွမ်မြောင်၏ ကျယ်လောင်သော ခေါ်သံကြောင့် ဂျင်ဆိုဟွန်း၏ အတွေးစများ ပြတ်တောက်သွားရသည်။

တာအိုကျောင်းတော်မှ သိုင်းသိုင်းပညာရှင် သုံးဆယ်စလုံး စုဝေးမိကြသောအခါ သူတို့အားလုံးမှာ လွန်ခဲ့သော တစ်လကထက် အဆပေါင်းများစွာ ပိုမိုတိုးတက် သန်မာလာကြသည်ကို သိသာစွာ တွေ့ရသည်။

ဆရာကြီး ကန်ချွန်း၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းကာ ရက်စက်စွာ လေ့ကျင့်ပေးခဲ့မှုများကြောင့် သူတို့၏ ကျင့်စဉ်အဆင့်မှာ အနည်းဆုံး အဆင့်နှစ်ဆင့်ခန့်အထိ သိသိသာသာ မြင့်တက်သွားကြခြင်းပင်။

ဒါကြောင့်မို့ပဲ... ရှေ့ဆောင်လမ်းပြပေးတဲ့ ဆရာသမားရဲ့ သင်ကြားပြသမှုက အရမ်းအရေးကြီးတာပေါ့။

ရှေ့က လျှောက်လှမ်းသွားခဲ့ကြသော ဆရာသခင်များ၏ အဖိုးတန်လှသော သွေးထွက်သံယို အတွေ့အကြုံများနှင့် သင်ကြားမှုများက လမ်းပျောက်နေသော နောက်လိုက်လူငယ်များအတွက် အမှောင်ထုထဲတွင် လမ်းပြပေးသည့် မီးရှူးတန်ဆောင်တစ်ခုနှင့် အလားသဏ္ဌာန် တူသည်။ သို့သော် ယခုအခါတွင်မူ စာတွေ့လေ့ကျင့်ခန်းများ ပြီးဆုံးသွားပြီဖြစ်ရာ လက်တွေ့ စစ်မြေပြင်တွင် အတွေ့အကြုံ ရယူရမည့် အချိန်သို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဂွမ်မြောင်က အားလုံးကို ဝေ့ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"မင်းတို့ အားလုံး သိကြတဲ့အတိုင်းပဲ... သိုင်းလောကအဖွဲ့ချုပ်ဆိုတာ လောကကြီးရဲ့ တရားမျှတမှုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် သစ္စာပြုပြီး တည်ထောင်ထားတာ။ အဖွဲ့ချုပ်ဆိုတဲ့ နာမည်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်က သစ္စာဆိုခြင်းနဲ့ ကတိပြုခြင်းပဲ။ ငါတို့တွေက သိုင်းလောကကို ကာကွယ်ပါ့မယ်လို့ သစ္စာဆိုထားကြသူတွေပဲ"

ဂွမ်မြောင်၏ အချက်ပေးမှုနှင့်အတူ ဘေးမှ နည်းပြတစ်ဦးက ဧရာမ စာလိပ်အစည်းလိုက်ကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးထွက်လာခဲ့သည်။

"ဒီနေ့ကစပြီး... အပြာရောင်နဂါး တာအိုကျောင်းတော်က သိုင်းသမားတွေက အဖွဲ့ချုပ်ရဲ့ အကူအညီ လိုအပ်နေတဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီပေးရတော့မယ်။ တနည်းအားဖြင့် ပြောရရင်တော့ အခုကစပြီး မင်းတို့ရဲ့ လက်တွေ့သွေးစွန်းမယ့် တိုက်ပွဲတွေ စတင်ပြီ ဖြစ်တယ်"

သူတို့သည် သိုင်းသိုင်းပညာရှင်များကို တစ်ဖွဲ့လျှင် ငါးဦးစီဖြင့် စုစုပေါင်း ခြောက်အုပ်စု တိတိ ခွဲခြားလိုက်ကြသည်။

"တတိယအုပ်စုရဲ့ အုပ်စုခေါင်းဆောင်ကတော့... ဂျင်ဆိုဟွန်း မင်းပဲ"

"ဗျာ... ကျွန်တော်လားခင်ဗျာ"

"ဟုတ်တယ်"

ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြသည့် ရွှေရောင်လက်ပတ်သင်္ကေတကို လက်ကောက်ဝတ်တွင် ချည်နှောင်ရင်း ဂျင်ဆိုဟွန်းတစ်ယောက် မျက်နှာသေဖြင့် ညည်းတွားလိုက်မိသည်။

"ဒါက မင်းတို့အဖွဲ့ သွားရောက်ရမယ့် တာဝန်ဝတ္တရားစာလိပ်နဲ့... သိုင်းလောကအဖွဲ့ချုပ်ရဲ့ တရားဝင်အဖွဲ့ဝင်ဖြစ်ကြောင်း ပြသတဲ့ အဆင့်မြင့် ငွေပြားပဲ။ ကိုယ်နဲ့မကွာ အမြဲဆောင်ထားပါ"

ဂျင်ဆိုဟွန်းသည် သက်ပြင်းချရင်း လက်ထဲမှ တာဝန်စာလိပ်ကို ဖြန့်ကာ ဖတ်ကြည့်လိုက်သည်။

"ဟီဘေးပြည်နယ်က ဒွန်ဟိုဂိုဏ်းက အကူအညီတောင်းခံထားတာလား..."

"ဒွန်ဟိုဂိုဏ်း ဟုတ်လား"

အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပန်အိုဂျောင်က စိတ်ဝင်စားစွာဖြင့် ခေါင်းထောင်ကြည့်လိုက်ရင်း

"အဲဒါ ဟီဘေးပြည်နယ်ရဲ့ အနောက်ဘက် နမ်ဆိုဟွန်းဒေသမှာ ရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုပါ အစ်ကို" ဟု ပြောလိုက်သည်။

"အစ်ကို... ဟုတ်လား"

ထိုသို့ ရုတ်တရက် ရိုသေစွာ ခေါ်ဆိုလိုက်သော အခေါ်အဝေါ်ကြောင့် ဂျင်ဆိုဟွန်း အံ့အားသင့်သွားရသည်။

သူတို့အုပ်စုထဲတွင် ဂေါင်တုန်းဂိုဏ်းမှ အွန်းဘန်၊ ချန်ယန်ဂိုဏ်းမှ ဆန်ဆွတ်နှင့် ယူအူဆွန်းတို့လည်း ပါဝင်နေကြ၏။

"သူရဲကောင်းဂျင်... ငါတို့တစ်ဖွဲ့တည်း တူတူကျသွားတာ ဝမ်းသာလိုက်တာဗျာ။ ဟိုခေါင်းမာတဲ့ ချွန်းဂါဆောင်းနဲ့ တူတူမဖြစ်ရတာပဲ ကံကောင်းလှပြီ"

ယူအူဆွန်းက ရင်းနှီးပွင့်လင်းစွာ ပြောလိုက်သော်လည်း ဘေးမှ ဆန်ဆွတ်နှင့် အွန်းဘန်တို့နှစ်ဦးကမူ ဂျင်ဆိုဟွန်းကို မနာလို မနှစ်မြို့သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေကြသည်။

အဲဒီ အသုံးမကျတဲ့ ပျင်းရိတဲ့ကလေးက ဘာဖြစ်လို့ ငါတို့ရဲ့ အုပ်စုခေါင်းဆောင် ဖြစ်ရတာလဲ...

သေချာတယ်... နောက်ကွယ်ကနေ ပိုက်ဆံတွေ သုံးပြီး ရာထူးဝယ်လိုက်ပြန်ပြီထင်တယ်။ ကျောင်းတော်အကြီးအကဲလည်း တကယ်ပဲ မျက်စိမှောက်ပြီး လူရွေးမှားတာပဲ။

သူတို့နှစ်ဦးမှာ ဂျင်ဆိုဟွန်း၏ အစစ်အမှန် သိုင်းစွမ်းအားကို မသိကြသဖြင့် ဂျင်မိသားစု၏ ကြွယ်ဝမှုဖြင့် ရာထူးကို ငွေပေးဝယ်ထားသည်ဟုသာ တထစ်ချ ထင်မှတ်နေကြခြင်းပင်။

ထိုသို့ တင်းမာမှု အရိပ်အယောင်များ ဖြစ်ပေါ်နေစဉ် မုရုံဆူဆူနှင့် အိုဆောဟွာတို့နှစ်ဦးသည်လည်း ဂျင်ဆိုဟွန်းရှိရာဆီသို့ လှမ်း၍ လျှောက်လှမ်းလာကြလေတော့သည်။

"သူရဲကောင်းဂျင်၊ ဘယ်ကိုသွားမှာလဲ"

"ဟီဘေးကို သွားမှာ"

"ကျွန်မတို့ကတော့ ဂန်းဆူးကို သွားရမှာ၊လမ်းကြောင်းက ပြောင်းပြန်ကြီးပဲ"

သူမတို့နှစ်ဦးမှာ စိတ်ပျက်စွာ ပြောပြီး ထွက်သွားကြသည်။ ထိုမြင်ကွင်းကြောင့် ဆန်ဆွတ်နှင့် အွန်းဘန်တို့မှာ ဒေါသထွက်နေကြသည်။ ထိုအမျိုးသမီးနှစ်ဦးမှာ သူတို့ အရင်က ကယ်တင်ပေးခဲ့ဖူးသော သူများ ဖြစ်ကြသောကြောင့်ပင်။

အို…..မုရုံလို လှပတဲ့သူက ဒီလိုပျင်းရိတဲ့ ကောင်နဲ့ ဘာလို့...

အိုဆောဟွာလို အလှပဂေးက ဒီလိုလူမျိုးနဲ့ မထိုက်တန်ဘူး

အွန်းဘန်နှင့် ဆန်ဆွတ်တို့က ဂျင်ဆိုဟွန်းကို တစ်ပြိုင်နက်တည်း စူးစိုက်ကြည့်လိုက်ကြသည်။ သို့သော် ထိုသို့သော အကြည့်များကို အသားကျနေပြီဖြစ်သည့် ဂျင်ဆိုဟွန်းက ဂရုမစိုက်ပေ။ သူသည် မြေပုံကိုသာ ငုံ့ကြည့်ကာ ဒွန်ဟိုဂိုဏ်း၏ တည်နေရာကို တွက်ချက်နေသည်။

"ဝေးလိုက်တာ"

ခရီးဝေးသည်ကို သိလိုက်ရသောအခါ သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။

"ဟူး... တကယ်ကို အလုပ်ရှုပ်တာပဲ"

အုပ်စုများ အသီးသီး ခွဲဝေပြီးနောက် ဂွမ်မြောင်က လူအားလုံးကို ထပ်မံစုစည်းလိုက်သည်။

"မင်းတို့ သိတဲ့အတိုင်းပဲ မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့က မင်းတို့အသက်ကို အမြဲတမ်း ပစ်မှတ်ထားနေတယ်။ ဂွေ့ကျိုးမှာ တိုက်ခိုက်ခံခဲ့ရသလိုပဲ ဒီတစ်ခါလည်း ဖြစ်လာနိုင်တယ်။ တတ်နိုင်သလောက် လျှို့ဝှက်ပြီး ရွေ့လျားကြ။ အသွင်ယူမလား၊ တောလမ်းကပဲ သွားမလား... မင်းတို့သဘောပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်... အမိအရ မဖမ်းမိပါစေနဲ့။ ဒါပဲ"

ထိုအခါမှသာ အပြာရောင်နဂါး တာအိုကျောင်းတော်မှ သိုင်းပညာရှင်များမှာ သူတို့ ယခုထိ လေ့လာခဲ့သမျှ သင်ခန်းစာများအားလုံးက ဤအခိုက်အတန့်အတွက် ဖြစ်မှန်း သဘောပေါက်သွားကြသည်။

လှည်းပေါ်တွင် ပါလာသော လေးဦးမှာ သူတို့ ဘာလုပ်နေမှန်း နားမလည်ကြပေ။

"ဘာလို့ မြင်းမဟုတ်ဘဲ နွားကို သုံးတာလဲ"

"အဖွဲ့ခေါင်းဆောင်က မြင်းထက် နွားက ပိုပြီး စိတ်ချရတယ်လို့ ပြောတယ်..."

"ပြီးတော့ ဒီကောက်ရိုးတွေကရော ဘာလို့လဲ"

"သူက ဒါတွေက ပိုသက်သောင့်သက်သာ ရှိတယ်လို့ ပြောတယ်လေ"

လူသုံးဦး၏ အကြည့်များမှာ ကောက်ရိုးပုံပေါ်တွင် လှဲလျောင်းနေသည့် ဂျင်ဆိုဟွန်းဆီသို့ ရောက်သွားသည်။ ကျောင်းတော်မှ ထွက်လာသည်နှင့် သူသည် နွားတစ်ကောင်၊ လှည်းတစ်စီးနှင့် ကောက်ရိုးပုံကို ဈေးကြီးပေးကာ ဝယ်ယူခဲ့ခြင်းပင်။ ထို့အပြင် တောင်သူလယ်သမားများ ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများကိုလည်း အတင်းဝတ်ခိုင်းထားသေးသည်။

ဒါက ဘာလဲ….

အွန်းဘန်၏ မေးခွန်းကို ဂျင်ဆိုဟွန်းက အေးဆေးပင် ပြန်ဖြေခဲ့သည်။

အခုကစပြီး ငါတို့က လယ်သမားငယ်လေးတွေပဲ။ ဒါဆိုရင် တောင်လမ်းတွေကို ပတ်သွားစရာ မလိုတော့ဘူး။ ပြီးတော့ ကုန်သည်တွေ မဟုတ်တော့တဲ့အတွက် သူခိုးဓားပြတွေနဲ့လည်း ရန်မဖြစ်တော့ဘူးလေ။

အစ်ကိုဂျင်က တကယ်တော်တာပဲ။ အမြော်အမြင် ရှိလိုက်တာ။

ပန်အိုဂျောင်ကပါ လက်ခုပ်တီးကာ အံ့အားသင့်နေသဖြင့် ကျန်သူများမှာ အဖွဲ့ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို မဝေဖန်ရဲကြတော့ပေ။ လူငါးဦးမှာ ဟီဘေးပြည်နယ်ဆီသို့ အလွန်နှေးကွေးသော အရှိန်ဖြင့် ဦးတည်နေကြသည်။

"ဒီအတိုင်းဆိုရင် ဟီဘေးရောက်ဖို့ ငါးရက်လောက် ကြာဦးမှာ"

"ပြီးတော့ ဒီနွားကလည်း အရမ်းနှေးတယ်"

အွန်းဘန်မှာ နားမလည်နိုင်ပေ။

အချိန်တိုင်း ပျင်းရိနေတတ်သူတစ်ယောက် ဘာလို့ အဖွဲ့ခေါင်းဆောင် ဖြစ်နေရတာလဲ။

ဒါမှမဟုတ် ဒါကလည်း ကျောင်းတော်အကြီးအကဲရဲ့ အစီအစဉ်ပဲလား။

အွန်းဘန်မှာ တွေးလိုက်မိသည်။

ဒီပျင်းတဲ့ကောင်ကို ခေါင်းဆောင်ထားပြီး တာဝန်အောင်မြင်ရင် ငါ့ရဲ့ အကဲဖြတ်ချက်တွေ တက်လာနိုင်တယ်။

သူသည် နွားကို ကြိမ်လုံးဖြင့် ရိုက်နှက်နေသော ယူအူဆွန်းဘေးသို့ သွားလိုက်သည်။

"ငါ့ကို ပေးစမ်း"

"ဗျာ"

အွန်းဘန်မှာ ကြိမ်လုံးကို လုယူလိုက်ပြီး နွားကို အစွမ်းကုန် ရိုက်လိုက်သည်။ အတွင်းအားပါ ပါဝင်သော ရိုက်ချက်ကြောင့် နွားမှာ ကြောက်လန့်တကြား အရှိန်မြှင့်ပြေးသည်။

"ဟုတ်ပြီ ဒီအရှိန်နဲ့ဆိုရင် ကောင်းတာပေါ့"

အွန်းဘန်မှာ ပျော်ရွှင်နေသည်။ ထိုအချိန်တွင် ကောက်ရိုးပုံပေါ်၌ လှဲနေသည့် ဂျင်ဆိုဟွန်းက ခေါင်းထောင်လာသည်။

"အိုဂျောင်"

"ဗျာ အစ်ကို"

"လှည်းက နည်းနည်း မြန်လာသလို မဟုတ်ဘူးလား"

"အွန်းဘန်က နွားကို ရိုက်နေလို့ အရှိန်တက်လာတာ ထင်တယ် အစ်ကို"

"သူ့ကို ရပ်ခိုင်းလိုက်"

"ဟုတ်ကဲ့"

ပန်အိုဂျောင်မှာ ဘာလို့လဲဟု မေးမနေဘဲ ဂျင်ဆိုဟွန်း ပြောသည့်အတိုင်း လုပ်သည်။

"အွန်းဘန်"

"ဘာလဲ လူငယ်လေးပန်"

"ချက်ချင်း ရပ်လိုက်ပါ။ နွားကို မသနားဘူးလား"

"ဟွန်း နွားဆိုတာ လှည်းဆွဲဖို့နဲ့ လယ်ထွန်ဖို့ မွေးလာတာပဲ။ သူ လုပ်ရမယ့်တာဝန်ကို သူလုပ်တာပေါ့"

အွန်းဘန်မှာ ဂျင်ဆိုဟွန်းကိုသာ ဆက်ကြည့်နေသည်။

"ကောက်ရိုးပုံပေါ် လှဲပြီး တစ်နေကုန် အိပ်နေတဲ့ ဒီပျင်းတဲ့ကောင်နဲ့ အတူတူပါပဲ"

"အဖွဲ့ခေါင်းဆောင်ကို စော်ကားနေတာလား"

"ငါ ပြောတာ မှားလို့လား"

အွန်းဘန်နှင့် ပန်အိုဂျောင်တို့၏ ဒေါသအကြည့်များ ထိပ်တိုက်တွေ့နေစဉ် ဂျင်ဆိုဟွန်း ထလာသည်။ သူသည် လက်မောင်းပေါ်ရှိ ရွှေလက်ပတ်ကို ခေါက်လိုက်သည်။

"ဟေ့ အွန်းဘန်"

"ဘာလဲ"

"ဒါကို မြင်လား"

"အဲဒါ..."

"ဒါက ကျောင်းတော်အကြီးအကဲ ကိုယ်တိုင် ချီးမြှင့်ထားတဲ့ အဖွဲ့ခေါင်းဆောင် သင်္ကေတလေ။ ဒါရဲ့ အဓိပ္ပာယ်ကို မင်း ကောင်းကောင်း သိမှာပေါ့"

အွန်းဘန်မှာ ဒေါသဖြင့် အသက်ရှူကြပ်လာသည်။

တာဝန်ဝတ္တရားတွင် အဖွဲ့ခေါင်းဆောင်၏ အမိန့်ကို အကြွင်းမဲ့ နာခံရမည်ဟု စည်းကမ်းရှိသည်။ ချိုးဖောက်ပါက တာအိုကျောင်းတော်နှင့် သိုင်းလောကအဖွဲ့ချုပ်ကို ပုန်ကန်သည်ဟု သတ်မှတ်မည်ဟု ဂွမ်မြောင်က သတိပေးထားသည်။

"ဒါက... အာဏာကို အလွဲသုံးစားလုပ်တာပဲ"

"မှန်တယ်"

"..."

"ဒါဆို ဘာလုပ်မလဲ"

ဂျင်ဆိုဟွန်းမှာ ပိုမို ရဲတင်းလာသည်။

"ဒီကိစ္စပြီးရင် မင်းရဲ့ လုပ်ရပ်တွေကို အကြီးအကဲဆီ သေချာ အစီရင်ခံမယ်"

"သဘောပဲ။ အခုတော့ ငါ့အမိန့်ကို နာခံပါ။ အိုဂျောင်"

"ဟုတ်ကဲ့"

"သူ့ကြိမ်လုံးကို သိမ်းလိုက်။ နောက်တစ်ခါ ငါတို့ရဲ့ ဟွမ်းဂူး(နွားနာမည်) ကို ရိုက်တဲ့သူကို အဲဒီကြိမ်လုံးနဲ့ပဲ ပြန်ရိုက်မယ်"

ဂျင်ဆိုဟွန်းမှာ နွားကို ဟွမ်းဂူးဟု နာမည်ပေးလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။ ပန်အိုဂျောင်မှာ အမိန့်ကို ချက်ချင်း နာခံသည်။ ဂျင်ဆိုဟွန်းမှာမူ အွန်းဘန်ကို ဂရုမစိုက်တော့ဘဲ ကောက်ရိုးပုံပေါ် ပြန်လှဲလိုက်သည်။

တတ်နိုင်သလောက် ဖြည်းဖြည်း... ဖြည်းဖြည်းပဲ သွားမယ်။

တာဝန်တစ်ခုအတွက် ခရီးထွက်ခဲ့ရသော်လည်း ဂျင်ဆိုဟွန်းမှာ ဤအခွင့်အရေးကို အသုံးချကာ အစွမ်းကုန် ပျင်းရိနေရန် စီစဉ်ထားသည်။

လုံးဝမရဘူး ငါ ခေါင်းဆောင်ဖြစ်နေသရွေ့ အရှိန်မြှင့်ဖို့ဆိုတာ မရှိဘူး။

လူငါးဦးပါသော လှည်းမှာ ဟီဘေးပြည်နယ်ဆီသို့ အလွန်အေးဆေးသော အရှိန်ဖြင့် ဦးတည်နေလေတော့သည်။

All Chapters