အစွမ်းထက်ဆုံးမန္တာန်…နေသာသောည
Vol. 023 Ch. 1124
ပထမဆုံးအကြိမ်အဖြစ် ရှေ့ဖြစ်ဟောသူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်း ဖြစ်ပျက်သမျှအားလုံးမှာ သူ့တွက်ချက်မှုများအတွင်း၌သာ ရှိနေခဲ့၏။ သူက သည်လှိုဏ်ဂူသို့ လာသည့်ခရီးစဉ်မှာ ရိုးစင်းသော်လည်း ခြေလှမ်းတိုင်းတွင် အင်ပါယာချင်းလင် ချန်ထားခဲ့သော အကြံအစည်များ ပါဝင်နေမှန်းလည်း သိထားခဲ့ပေသည်။ ရှေ့ဖြစ်ဟောသူ သည်နေရာသို့ အလောတကြီး လာခဲ့ခြင်းမှာလည်း အင်ပါယာချင်းလင်၏ အစီအစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်ဟုလည်း ဆိုလို၍ ရသည်။ သူက ချင်းလင်နှင့် သွယ်ဝိုက်သောနည်းဖြင့် ယှဉ်ပြိုင်မိနေသည်ကို တွေးကြုံရုံဖြင့် သူ့တည်ငြိမ်သော စိတ်နှလုံးပင် ခုန်ပေါက်ရလေ၏။
ကောင်းကင်ဘုံအင်ပါယာဟောင်းက အမှန်တကယ် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သလော၊ သို့တည်းမဟုတ် ရှေ့ဖြစ်ဟောသူက ခြေတစ်လှမ်း သာနေသလော။ ရှေ့ဖြစ်ဟောသူသည် ဤအဖြေကို မဖြေနိုင်ပေ။ သို့သော် သည်အခွင့်အရေးက သူ့အတွက် အဖိုးထိုက်တန်လွန်း၏။ သူသာ အောင်မြင်သည်နှင့် သူ့တာအိုနှလုံးသားမှာ ခုန်ပေါက်တိုးတက်သွားမည် ဖြစ်သည်။ ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ အကြံအစည်များကို အနိုင်ပိုင်းနိုင်ခြင်းသည် သူ့အား ယုံကြည်မှု ရရှိလာစေကာ အတိတ်တုန်းက သူရရှိခဲ့သော ဒဏ်ရာများ ပြန်ကောင်းမွန်မည့်အပြင် သူသည် များစွာ တိုးတက်လာပေလိမ့်မည်။
သူ ကျရှုံးခဲ့လျှင်ပင် ရှေ့ဖြစ်ဟောသူအတွက် ကံကောင်းမှုတစ်ခု ရှိနေဆဲ ဖြစ်ပေမည်။ သူက သူလုပ်ဆောင်ရမည့် အရာများကို နားလည်ဖို့အတွက် နှစ်ပေါင်းများစွာ တွက်ချက်၍ အစီအစဉ် ချမှတ်ခြင်းကို အသုံးပြုနိုင်ပေမည်။
သည်အခွင့်အရေးသာ ရခဲ့ပါက သူသည် မည်သည့်တန်ဖိုးကိုမဆိုပေးအပ်ပေမည်။ ရှေးဟောင်းမိစ္ဆာတာကျား သို့မဟုတ် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကော ဘာဖြစ်သနည်း။ သူက ကပ်ဘေးတစ်ခု ဖန်တီးရမည်ဆိုလျှင်ပင် ထိုအချက်မှာ သူ့တာအိုနှလုံးသားကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပါ။
လူတိုင်းမှာ အင်ပါယာချင်းလင်၏ ခန္ဓာကိုယ် သို့မဟုတ် မန္တာန်များကို လိုချင်ကြ၏။ အချို့မှာ တတိယအဆင့်၏ လျှို့ဝှက်ချက်ကိုပါ ရှာဖွေတွေ့ချင် ကြသေးသည်။ အခြားသူများက သူ ရူးနေပြီဟုပင် ထင်ပေလိမ့်မည်။ သူ လိုချင်သည်က ချင်းလင်နှင့် ကြိုတင်ခန့်မှန်းနိုင်မှု စစ်ပွဲကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက်သာ ဖြစ်ပေ၏။
“ချင်းလင်…သင်က ရှေးဟောင်းမိစ္ဆာကို ချိပ်ပိတ်ထားချင်မှတော့ အနာဂတ်မှာ သူနဲ့ ရင်ဆိုင်ဖို့ အကြံအစည်တွေများစွာ ချမှတ်ခဲ့မှာပဲ။ ငါက သင့်အကြံအစည်အားလုံးကို ဖျက်စီးပစ်မယ်…။ ရှေးဟောင်းမိစ္ဆာက ချင်းလင်ကို ငါ တိုက်ခိုက်ဖို့အတွက် အသုံးချခံ သာသာပါပဲ…” ရှေ့ဖြစ်ဟောသူ အတွေးကို မည်သူမျှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။ ခန့်မှန်းနိုင်သည့်သူ ရှိခဲ့လျှင်ပင် ထိုတစ်ယောက်သည် လင်းထျန်ဟူသာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် အင်ပါယာလှိုဏ်ဂူအတွင်း၌ ဝမ်လင်း၏ ဟင်္သာငှက်ပထမအကြိမ် နိုးထမှုက ရှေ့ဖြစ်ဟောသူ၏ အစီအစဉ်ထဲက လွတ်ထွက်နေ၏။ ထိုအချိန်မှစ၍ ရှေ့ဖြစ်ဟောသူသည် ဖိအား စခံစားခဲ့ရခြင်း ဖြစ်သည်။
သူ့မူလအစီအစဉ်ထဲ၌ ရှေးဟောင်းမိစ္ဆာတာကျားသည် သူ့အကြံကို ယူကာ လူတိုင်း စိတ်ဝေဝါးသွားစေရန် ပုံရိပ်ယောင်တစ်ခု အသုံးပြုမည် ဖြစ်၏။ ထိုအဖြစ်က ချင်းလင်၏အစီအစဉ်ကို ချိုးဖျက်ဖို့ သူ့အား သွယ်ဝိုက်ကူညီပေးမည့် လူတိုင်းကို ပထမအထပ်တွင် အပြီးသပ်ပစ်ရန် ဖြစ်၏။
သို့သော်လည်း ရှေ့ဖြစ်ဟောသူသည် သောက်ဝမ်လင်းက ဟင်္သာငှက်ကို ဒုတိယအကြိမ် နိုးထစေလိမ့်မည်ဟု လုံးဝ တွေးထင်ထားခဲ့မိခြင်း မရှိပေ။ ဝမ်လင်း ဟင်္သာငှက်ကို ဒုတိယအကြိမ် နိုးထစေခဲ့ချိန်၌ ရှေ့ဖြစ်ဟောသူ၏ အစီအစဉ်ထဲတွင် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် ပြောင်းလဲမှုများစွာ ရှိလာခဲ့တော့သည်။
သည်အခိုက်အတန့်၌ ကောင်းကင်ထက်ရှိ ပြောင်းလဲမှုက ရှေ့ဖြစ်ဟောသူ၏ အသွင်ကို သုန်မှုန်သွားစေ၏။ သူသည် အသက်ဝဝရှုသွင်းလိုက်၏။ ရှေ့ဖြစ်ဟောသူက အခုချိန်တွင် သူကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရတော့မည်ကို နားလည်ခဲ့ပေပြီ။
သူက ရုတ်တရပ် မျက်လုံးမှိတ်လိုက်၏။ သည်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ကနေ ခုနစ်ရောင်စုံ တောက်ပလာ၏။ ထို့နောက် မီးခိုးရောင်ပါ ထည့်ပေါင်းပါက အရောင်ရှစ်ခု ပေါ်လာခဲ့တော့သည်။
ထိုအရောင်ရှစ်ခုမှာ တလက်လက် တောက်ပကာ ကွဲပြားသည့်အရောင်များဖြင့် ဝတ်စုံများနှင့် ကိုယ်ပွားရှစ်ယောက်သည် ရုတ်တရပ် လှမ်းလျှောက်ထွက်လာကြသည်။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူကလည်း သူတို့အထဲတွင် တစ်ယောက် ပါဝင်၏။
ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားရှစ်ယောက်မှာ တူညီသည်ဟု ထင်ရသော်လည်း မတူညီသောအော်ရာများ ရှိကြသည်။ သူတို့သည် ချက်ခြင်းပင် ဝမ်လင်းနှင့် တိမ်ကောင်းကင်စုံတွဲတို့ ရှိရာသို့ လူစုခွဲ၍ သွားကြ၏။
တစ်ချိန်တည်းမှာပင် ပန်းအင်ပါယာကိုယ်လုပ်တော်သည် ကြယ်အလင်းတို့ဖြင့် ဝန်းရံထားခြင်း ခံနေရသည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ထိုကြယ်အလင်းမှာ လွင့်စင်သွားသည်။ သူမသည် ခေါင်းလောင်းကိုးခုအတွင်းကနေ လှမ်းလျှောက်ထွက်လာ၏။ သည်ခေါင်းလောင်းများမှာ အတော်လေး မှိန်ဖျော့သွားပြီး ဖြစ်သော်လည်း သူမ၏အသွင်မှာ တည်ငြိမ်နေဆဲသာပင်။
တာကျားက ကောင်းကင်ထက်သို့ မော့ကြည့်ကာ သူ့ဟန်ပန်က အလေးအနက် ဖြစ်လာ၏။ သူ့လက်ကို ဆန့်ထုတ်ရာ ကြီးမားသည့်ဓားသွားနက်တစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။ဓားသွားကို ကိုင်ဆိုင်ထားရင်း သူသည် ပန်းအင်ပါယာကိုယ်လုပ်တော်ကို မျက်နှာချင်း မဆိုင်ပေ။ သို့သော် ကောင်းကင်ထက်သို့ တည့်တည့်ကြည့်ကာ သူ့ဓားသွားကို ပိုင်းချလိုက်၏။ ဓားသွားစွမ်းအင်တန်းတစ်ခုသည် ကောင်းကင်ထက်သို့ တိုးဝင်သွားချေသည်။
ပန်းအင်ပါယာမှာ ပြုံး၏။ ကောင်းကင်ထက်၌ ပြောင်းလဲမှု ဖြစ်ပွားလာခိုက်တွင် သူမသည် ချင်းလင် အတိတ်တုန်းက ပြောခဲ့သည့်စကားမှာ အမှန်ဖြစ်လာခဲ့ပြီဟု သိလိုက်ပေသည်။
“ငါ့ကို ကယ်တင်ပေးမယ့်လူက ဝမ် လို့ အမည်ရတယ်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေ( နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ) ပျက်စီးသွားတဲ့အခါကျရင် ငါ နိုးထဖို့အတွက် အခွင့်ရေး တစ်ခု ရှိလာလိမ့်မယ်…”
သည်အခိုက်အတန့်၌ ရှေးဟောင်းမိစ္ဆာတာကျား၏ ဓားသွားစွမ်းအင်မှာ ကောင်းကင်ထက်သို့ တိုးတက်သွားနေရင်း ပန်းအင်ပါယာကိုယ်လုပ်တော်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမ ပြန်ပေါ်လာချိန်၌ ကောင်းကင်ထက်ရှိ ဓားသွားစွမ်းအင် ရှေ့တွင် ဖြစ်နေသည်။ သူမက အသက်ဝဝရှုသွင်း၏။ထို့နောက် သူမသည် ခေါင်းလောင်းကိုးခုကို ဓားသွားစွမ်းအင်နှင့် ထိပ်တိုက်တွေ့ရန် ပစ်လွှတ်လိုက်ချေသည်။
ပြင်းထန်သောဖိသိပ်အားကြောင့် သူမသည် နောက်ဆုတ်သွားရသည်။ တာကျား၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်နေသည်။ ထို့နောက် သူသည် ပန်းအင်ပါယာကိုယ်လုပ်တော်ထံသို့ တဟုန်ထိုး တိုးဝင်သွား၏။
ဝမ်လင်းကမူ ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွား ရောက်ရှိလာချိန်၌ သူသည် အန္တရာယ်များလွန်းသော အခြေအနေထဲသို့ ရောက်နေပေပြီ။ အထူးသဖြင့် အရှင်လေဟာနယ်၏ အရူးအမူး တိုက်ခိုက်မှုများကြောင့် ဖြစ်၏။ ဝမ်ဝေ နေရာချပေးခဲ့သော ရေခဲချပ်လွှာသည် ကြာကြာမခုခံနိုင်ပေ။ ၎င်း ပျက်စီးသွားသည်နှင့် အရှင်လေဟာနယ်သည် ဝမ်လင်းထံသို့ ကမူးရှုးထိုး တိုးဝင်လာတော့သည်။
ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားလည်း ရှိနေသေး၏။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူကတော့ အမြန်ဆုံးပင်။ သူသည် ဝမ်လင်းထံသို့ မထူးခြားနားဟန်ဖြင့် နီးကပ်လာ၏။ ထို့အပြင် ရှေ့ဖြစ်ဟောသူ၏ ကျန်သည့် ကိုယ်ပွားနှစ်ယောက်ကျော်မှာလည်း မီးခိုးရှောင်ရှေ့ဖြစ်ဟောသူ နောက်ကနေ ကပ်ပါလာ၏။
သည်စွမ်းအားထောက်တိုင် လေးယောက်လုံးတွင် အစွမ်းထက်ကျင့်ကြံခြင်းများ ပိုင်ဆိုင်ထားကြပေသည်။ သူတို့အားလုံးက ဝမ်လင်းထံသို့ တိုးဝင်လာကြခြင်းမှာ သူ့မျက်လုံးသူငယ်အိမ်ကိုပါ ကျုံ့သွားစေသည်။ သူက နောက်သို့ အမြန်ဆုတ်လိုက်သည်။
ချက်ခြင်းလိုလိုပင် ကောင်းကင်သည် ရုတ်တရပ်ကြီး ပြိုဆင်းလာကာ ကောင်းကင်အတွင်းရှိ မူလဥပဒေသသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွင်းသို့ ဝင်ရောက်လာခဲ့လေ၏။
ကောင်းကင်ပျက်စီးသွားချိန်၌ အစိတ်အပိုင်းများသည် မီးတောက်၏ ဖိသိပ်အား၏ ထိမှန်ခြင်းခံရကာ အောက်ဘက်သို့ လွင့်စင်ကုန်ရသည်။
ထိုအစိတ်အပိုင်းများနောက်တွင် ဟင်္သာငှက်၏အစစ်အမှန်စိတ်ဝိညာဉ် အော်မြည်သံမှာ သည်ကုန်းမြေတစ်ခွင်တွင် ပဲ့တင်ထပ်ကာ လိုက်ပါလာတော့သည်။
သို့ရာတွင် သေရှင်းရှင်ရေး အခြေအနေကို ရင်ဆိုင်နေရသည့်အတွက်ကြောင့် ဝမ်လင်းတွင် ကောင်းကင်ထက်သို့ မော့ကြည့်နိုင်ဖို့ အချိန်ပင် မရှိ ဖြစ်ရ၏။ သို့သော် သူသည် နောက်ဆုတ်နေရင်း ရင်းနှီးသော ဥပဒေသစွမ်းအားတစ်ခုက သူ့ပတ်လည်၌ ပေါ်လာသည်ဟု ခံစားမိသည်။
ဤရင်းနှီးသော ဥပဒေသစွမ်းအားမှာ ဝမ်လင်း ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်၌ တောင်ထိပ်ပေါ်တွင် လအနည်းငယ်ကြာ တောင်ထိပ်ပေါ်မှာ ထိုင်ကာ ဆင်ခြင်ပြီးနောက် ဉာဏ်အလင်း ရရှိခဲ့သည့် အရာပင်။ထိုအရာကား သူပထမဆုံး သူ့ဟာသူ ဖန်တီးခဲ့သော မန္တာန်လည်း ဖြစ်သည့် နေသာသောညမန္တာန် မည်သည်။
ထိုနေသာသောညမန္တာန်သည် ပင်လယ်ပြင်ကနေ မွေးဖွားခဲ့ခြင်းပင်။
ဤအခိုက်အတန့်၌ အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရင်းဖြင့်ပင် ဝမ်လင်းသည် သူ သည်စွမ်းအားကို ခံစားမိချိန်၌ ချက်ခြင်း ရပ်တန့်ပစ်သည်။သူ့မျက်လုံးထဲတွင် ရူးသွပ်ခြင်းတို့ ပြည့်လာ၏။ သူက လက်နှစ်ဖက်ဖြန့်ကားကာ သူတို့လေးယောက်အား ကြည့်သည်။ ထို့နောက် အခုမှ ပေါ်လာသည့် ဥပဒေသသည် ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာဟန် ရ၏။
ဝမ်လင်း၏ စိတ်သည် ဆန်းကြယ်သောအနေထားသို့ ဝင်ရောက်သွားသည်။ သူ့ရှေ့ရှိ အရာအားလုံးမှာ ပျောက်ကွယ်သွားခဲ့ပေပြီ။ သူ့ စိတ်ထဲ၌ ရှိနေသော တစ်ခုတည်းသော အရာမှာ အစပြုခြင်း အခိုက်အတန့်၊ ညအမှောင်ထုကို အတင်းစုတ်ဖြဲပစ်မည့်အားကို နားလည်မှုပင် ဖြစ်ချေ၏။
မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ မျက်လုံးသူငယ်အိမ်ပင် ရုတ်ချည်း မျက်မှောင်ကြုတ်သွား၏။ သူ့ မျက်လုံးထဲ၌ တုန်လှုပ်မှုအရိပ်အမြွက်ပင် ပေါ်လာသည်။ သူသာမက ကျန်သည့် ရှေ့ဖြစ်ဟောသူ ကိုယ်ပွားနှစ်ယောက်သည်လည်း ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် မင်သက်စွာ ကြည့်နေမိကြသည်။
“ဒါက…” မီးခိုးရောင် ရှေ့ဖြစ်ဟောသူသည် ပင့်သက်ရှိုက်မိ၏။
အရှင်လေဟာနယ် တစ်ယောက်သာ ဤအရာများအားလုံးကို သတိမမူမိခြင်းပင်။ သူ့ခန္ဓာကိုယ်မှာ အစစ်အမှန် ဖြစ်နေသော်လည်း ၎င်းသည် သူ့ပထမကောင်းကင်ဘုံဒုက္ခအတွင်း မူလစိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်နေခြင်းသာ။ သူ့အသွေးအသားတို့သည်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်၏။ နောက်ဆုံး ၎င်းခန္ဓာကိုယ် ပျက်စီးချိန်တွင် သူ့မူလစိတ်ဝိညာဉ်ပါ ပျက်စီးသွားပေမည်။
သူက ရူးသွပ်စွာဖြင့် ရှေ့သို့သာ တိုးလာ၏။ သူသည် ဝမ်လင်းထံသို့ ဝါးမြိုပစ်ရန် အတွေးတစ်ခုဖြင့်သာ ခုန်အုပ်ဝင်လာသည်။
သို့ရာတွင် သူ ဝမ်လင်းနှင့် ပေရာချီအတွင်း ရောက်ရှိရုံ ရှိသေး ဝမ်လင်းသည် သူ့အမြင်ကနေ လုံးဝ ကွယ်ပျောက်သွား၏။ လောကသည် မထင်မှတ်စွာပင် ည ဖြစ်လာချေ၏။
ကောင်းကင်ထက်မှ ကျဆင်းနေသော အဆုံးမဲ့မီးတောက်ပင်လယ်များသည်ပင် အက်ကွဲပျောက်ကွယ်ရသည်။ ဤအခိုက်အတန့်၌ ဝမ်လင်းသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ပင် မရှိတော့သည့်အလား။
ကောင်းကင်သာ နက်မှောင်ရုံမကသေးပါ။ လှိုင်းသံများသည်လည်း သင်တို့၏ နားထဲသို့ ရွှေ့လျားတိုးဝင်လာနေပေမည်။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူနှင့် အခြားကိုယ်ပွားနှစ်ယောက်မှာလည်း သည်အဆုံးမဲ့ညထဲတွင် ရောက်ရှိသွားကြသည်။
သူတို့၏နတ်ဘုရားအာရုံကို မည်မျှ ဖြန့်ကျက်ပါစေ ဝမ်လင်းကို လုံးဝ ထောက်လှမ်းနိုင်ကြခြင်း မရှိတော့ပေ။ ဝမ်လင်းသည် လောက၏ ဥပဒေသနှင့် တသားတည်း ပေါင်းစပ်နစ်မြုပ်သွားသည့်အလား။ သူ့အရိပ်အယောင်ကို ရှာတွေ့ဖို့ မဖြစ်နိုင်တော့ပေ။
လှိုင်းသံများကလွဲ၍ ပတ်ဝန်းကျင်တခွင်သည် လုံးဝ ငြိမ်သက်တိတ်ဆိတ်ကုန်၏။ ထိုအရာမှာ အစစ်အမှန် ဖြစ်၏။ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
ရှေ့တည့်တည့်မှ ကြည့်ပါက လူတစ်ယောက်သည် သူတို့မှာ ကျယ်ပြောအဆုံးမဲ့သော ပင်လယ်ကိုသာ ခပ်ရေးရေး မြင်ရနိုင်ပေမည်။ လှိုင်းများသည် ခက်ထန်မနေဘဲ နိမ့်ချည်မြင့်ချည်သာ ရှိ၏။
လေပြင်း တိုက်ခတ်လာချိန်တွင်တော့ ပင်လယ်ရနံ့ကိုပါ ဆောင်ကြဉ်းလေ၏။ ထိုအချက်များကြောင့် လူများသည် ဤသို့ ရုတ်တရပ် ဖြစ်ပေါ်လာသည့် ပင်လယ်ကို အစစ်အမှန် မဟုတ်ဟု ယုံကြည်ရန် ခက်ခဲရပေသည်။
အရှင်လေဟာနယ်၏ ဒေါသတကြီး ဟိန်းသံများက ဤတိတ်ဆိတ်သောပင်လယ်အနှံ့တွင် ပဲ့တင်ထပ်နေသည်။ ဝမ်လင်းကို ရှာတွေ့နိုင်စွမ်း မရှိခြင်းက သူ့ကို ရူးသွပ်သွားစေပြီ။ သူက ပင်လယ်ကိုသာ အဆက်မပြတ် တိုက်ခိုက်နေ၏။
မီးခိုးရောင်ရှေ့ဖြစ်ဟောသူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ သူ နှစ်ပေါင်းမရေမတွက်နိုင်အောင် မခံစားခဲ့ရသော ကြောက်ရွှံ့မှုကို ခံစားလာရသည်။ ထိုခံစားမှုက သူ့အတွက် စိမ်းလွန်းလှသည်။ သို့သော် သူသည် ကြောက်လန့်မှုကို မခံစားမိဘဲ မနေနိုင် ဖြစ်ရသည်။ သူသည် တခုခုကို သိလိုက်သလို ခပ်ရေးရေး ခံစားမိပြန်သည်။ သို့သော် သူသည် ပို၍ သိလာလေလေ ပို၍ တုန်လှုပ်လာလေပင်။ သူ့မျက်တောင်သည်ပင် မထိန်းချုပ်နိုင်ဘဲ တုန်ခါရသည်။
ဤအခိုက်၌ အနီရောင်အလင်းတန်းတစ်ခု အကွာအဝေးတစ်ခု၌ ပေါ်လာသည်။ အနီရောင်အလင်းတန်းပေါ်လာချိန်၌ မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲတွင် ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော ကြောက်ရွှံ့မှုမျိုး ပေါ်ထွက်လာသည်။ သူက ၎င်းကို ဥပဒေသစွမ်းအားဟု သိလိုက်၏။ သူသည် ဝမ်လင်း ၎င်းကို ပိုင်ဆိုင်ထားခြင်းကို မယုံကြည်နိုင် ဖြစ်ရသည်။
မီးခိုးရောင်ရှေ့ဖြစ်ဟောသူသည် နောက်သို့ တုံ့ဆိုင်းခြင်းမရှိ ဆုတ်၏။ သူ့ဦးရေပြားသည်ပင် ထုံထိုင်းနေမိပေပြီ။ သို့သော် သူ မည်မျှ ပြေးပြေး သူသည် ပင်လယ်ပြင်အထက်တွင်သာ ရှိလို့နေဆဲပင်။
မိုးကုပ်စက်ဝန်းမှ အနီရောင်တောက်ပမှုသည် ပို၍ တောက်ပလာသည်။ လူတိုင်းရှေ့၌ ပေါ်လာသည်ကား အလျှံညီးညီး အနီရင့်ရောင် နေလုံးတည်း။
နေလုံးမှာ လုံးဝ နီရဲနေ၏။ ၎င်းအောက်တွင် ပင်လယ်လှိုင်းများ လှိုင်းထန်နေသည်။
ရူးသွပ်နေသော အရှင်လေဟာနယ်သည်ပင် မင်သက်သွား၏။ သူသည် မထင်မှတ်စွာပင် စိတ်ရှုပ်ထွေးမှု အခြေအနေကနေ ပြန်သတိဝင်လာခဲ့၏။ သို့ရာတွင် မကြာခင်မှာပင် သူ့မျက်လုံးထဲ၌ အံ့မခန်းကြောက်ရွှံ့မှု ပြည့်နှက်လာတော့သည်။
“ဥပ…မူလ ဥပဒေသ…”
ဝမ်လင်းသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်တွင် ရှိခဲ့စဉ်အချိန်က လောက၏ ဥပဒေသကို နားလည်ခဲ့ကာ သည် နေသာသောညကို ဖန်တီးနိုင်ခဲ့၏။ ခုချိန်တွင် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်မှာ အတိတ်ကထက် ပိုမြင့်မားနေကာ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်တွင် ဖြစ်ကာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဥပဒေသ သူ့ဟာသူ ပေါ်လာစဉ်အတွင်း သည်မန္တာန်ကိုသာ အသုံးပြုနိုင်ခဲ့ပါက ဝမ်လင်းသည်ပင် ၎င်းနေသာသောညမန္တာန်သည် မည်မျှ အစွမ်းထက်လိမ့်မည်ကို မသိနိုင်တော့ပေ။
***