← Chapters

အခန်း ၅၄၈

Vol. 55 Ch. 548

အခန်း ၅၄၈

Vol. 55 Ch. 548

အခန်း (၅၄၈)

" အဘိုး ထျန်းရွှမ်ကြေးမုံက ချင်အင်ပါယာရဲ့ အုပ်ချုပ်ရေးနဲ့ ဆက်သွယ်ရေးအတွက် အခြေခံပါ။ မြောက်ဘက်နယ်မြေကိုလည်း ထျန်းရွှမ်ကြေးမုံနဲ့ အကျိုူကျေးဇူးတွေ ပေးလိုက်ရင် ပြည်သူတွေရဲ့ စိတ်နှလုံးကိုညသိမ်းပိုက်နိုင်ပါလိမ့်မယ်။ မြောက်ဘက်နယ်စပ်စခန်းနဲ့ မြောက်ဘက်ခံတပ်စခန်းနှစ်ခုကိုလည်း တပ်စွဲထားရပါမယ်။ မေတ္တာတရားနဲ့ အုပ်ချုပ်တာအပြင် စစ်အင်အားနဲ့လည်း ခြိမ်းခြောက်ထားရပါမယ်။ " ကျောက်ချီက ထရပ်ပြီး ပြောလိုက်သည်။

" ချီအာ ပြောတာမှန်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ကျုံးဖု ထျန်းရွှမ်ကြေးမုံကို အုပ်ချုပ်ရေးမှာ ထည့်သွင်းဖို့ စီစဉ်ပါ။ မုန့်ဝူနဲ့ လီစီကို မြောက်ဘက်နယ်စပ်ကို ကာကွယ်ဖို့ အမိန့်ထုတ်ပြလိုက်။ တိုင်းတစ်ပါးမျိုးနွယ်စုတွေ ပြဿနာရှာရဲရင် တစ်ခါတည်း သတ်ပစ်။ "

" အမိန့်အတိုင်းပါ။ " လွီပုဝေနှင့် ဝမ်ကျန့်တို့က ချက်ချင်း ပြန်ပြောလိုက်ကြသည်။

ထိုအချိန်တွင် ချွန်းယွီယွဲ့က ရှေ့တိုးလာသည်။ " ဧကရာဇ်မင်းမြတ် ပြည်နယ်ကိုးခုရဲ့ ကျောင်းတော်တွေက ကျောင်းသားငါးထောင်က အင်ပါယာကျောင်းတော်ကို ရောက်လာပြီး အင်ပါယာစာမေးပွဲဖြေဖို့ ပြင်ဆင်နေကြပါတယ်။ စာမေးပွဲကို ကြီးကြပ်ဖို့ အမိန့်ထုတ်ပေးပါ။ "

တစ်နှစ်ကြာပြီးနောက် ပထမအသုတ်မှ ကျောင်းသားများက ချင်အရာရှိများ ဖြစ်နေကြပြီဖြစ်သည်။ ပထမစာမေးပွဲ၏ စာစစ်မှူးကတော့ ကျောက်ဖုန်း ဖြစ်သည်။

" အဘိုး ကျောင်းသားတွေက ချင်အင်ပါယာရဲ့ အနာဂတ်နဲ့ သက်ဆိုင်လို့ မြေးတော် စာမေးပွဲကို ကြီးကြပ်ချင်ပါတယ်။ " ကျောက်ချီက တောင်းဆိုလိုက်သည်။

" ကောင်းပြီ။ ချီအာ မင်းကို ကြီးကြပ်ဖို့ တာဝန်ပေးလိုက်မယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အဘိုး။ " ကျောက်ချီက ကျေနပ်စွာဖြင့် ပြောလိုက်သည်။

" အင်ပါယာတစ်ဝန်းက ကျောင်းတော်တွေရော အခြေအနေဘယ်လိုရှိလဲ။ " ရင်ကျန့်က ချွန်းယွီယွဲ့ကို ကြည့်ပြီး မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် ကျောင်းတော်တွေမှာ အုပ်ချုပ်ရေး၊ စစ်​ဗျူဟာ၊ သိုင်းတာအို၊ အင်မော်တယ်လမ်းစဉ်၊ ဆေးဖော်သပ်ခြင်း၊ ရတနာသန့်စင်ခြင်း၊ အစီအရင် ပညာရပ်အမျိုးမျိုးကို သင်ကြာပေးနေပါတယ်။ ကျောင်းသားတွေက ပညာရပ်တစ်ခုတည်းကို မလေ့လာတော့ဘဲ ကဏ္ဍအများစုကို လေ့လာနေကြပါတယ်။ ကျောင်းတော်တိုင်းမှာ သူ့အားသာချင်နဲ့သူ ရှိကြပါတယ်။ " ချွန်းယွီယွဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ကောင်းတယ်။ ချင်အင်ပါယာက ပညာရပ်တစ်ခုတည်းကိုပဲ အထူးပြုမှာမဟုတ်ဘူး။ ချင်အင်ပါယာရဲ့ အမျိုးသားအင်အားကို မြှင့်တင်ဖို့ ပညာရပ်တစ်ရာကျော်ရဲ့ အားသာချက်တွေကို သင်ကြားပေမယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ဧကရာဇ်မင်းမြတ်က အမြော်အမြင် ကြီးမားလှပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

ထိုအချိန်တွင် ရန်ရှောင်က ခန်းမထဲသို့ အလျင်အမြန် ပြေးဝင်လာသည်။

" ဧကရာဇ်မင်းမြတ် တစ်ခုခုဖြစ်ပျက်နေပါပြီ။ "

" ဘာဖြစ်တာလဲ။ " ရင်ကျန့်က ချက်ချင်း မေးလိုက်သည်။

" ကျွန်တော်မျိုး ကွမ်ကျုံးက အရေးပေါ်သတင်းပို့ချက်ရပါတယ်။ ကွမ်ကျုံးမှာ ပြင်းထန်တဲ့ မိုးခေါင်မှု ဖြစ်နေပါတယ်။ မြစ်တွေခမ်းခြောက်သွားသလို တူးမြောက်တွေမှာ ရေလုံးဝမရှိတော့ဘဲ လယ်ကွင်းတွေလည်း ပတ်ကြားအက်ကုန်ပြီး စပါးတွေလည်း ​ညှိုးနွမ်းကုန်ပါတယ်။ " ရန်ရှောင်က လေးနက်စွာ ပြောလိုက်သည်။

ခန်းမထဲရှိ အရာရှိအားလုံး၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ကွမ်ကျုံးတူးမြောင်းက မြစ်ချောင်းများနှင့် ဆက်သွယ်နေပြီး လောမြစ်လည်းရှိနေသောကြောင့် မိုးခေါင်စရာအကြောင်းမရှိပေ။

" အဲ့ဒါ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် ခြောက်သွေ့တဲ့ လက္ခဏာတွေကို တွေ့ခဲ့တာက လွန်ခဲ့တဲ့ နှစ်ရက်လောက်​ကပါ။ ကွမ်ကျုံးရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက မိုးခေါင်မှုဖြစ်ကြောင်း အတည်ပြုပြီး ဒီနေ့ချက်ချင်း အစီရင်ခံခဲ့တာပါ။ " ရန်ရှောင်က အလျင်အမြန် ပြောလိုက်သည်။

" မိုးခေါင်မှု..." ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။

ထိုအချိန်တွင် ရှောင်ဟီ၏ အမူအရာက ပြောင်းလဲသွားသည်။ " ဧကရာဇ်မင်းမြတ် ရှုခရိုင်မှာလည်း မိုးခေါင်မှုဖြစ်နေပါတယ်။ ရှုခရိုင်အပြင် တုချန်ဒေသမှာလည်း လယ်ကွင်းတွေ ခြောက်သွေ့ပြီး ဝိညာဉ်စပါးတွေ ညှိုးနွမ်းကုန်ပါတယ်။ "

" ချင်အင်ပါယာရဲ့ စပါးကျီသုံးခုလုံးက မိုးခေါင်မှုဒဏ်ကို ခံလိုက်ရတာလား။ ဒါက ထူးဆန်းလွန်းတယ်။ "

" အဲ့ဒီနေရာသုံးခုက တစ်ခုနဲ့တစ်ခု ဒီလောက်ဝေးတာ ဘယ်လိုလုပ်​ဒီလောက်တိုက်ဆိုင်နိုင်မှာလဲ။ "

အရာရှိများက အံ့အားသင့်သွားကြသည်။ ရင်ကျန့်က သတိပြန်ဝင်မလာခင် ဟန်ဖေးကလည်း ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် သတင်းရလိုက်သည်။

" ဧကရာဇ်မင်းမြတ် ချင်းပြည်နယ်၊ ကျိပြည်နယ်၊ ယွီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးတွေက သတင်းပို့လာပါတယ်။ ပြည်နယ်နဲ့ ခရိုင်အများအပြားမှာ ကပ်ရောဂါတွေ ဖြစ်နေပါတယ်။ ပြည်သူအများအပြားက ကပ်ရောဂါခံစားနေရပါပြီ။ " ဟန်ဖေးက မျက်နှာပျက်သွားပြီး ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် ဒီလောက်ပြင်းထန်တဲ့ မိုးခေါင်မှုနဲ့ ကပ်ရောဂါဖြစ်ပွားမှုက သံသယဖြစ်စရာကောင်းတယ်။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ လက်ချက်များလား။ " လွီပုဝေက လေးနက်စွာ ပြောလိုက်သည်။

လွီပုဝေ၏ စကားများကို ကြားသောအခါ အရာရှိများက ချင်အင်ပါယာသို့ ဥက္ကာခဲကိုးလုံးကျလာသည့်နေ့ကို သတိရသွားကြသည်။ ထိုဥက္ကာခဲများတွင် ချင်အင်ပါယာပျက်စီးမည်ဟုလည်း ရေးသားထားသည်။

" မိုးခေါင်မှု၊ ကပ်ရောဂါ သူတို့က ချင်အင်ပါယာကို တိုက်ခိုက်နေပြီပဲ။ " ရင်ကျန့်၏ မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်အချို့ ပေါ်လာသည်။

ထိုစွမ်းအားမျိုးက အင်မော်တယ်များနှင့် နတ်ဘုရားများသာ ပိုင်ဆိုင်သော အရာမျိုးဖြစ်သည်။ ချင်အင်ပါယာတွင် ပြင်းထန်သော မိုးခေါင်မှုနှင့် ကပ်ရောဂါ တစ်ပြိုင်နက် ဖြစ်ပွားခဲ့သည်။

" သူတို့ လှုပ်ရှားလာပြီ။ " ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ အရာရှိများက ခန်းမတံခါးသို့ ကြည့်လိုက်ကြပြီး ကျောက်ဖုန်းက ခန်းမထဲသို့ တည်ငြိမ်စွာ လျှောက်လာသည်။ သူ၏ အမူအရာက တည်ငြိမ်နေပြီး စိုးရိမ်သော အရိပ်အယောင် လုံးဝမရှိပေ။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " အရာရှိအားလုံးက စိတ်သက်သာရာရသွားကြပြီး ဦးညွှတ်လိုက်ကြသည်။

" ဖုန်းအာ မိုးခေါင်မှုနဲ့ ကပ်ရောက အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ လက်ချက်ပဲ။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။

" ဖြေရှင်းနည်းက ချင်အင်ပါယာရဲ့ ကံကြမ္မာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အင််ပါယာကံကြမ္မာလား။ " ရင်ကျန့်က နားမလည်နိုင်ဖြစ်သွားသည်။

" ပိုင်ယွဲ့နဲ့ မြောက်ဘက်နယ်စပ်က ချင်အင်ပါယာထဲ ရောက်လာပြီ။ သူတို့ရဲ့ ကံကြမ္မာစွမ်းအားကို အင်ပါယာကံကြမ္မာစွမ်းအားအဖြစ် ပြောင်းလဲလိုက်ပါ။ အဲ့ဒီအင်ပါယာကံကြမ္မာစွမ်းအားနဲ့ဆို ပြည်နယ်ကိုးခုအကာအကွယ်ကို ဖြန့်ကျက်နိုင်ပြီး အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ စွမ်းအားကို တားဆီးနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်၏ အမူအရာက ပြေလျော့သွားသည်။ " ဖုန်းအာ သူတို့က တကယ် ဘာလုပ်ချင်နေကြတာလဲ။ "

" ခမည်းတော် သားတော်အရင်က ပြောခဲ့တယ်လေ။ သူတို့ရဲ့ ရည်ရွယ်ချက်က ချင်အင်ပါယာကို ဖျက်ဆီးပြီး ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို သိမ်းပိုက်ဖို့နဲ့ သက်ရှိတွေရဲ့ သွေးနဲ့အသားကို စားသောက်ဖို့အတွက်ပဲ။ ရှန်းကျိုးမှာ ချင်အင်ပါယာဖြစ်ဖြစ် အခြားနိုင်ငံတစ်ခုခုဖြစ်ဖြစ် သူတို့က လွှတ်ပေးမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ဘာလို့ ချင်အင်ပါယာကို ပစ်မှတ်ထားနေတာလဲ။ ချင်အင်ပါယာက အရမ်းအစွမ်းထက်နေလို့လား။ " လွီပုဝေက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ အရာရှိများကလည်း နားမလည်နိုင်ဖြစ်နေကြသည်။

ရင်ကျန့်က ပြန်ဖြေရန်ပြင်လိုက်သော်လည်း ကျောက်ဖုန်းက စကားစပြောလိုက်သည်။ " ဝန်ကြီးချုပ်ရဲ့ အမြင်မှာ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ဘယ်လိုတည်ရှိမှုတွေလဲ။ "

" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ကောင်းကင်ဘုံမှာရှိနေပြီး ကမ္ဘာရဲ့ စည်းမျဉ်းတွေကို အုပ်ချုပ်ကြတယ်။ သူတို့က ထာဝရအသက်ရှည်ခြင်းကို ပိုင်ဆိုင်ကြပြီး ဒဏ္ဍာရီတွေထဲကလို ကောင်းကင်နဲ့ မြေကြီးကြား လွတ်လပ်စွာ သွားလာနိုင်ကြတယ်။ " လွီပုဝေက ခဏစဉ်းစားပြီး ပြောလိုက်သည်။ အရာရှိများကလည်း သဘောတူဟန်ဖြင့် ခေါင်းညိမ့်လိုက်ကြသည်။

" ဟားဟား..." ကျောက်ဖုန်းက ရယ်မောလိုက်သည်။ " အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက နတ်ဆိုးတွေလို့ ပြောရင် မင်းတို့ ဘယ်လိုခံစားရမလဲ။ "

" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက နတ်ဆိုးတွေလား။ " အရာရှိများက နားမလည်နိုင်ဖြစ်သွားကြသည်။

" အင်မော်တယ်တွေက ဘယ်လိုပုံစံလဲဆိုတာ ငါမင်းတို့ကို ပြမယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး စွမ်းအားတစ်ခုက ခန်းမကို လွှမ်းခြုံသွားသည်။

လူတိုင်း၏ မျက်လုံးများရှေ့တွင် မြင်ကွင်းများက ပြောင်း​လဲသွားသည်။ ကျွန်းတစ်ခုပေါ်တွင် အလောင်းများနှင့် အရိုးစုများ ပြည့်နှက်နေပြီး သွေးများက စီးဆင်းနေသည်။ ခဏကြာသောအခါ ထိုမြင်ကွင်းများက ပျောက်ကွယ်သွားသည်။

" ဒါက မင်းတို့ ပြောတဲ့ အင်မော်တယ်ပဲ။ လူသားတွေကို စားသောက်ပြီး သူတို့ရဲ့ ဝိညာဉ်အနှစ်သာရနဲ့ သက်တမ်းတိုးအောင် လုပ်နေကြတာပဲ။ ရှန်းကျိုးနယ်မြေက သန့်ရှင်းတဲ့ လူသားဘုံဖြစ်လို့ သူတို့က ပစ်မှတ်ထားနေကြတာပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

အရာရှိအားလုံး၏ မျက်နှာအမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့က အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရသော်လည်း ယခု ဖန်လိုင်အင်မော်တယ်ကျွန်း၏ မြင်ကွင်းက သူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။ သူတို့က ထိုသို့သော ရက်စက်သည့်မြင်ကွင်းမျိုးကို တစ်ခုမှ မမြင်ဖူးခဲ့ပေ။ ယောကျာ်းလေးများ၊ မိန်းကလေးများနှင့် ကလေးငယ်များ၏ အလောင်းများနှင့် သွေးကန်ကြီးက နတ်ဆိုးဂူတစ်ခုကဲ့သို့ ဖြစ်နေသည်။

" အိမ်ရှေ့စံမင်းသား ချင်အင်ပါယာက ဘာဆက်လုပ်ရမလဲ။ " လွီပုဝေက လေးနက်စွာ ပြောလိုက်သည်။

" အခြားနည်းလမ်းမရှိဘူး။ ချင်အင်ပါယာရဲ့ စွမ်းအားက အဓိကပဲ။ အဲ့ဒါမှ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို မကြောက်ဘဲ နေနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters