← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း(၂၁)

ရန်ရှီးယုသည် ယန်ယွန်နှင့် စကားအချေအတင် ပြောနေသော ချင်ယန်ကို မသိမသာ လှမ်းဆွဲလိုက်သည်။

အမှန်တကယ် စဉ်းစားကြည့်လျှင် ချင်ယန် ပြောသမျှသည် မှော်စာလုံး အစီအရင် ရေးသားသူကို စော်ကားသည့် အဓိပ္ပာယ် မပါဝင်ပေ။

ချင်ယန်သည် ယန်ယွန်၏ အနီးတွင် ဝန်းရံဖားယားနေကြသူများကို စိတ်ပျက်ဖွယ် မြင်တွေ့နေရ၏။

သူက ယန်စွမ်းအင်ကိုးပါး နတ်ဘုရား စိတ်အာရုံ ပုလဲပုတီးလုံးများမှ ပထမဆုံး ပုလဲလုံး အတွင်းရှိ ဆန်းကြယ်သော မှော်အစီအရင် ပညာရပ်များကို သတိရလိုက်မိသည်။

ထိုပညာရပ်များကို အသုံးပြု၍ သူ့အနေဖြင့် မှော်လက်နက်များကို ပြုလုပ်နိုင်မည် ဖြစ်သည်။

ရန်ရှီးယုက နူးညံ့စွာ ပြောလိုက်သည်။

" ချင်ယန်.. အများကြီး စဉ်းစားမနေနဲ့.. မွန်းတည့်ချိန်ရောက်လို့ စာရင်းလက်ခံတာ ပြီးတာနဲ့ ဝင်ခွင့်စစ်ဆေးမှု စတင်လိမ့်မယ်.. အသင့်ပြင်ဆင်ထားပါ"

ချင်ယန်က ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်တော် ဒီစစ်ဆေးမှုကို ကျော်ဖြတ်နိုင်မှာပါ.. ဆရာမရန်ရဲ့ မျှော်လင့်ချက် အလကား မဖြစ်စေရပါဘူး "

ထိုအချိန်တွင် ကောင်းကင်ခြင်္သေ့ခန်းမ၏ တံခါးပေါက်ကနေ အရပ်ရှည်၍ အသားအရေ ကြည်လင်သော ခန့်ညားသည့် လူငယ်တစ်ဦး ရောက်လာသည်ကို တွေ့လိုက်ကြရသည်။

လူငယ်၏ ခန့်ညားထယ်ဝါမှုသည် မြောက်များစွာသော ကြယ်ပွင့်များကြားမှ လမင်းကြီး ကဲ့သို့ ထင်သာမြင်သာ ရှိလှ၏။

စင်စစ် ထိုလူငယ်သည် ယန်ယွန်နှင့် စေ့စပ်ထားသော ဆရာဝေ၏ သားဖြစ်သူ ဝေရှန်းခွန် ဖြစ်သည်။

ဝေရှန်းခွန်ကို သေချာစွာ လေ့လာပြီးနောက် ချင်ယန်၏ ရင်ထဲတွင် ကျိတ်၍ ပြုံးလိုက်မိသည်။

ဝေရှန်းခွန်က အသက်က ဆယ့်ရှစ်နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း အဆင့်ငါး သိုင်းခန္ဓာ နယ်ပယ်သာ ရှိသေးသည်ကို သတိပြုလိုက်မိခြင်းကြောင့် ဖြစ်သည်။

ဝေရှန်းခွန်သည် အသက်ဆယ့်ခြောက်နှစ်ဖြစ်သော ရှို့ယုလင်နှင့် နှိုင်းယှဉ်ကြည့်လျှင် ကွာဟချက် အလွန်ကြီးမား၏။

ရန်ရှီးယုပင် ချင်ယန်ကို ရှို့ယုလင်အား နမူနာယူ၍ ကြိုးစားရန် တိုက်တွန်းခဲ့သည်။

ယန်ယွန်က ဝေရှန်းခွန်ကို တစ်စုံတစ်ခု ကပ်ပြောလိုက်၏။

ဝေရှန်းခွန်သည် ချင်ယန်အား အထင်သေးသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

မွန်းတည့်ချိန်တွင် ကောင်းကင်ခြင်္သေ့ခန်းမ အတွင်း၌ ခေါင်းလောင်းထိုးသံများ ပေါ်ထွက်လာပြီး အကြီးအကဲဇန်း ထံမှ စာရင်းလက်ခံမှု ပြီးဆုံးကြောင်း ကြေညာသံကို ကြားလိုက်ကြရသည်။

အဆင့်လေး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားများ၏ ဝင်ခွင့်စစ်ဆေးခြင်း စတင်ပေတော့မည်။

ပထမ စစ်ဆေးမှုကို အောင်မြင်သူသာ ဒုတိယ စစ်ဆေးမှုကို ထပ်မံ ဖြေဆိုခွင့်ရမည် ဖြစ်သည်။

အဆင့်လေး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားများမှ ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်အတွက် ဝင်ခွင့်ဖြေဆိုသူများ အဖြစ် ချင်ယန်၊ ယန်ယွန်နှင့် ယုရန်ယွင်တို့ သုံးဦးသာ ရှိကြသည်။

သူတို့သုံးယောက်သည် စတင်ဖြေဆိုရန် အသင့်ဖြစ်နေခဲ့ကြ၏။

" စစ်ဆေးမှု နှစ်မျိုး စစ်ဆေးမှာ ဖြစ်ပြီး ပထမတစ်မျိုးကတော့ လျင်မြန်မှုကို စမ်းသပ်စစ်ဆေးမှာ ဖြစ်တယ်.. စစ်ဆေးမှု စတင်တာနဲ့ လေ့ကျင့်ပေးထားတဲ့ ကျားသစ် ဆယ်ကောင်က ပြိုင်ပွဲစင်မြင့်ပေါ်မှာ ရှိနေမှာဖြစ်ပြီး သူတို့တစ်ကောင်ချင်းရဲ့ လည်ပင်းမှာ သစ်သားပြားလေးတွေကို ချိတ်ဆွဲထားမှာ ဖြစ်တယ် "

" မင်းတို့သုံးယောက် သိရမှာက ကျားသစ်တွေကို တိုက်ခိုက်လို့မရဘူး.. တစ်ကောင်ချင်းကိုတောင် မင်းတို့ မတိုက်ခိုက်နိုင်ဘူး.. မင်းတို့ရဲ့ အမြန်နှုန်းကိုပဲ အသုံးပြုပြီး သူတို့လည်ပင်းက သစ်သားပြားတွေကို ယူရမယ်... သစ်သားပြားတွေ အများဆုံး ရယူနိုင်သူက ပထမ စစ်ဆေးမှုကို အောင်မြင်မှာဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ အပယ်ခံရမှာ ဖြစ်တယ်"

" အခုကစပြီး မင်းတို့ ဖြေဆိုဖို့ ပြင်ဆင်ထားပါ "

စည်းကမ်းချက်များကို ပြောနေသော အကြီးအကဲဇန်း၏ အသံက ဝေးကွာသော နေရာများအထိ ပျံ့လွင့်သွားခဲ့သည်။

တခဏအတွင်း သန်မာသော လူဆယ်ဦးသည် ကြမ်းကြုတ်ရက်စက်ဟန် ရှိသော ကျားသစ်ဆယ်ကောင်ကို ခေါ်ယူကာ ရောက်ရှိလာခဲ့၏။

ထိုကျားသစ်များသည် အထူး လေ့ကျင့်သင်ကြားပေးထားသော ကျားသစ်များပင် ဖြစ်သည်။

ကျားသစ်များကို လျင်မြန်စွာ လှုပ်ရှားရန် လေ့ကျင့်ပေးထားပြီး လူများကို တိုက်ခိုက်ခြင်းမပြုရန် တားမြစ်ထားခဲ့သည်။

သူတို့ကို ထိခိုက်ဒဏ်ရာ မရရှိစေဘဲ သူတို့၏ လည်ပင်းတွင် ချိတ်ဆွဲထားသော သစ်သားပြားများကို ဖြုတ်ယူရမည့်အလုပ်မှာ အမှန်ပင် ခက်ခဲလှသည်။

"ချင်ယန် ငါမင်းကို သတိပေးလိုက်မယ်.. ညီမယန်သာ တစ်ခုခု ထိခိုက်နစ်နာခဲ့ရင် ငါမင်းကို သတ်ပစ်မယ် "

ခပ်လှမ်းလှမ်းမှ ဝေရှန်းခွန်၏ အေးစက်စက် အသံက ထက်ရှသော ဓားသွားများပမာ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။

ထိုစကားသံကို ကြားလျှင် ယန်ယွန်က လှပစွာ ပြုံးလိုက်ပြီး ချင်ယန်ကို ကြည့်ကာ ပြောလိုက်သည်။

" အစ်ကိုခွန်... ညီမက သန်မာပါတယ်...သူ့အနေနဲ့ ညီမကို ထိခိုက်အောင် လုပ်ဖို့ မလွယ်ပါဘူး"

" ဒါအမှန်ပဲ... ယန်မိသားစုရဲ့ ပျံလွှားငှက်ပျံသန်းခြင်း ခြေလှမ်းက ထိပ်တန်း စိတ်ဝိညာဉ်အဆင့် သိုင်းပညာပဲ.. ငါ့အဖေတောင်မှ အရမ်း ချီးကျူးနေတာ... ညီမယန်က အရမ်းဉာဏ်ကောင်းတော့ အခြေခံအဆင့်ကို အစောကြီးကတည်းက ရောက်နေပြီ ဆိုတာ ငါယုံကြည်ပါတယ်"

ဝေရှန်းခွန်က ချင်ယန်ကို လှမ်းကြည့်လိုက်ပြီး လေသံကျယ်ကျယ်ဖြင့် လှောင်ပြောင်လိုက်သည်။

" ဒီလို သနားစရာ မင်းသားက ဘယ်လိုလုပ်ပြီး အဆင့်အတန်းမြင့်တဲ့ သိုင်းပညာကို သင်ကြားဖူးမှာလဲ... သူ့မှာ စိတ်ဝိညာဉ်သွေးကြောတစ်ခုပဲ ရှိတာ အကုန် သိနေတာပဲ.. တစ်သက်မှာ တစ်ခါ ကံကောင်းပြီး စွမ်းအားတချို့ ရလာပေမဲ့ ဒီနေ့တော့ သူ့အတွက် ထပ်ပြီး ကံမကောင်းနိုင်တော့ဘူး.. သူ့အခြေအနေ သူ မသိတာပဲ"

" အစ်ကိုခွန် ပြောတာ အမှန်ပဲ... ဘယ်လောက်တောင် ရယ်စရာကောင်းနေလဲ "

လူအုပ်ကြီးသည် ဝေရှန်းခွန်နှင့် ယန်ယွန်၏ စကားများကို လက်ခံမိကြသည်။

စိတ်ဝိညာဉ်သွေးကြော တစ်ခုသာရှိပြီး ကာလကြာရှည်စွာ ဝေဒနာခံစားခဲ့ရသူ မင်းသားငါးသည် လက်တလော အောင်မြင်မှုများဖြင့် ရေပန်းစားခဲ့သော်လည်း အနာဂတ် ကာလတွင် အောင်မြင်မှုနှင့် ဝေးကွာပေလိမ့်မည်။

ကွီဟီသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်တစ်ဖက်ကိုမြှောက်၍ ယန်ယွန်အား ထောက်ခံလိုက်သည်။

ချင်ယန်က ကျိတ်၍ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်လိုက်တော့သည်။

ဤပြိုင်ပွဲ၏ ပထမနေရာကို အရယူကာ သူ၏ ခွန်အားသန်မာမှုကို သက်သေပြရပေမည်။

"မင်းတို့သုံးယောက် စင်မြင့်ပေါ်ကို တက်လာပါ "

အကြီးအကဲဇန်းက အော်ပြောလိုက်သည်။

ပြိုင်ပွဲစင်မြင့်သည် ခန်းမ၏ အလယ်တွင် တည်ရှိပြီး မီတာတစ်ရာမက ကျယ်ဝန်း၏။

စင်မြင့်ပေါ်တွင် ချင်ယန်၊ ယုရန်ယွင်နှင့် ယန်ယွန်တို့ သာမက လူသန်ကြီး ဆယ်ယောက်နှင့် ကျားသစ်ဆယ်ကောင်တို့ ရှိနေကြသည်။

ယခုပွဲသည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်များ၏ ဝင်ခွင့်စစ်ဆေးခြင်း ဖြစ်ပြီး အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားများသည် မည်သူ အနိုင်ရမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

အကြီးအကဲဇန်းက ကျယ်လောင်စွာ အော်ပြောလိုက်ပြန်သည်။

" တစ်ခု သိထားရမှာက ဒီကောင်တွေက ပြေးလွှားရှောင်တိမ်းနေမှာဖြစ်ပြီး မင်းတို့ကို လုံးဝ မတိုက်ခိုက်ဘူး ဆိုတာပဲ.. ငါအမှတ်စဉ် ရေတွက်ပေးမယ်.. အမှတ်စဉ်ဆုံးတာနဲ့ စစ်ဆေးမှု စပြီ "

ယန်ယွန်နှင့် ယုရန်ယွင်တို့ နှစ်ဦးသည် ကလေးအရွယ်မှ စ၍ အကြီးအကဲများနှင့် အတူ အမဲလိုက်ပွဲများတွင် ပါဝင်ခဲ့ဖူးသော အတွေ့အကြုံများ ရှိကြသည်။

ယခု သားရဲများသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသားရဲများ မဟုတ်ကြပေ။

သာမန် သားရဲများသာဖြစ်ပြီး လျင်မြန်သော အားသာချက်ကြောင့် ဖမ်းဆီးရန် ခက်ခဲသည့် အချက်သာ ရှိကြသည်။

" တစ်...နှစ်.. သုံး.. စတော့ "

အကြီးအကဲကျန်း၏ ကျယ်လောင်သော အမှတ်စဉ် ရေတွက်သံ ထွက်ပေါ်လာပြီး လူသန်ကြီး ဆယ်ယောက်သည် ထိန်းချုပ်ထားသော ကျားသစ်များကို လွှတ်ပေးလိုက်တော့သည်။

ကျားသစ်များသည် ဟိန်းဟောက်သံများ ပြုလိုက်ကြပြီး ကျယ်ဝန်းသော စင်မြင့်၏ နေရာအနှံ့အပြားသို့ ပြေးလွှားနေကြ၏။

ချင်ယန်က ပွဲမစတင်မီကပင် တိမ်မီးတောက်ခြေလှမ်းသိုင်းကို အသုံးပြုရန်အတွက် ချီစွမ်းအင်များကို စုစည်းထားခဲ့သည်။

သို့သော် အကြီးအကဲဇန်း၏ အော်ဟစ်သံသည် သူ စုစည်းထားသော ချီစွမ်းအင်များကို တစစီ ပြိုကွဲသွားစေခဲ့သည်။

ယခုအခါ ချင်ယန်သည် တိမ်မီးတောက်ခြေလှမ်းသိုင်း၏ ချီစွမ်းအင်များကို ပြန်လည် စုစည်းနေရသည်။

ယုရန်ယွင်နှင့် ယန်ယွန်တို့သည်လည်း ချင်ယန်နှင့် အတူတူပင် ဖြစ်သည်။

ကိုယ်ဖော့ပညာကို အသုံးပြုရန် ကြိုတင်ပြင်ဆင်ထားသော ချီစွမ်းအင်များ ပြိုကွဲသွားကြသဖြင့် တုန်လှုပ်သွားခဲ့ကြသည်။

" အခုမှ ကိုယ်ဖော့ပညာကို အသုံးပြုဖို့အတွက် ချီစုစည်းမှု စတင်တာ... သူတို့တွေက အစောကြီးကတည်းက ချီစွမ်းအင်တွေ ကြိုစုစည်းထားကြတယ်.. ဒါကြောင့် ဌာနမှူးက ပြိုကွဲအောင် လုပ်လိုက်တာ.. အခုဆို သူတို့သုံးယောက်က တစ်ချိန်တည်း ပြန်လည် စတင်ရတဲ့အတွက် စမှတ် အတူတူ ဖြစ်သွားခဲ့ပြီ "

" ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ယန်ယွန်ပဲ အမြန်ဆုံးဖြစ်မှာ.. သူရဲ့ပညာက ပျံလွှားငှက် ပျံသန်းခြင်း ခြေလှမ်းလေ...ယုရန်ယွင်နဲ့ ချင်ယန် တို့ရဲ့ ပညာက ပျံလွှားငှက် ပျံသန်းခြင်း ခြေလှမ်းကို ဘယ်လိုမီပါ့မလဲ "

စီနီယာကျောင်းသား အချို့၏ မှတ်ချက်ပြုသံများ ထွက်ပေါ်လာသည်။

" ပျံလွှားငှက် ပျံသန်းခြင်း ခြေလှမ်းက အဆင့်မြင့် ကိုယ်ဖော့ပညာတွေ ထဲမှာတော့ ထိပ်တန်းပဲ "

ဝေရှန်းခွန်က ဂုဏ်ယူဟန်ဖြင့် ပြုံးလိုက်သည်။

ယန်ယွန်နှင့် လက်ထပ်ပြီးလျှင် သူသည်လည်း ပျံလွှားငှက်ပျံသန်းခြင်း ခြေလှမ်း ကိုယ်ဖော့သိုင်းပညာကို ရရှိပေလိမ့်မည်။

ယန်ယွန်သည် ပျံလွှားငှက်ပျံသန်းခြင်း ခြေလှမ်းပညာ အပေါ် အလွန်အမင်း ယုံကြည်မှုရှိခဲ့သည်။

သူမက ချီစုစည်းမှု ပြုလုပ်နေသော ချင်ယန်နှင့် ယုရန်ယွင်တို့ကို အထင်သေးသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော် ယန်ယွန်သည် မြင်လိုက်ရသော မြင်ကွင်းကြောင့် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။

အကြောင်းရင်းမှာ ချင်ယန်သည် မာန်သွင်း အော်ဟစ်လိုက်ပြီး လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်း ကဲ့သို့ ခုန်ထွက်သွားသည်ကို မြင်လိုက်ရ၍ပင်။

ထိုမြင်ကွင်းကြောင့် တစ်ယောက် တစ်ပေါက် ဆွေးနွေးနေကြသော လူအုပ်ကြီးသည် အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့ကြ၏။

ချင်ယန်က ကိုယ်ဖော့ပညာကို အသုံးပြု၍ စတင် လှုပ်ရှားနိုင်သည်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားကြသည်။

ချင်ယန်က တိမ်စိုင်တစ်ခုပမာ ပေါ့ပါးစွာ ပြေးလွှားနေရင်း စက္ကန့်အနည်းငယ်အတွင်း ကျားသစ်တစ်ကောင် အနီး ရောက်ရှိသွားခဲ့ကာ ကျားသစ်လည်ပင်းတွင် ချိတ်ဆွဲထားသော သစ်သားပြားကို ဖြုတ်ယူလိုက်သည်။

သစ်သားပြားကို ရရှိပြီးသည်နှင့် ချင်ယန်က ဆယ်မီတာခန့်အဝေးသို့ ခုန်ဆုတ်လိုက်သည်။

ချင်ယန်က ဆက်တိုက်ပင် ခုန်လွှားကာ အခြား ကျားသစ်တစ်ကောင် အနီးသို့ ချဉ်းကပ်သွားပြန်သည်။

ကျားသစ်သည် စက်ဝိုင်းသဏ္ဌာန် ပြေးနေရာကနေ လျှင်မြန်စွာ ခုန်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ရဲရင့်စွာ ဝင်ရောက်လာသော ချင်ယန်၏ လက်မှ မလွတ်ခဲ့ချေ။

နောက်ဆုံးတွင် သူ၏ လည်ပင်းမှ သစ်သားပြားသည် ချင်ယန်၏ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ရ၏။

အချိန်တိုအတွင်း သစ်သားပြား နှစ်ခု ရရှိသွားသော ချင်ယန်ကို ကြည့်၍ လူအုပ်ကြီးသည် မှင်သက်ကာ အံ့အားသင့်နေကြတော့သည်။

အခန်း(၂၁) ပြီး၏

All Chapters