← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း(၂၂)

ယုရန်ယွင်နှင့် ယန်ယွန်တို့သည် စတင်ရွေ့လျားနိုင်ခြင်း မရှိကြသေးပေ။

ချင်ယန်က ကိုယ်ဖော့ပညာကို အသုံးပြု၍ လှုပ်ရှားနေခြင်းကို မြင်နေရသော လူအုပ်ကြီးသည် အံ့ဩဘနန်း ဖြစ်နေကြ၏။

ကျောင်းသားသစ်များ ကြားတွင် ယန်ယွန်သည် ကိုယ်ဖော့ပညာ အကောင်းဆုံးဟု မှတ်ချက်ပြုခြင်း ခံထားရသူ ဖြစ်သည်။

သို့သော် ယခုအခါ ချင်ယန်သည် သူမထက် ပိုမို သာလွန်စွာ အစွမ်းပြနေခဲ့သည်။

" ယန်ယွန်က ပျံလွှားငှက် ပျံသန်းခြင်း ခြေလှမ်းအတွက် ချီစုစည်းမှုကို အနည်းဆုံး စက္ကန့်ငါးဆယ်လောက် ကြာတယ်... ချင်ယန်က စက္ကန့်အနည်းငယ်ပဲ ကြာတယ်... သူ ဘယ်လိုများ လုပ်လိုက်တာလဲ.. သူရဲ့ ကိုယ်ဖော့ပညာစွမ်းရည်က အ​သေးစား အောင်မြင်မှု အဆင့်ကိုတောင် ရောက်ရှိနေပြီ "

အကြီးအကဲဇန်းက မျက်ခုံးဖြူကြီးများကို ပင့်တင်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ရန်ရှီးယုသည် ချင်ယန်၏ လှုပ်ရှားမှုကို ကြည့်ရှုနေရာကနေ သူမ၏ ခေါင်းထဲတွင် သတိပေးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

ချင်ယန်သည် တိမ်မီးတောက်ခြေလှမ်းသိုင်းကို မနေ့ကမှ ရရှိခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိ လှုပ်ရှားမှုအရ အောင်မြင်မှုတချို့ ရရှိနေပြီ ဖြစ်ကြောင်း ပြသခဲ့သည်။

ယခင်ကလည်း အနက်ရောင် အတွင်းအားသိုင်းကို တစ်ညအတွင်း ထင်မထားလောက်အောင် ကျင့်ကြံနိုင်ခဲ့၏။

ချင်ယန်က တစ်ညအတွင်း မည်ကဲ့သို့ အပင်ပန်းခံကာ လေ့ကျင့်ခဲ့သည်ကို ရန်ရှီးယု မသိချေ။

ယခု ချင်ယန်က ငါးစက္ကန့်အတွင်း လှုပ်ရှားမှုကို ပြုလုပ်နိုင်ခဲ့ရာ သူမ အနေဖြင့် မည်သို့မျှ မျှော်လင့်မထားသော တိုးတက်မှုမျိုး ဖြစ်သည်။

ထိုအချင်းအရာများ အရ ချင်ယန်သည် နားလည်နိုင်စွမ်း အလွန်မြင့်မားသူ ဖြစ်ကြောင်း ထင်ရှားနေခဲ့၏။

ချင်ယန်က ကျောင်းသားသစ် အားလုံးထဲတွင် အထူးချွန်ဆုံး ပါရမီရှင် တစ်ယောက် ဖြစ်ပြီး သိုင်းပညာသင်ယူရန် အသင့်တော်ဆုံး ဖြစ်ကြောင်း ရန်ရှီးယု သေချာပေါက် ယုံကြည်ခဲ့၏။

" ရန်ရှီးယု... ဟွာလင်းဝုကျောင်းမှာ ဆရာတွေ အနေနဲ့ မိမိရဲ့ ကျောင်းသားကို စိတ်ဝိညာဉ်အဆင့် သိုင်းပညာ သင်မပေးရဘူးလို့ တားမြစ်ထားတယ်... နင်က စည်းကမ်းကို ချိုးဖောက်လိုက်တာပဲ... ငါ့ကို မြန်မြန်ပြောပြစမ်း.. ချင်ယန်ကို ဘယ် ကိုယ်ဖော့သိုင်းပညာ သင်ပေးထားတာလဲ"

ကွီဟီသည် ဒေါသစိတ်နှင့် မနာလိုစိတ် နှစ်ခု ဒွန်တွဲကာ အဝေးကနေ ရန်ရှီးယု၏ နာမည်ကို ခေါ်၍ အော်ဟစ်လိုက်သည်။

အချိန်ကြာမြင့်စွာ စောင့်စားနေခဲ့သော ရန်ရှီးယုသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်တော့သည်။

သူမ အနေဖြင့် ဂရုဏာထား၍ ငဲ့ညှာရန် အကြောင်းမရှိချေ။

ရန်ရှီးယုထံမှ ပြက်ရယ်ပြုသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

"ကွီဟီ... ချင်ယန်ရဲ့ ကိုယ်ဖော့ပညာကို နင်မသိတာ အံ့ဩမိပါရဲ့.. နင် သိတဲ့ကိုယ်ဖော်သိုင်းက ပျံလွှားငှက် ပျံသန်းခြင်း တစ်မျိုးပဲ ရှိတာလား.. ရေတွင်းထဲက ဖားသူငယ်လို အသိမျိုးနဲ့ ရှင့်ရဲ့ ကျောင်းသားတွေကို သင်ပေးနေတာ အံ့သြစရာပဲ.. ဟွာလင်းဝုကျောင်းမှာ ရှင့်လို အရှက်မရှိတဲ့ ဆရာမ ရှိတာ ရှက်စရာသိပ်ကောင်းတယ် "

ထိုအခိုက်တွင် ကျောင်းသားတစ်ဦး ထံမှ အံ့အားသင့်စွာ ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။

"ချင်ယန် ပြသနေတဲ့ ကိုယ်ဖော့ပညာက ကျောင်းအုပ်ကြီးရဲ့ တိမ်မီးတောက်ခြေလှမ်းသိုင်းပဲ "

ထိုစကားကြောင့် လူအုပ်ကြီး ထံမှ အံ့အားသင့်စွာ ဆွေးနွေးပြောဆိုသံများ ဆူညံသွားတော့သည်။

ကွီဟီ၏ မျက်နှာက နီရဲသွားခဲ့သည်။

သူမက အလွန် ရှက်သွားခဲ့ရသည်။

ကျောင်းသားများပင် မြင်ရုံဖြင့် ချင်ယန်၏ ကိုယ်ဖော့ပညာကို သိကြသော်လည်း သူမက မသိခဲ့ပေ။

အဆိုးဆုံးအချက်မှာ ထိုတိမ်မီးတောက်ခြေလှမ်းသည် ကျောင်းအုပ်ကြီး အသုံးပြုသော ပညာရပ် ဖြစ်နေခြင်းပင်။

လူအချို့မှ ချင်ယန်သည် ကျောင်းသားသစ် ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် အတွက် အဆင့်မြင့်သိုင်းပညာရပ် နှစ်ခု ဆုလဒ် ရရှိခဲ့သည်ကို သတိရသွားကြသည်။

တိမ်မီးတောက်ခြေလှမ်းသိုင်းသည် ဆုများအနက်မှ သူ၏ ရွေးချယ်မှု တစ်ခု ဖြစ်ပေမည်။

တိမ်မီးတောက်ခြေလှမ်းသိုင်းသည် အဆင့်မြင့်သိုင်းပညာရပ် တစ်ခု ဖြစ်သော်လည်း မည်သူမှ ရွေးချယ် လေ့ကျင့်ခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အရှိန်အဟုန် အလွန်မြန်ဆန်သော်လည်း ရက်အနည်းငယ်ဖြင့် အောင်မြင်စွာ လေ့ကျင့်နိုင်ခြင်း မရှိသောကြောင့်ပင်။

ကျောင်းသားအများစုသည် ထိုပညာရပ်အစား လေ့ကျင့်ရ လွယ်ကူမြန်ဆန်သည့် အခြား ပညာရပ်များကိုသာ လေ့ကျင့်ကြ၏။

ဆရာတစ်ဦး ထံမှ ရေရွတ်သံ ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။

"ချင်ယန်က နားလည်နိုင်စွမ်း မြင့်မားတဲ့ပါရမီရှင်များလား.. ဒီလို ပါရမီရှင်တွေက သိုင်းပညာအားလုံး အပေါ်မှာ နားလည်နိုင်စွမ်း အရမ်းမြင့်မားပြီး ဆရာ မရှိရင်တောင်မှ နားလည်နိုင်စွမ်း ရှိကြတယ်... ဒါကြောင့်လဲ အနက်ရောင် အတွင်းအား ကျင့်စဥ်ကို လျင်လျင်မြန်မြန်နဲ့ ကျွမ်းကျင်သွားတာ ဖြစ်မယ် "

ထိုအချိန်တွင် ချင်ယန်သည် သစ်သားပြား သုံးခုကို ရရှိခဲ့ပြီ ဖြစ်သည်။

နောက်ဆုံး၌ ယန်ယွန် လှုပ်ရှားလာခဲ့ချေပြီ။

သူမ၏ လှုပ်ရှားမှုက အလွန်လှပ၏။

အားပေးအော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

သူမသည် ရွယ်တူကျောင်းသားများ ကြားတွင် ကိုယ်ဖော့ပညာ ထူးချွန်သူ ဖြစ်သည်။

ချင်ယန်သည် ကျားသစ်တစ်ကောင်ကို ဖမ်းဆီးရန် ကြိုးစားနေစဉ် အလွန်ပြင်းထန်သော အရှိန်အဟုန် တစ်ခုက သူ့အား ဖိနှိပ်လာသည်ကို ခံစားလိုက်ရသည်။

ယန်ယွန်က အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် သူ့ထံသို့ ပြေးလာနေခြင်း ဖြစ်သည်။

သူမက ချင်ယန် ဖမ်းဆီးရန် ကြိုးစားနေသော ကျားသစ်ထံမှ သစ်သားပြားကို လုယူရန် တမင်ရည်ရွယ်ကာ ဖိအားပေးလိုက်ခြင်းပင်။

သူမ လိုချင်သည့်အတိုင်း ချင်ယန်၏ ရှေ့သို့ အလွယ်တကူ ကျော်တက် ရောက်ရှိသွားခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ ဆရာ တစ်ဦးမှ သူ၏ ကျောင်းသားများကို ရှင်းလင်းပို့ချနေ၏။

" ချင်ယန်ရဲ့ ကိုယ်ဖော့ပညာက သူ့ရဲ့ ချီစွမ်းအင်ကို ထုတ်ဖော်အသုံးပြုတာ.. ဒါကြောင့် သူ၏ ခြေလှမ်းတွေက အရိုင်းဆန်နေတယ်.. တစ်နည်းပြောရရင် လျင်မြန်ပေမဲ့ ဒီပညာကို အသားမကျသေးဘူး.. ပညာရပ်တစ်ခုကို ကျွမ်းကျင်နိုင်နင်းဖို့က အရေးအကြီးဆုံးပဲ...ယန်လေးရဲ့ ခြေလှမ်းတွေက ပညာရပ်အပေါ်မှာ နားလည်နိုင်စွမ်းနဲ့ ခွန်အားကို မျှမျှတတ အသုံးပြုထားတာဖြစ်လို့ သိမ်မွေ့နက်နဲပြီး လှပသလို အရမ်းလည်း မြန်ဆန်တယ်"

ဝေရှန်းခွန်က ထိုစကားကို ထောက်ခံလိုက်ပြီး ချင်ယန်ကို လှောင်ပြောင်လိုက်သည်။

"ဒါကို ကြည့်ရုံနဲ့ ချင်ယန်က အခြေခံ အရမ်းအားနည်းတာ ထင်ရှားတယ်.. သူက ခြေလှမ်းသိုင်းကို အသုံးပြုနိုင်ပေမဲ့ စနစ်တကျ မထိန်းချုပ်နိုင်သေးဘူး"

ပြိုင်ပွဲစင်မြင့် ပေါ်တွင် ယန်ယွန်သည် ချင်ယန်ထက် ပိုမိုသာလွန်စွာ လှုပ်ရှားနေခဲ့၏။

ပတ်ဝန်းကျင်တွင် ယန်ယွန်၏ ကိုယ်ဖော့ပညာစွမ်းရည်ကို ချီးကျူးသံများဖြင့် ဆူညံနေသည်။

ယန်ယွန်သည် အမှန်ပင် လျှင်မြန်လွန်းနေ၏။

သူမက ပြေးလွှားနေသော ကျားသစ်၏ လည်ပင်းမှ သစ်သားပြားကို ဖြုတ်ယူရန် ကြိုးစားနေခဲ့သည်။

ချင်ယန်သည် ထိုမြင်ကွင်းကို ကြည့်ကာ အံကြိတ်လိုက်မိသည်။

သူက မည်သည့်နည်းနှင့်မှ အရှုံးမခံနိုင်ပေ။

ယန်ယွန်က မီလုမီခင် အနေအထားရောက်ပြီးမှ ကျားသစ်ကို လက်လွတ်လိုက်ရပြန်သည်။

သို့သော် သူမက အရှိန်ကို ပိုမို မြှင့်တင်လိုက်ပြီး ချင်ယန်၏ တည့်တည့်သို့ ပြေးဝင်လာခဲ့သည်။

ယင်းက တမင်ရည်ရွယ်၍ ရန်စလိုက်ခြင်းပင် ဖြစ်သည်။

ချင်ယန်၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ဖိနှိပ်လာခဲ့သည်။

ရုတ်တရက် သူ၏ စိတ်ထဲတွင် တိမ်မီးတောက်ခြေလှမ်းသိုင်းမှ ပညာရပ် တစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူက "တိမ်ပျံခြေလှမ်း"ပညာရပ်ကို ရုတ်တရက် ဉာဏ်အလင်းရကာ နားလည်သွားခဲ့ခြင်းပင်။

သူ၏ ခြေထောက်နှင့် လေထုကြားတွင် ထူထပ်သော အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စင်မြင့်ပေါ်တွင် လေခွင်းသံများ ဆူညံစွာ ပေါ်ထွက်လာခဲ့၏။

သိမ်မွေ့နက်နဲသော ခြေလှမ်းပညာရပ်ကို ချက်ချင်း နားလည်သွားသည့်အပေါ် သူကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။

ယန်ယွန်သည် သစ်သားပြားကို လက်ဖြင့် ထိရန် အနည်းငယ်သာ လိုတော့သည့် အချိန်တွင် နီးကပ်လာသော အားလှိုင်း တစ်ခုကြောင့် နောက်သို့ လှည့်ကြည့်လိုက်မိသည်။

ထိုအခါ သူမနှင့် လွန်စွာ နီးကပ်နေပြီး အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ချင်ယန်ကို အံ့ဩဖွယ် မြင်တွေ့လိုက်ရသည်။

ယန်ယွန်က မူးမေ့လဲကျမတတ် ခံစားလိုက်ရ၏။

အကြောင်းရင်းမှာ သူမ ရယူရန် ကြိုးစားနေသော သစ်သားပြားကို ချင်ယန်မှ ရယူသွားခြင်းကြောင့်ပင်။

ချင်ယန်က သစ်သားပြားကို ရယူပြီးသည်နှင့် အခြားကျားသစ်တစ်ကောင် ထံသို့ ဦးတည်လိုက်ပြန်သည်။

ချင်ယန်၏ လှုပ်ရှားမှုက ယန်ယွန်ကို အလွန်တရာ အံ့အားသင့်စေခဲ့သည်။

သူမ ရှုံးနိမ့်ရတော့မည်လော။

ဝေရှန်းခွန်၏ မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသည်။

ပျံလွှားငှက်ပျံသန်းခြင်း ပညာရပ်ကို အထင်ကြီးနေသော သူ၏ မျက်နှာက ရှုံ့မဲ့နေခဲ့၏။

ချင်ယန်က တိမ်ပျံခြေလှမ်းကို နားလည်ပြီးနောက်တွင် တိမ်မီးတောက်ချီစွမ်းအားဖြင့် လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့သည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ်ကို လေထဲတွင် ကောင်းစွာ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။

ထိုအခြေအနေသည် အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။

လူအုပ်ကြီးသည် သူတို့၏ မျက်စိများကို မယုံနိုင်အောင် ဖြစ်နေမိကြသည်။

ဤကမ္ဘာတွင် အပျော်ဆုံးလူသည် ရန်ရှီးယုဟုပင် ပြောနိုင်လောက်၏။

သူမက ကွီဟီကို အကဲခတ်လိုက်သည်။

ကွီဟီ၏ မျက်နှာက သွေးဆုတ်ဖြူရော်နေ၏။

အခြေအနေအရ ချင်ယန်သည် ကောင်းကင်ခြင်္သေ့ခန်းမ၏ ပထမနေရာကိုပင် ခြိမ်းခြောက်နေပြီ ဖြစ်သည်။

" ယန်လေး.. မြန်မြန်လှုပ်ရှား.. ယုရန်ယွင်နဲ့ ပူးပေါင်းဆောင်ရွက် "

ကွီဟီက စင်မြင့်ပေါ်သို့ လှမ်း၍ အော်ဟစ် ညွှန်ကြားနေခဲ့သည်။

စိုးရိမ်စိတ်ကြောင့် ကွီဟီ၏ မျက်လုံးများ နီရဲလာခဲ့သည်။

သူမ ရှုံးသွားခဲ့လျှင် သလင်းကျောက်ပြား လေးသောင်းကို အလကားသက်သက် ဆုံးရှုံးရမည် မဟုတ်ပါလား။

"အရူးမ.. နင် အရမ်းနှေးလွန်းတယ် "

ယန်ယွန်က နောက်သို့ ပြန်လာပြီး ယုရန်ယွင်ကို ဒေါသဖြင့် ဆူလိုက်သည်။

" နင် အခုထိ ချီစွမ်းအင် လှည့်ပတ်လို့ မပြီးသေးဘူးလား.. မြန်မြန်လုပ်စမ်းပါ.. ဒီအတိုင်းဆို ငါတို့ ရှုံးသွားလိမ့်မယ် "

ယုရန်ယွင်က လူကြားထဲတွင် အရူးမဟု အပြောခံလိုက်ရသဖြင့် စိတ်ဆိုးသွားခဲ့သည်။

သို့သော် ယန်ယွန်က အမတ်ကြီးယန်၏ မြေး ဖြစ်နေရာ သူမအနေဖြင့် ပြန်ပြောရန် သတ္တိမရှိချေ။

" ချင်ယန်က နောက်တစ်ခု ရသွားပြန်ပြီ "

သူမတို့ နှစ်ဦး အငြင်းပွားနေစဉ်မှာပင် ချင်ယန်သည် ငါးခုမြောက် သစ်သားပြားကို ရရှိသွားခဲ့သည်။

ယုရန်ယွင်သည် နောက်ဆုံး၌ သူမ၏ ကိုယ်ဖော့ပညာကို အသုံးပြု၍ ရပြီ ဖြစ်သည်။

ယန်ယွန်သည် ယုရန်ယွင်၏ ကိုယ်ဖော့ပညာ မညံ့သည်ကို အကဲခပ်လိုက်မိသည်။

ချီစွမ်းအင် လှည့်ပတ်မှုသာ အနည်းငယ် ကြန့်ကြာနေခြင်းဖြစ်မှန်း သိလိုက်ရ၏။

သူမတို့နှစ်ဦးက အကြီးဆုံး ကျားသစ်ဆီသို့ ဦးတည် ရွှေ့လျားလိုက်ကြသည်။

ယန်ယွန်သည် ကျားသစ်ဆီမှ သစ်သားပြားကို ရယူရန် ကြိုးစားခဲ့သော်လည်း ကျားသစ်သည် သူမ၏ လက်မှ ပွတ်ကာသီကာ လွတ်သွားခဲ့သည်။

ယင်းအချိန်၌ပင် မီးတောက်သဏ္ဌာန် တစ်ခုသည် သူမကို ဖြတ်ကျော်သွားခဲ့သည်။

ထိုသူမှာ ချင်ယန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

ချင်ယန်၏ လှုပ်ရှားမှုက လျင်မြန်လွန်းသဖြင့် မီးရောင်တစ်ချက် လက်သွားသည်ကိုသာ မြင်လိုက်ရပြီး အကြီးဆုံးကျားသစ် ထံမှ သစ်သားပြားကို ယူဆောင်သွားခဲ့သည်။

ချင်ယန်က သစ်သားပြား ခြောက်ခုကို ရရှိခဲ့ပြီး ဖြစ်သော်လည်း ထပ်မံ၍ ရယူရန် ဆုံးဖြတ်လိုက်သည်။

အစောပိုင်းက ယန်ယွန်သည် ချင်ယန် ထံမှ သစ်သားပြားများကို လုယူရန် ကြိုးပမ်းခဲ့သော်လည်း ယခုအခါ ချင်ယန်က သူမ လက်ထဲကျရောက်ခါနီး သစ်သားပြားကို လုယူသွားပြီ ဖြစ်သည်။

" နင်... "

ယန်ယွန်က မကျေမနပ်ဖြစ်ကာ အော်ဟစ်ရန် ဟန်ပြင်နေစဉ်မှာပင် ချင်ယန်သည် အခြား ကျားသစ်တစ်ကောင် ထံမှ သစ်သားပြားကို အလွယ်တကူ ယူဆောင်သွားပြန်သည်။

အခန်း(၂၂) ပြီး၏

All Chapters