အခန်း ၂၄
Vol. 3 Ch. 24
အခန်း(၂၄)
ကွီဟီက စင်မြင့် အလယ်တည့်တည့်တွင် ရပ်နေခြင်းဖြစ်ရာ ချင်ယန်က စင်မြင့် အစွန်တွင် ရပ်လိုက်သည်။
ချင်ယန်က ကွီဟီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပြီး အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထို့နောက် တိမ်မီးတောက်ခြေလှမ်းသိုင်းဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးသွားခဲ့သည်။
ချင်ယန် တိမ်မီးတောက်ခြေလှမ်းကို ထုတ်ဖော်လိုက်ချိန်တွင် အလွန် ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာခဲ့၏။
ထိုစွမ်းအားနှင့် အခြား သိုင်းစွမ်းရည်များ ပေါင်းစပ်၍ တိုက်ခိုက်ပါက စွမ်းအား ပိုမို ပြင်းထန်လာပေလိမ့်မည်။
ချင်ယန်သည် တိမ်ပျံခြေကွက်ကို အသုံးပြုလိုက်သည်နှင့် လှုပ်ရှားမှုက ပိုမို မြန်ဆန်သွားခဲ့သည်။
သူ၏ ကိုယ်တွင်းမှ စွမ်းအင်များသည် နဂါးတစ်ကောင် အလား ထွက်ပေါ်လာခဲ့၏။
"ဒါက တိမ်မီးတောက်ခြေလှမ်းသိုင်းရဲ့ တိမ်ပျံခြေလှမ်းပဲ... သူရဲ့ သင်ယူမှု ဒီလောက်မြန်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး"
ချင်ယန်ကို ကြည့်၍ အကြီးအကဲဇန်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ရုတ်တရက် ချင်ယန်၏ ခြေထောက်ကနေ လေလှိုင်းများ ဖြစ်ပေါ်လာခဲ့ပြီး နဂါးဟိန်းသံကဲ့သို့ အသံများက မိုးခြိမ်းသံ တမျှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ကွီဟီသည် ထိုအခြေအနေကို တွေ့သော်လည်း အထင်သေးစွာပင် မထီတရီ ပြုနေခဲ့သည်။
ထိုအခိုက် ချင်ယန်က အလွန်လျင်မြန်စွာဖြင့် မျက်စိတစ်မှိတ်အတွင်း သူမ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ချင်ယန် ထုတ်ဖော်လိုက်သော လက်သီးချက်သည် ရွှီခနဲ အသံမြည်အောင် လေထုကို ထိုးခွဲသွားခဲ့သည်။
ပြင်းထန်သော အားအင်များ ပါဝင်နေသည့် လက်သီးချက်သည် ကွီဟီ၏ ဝမ်းဗိုက်သို့ ဦးတည်နေခဲ့၏။
ကွီဟီက ကံမကောင်းစွာဖြင့် ခုခံရန်ပင် အသင့်မဖြစ်ခဲ့ချေ။
သူမ ကြိုတင်၍ စဉ်းစားထားသည်မှာ ချင်ယန် တိုက်ခိုက်လာလျှင် သူမ၏ အတွင်းအားများကို ချက်ချင်း ထုတ်ဖော်၍ ခုခံရန် ဖြစ်သည်။
သူမက ချင်ယန်ကို အတွင်းအားဖြင့် လွင့်ထွက်သွားအောင် လုပ်ရန် စီစဥ်ထားခဲ့၏။
သို့သော်လည်း အခြေအနေသည် သူမ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ချေ။
တဒင်္ဂအတွင်း ချင်ယန်၏ လှုပ်ရှားမှုသည် ထင်မှတ်မထားလောက်အောင် မြန်ဆန်လွန်းနေ၏။
ကွီဟီသည် အထိတ်တလန့် ခုခံရန် ကြိုးစားလိုက်သော်လည်း ပြင်းထန်သော လက်သီးချက်ဖြင့် သူမ၏ ဝမ်းဗိုက်ကို အရှိန်ပြင်းစွာ ထုနှက်ခြင်း ခံလိုက်ရကာ လေထဲ လွင့်ထွက်သွားခဲ့သည်။
"အား"
ကွီဟီထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်သို့ ကိုးရိုးကားယားဖြင့် အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ လူအားလုံး၏ အသံများက တိတ်ဆိတ်သွားပြီး အံ့ဩတုန်လှုပ်ကုန်ကြသည်။
ကွီဟီ အမှန်တကယ် လွင့်ထွက်သွားခဲ့၏။
ယင်းသို့ဖြစ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြချေ။
"ကျေးဇူးပဲ ဆရာမကွီဟီ"
ချင်ယန်၏ နောက်ပြောင်ကျီဆယ်သံက မှင်သက်ကာ ငြိမ်သက်သွားကြသူများ၏ စိတ်အာရုံကို လှုပ်နှိုးလိုက်သည်။
လူအားလုံး၏ စိတ်ထဲတွင် ကွီဟီက ချင်ယန်ကို အရိုးစွဲအောင် မုန်းတီးနေမှန်း သိကြသည်။
သူမ အနေဖြင့် တမင်သက်သက် အရှုံးပေးခြင်း မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ကွီဟီက အာစေးမိနေသူတစ်ဦးပမာ မည်သည့်စကားမှ ပြန်မပြောနိုင်ပေ။
သူမက လက်သည်းများဖြင့် ကြမ်းခင်းကိုသာ ကုတ်ခြစ်နေမိသည်။
"ချင်ယန်က စစ်ဆေးမှုကို အောင်မြင်သွားတဲ့ အတွက် နောက်ငါးရက်အကြာမှာ ပြုလုပ်မယ့် ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ရသွားပါပြီ"
စင်မြင့်ပေါ်ရှိ ချင်ယန်ကို ကြည့်နေသော အကြီးအကဲဇန်း၏ မျက်လုံးများတွင် ချီးကျူးဟန်များ ပေါ်နေခဲ့သည်။
ချင်ယန်က ယွမ်အားတိုးဆေး တစ်လုံးကို ထပ်မံ ရရှိလိုက်သည်။
"သူက ဆေးဆယ်လုံး ရရင်တောင် အလကားပဲ...ဘာလို့လဲဆိုတော့ သူ့မှာရှိတဲ့ စိတ်ဝိညာဉ်သွေးကြော တစ်ခုတည်းနဲ့ ဆေးစွမ်းအားတွေရဲ့ ဆယ်ရာခိုင်နှုန်းပဲ စုပ်ယူနိုင်မှာမို့လို့ပဲ"
ဝေရှန်းခွန်က အထင်သေးစွာ ကဲ့ရဲ့လိုက်သည်။
သူ၏ မျက်ဝန်းတွင် မနာလိုသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
"အစ်ကိုခွန်က သူ့ထက်ပိုပြီး အရည်အချင်း အများကြီးရှိတယ်.. ပြီးတော့လည်း အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ မှော်အစီရင် ရေးဆွဲသူ တစ်ဦး ဖြစ်လာမှာပဲ.. ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲကျရင် အစ်ကို့အနေနဲ့ ဒီဘဝင်ရူးကို သင်ခန်းစာကောင်းကောင်း ပေးသင့်တယ်"
ယန်ယွန်က ခပ်တိုးတိုး ပြောလိုက်သည်။
"ငါ သူ့ကို သေချာပေါက် သင်ခန်းစာပေးမှာပါ"
ဝေရှန်းခွန်က အေးစက်စက် ပြောလိုက်သည်။
သူ၏ မျက်ဝန်းတွင် ရက်စက်သော အငွေ့အသက်များ တလက်လက် တောက်ပနေခဲ့သည်။
ဆရာတပည့်နှစ်ဦးသည် ပျော်ရွှင်စွာဖြင့် ကောင်းကင်ခြင်္သေ့ခန်းမကနေ ထွက်ခွာလာခဲ့ပြီး ဝါးတောလေး အတွင်းရှိ ရန်ရှီးယု၏ နေအိမ်သို့ ပြန်သွားခဲ့ကြသည်။
"အရင်ဆုံး ယွမ်အားတိုးဆေးကို စားလိုက်ပါ.. ပြီးရင် မင်းကို အလင်းမီးတောက်လက်သီးသိုင်း သင်ပေးမယ်... မင်းက နားလည်နိုင်စွမ်း အရမ်းကို မြင့်မားတယ်... ဒီပညာရဲ့ သော့ချက်ကို ငါးရက်အတွင်း ဆုပ်ကိုင်နိုင်လောက်တယ်... ဒီပညာရပ်ကို အသုံးပြုနိုင်မှ ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲမှာ မင်းအတွက် ရလဒ်ကောင်းလိမ့်မယ်"
"အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ရရင် မင်းရဲ့ သိုင်းပညာ ပိုအစွမ်းထက်လာလိမ့်မယ်... ဒါပေမဲ့ ခရမ်းရွှေ မီးတောက် သိုင်းဝိညာဉ်က ဒီခြားနားချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ... ယွမ်အားတိုးဆေး စားပြီးရင် မင်းရဲ့ ခွန်အားတွေ တိုးလာပါလိမ့်မယ်"
ရန်ရှီးယု အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
ချင်ယန်သည် ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲတွင် အနိုင်ရ၍ ပထမရခဲ့လျှင် ဟွာလင်းဝုကျောင်း၏ သမိုင်းကြောင်းတစ်လျှောက် အသန်မာဆုံး ကျောင်းသားသစ် အဖြစ် မှတ်တမ်းတင်နိုင်မည် ဖြစ်သည်။
ထို့ပြင် ချင်ယန်သာ ပထမနေရာ ရခဲ့လျှင် ကောင်းကင်ခြင်္သေ့ရေကန်သို့ ဝင်ရောက်ခွင့်ရမည် ဖြစ်ပြီး ခွန်အားက တစ်ရှိန်ထိုး တိုးတက်သွားမည် ဖြစ်သည်။
ထိုအရာကို စဉ်းစားမိလျှင် သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ကျေနပ်ပီတိဖြစ်နေသော ရန်ရှီးယုကို ကြည့်ကာ ချင်ယန်လည်း ပျော်ရွှင်နေခဲ့သည်။
ထို့နောက် ချင်ယန်က ပြောလိုက်သည်။
"ဆရာမ... ကျွန်တော့်ကို ကူညီပြီး မှော်စာလုံးအစီအရင်စာအုပ် တချို့ ရှာပေးပါလား.. ကျွန်တော့်ရဲ့ မှော်အစီအရင်အသိအမြင် တိုးတက်လာဖို့ အတွက် လေ့လာချင်လို့ပါ"
ရန်ရှီးယု၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
"မင်းရဲ့ နားလည်နိုင်စွမ်း အရည်အချင်းက အရမ်းကို မြင့်မားတယ်... မင်းက မှော်အစီအရင်ပညာရှင် ဖြစ်ချင်တယ်ဆိုရင်လည်း အစီအရင်ဆရာတစ်ဦးဦးဆီ ငါလမ်းညွှန်ပေးနိုင်ပါတယ်... ခက်တာက လူအနည်းငယ်သာ အစီအရင်ပညာရှင်တွေ ဖြစ်လာနိုင်တာပဲ.. လွယ်လွယ်နဲ့တော့ အောင်မြင်မှုရမှာ မဟုတ်ဘူး... မင်း အချိန်အများကြီး ပေးရလိမ့်မယ်.. မင်းအနေနဲ့ ကြိုးစားသင်ယူရင်တော့ မအောင်မြင်စရာ မရှိပါဘူး"
ချင်ယန်က ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဆရာမ.. ကျွန်တော့်အသက်က ငယ်သေးတယ်လေ... အနာဂတ်မှာ ကျွန်တော် မှော်အစီအရင်ဆရာ တစ်ဦး ဖြစ်လာမယ်လို့ ယုံပြီးသားပါ"
ရန်ရှီးယုက ခေါင်းညိတ်လိုက်သည်။
"ဒီလမ်းစဥ်က ကံကောင်းဖို့ လိုအပ်သလို ငွေပမာဏအချို့လည်း လိုအပ်တယ်... ငါအခု မင်းလေ့လာဖို့ စာအုပ်တွေကို ရှာပေးမယ်"
ရန်ရှီးယုက စကားကို အဆုံးသတ်လိုက်ပြီးနောက် မှော်စာလုံးအစီအရင် စာအုပ်အချို့ကို ငှားရန် ထွက်ခွာသွားခဲ့သည်။
ချင်ယန်က သူ၏ အခန်းသို့ ဝင်ရောက်သွားခဲ့သည်။
ထို့နောက် ယွမ်အားတိုးဆေးလုံးကို စုပ်ယူခြင်း.မပြုမီ အတွင်းအားများကို စတင် လှည်ပတ်လိုက်သည်။
ထိုသို့ အတွင်းအား လှည်ပတ်နေစဉ်အတွင်း တိမ်ပျံခြေလှမ်းကို ရုတ်တရက် သဘောပေါက်နားလည်သွားသည့် အကြောင်းအား စဉ်းစားလိုက်မိသည်။
"နေဝိညာဉ်စွမ်းအင်ကိုးမျိုးရဲ့ ဝိညာဥ်စွမ်းအင်ကိုးမျိုးကို စုပ်ယူမှုကြောင့် မြင့်မားတဲ့ နားလည်နိုင်စွမ်း အရည်အချင်းတွေ ရှိလာတာများလား"
သိုင်းပညာ လေ့ကျင့်သည့်အခါတိုင်းတွင် သူ့အနေဖြင့် ဉာဏ်အလင်းရ လွယ်ကူနေခဲ့၏။
"အခုချိန်မှာ ယွမ်အားတိုးဆေးလုံးကို စုပ်ယူသန့်စင်ဖို့က အရေးကြီးဆုံးပဲ"
အစောပိုင်းအဆင့် အနက်ရောင် အတွင်းအားကို စုစည်းလိုက်ပြီးနောက် ဆေးလုံး၏ စွမ်းအင်များကို စုပ်ယူ ပေါင်းစပ်လိုက်သည်။
တစ်ရက်နီးပါး ကုန်ဆုံးပြီးနောက်တွင် ဆေးလုံး၏ စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်ခဲ့သည်။
ယွမ်အားတိုးဆေးလုံးတွင် ပါဝင်သော ဝိဉာဉ်စွမ်းအင်များသည် ချီစွမ်းအင် ဆေးလုံးထက် ဆယ်ဆမက ပိုမိုများပြားသော်လည်း ချင်ယန် အဆင့်တက်ရန်အတွက်မူ လုံလောက်မှု မရှိခဲ့ချေ။
ချင်ယန်က ချီစွမ်းအင်များကို အသုံးပြု၍ သူ၏ ဒန်တျန်အတွင်းရှိ ခရမ်းရွှေမီးတောက် စွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။
ဒန်တျန်အတွင်း၌ စွမ်းအားများ ပြည့်ဝနေကာ အတားအဆီးကို ချိုးဖျက်လုနီးနီး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
"ငါ့ရဲ့ ဒုတိယယွမ်မျိုးစေ့က အတားအဆီးဖြစ်နေတာ... ဆရာမရန် ပြန်လာမှပဲ အဆင့်ငါးကို တက်ရောက်ဖို့ ဘာတွေလိုအပ်လဲဆိုတာ မေးရမယ်"
ချင်ယန်က ဒုတိယယွမ်ဆေးလုံးကို စား၍ စွမ်းအင်များကို စုပ်ယူပေါင်းစပ်နေခဲ့သည်။
ပထမ ယွမ်ဆေးလုံးသည် မီးတောက် ယွမ်မျိုးစေ့ကို အားဖြည့်ပေးခဲ့ခြင်း ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ ဆန်းကြယ်သော တုန်ခါမှု ယွမ်မျိုးစေ့ အတွက် စုပ်ယူနေခြင်း ဖြစ်သည်။
ချင်ယန်က ဒုတိယ ယွမ်ဆေးလုံးကို စုပ်ယူပေါင်းစပ်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အရင်အနေအထားအတိုင်းပဲ... ဒီအတားအဆီးကို ငါဘယ်လို ကျော်ဖြတ်ရမလဲ"
ချင်ယန်က ခေါင်းခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ချင်ယန်က လျင်မြန်စွာ ရေချိုးလိုက်ပြီး အခန်းမှ ထွက်လာခဲ့ရာ စားပွဲတစ်လုံး ပေါ်တွင် ဟောင်းနွမ်းသော အဝါရောင် စာအုပ်များကို တွေ့လိုက်ရသည်။
ယင်းမှာ ရန်ရှီးယုက သူလေ့လာရန်အတွက် ယူဆောင်လာသော မှော်စာလုံးအစီအရင် စာအုပ်များ ဖြစ်သည်။
"ယွမ်အားတိုးဆေး နှစ်လုံးကနေ အကျိုးကျေးဇူး ဘယ်လောက်ရလိုက်လဲ"
ရန်ရှီးယု မေးလိုက်သည်။
"ကျွန်တော့်ရဲ့ ယွမ်မျိုးစေ့က စွမ်းအင်တွေကို စုပ်ယူသန့်စင်ပြီးပြီ... စွမ်းအင်တွေလည်း ပြည့်နေပြီ.. အဆင့်တော့ မချိုးဖျက်နိုင်သေးဘူး"
"မင်းက ယွမ်မျိုးစေ့ကို တိုးတက်အောင် လုပ်နိုင်ခဲ့ပြီပဲ... အနက်ရောင် အတွင်းအားကို အစောပိုင်းအဆင့်ထိ အောင်မြင်ခဲ့ပြီ ဆိုတော့ နောက်ဆို မင်းရဲ့ ယွမ်မျိုးစေ့က ဒီထက် ပိုပြီး စွမ်းအင်တွေကို စုပ်ယူနိုင်လိမ့်မယ်"
ရန်ရှီးယုမှ ဆက်လက်၍ ပြောလိုက်သည်။
"အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို တက်ရောက်ဖို့ မင်းရဲ့ အတွင်းအား အဆင့်က သာမန်အောက်မှာပဲ ရှိသေးတယ်.. မင်းရဲ့သိုင်းဝိညာဥ်ကြောင့် မကျော်ဖြတ်နိုင်တာ မဟုတ်ဘူး"
ချင်ယန် ခေါင်းညိတ်လိုက်၏။
သူ သံသယဝင်နေသည်မှာ သိုင်းဝိဉာဉ်နှစ်ခုနှင့် ယွမ်မျိုးစေ့နှစ်ခုတို့ကြောင့် အဆင့်တက်ရောက်ရန် ခက်ခဲနေမည်ကိုပင်။
အခန်း(၂၄) ပြီး၏