← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း(၂၆)

ကျောင်းသားဦးရေ တစ်ထောင်ခန့်သည် ကောင်းကင်ခြင်္သေ့ ခန်းမကြီးအတွင်း၌ စုရုံးရောက်ရှိနေကြသည်။

ယခုအချိန်တွင် ကျောင်းသားသစ်များစွာလည်း လာရောက်ကြပေသည်။

ချင်ယန်ကို မြင်လျှင် သူတို့၏ မျက်နှာတွင် မနာလိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။

သူတို့က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားများ၏ တိုက်ခိုက်မှုကို လာရောက် ကြည့်ရှုကြခြင်း ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ချင်ယန်တစ်ယောက် ဆိုးရွားစွာ ရှုံးနိမ့်ခြင်းကို မြင်တွေ့ချင်ခဲ့ကြသည်။

ခန်းမကျယ်ကြီးအတွင်း၌ တိုက်ပွဲစင်မြင့် ကိုးခု ရှိသည်။

ဘေးပတ်ပတ်လည်မှ စင်မြင့်များသည် အနည်းဆုံး ဆယ့်နှစ်မီတာ အကျယ်ရှိကာ အလည်တည့်တည့်မှ စင်မြင့်ကြီးသည် မီတာ တစ်ရာခန့် ကျယ်ဝန်းပေသည်။

ကောင်းကင်ခြင်္သေ့သိုင်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် ကျောင်းသားစုစုပေါင်း ခြောက်ဆယ့်လေးဦး ရှိပြီး အဖွဲ့ရှစ်ဖွဲ့ခွဲ၍ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အစောပိုင်း ပွဲစဉ်များကို ဘေးပတ်ပတ်လည်မှ စင်​မြင့် ရှစ်ခုတွင် တိုက်ခိုက်ရမည် ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို အလယ်ရှိ စင်မြင့်ကျယ်ကြီး၌ တိုက်ခိုက်ရမည် ဖြစ်သည်။

ဝေရှန်းခွန်က ချင်ယန်နှင့် မလှမ်းမကမ်းတွင် ရှိနေသည်။

သူက ချင်ယန်ကို မသိကျိုးကျွံပြု၍ ဝင့်ကြွားစွာ ရပ်နေခဲ့၏။

ချင်ယန်က အုပ်စုအစောပိုင်း ပွဲစဉ်၌ပင် ကျရှုံးမည်ဟု သူတွေးထားခဲ့သည်။

ထိုသို့သောလူကို သူ့အနေဖြင့် ဂရုစိုက်ရန် မလိုအပ်ပေ။

အကြီးအကဲဇန်းသည် ပြိုင်ပွဲဝင်မည့် ကျောင်းသားများကို စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားပြီးနောက် အဖွဲ့များ ခွဲလိုက်သည်။

ချင်ယန်က အဖွဲ့ရှစ်တွင် ပါဝင် ယှဉ်ပြိုင်ရပြီး ဝေရှန်ခွန်က အဖွဲ့တစ်တွင် ပါဝင်ခဲ့သည်။

အုပ်စုတွင်း ပွဲစဉ်များတွင် အနိုင်ရသူသည် အခြားအဖွဲ့များမှ အနိုင်ရသူများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အဆင့်ဆင့် အနိုင်ရသူသည် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားမည် ဖြစ်သည်။

အဖွဲ့တစ်ခုချင်းစီ၏ ပြိုင်ပွဲများ စတင်ပြီ ဖြစ်သည်။

"ဝေရှန်းခွန်နဲ့ တစ်ဖွဲ့တည်း မကျတာ စိတ်ပျက်စရာပဲ"

ချင်ယန်က ညီးညူလိုက်ရာ ရန်ရှီးယု မျက်စောင်းထိုးလိုက်သည်။

ချင်ယန်က မမြင်ဟန် ဆောင်လိုက်ပြီး သူမ စိုးရိမ်နေမှန်း သဘောပေါက်ခဲ့သည်။

ထိုစဉ် ကွီဟီနှင့် ယန်ယွန်တို့ နှစ်ဦးသည် ကုန္ဒြေရစွာဖြင့် သူ၏ ရှေ့မှ ဖြတ်လျှောက်သွားကြသည်။

သူက မြွေဟောက်မတွေ ဟန်ဆောင်နေသည်ဟု တွေးလိုက်မိ၏။

"စင်မြင့်ရှစ်က ချင်ယန်နဲ့ ဖန်ရူဂျန် အဆင်သင့်ပြင်ပါ"

ချင်ယန်၏ ပထမဆုံးပြိုင်ပွဲ စတင်ပြီ ဖြစ်သည်။

ဤပြိုင်ပွဲသည် အထူးဂရုစိုက်ရန် များစွာ လိုအပ်သည်။

ချင်ယန် အနိုင်ရမည်ဟု ယုံကြည်သူ တစ်ဦးမှ မရှိချေ။

ချင်ယန်သည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ် အစောပိုင်းသာဖြစ်ပြီး ပြိုင်ဘက်ကမူ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

အသက်အရွယ်အရ ချီစွမ်းအင်နှင့် သိုင်းပညာများတွင် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ထက် သေချာပေါက် မြင့်မားပေမည်။

အမှန်တကယ်လည်း ဖန်ရူဂျန်သည် ချင်ယန်ကို အထင်မကြီးသလို မျက်စိထဲ မထည့်ပေ။

"စင်မြင့်ရှစ်.. စတိုက်လို့ရပြီ"

ဖန်ရူဂျန်က ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှေ့တိုးလာခဲ့သည်။

ထို့နောက် လေထဲသို့ ခုန်တက်လိုက်ကာ ချင်ယန်၏ ဦးခေါင်းကို ခြေထောက်ဖြင့် ကန်လိုက်သည်။

လွန်စွာ အားပြင်းသော ခြေကန်ချက်ကြောင့် လေခွင်းသံပင် ထွက်ပေါ်လာခဲ့၏။

"ဒါ အဆင့်နိမ့် စိတ်ဝိညာဥ်သိုင်းပညာ ဖြစ်တဲ့ လေခွဲ သံမဏိ ခြေထောက်သိုင်းပဲ"

စင်မြင့်အောက်မှ ကျောင်းသားတစ်ဦး၏ တအံတသြ ရေရွတ်သံ ထွက်ပေါ်လာသည်။

"လျင်မြန်ပြီး ပြင်းထန်တယ်.. ဒီသိုင်းပညာက ရန်သူကို ပြန်တိုက်ဖို့ အခွင့်အရေးမပေးဘူး"

ချင်ယန်၏ တုံ့ပြန်မှုက ပိုမို မြန်ဆန်နေ၏။

သူ၏ လက်သီးချက်က ကျားဟိန်းသံများနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုလက်သီးချက်က သူ၏ ဦးခေါင်းကို ကန်လိုက်သော ဖန်ရူဂျန်၏ ခြေထောက်ဆီသို့ ဦးတည်သွားခဲ့၏။

ချင်ယန် အသုံးပြုလိုက်သည်မှာ ကျားဝိညာဉ်လက်သီးသိုင်းပင် ဖြစ်သည်။

လက်သီးနှင့် ခြေထောက်တို့၏ ထိပ်တိုက် တွေ့ဆုံမှုသည် ပြင်းထန်သော ပေါက်ကွဲသံကိုပင် ဖြစ်ပေါ်စေခဲ့သည်။

လက်သီးမှ ထွက်ပေါ်လာသော အားအရှိန်သည် ဖန်ရူဂျန်ကို ဟန်ချက်ပျက်စေသည့်အပြင် ရှေ့ဆက် တိုးဝင်လာသော အားလှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကိုပါ ခံစားစေခဲ့၏။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"ဒါက တကယ်ကို တစ်ခုခုပဲ...ဘယ်လိုလူမျိုးက လက်သီးကို အသုံးပြုပြီး ခြေကန်ချက်ကို ထိပ်တိုက် ရင်ဆိုင်မှာလဲ.. ဒါတောင် သူက အနိုင်ရသွားသေးတယ်"

"လေခွဲ သံမဏိခြေထောက်ကို အသုံးပြုတိုက်ခိုက်သူရဲ့ ချီစွမ်းအင် နိမ့်ကျလို့ဖြစ်မယ်... တကယ်ဆို သံမဏိလို မာကျောပြီး သစ်ပင်တွေကိုတောင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်... ဒီသိုင်းပညာနဲ့ရင်ဆိုင်ရရင် တော်ရုံလူက မျက်နှာချင်းဆိုင် မတိုက်ရဲပေမဲ့ ချင်ယန်က မျက်နှာချင်းဆိုင် တိုက်ခိုက်ရဲတယ်... ငါအရမ်း အံ့သြမိတယ်.. သူ့အရိုးတွေက ဘာလို့ ဒီလောက်ထိ သန်မာနေရတာလဲ"

ဖန်ရူဂျန်က ခြေထောက်ကို ဖိနှိပ်ကာ ငိုနေခဲ့၏။

သူက ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

ချင်ယန်၏ တင်းတင်းဆုပ်ထားသော လက်သီးကို တွေ့လျှင် သူ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ဤသို့ဖြင့် ဖန်ရူဂျန်သည် ချင်ယန်၏ အနိုင်ယူမှုကို ခွင့်ပြုလိုက်ရတော့သည်။

"ဖန်ရူဂျန် ရှုံးနိမ့်ပြီး ချင်ယန် အနိုင်ရတယ်"

ချင်ယန်က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ပြိုင်ဘက်ကို အနိုင်ရခဲ့ချေပြီ။

ထို့ပြင် သူက ကျားဝိညာဉ်လက်သီးသိုင်းကို တစ်ချက်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားကြီးများသည် အံ့အားသင့်စွာဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

"ချင်ယန်က သိုင်းတစ်ကွက်ထဲ အသုံးပြုပြီး ဖန်ရူဂျန်ကို အနိုင်ရသွားတယ်လား"

"ဖန်ရူဂျန်က ပြန်တောင် မတိုက်နိုင်တော့ဘူး.. အဆင့်မရှိတဲ့ ကျားဝိညာဉ်လက်သီးသိုင်းနဲ့ ဘယ်လိုများ အလွယ်တကူ အနိုင်ယူလိုက်တာလဲ"

"ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမရှိဘူး.. အဆင့်လေး သိုင်းခန္ဓာ နယ်ပယ် ကျောင်းသားသစ်က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် စီနီယာကို တကယ် အနိုင်ယူသွားတာပဲ.. ဖန်ရူဂျန်က စီနီယာ ကျောင်းသားတွေကို မျက်နှာဖျက်လိုက်တာပဲ"

လူတိုင်းက သံသယစိတ်ဖြင့် တုန်လှုပ်နေကြသည်။

အားလုံး၏ အထင်အမြင်သေးစွာ စူးစိုက်ကြည့်နေမှုကြောင့် ဖန်ရူဂျန်သည် ရှက်ရှက်ဖြင့် ခေါင်းငုံ့နေမိသည်။

ထိုစဉ် ကွီဟီထံမှ မကျေမနပ် စကားသံ ထွက်ပေါ်လာခဲ့သည်။

"ချင်ယန်ရဲ့ ချီစွမ်းအင်က အရမ်းပြင်းထန်တယ်.. ဘာကြောင့်လဲဆိုရင် ခရမ်းရွှေမီးတောက် သိုင်းဝိညာဉ်ကြောင့်ပဲ.. အခြားသူတွေက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ရောက်မှ ချီစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပ ရောက်အောင် ထုတ်နိုင်ပေမဲ့ သူက အဆင့်လေး သိုင်းခန္ဓာနယ်ပယ်နဲ့ ထုတ်သုံးနိုင်တယ်.. ဒါကြောင့်လဲ ရန်ရှီးယုက ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲမှာ သူ့ကို ဝင်ပြိုင်ခိုင်းတာဖြစ်မယ်.. သူက အစောကြီးထဲက အဆင့်ငါး သိုင်းခန္ဓာ နယ်ပယ်နဲ့ ယှဉ်နိုင်နေခဲ့ပြီ"

ယန်ယွန်က ထိုစကားကြောင့် မကျေမနပ်ဖြစ်ကာ အံကြိတ်လိုက်ပြီး အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် အစ်ကိုခွန်ကို ရှုံးမှာပဲ... အစ်ကိုခွန်က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ရဲ့ အလယ်အလတ် အဆင့်ကိုတောင် ရောက်နေပြီ"

လူအနည်းငယ်သာ ခရမ်းရွှေမီးတောက် သိုင်းဝိညာဉ်အကြောင်း သိကြသည်။

အများစုမှာ ထိုသိုင်းဝိညာဉ်၏ ချီစွမ်းအင်က မည်မျှ အင်အားပြင်းထန်သည်ကို မသိရှိကြပေ။

ယခုအခါ ထိုသိုင်းဝိညာဉ်သည် ချင်ယန်၏ အင်အားကို ပိုမို အားကောင်းလာရန် အထောက်အကူ ပြုခဲ့ကြောင်း မြင်တွေ့ခဲ့ကြသည်။

မကြာမီ ပထမ အဆင့်ပွဲစဉ်များ ပြီးဆုံးသွားခဲ့၏။

ဒုတိယ အဆင့်ပွဲစဉ်များ ပြန်လည် စတင်သည်နှင့် ချင်ယန်က နောက်ပွဲစဉ် တစ်ပွဲကို ထပ်မံ တိုက်ခိုက်ခဲ့ရသည်။

ဤတစ်ကြိမ်တွင် ချင်ယန်၏ ပြိုင်ဘက်မှာ ဝမ်ချန် ဖြစ်သည်။

ဝမ်ချန်သည် ချင်ယန်ကို အလွယ်တကူ အနိုင်ရမည် ဟူ၍ အထင်သေးခြင်း မရှိချေ။

ပထမပွဲစဉ်တွင် ချင်ယန်ကို အထင်သေးစွာ တိုက်ခိုက်ခဲ့သော ဖန်ရူဂျန်သည် အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။

ချင်ယန်သည် ပြိုင်ဘက်ဖြစ်သူကို သေချာစွာ ဂရုစိုက်၍ အကဲခတ်လိုက်သည်။

ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။

"ဝမ်ချန်ရဲ့ ချီစွမ်းအင်က အားကောင်းတယ်.. လျှပ်စီးသိုင်းဝိညာဥ်ကို ပိုင်ဆိုင်ထားပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုကတော့ အရမ်း နှေးလွန်းတယ်"

ဤတစ်ကြိမ်တွင်မူ ချင်ယန်က စတင် တိုက်ခိုက်လိုက်သည်။

သူက တိမ်ပျံခြေလှမ်းကို အသုံးပြု၍ ဝမ်ချန်၏ ရှေ့သို့ လျှပ်တပြက် ရောက်ရှိသွားခဲ့သည်။

ထိုအမြန်နှုန်းသည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် စီနီယာ ကျောင်းသားများ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ဝမ်ချန်၏ မျက်နှာထက်တွင် လှောင်ပြုံး တစ်ခု ပေါ်လာခဲ့၏။

ထိုသို့ တိုက်ခိုက်လာမည်ဟု ကြိုတင်ခန့်မှန်းမိ၍ သူက ချီစွမ်းအင်များကို စုစည်းထားခဲ့သည်။

သူ၏ လက်သီးတွင် တလက်လက် တောက်ပနေသော လျှပ်စီးတန်းများ ဖြစ်ပေါ်နေခဲ့သည်။

ဝမ်ချန်သည် ယခုကဲ့သို့ ချင်ယန် တိုက်ခိုက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သူ၏ ရှေ့သို့ ချင်ယန် ရောက်လာသည်နှင့် လျှပ်စီးလက်သီးဖြင့် ထိုးနှက်လိုက်သည်။

ချင်ယန်သည် သူ၏ မျက်နှာသို့ ဝင်ရောက်လာသော လက်သီးကို ခေါင်းငဲ့၍ ရှောင်တိမ်းလိုက်ပြီး ဝမ်ချန်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

သူ၏ လက်သီးမှ ကျားဟိန်းသံများ ထွက်ပေါ်လာခဲ့သည်။

ပြိုင်ပွဲကို ကြည့်ရှုနေသူများက အံ့အားသင့်သွားကြပြန်သည်။

အကြောင်းရင်းမှာ ချင်ယန်သည် ကျားဝိဉာဉ်လက်သီးကိုပင် ထပ်မံ၍ အသုံးပြုလိုက်၍ပင်။

ဝမ်ချန်က သူ၏ ကြံ့ခိုင်သန်မာသော ကိုယ်ခန္ဓာ အပေါ် အလွန် ယုံကြည်မှုရှိခဲ့သည်။

သူက ချီစွမ်းအင်များကို အလျင်အမြန် စုစည်းလိုက်ပြီး ရင်ဘတ်ရှေ့တွင် ချီစွမ်းအင် အကာအကွယ် အလွှာတစ်ခုကို ဖန်တီးလိုက်သည်။

သူက ချင်ယန်၏ လက်သီးကို ရှောင်တိမ်းခြင်း မပြုဘဲ ခံယူလိုက်ပြီး လျှပ်စီးလက်သီးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

သို့သော် ချင်ယန်သည် ဝမ်ချန် လုံးဝ မျှော်လင့်မထားသော အနေအထားဖြင့် ရှောင်တိမ်းလိုက်ပြန်သည်။

ချင်ယန်က ရုတ်တရက် ထိုင်ချလိုက်ရာ ဝမ်ချန်၏ လျှပ်စီးလက်သီးသည် သူ၏ ခေါင်းပေါ်မှ ဖြတ်ကျော်သွားခဲ့သည်။

ထိုအချိန်တွင် ချင်ယန်၏ ချီစွမ်းအင်များ အပြည့်အဝပါဝင်သော လက်သီးချက်သည် ဝမ်ချန်၏ ဦးခေါင်းကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

"အား"

အသည်းခိုက်အောင် နာကျင်စွာ အော်ဟစ်သံနှင့်အတူ ဝမ်ချန် လွင့်ထွက်သွားခဲ့၏။

ချင်ယန်က သူ၏ဦးခေါင်းကို တိုက်ခိုက်လာမည်ဟု မထင်မှတ်၍ ဝမ်ချန်က ရင်ဘတ်ကိုသာ ကာကွယ်မိခဲ့ခြင်းပင်။

ချင်ယန် ထပ်မံအနိုင်ရသွား၍ ခန်းမ တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကာ ဆူညံသွားသည်။

အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ဒုတိယအကြိမ် ထပ်မံအနိုင်ရသွားချေပြီ။

ချင်ယန်က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားများနှင့် အလွယ်တကူ တိုက်ခိုက်နိုင်ခဲ့သည်။

ယန်ယွန်သည် ချင်ယန် အောင်မြင်မှုကို တွေ့လျှင် မုန်းတီးစွာဖြင့် ပြောလိုက်သည်။

"အစ်ကိုခွန်က သူ့ကို သေချာပေါက် အနိုင်ယူပြီး ပညာပေးလိမ့်မယ်... အဲဒီ အချိန်ကျရင် အခုလို မောက်မာနိုင်မလား ငါစောင့်ကြည့်နေမယ်"

"နောက်တစ်ပွဲ အနိုင်ရရင် ဒီအဖွဲ့မှာ ပထမရပြီ"

ချင်ယန်က စိတ်တည်ငြိမ်စွာဖြင့် အခြားပွဲစဉ်များကို ကြည့်ရှုနေခဲ့သည်။

ချင်ယန်သည် ပြိုင်ပွဲအတွင်း တိုက်ခိုက်မှုများကို တိကျသေချာစွာ ပြုလုပ်နိုင်ခြင်း၏ အဓိကအချက်မှာ ကျန်ခဲ့သော ရက်များတွင် ရန်ရှီးယု၏ သင်ကြားပေးမှုနှင့် သူ၏ အပြင်းအထန် လေ့ကျင့်မှုများမှ ရရှိလာသော အသီးအပွင့်များကြောင့် ဖြစ်သည်။

ရန်ရှီးယုက ချင်ယန်ကို ပြိုင်ပွဲတစ်လျှောက် ကြုံတွေ့နိုင်သည့် သိုင်းပညာရပ်များ၏ အားသာချက် အားနည်းချက်များကို စနစ်တကျ ရှင်းလင်းသင်ကြားခဲ့သည့် အပြင် သူမ၏ ကျောင်းသားဘဝမှ ပြိုင်ပွဲဝင် အတွေ့အကြုံများကိုပါ ပြောပြခဲ့သည်။

တခြားတစ်ဖက်တွင် ဝေရှန်းခွန်သည်လည်း ပွဲစဉ်တစ်လျှောက် အနိုင်ရခဲ့သည်။

သူ၏ တိုက်ခိုက်မှုက ညှာတာမှုကင်းမဲ့၍ အလွန်ရက်စက်စွာ တိုက်ခိုက်လေ့ရှိကြောင်း တွေ့ရှိခဲ့ရ၏။

ဝေရှန်းခွန်နှင့် တစ်ဖွဲ့တည်း ကျရောက်သူများသည် မိမိတို့၏ ကံဆိုးမှုကို ညည်းတွားရုံသာ တတ်နိုင်ခဲ့သည်။

ချင်ယန်သည် နောက်တစ်ပွဲ ဆက်လက် တိုက်ခိုက်ရာတွင်လည်း အနိုင်ရခဲ့၍ သူ၏ အဖွဲ့တွင် ပထမနေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့် ရခဲ့သည်။

ကောင်းကင်ခြင်္သေ့ခန်းမ၏ သိုင်းပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ချင်ယန်ကဲ့သို့ အဆင့်လေး သိုင်းခန္ဓာနယ်ပယ် တစ်ဦးက အုပ်စုတွင်း ပြိုင်ပွဲ၌ ပထမနေရာ ရကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။

အကယ်၍ ချင်ယန်သာ ဗိုလ်လုပွဲတွင် အနိုင်ရ၍ ပထမရခဲ့လျှင် ပိုမို ထိတ်လန့် တုန်လှုပ်ကြပေမည်။

ဟွာလင်းဝုကျောင်း၏ သမိုင်းကြောင်း တစ်လျှောက် နှစ်အလိုက် အတော်ဆုံးကျောင်းသား အဖြစ် မှတ်တမ်းတင်ခံရပေမည်။

သို့သော်လည်း အားလုံးက ချင်ယန် အနေဖြင့် ပထမနေရာ ရယူရန် မည်သို့မျှ မဖြစ်နိုင်ဟု သတ်မှတ်ထားကြသည်။

အဘယ့်ကြောင့်ဆိုသော် ယခုပြိုင်ပွဲတွင် အဆင့်အတန်း မြင့်မားသော ဆရာဝေ၏ သားဖြစ်သူ ဝေရှန်းခွန် ပါဝင်နေခြင်းကြောင့်ပင်။

ဝေရှန်းခွန်သည် တန်ဖိုးကြီးမားသော ဆုလဒ်များ ရရှိနိုင်မည့် အခွင့်အရေးကို မည်သို့မှ လက်လွှတ်ခံမည် မဟုတ်ချေ။

အခန်း(၂၆) ပြီး၏

All Chapters