အခန်း ၂၇
Vol. 3 Ch. 27
အခန်း(၂၇)
အချိန်နှစ်နာရီ ကုန်လွန်သွားပြီးနောက် အဖွဲ့ရှစ်ခု၏ ပြိုင်ပွဲများ ပြီးဆုံးခဲ့သည်။
ချင်ယန်က ထိခိုက်ဒဏ်ရာ ကင်းစင်စွာဖြင့် သူ၏အဖွဲ့တွင် ထိပ်ဆုံးနေရာ ရရှိခဲ့သည်။
အဖွဲ့အသီးသီးမှ ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သူ အများစုသည် အဖွဲ့တွင်း တိုက်ပွဲများ၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြရပြီး ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထိုအချက်သည် ချင်ယန်အတွက် ကြီးမားသော အသာစီးရရှိမှု တစ်ခု ဖြစ်သည်။
အုပ်စုပွဲစဉ် အားလုံး ပြီးဆုံးချိန်တွင် ဒဏ်ရာမရသူ သုံးဦးသာရှိပြီး ထိုသုံးဦးမှာ ချင်ယန်၊ ဝေရှန်းခွန်နှင့် ချောမောခန့်ညားသော လူငယ် တစ်ဦးတို့ ဖြစ်သည်။
လူတစ်ဖက်သား အပေါ် ကြင်နာတတ်သော သဘောထားရှိ၍ နူးညံ့သောအပြုံး ပိုင်ရှင် လူငယ်၏ အမည်မှာ ချင်တာရန် ဖြစ်သည်။
"ချင်တာရန်...ငါကြားဖူးသလိုပဲ.. သူက အမတ်ကြီးချင်ရဲ့ သားလား"
ချင်ယန်သည် ထိုနာမည်ကို စဉ်းစားနေသည်။
လူအများစုသည် ချင်တာရန်ကို မည်သူမည်ဝါ ဟူ၍ မသိကြပေ။
စင်စစ် ချင်တာရန်သည် ချင်ယန်၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ ဖြစ်သည်။
ချင်ယန်၏ဖခင် ရှန်ချင်ဧကရာဇ်နှင့် ချင်တာရန်၏ ဖခင်ဖြစ်သူ ချင်အမတ်ကြီးသည် အမွှာညီအစ်ကိုများ ဖြစ်ကြသည်။
ထင်ရှားကျော်ကြားသော ချင်အမတ်ကြီးသည် နယ်စပ်လုံခြုံရေး တာဝန်ကိုလည်း ယူထားသူ ဖြစ်သည်။
မည်သည့်ကိစ္စဖြင့် သူ၏ မိသားစုဝင်များကို နယ်စပ်သို့ ပို့ဆောင်၍ တာဝန်ပေးထားမှန်း ချင်ယန် ရှင်းလင်းစွာ မသိခဲ့ပေ။
"မိဖုရားကြီးနဲ့ ချင်အမတ်ကြီးတို့ရဲ့ ကြားမှာ ဘာအဆက်အသွယ်တွေ ရှိနေလဲ... ငါလေ့လာရမယ်"
အဖွဲ့ရှစ်ဖွဲ့မှ ထိပ်ဆုံးရှစ်ဦးအား နောက်တစ်ဆင့် တိုက်ခိုက်ရန်အတွက် မဲနှိုက်ရမည် ဖြစ်သည်။
ချင်ယန်သည် မဲနှိုက်သည့် နေရာသို့ မသွားခင်အထိ အတွေးများဖြင့် ရှုပ်ထွေးနေခဲ့သည်။
ကံမကောင်းစွာပင် နောက်တစ်ဆင့် အတွက် ယှဉ်ပြိုင်ရမည့်သူမှာ ချင်တာရန် ဖြစ်နေပေ၏။
ချင်တာရန်သည် ချင်ယန် ရှိရာသို့ မနှေးမမြန် လျှောက်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ရဲ့လိုအပ်ချက်တွေကို လမ်းညွှန်ပေးပါ"
ချင်တာရန်သည် အသက် ဆယ့်ရှစ်နှစ်ကျော်ခန့် ရှိပြီး ချင်ယန်ထက် အရပ် အနည်းငယ် ပိုမြင့်သည်။
သူ၏ မျက်နှာသွင်ပြင်က လွန်စွာတည်ကြည် ခန့်ညား၏။
မည်သူမဆို သူ့ကို မြင်တွေ့လိုက်ရသည်နှင့် နှစ်လိုဖွယ်ကောင်း၍ ဆွဲဆောင်မှုရှိသူ တစ်ဦး ဖြစ်ကြောင်း တွေးမိကြပေမည်။
"ဒီအတွက်တော့ စိတ်မပူပါနဲ့"
ချင်ယန်သည် လတ်တလော အနေအထားများအရ ချင်တာရန် အပေါ်၌ ရန်သူ မိတ်ဆွေ ဟူ၍ အဖြူအမည်း မကွဲသေးပေ။
"ဟားဟား...မင်းက ညှာတာပေးရင်တောင် ငါက မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး"
ချင်တာရန် သဘောကျစွာ ရယ်လိုက်သည်။
သူ၏ လေသံက ဖော်ရွေနေခဲ့ပြီး မျက်နှာတစ်ခုလုံး ပြုံးရွှင်နေခဲ့သည်။
ချင်ယန် ကျိတ်၍ ပြုံးလိုက်မိသည်။
ဤထက်ပို၍ သူ မပြောတတ်တော့ချေ။
ချင်ယန်က တစ်ပွဲပြီးတစ်ပွဲ အနိုင်ရရန်သာ အကောင်းဆုံး ကြိုးစားနေမည် ဖြစ်သည်။
သူက ပြိုင်ပွဲတွင် အနိုင်ရမှသာ ကောင်းကင်ခြင်္သေ့ ရေကန်သို့ ဝင်ရောက် လေ့ကျင့်နိုင်မည့် အခွင့်အရေးကို ရယူနိုင်ပေမည်။
ယင်းက အရေးအကြီးဆုံး အဓိကအချက် ဖြစ်သည်။
ပြိုင်ပွဲဝင်နှစ်ဦး စင်မြင့်ထက်သို့ တက်ရောက်သွားခဲ့သည်။
"အုပ်စုတွင်း ပြိုင်ပွဲတွေမှာ ချင်တာရန်က ပြိုင်ဘက်တိုင်းကို သိုင်းကွက်တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်.. သူ့ရဲ့ အတွင်းအားက အရမ်းကို နက်ရှိုင်းလွန်းတယ်"
"ဝေရှန်းခွန်ကို ယှဉ်နိုင်မဲ့သူက ချင်တာရန်ပဲ ဖြစ်လိမ့်မယ်"
"သူ ဘယ်ကလာတာလဲ ငါမသိဘူး.. ဒါပေမဲ့ သူ့ရဲ့သိုင်းပညာကတော့ တော်တော်ကောင်းတယ်... ကျန်ခဲ့တဲ့ ပွဲစဉ်တွေမှာ သိုင်းကွက် တစ်ကွက်တည်းနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူခဲ့တယ်.. သူ့ရဲ့လှုပ်ရှားမှုက အရမ်း နက်နဲသိမ်မွေ့တယ်"
"ချင်တာရန်မှာ အားကောင်းတဲ့ ကျောထောက်နောက်ခံ ရှိလိမ့်မယ်... သူက သာမန်လူ တစ်ယောက် မဟုတ်တာတော့ သေချာတယ်"
လူတိုင်းနီးပါး စင်မြင့်ပေါ်ရှိ ချင်တာရန် အကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။
"ညီလေးယန်... မင်းရဲ့ သက်တော်စောင့် ဘယ်မှာရှိနေလဲ ဆိုတာ ငါသိတယ်"
ချင်တာရန်ထံမှ ခပ်တိုးတိုး ပြောလိုက်သော စကားကြောင့် ချင်ယန် တုန်လှုပ်သွားခဲ့သည်။
ချင်တာရန်သည် ချင်ယန်နှင့် ဆယ်မီတာခန့် အကွာတွင် ရပ်နေခဲ့သည်။
"စမယ်"
တိုက်ပွဲစရန် အချက်ပေး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
လတ်တလောတွင် ချင်ယန်သည် ချင်တာရန်၏ စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။
ချင်ယန်က သူ၏စိတ်အာရုံကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ချင်တာရန်၏ တိုက်ခိုက်မှုကို စောင့်ကြည့်လိုက်သည်။
ချင်တာရန်၏ တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်မှု မရှိချေ။
ချင်ယန် လွယ်ကူစွာပင် ရှောင်တိမ်းလိုက်သည်။
"ငါ့ သက်တော်စောင့်က ဘယ်မှာလဲ.. အစ်ကိုကြီး"
ချင်ယန်က ဘေးသို့ ခုန်ရှောင်လိုက်ရင်း တီးတိုးမေးမြန်းလိုက်သည်။
"သူ့ကို ချင်အမတ်ကြီး အိမ်တော်က ထိန်းသိမ်း စောင့်ရှောက်ပေးထားတယ်"
ချင်တာရန်က ပြန်ဖြေလိုက်ပြီးနောက်တွင် သူ၏ လက်ဝါးဖြင့် ချင်ယန်ကို လျပ်တပြက် ရိုက်ချလိုက်သည်။
သူ၏ လက်ဝါးရိုက်ချက်တွင် ချင်ယန်ကို အလွယ်တကူ ရှောင်တိမ်းနိုင်ရန်အတွက် အခွင့်အရေး မသိမသာ ပေးထားခဲ့သည်။
ချင်ယန်၏ ရင်ထဲတွင် ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရ၏။
သူ့အပေါ် သစ္စာရှိသော သက်တော်စောင့်၏ သတင်းကို ရရှိခဲ့ပြီ မဟုတ်ပါလား။
ချင်တာရန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါ မင်းနဲ့ အပေးအယူလုပ်ချင်တယ်... ငါ ဒီအဆင့်မှာ မင်းကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ဖို့ ရည်ရွယ်ထားတယ်.. မင်းရဲ့ အရည်အချင်းက အံ့မခန်းပေမဲ့ မင်းမှာက စိတ်ဝိညာဥ်သွေးကြော တစ်ခုပဲရှိတယ်... မင်း ကြိုးစားတိုက်ခိုက်ပြီး ကောင်းကင်ခြင်္သေ့ ရေကန်မှာ လေ့ကျင့်ခွင့်ရလည်း အခုထက် ပိုပြီး ထူးခြားလာမှာ မဟုတ်ဘူး... မိဖုရားကြီးရဲ့ ရန်ကို ကာကွယ်ပေးနိုင်တဲ့ ငါတို့ ချင်အမတ်ကြီး အိမ်တော်က မင်းရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်ပေးပါ့မယ်"
ချင်တာရန်က ထပ်မံ၍ အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
"ဒါ့အပြင် ဧကရာဇ်က ကျင့်စဉ် ဖောက်ပြန်ပြီး ဒုက္ခိတတစ်ပိုင်း ဖြစ်သွားတဲ့အတွက် မိဖုရားကြီးက ဧကရာဇ်ကို ထိန်းချုပ်ထားခဲ့တာ နှစ်အတော်ကြာခဲ့ပြီ"
ချင်ယန် အမှန်တကယ် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သူက သူ့ ခမည်းတော်၏ အကြောင်းများကို လုံးဝ မသိခဲ့ပေ။
လူအုပ်ကြီးသည် ချင်တာရန်၏ နှေးကွေးသော ရိုက်ချက်များကို မြင်တွေ့နေကြရာ မည်ကဲ့သို့ ဆန်းကြယ်သော သိုင်းပညာဖြစ်သည်ကို ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
"ချင်တာရန်ရဲ့ ရည်ရွယ်ချက်ကို မှန်းဆလို့မရဘူး... ချင်ယန်ကို မခံချင်အောင် တမင် နောက်ပြောင်နေသလိုပဲ"
"အမှန်ပဲ... ကြောင်က ကြွက်ကို ချောင်ပိတ်ဖမ်းနေသလိုပဲ... ငါထင်တာတော့ သူ စိတ်တိုင်းကျ ကစားပြီးရင် တစ်ကွက်တည်းနဲ့ ချင်ယန်ကို အသေသတ်လိမ့်မယ်"
"ကြည့်ကြစမ်း.. ချင်တာရန် တကယ် တိုက်ခိုက်တော့မယ်"
ကျောင်းသားတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။
ချင်ယန်သည် ချင်တာရန်ပြောသည့် အပေးအယူကိစ္စကို အလျင်အမြန် စဉ်းစားလိုက်သည်။
သူက မူလအစီအစဉ်အတိုင်း ပထမနေရာကို ရယူရန် အနိုင်တိုက်ခိုက်ရမည်လော သို့မဟုတ် ချင်တာရန်၏ အပေးအယူကို လက်ခံ၍ အရှုံးပေးရမည်လော။
သူက ရွေးချယ်ရခက်နေခဲ့၏။
ဤသည်က ရှုံးထွက်ပွဲစဉ်များဖြစ်၍ တစ်ပွဲရှုံးလျှင် ပြိုင်ပွဲမှ ထွက်ခွာရမည် ဖြစ်သည်။
ချင်ယန်သည် ဝေခွဲရခက်နေစဉ်မှာပင် အလွန် ပြင်းထန်သော ချီစွမ်းအားများသည် ချင်တာရန်၏ ကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သူက ငါ့ကို အရူးလုပ်ခဲ့တာပဲ"
ချင်ယန် ချက်ချင်းပင် ထိတ်လန့်သွားကာ ဒေါသ ဖြစ်သွားခဲ့သည်။
ထိုခဏဝယ် ချင်တာရန်၏ ဟန်ဆောင်မျက်လုံးများ နောက်ကွယ်မှ ဉာဏ်နီဉာဏ်နက်များဖြင့် တောက်ပနေသော မျက်လုံးများကို မြင်လိုက်ရ၍ တုန်လှုပ်သွားခဲ့သည်။
ချင်တာရန်က သူ့ကို လှည့်စားခဲ့ခြင်း ဖြစ်ကြောင်း တိတိကျကျ သိခဲ့ရချေပြီ။
ချင်ယန်သည် ယွမ်မျိုးစေ့ နှစ်ခု၏ ချီစွမ်းအင်များကို လျင်မြန်စွာ စုစည်းလိုက်ပြီး သူ၏လက် အတွင်းသို့ ပို့ဆောင်လိုက်သည်။
သို့သော် နောက်ကျသွားခဲ့ပြီး ချီစွမ်းအင် အနည်းငယ်ကိုသာ သူ၏လက် အတွင်းသို့ ပို့ဆောင်နိုင်ခဲ့သည်။
"ဝုန်း"
လက်ဝါးနှစ်ခု ထိပ်တိုက် တွေ့ဆုံမှုကြောင့် ပေါက်ကွဲသံ ဖြစ်ပေါ်လာခဲ့သည်။
ချင်ယန်က ခြေဆယ်လှမ်းကျော် နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။
သူက ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရပြီး မျက်နှာက သွေးဆုတ် ဖြူရော်သွားခဲ့ကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။
အကွက်စေ့စေ့ ကြိုတင်စီစဉ်ထားသော ချင်တာရန်၏ လက်ဝါးရိုက်ချက်တွင် အလွန် ပြင်းထန်သော အအေးဓာတ်စွမ်းအင်များ ပါဝင်နေခဲ့သည်။
ချင်ယန်၏ စိတ်ထဲတွင် သူ့ကိုယ်သူသာ အပြစ်တင်နေမိ၏။
"ငါတော်တော်ကို နမော်နမဲ့နိုင်တဲ့ကောင်ပဲ"
ချင်ယန်သည် ယခုပြိုင်ပွဲကို အနိုင် တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
ရုတ်တရက် ချင်တာရန်သည် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ထပ်မံ တိုက်ခိုက်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များ ပြည့်ဝနေသည့် လက်သီးချက်သည် ချင်ယန်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
အထိတ်တလန့် အော်ဟစ်သံများ ဆူညံသွားခဲ့သည်။
အင်အား အလွန်ကြီးမားသော လက်သီးချက်သည် ချင်ယန်၏ ဒန်တျန်ကို ပြင်းထန်သော ဒဏ်ရာရစေနိုင်၏။
"မိဖုရားကြီးကို အနိုင်ရချင်တာလား... သွားသေလိုက်တော့"
ချင်တာရန်၏ မျက်နှာတွင် ကျေနပ်အားရဖြစ်ဟန်များ ပေါ်လွင်လာခဲ့သည်။
သူ၏ ရက်စက်သော လက်သီးသည် ချင်ယန်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
"အား"
ချင်ယန် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်က စင်မြင့်အစပ်နားထိ လွင့်သွားခဲ့၏။
ချင်ယန်က ကြမ်းပြင်ပေါ်တွင် လဲကျနေရာမှ အားတင်းကာ ဒူးတစ်ဖက်ကို ထောက်၍ ထိုင်လိုက်သည်။
"အကိုချင်ရဲ့ အစွမ်းအစက တကယ်ကို အံ့မခန်းပဲ... နောက်ထပ် အစ်ကိုခွန် တိုက်ခိုက်ဖို့တောင် မလိုလောက်တော့ဘူး"
ယန်ယွန်က ထိုင်နေရာမှ ရုတ်ချည်း မတ်တတ် ထရပ်လိုက်ပြီး မလှမ်းမကမ်းရှိ သိုင်းပြိုင်ပွဲစင်မြင့် ပေါ်သို့ အော်ပြောလိုက်ကာ ကျေနပ်အားရစွာ ရယ်လိုက်သည်။
သူမက လှပသော မျက်နှာနှင့် မလိုက်ဖက်စွာ ယုတ်မာကောက်ကျစ်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီအကောင်ရဲ့ ချီစွမ်းအင်တွေ ကျိုးပဲ့ပျက်စီးအောင်လုပ်လိုက်... သူဒုက္ခိတဖြစ်သွားရင် ဟွာလင်းဝုကျောင်းကနေ ကန်ထုတ်မယ်... ဒီလို အသုံးမကျတဲ့ကောင်ကို မောင်းထုတ်ပစ်ဖို့ ဟွာလင်းဝုကျောင်းမှာ ရှိတဲ့ အခန်းတိုင်းက သဘောတူကြမှာပဲ"
ချင်ယန် အဖြစ်မှန်ကို နားလည်သွားခဲ့သည်။
ချင်တာရန်နှင့် ယန်ယွန် တို့သည် တစ်ဖွဲ့တည်းဖြစ်ပြီး ယခင်ကာလများကပင် ချင်အမတ်ကြီးနှင့် မိဖုရားကြီးတို့သည် ပူးပေါင်းခဲ့ကြပုံရ၏။
ချင်တာရန်က ချင်ယန်ကို အယုံသွင်း လုပ်ကြံခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရှားပါးသော အဖိုးတန် ဆုလဒ်များကို သူ မရရှိစေရန် အတွက် မိဖုရားကြီးမှ အမိန့်ပေးခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
ချင်ယန်က သူဘာလုပ်ရမည်ကို နားလည်သွားခဲ့၏။
သူ၏ စွမ်းအင်ဗဟိုချက် ဖြစ်သော ဒန်တျန်အတွင်းကနေ ချီစွမ်းအင် အမျှင်တန်းများသည် ကြိုးမျှင်များသဖွယ် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ ကိုယ်တွင်းမှ ကျယ်လောင်သော တဖျစ်ဖျစ် မြည်သံများနှင့် အတူ ပြင်းထန်သော ချီစွမ်းအင်များ ပေါ်ထွက်လာခဲ့သည်။
ချင်ယန်၏ လက်သီးသည် ပြင်းထန်သော ချီစွမ်းအင်များစွာ စုစည်းလာပြီးနောက် တဆတ်ဆတ် တုန်ယင်လာခဲ့သည်။
သူက အေးစက်စက် ရေရွတ်လိုက်သည်။
"ငါ ဘာအတွင်းဒဏ်ရာမှ မရခဲ့ဘူး.. အနက်ရောင် အတွင်းအားသိုင်းက ငါ့ရဲ့ ဒန်တျန်ကို ကာကွယ်ပေးခဲ့တဲ့ အတွက် လက်သီးမှာ ပါတဲ့ ချီစွမ်းအင်တွေက ငါ့ရဲ့ဒန်တျန်ကို မထိခိုက်ဘဲ လွဲချော်သွားခဲ့တယ်"
ခန်းမအတွင်းရှိ လူအားလုံးသည် ချင်တာရန်၏ လက်သီးချက်ကြောင့် ချင်ယန် အတွင်းဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် သူတို့၏ အထင်နှင့်အမြင်က တက်တက်စင်အောင် လွဲချော်ခဲ့သည်။
ချင်တာရန်သည် သရော်သံဖြင့် ပြောလိုက်သည်။
"မင်းက အရှုံးကို လက်မခံချင်တာလား... ကောင်းပြီလေ မင်း ကျေကျေနပ်နပ် အရှုံးပေးစေရမယ်"
ချင်တာရန်က ခြေကန်ချက်ကို ထုတ်ဖော်လိုက်ပြီး ပါးစပ်မှ ကြုံးဝါးလိုက်သည်။
"ဟွာလင်းဝုကျောင်းက ထွက်သွားစမ်း"
ချင်တာရန်၏ အားကုန်ထုတ် တိုက်ခိုက်လိုက်သော ခြေကန်ချက် ထိမှန်ခဲ့လျှင် ချင်ယန်သည် အသက် မသေခဲ့လျှင်ပင် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားပေလိမ့်မည်။
ထိုခဏဝယ် ချင်ယန်၏ ခန္ဓာကိုယ်က စတင်၍ ကြမ်းတမ်းစွာ တုန်ယင်လာခဲ့သည်။
သူ၏ အရိုးများမှ တဖျစ်ဖျစ် မြည်သံ ထွက်လာခဲ့ပြီးနောက်တွင် ချင်ယန်က လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ချင်ယန်၏ လက်သီးချက်တွင် အလင်းတန်းများပင် ထွက်ပေါ်နေခဲ့သည်။
နီရဲအောင် မီးဖုတ်ထားသော သံမဏိတုံး တစ်ခုအလား ထင်မှတ်ရသည့် ချင်ယန်၏ လက်သီးချက်သည် အပူလှိုင်းများ ဖြာထွက်ကာ ပတ်ဝန်းကျင် လေထုကိုပင် လောင်ကျွမ်းစေခဲ့ပြီး ချင်တာရန်၏ ဝမ်းဗိုက်သို့ ဦးတည် ဝင်ရောက်သွားခဲ့သည်။
"အလင်းမီးတောက် လက်သီးသိုင်းရဲ့ အစောပိုင်းအဆင့်"
ဆရာတစ်ဦးထံမှ အံ့အားသင့်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
စင်မြင့်အောက်ရှိ ကျောင်းသားပရိသတ်များ ကြားတွင် ပွက်လောရိုက်ကာ ဆူညံသွားကြသည်။
ချင်ယန်၏ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုတွင် ထိုမျှ စွမ်းအားကြီးသော ချီစွမ်းအင်များ ထွက်ပေါ်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
အခန်း(၂၇) ပြီး၏