အခန်း ၂၈
Vol. 3 Ch. 28
အခန်း(၂၈)
အလင်းမီးတောက် လက်သီးမှ ထွက်ပေါ်လာသော အလင်းတန်း အရှိန်အဝါသည် ချင်တာရန်၏ မျက်လုံးများကို ကျိန်းစပ်သွားစေခဲ့သည်။
ချင်တာရန်၏ မျက်လုံးများက နီရဲလာပြီး မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်တော့၍ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ချေ။
ချင်ယန်၏ အလင်းမီးတောက် လက်သီးမှ ထွက်ပေါ်လာသော ပူပြင်းသော အားလှိုင်းများသည် ပြင်းထန်စွာ ဖိနှိပ်လာခဲ့၏။
နားကွဲလုမတတ် တဝုန်းဝုန်း အသံများနှင့်အတူ မီးလှိုင်းလုံးကြီး တစ်ခုသည် ချင်တာရန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဗုန်း"
အလင်းမီးတောက် လက်သီးသည် ချင်တာရန်၏ ဝမ်းဗိုက်ကို လေးလံသော တူကြီး တစ်လက်နှင့် အရှိန်ပြင်းစွာ ထုနှက်လိုက်သကဲ့သို့ ထိမှန်သွားခဲ့သည်။
ချင်တာရန်၏ ကိုယ်ပေါ်တွင် မီးတောက်မီးလျှံများ တလက်လက် ပေါက်ကွဲနေကြသည်။
မီးလုံးကြီးတစ်လုံး ပမာ ဖြစ်နေသော ချင်တာရန်သည် စင်မြင့်အောက်သို့ ခုန်ဆင်းလိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေတော့သည်။
တုန်လှုပ်နေကြသော ဆရာ အချို့သည် အပြေးအလွှား သွားရောက်ကာ ချင်တာရန်၏ ကိုယ်ပေါ်မှ မီးများကို ဝိုင်းဝန်း ငြိမ်းသတ်ပေးလိုက်ကြသည်။
ချင်ယန်က စင်မြင့်ပေါ်တွင် ရပ်၍ ချင်တာရန်ကို စိုက်ကြည့်နေခဲ့၏။
အသက်တစ်ရှိုက်စာခန့် ကြာလျှင် ချင်ယန်က ယန်ယွန် ရှိရာဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်း ခင်ပွန်းလောင်းရဲ့ ကံကြမ္မာလည်း သူ့အတိုင်း ဖြစ်လာလိမ့်မယ်"
ယခုဖြစ်ရပ် မပေါ်ပေါင်ခင် ယန်ယွန် ကျေနပ်အားရဖြစ်ကာ ပြုံးရွှင်နေခဲ့သည်။
ယခုအချိန်တွင်မူ သူမ အနေဖြင့် စကားတစ်ခွန်းမှ ပြောနိုင်စွမ်း မရှိတော့ချေ။
ယန်ယွန်၏ အကြည့်က ဝေရှန်းခွန် ထံသို့ ရောက်ရှိသွားခဲ့သည်။
သူမ၏ စိတ်ထဲတွင် ဝေရှန်းခွန်က ချင်ယန်ကို အနိုင်ရရန်သာ ကြီးစိုးနေခဲ့သည်။
"ချင်တာရန်က ချင်အမတ်ကြီးရဲ့ သားအကြီးဆုံးပဲ.. သာမန်လူ မဟုတ်ဘူး"
ချင်ယန်သည် သေလုနီးပါး ဖြစ်နေသော ချင်တာရန်ကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။
"ချင်တာရန်က တကယ်ပဲ ချင်အမတ်ကြီးရဲ့ သားလား"
ချင်တာရန်၏ နောက်ကြောင်းကို ကြားလိုက်ကြသော ခန်းမအတွင်းရှိ လူများက အံ့အားသင့်သွားကြသည်။
သို့ရာတွင် သူတို့အားလုံးသည် ချင်ယန်၏ သန်မာမှုကို ပိုမို အံ့အားသင့်နေကြသည်။
ချင်ယန်က ချင်တာရန် ကဲ့သို့ ပါရမီရှင် တစ်ဦးကိုပင် အနိုင်ယူပြခဲ့ပြီ မဟုတ်ပါလား။
ယခုအချိန်တွင် ချင်ယန်သည် အံ့မခန်း ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။
သို့သော် ချင်အမတ်ကြီး၏ သားဖြစ်သူကို သေလုမြောပါး ဖြစ်သည်အထိ ပြင်းထန်သော ဒဏ်ရာရရှိစေခြင်းသည် သေးငယ်သော ပြဿနာ မဟုတ်မှန်း လူတိုင်း တွေးမိကြသည်။
စင်စစ် ချင်ယန် အလွယ်တကူ အနိုင်ရခဲ့ခြင်းတော့ မဟုတ်ပေ။
သူသာ်လည်း ပြင်းထန်သောဒဏ်ရာ ရရှိထားခဲ့သည်။
သို့သော် ချင်တာရန်၏ ဒဏ်ရာက ပိုမို ပြင်းထန်နေခဲ့၏။
ချင်တာရန်သည် လေးငါးနှစ်ခန့် အနားယူ ကုသရပေမည်။
ထိုသို့မဟုတ်လျှင် သိုင်းပညာကို အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
သိုင်းပြိုင်ပွဲများတွင် ဒဏ်ရာရရှိမှုများကို ရှောင်လွှဲ၍ မရပေ။
သမိုင်းတစ်လျှောက် ပါရမီ ကောင်းမွန်သော ကျောင်းသားများစွာသည် ပြိုင်ပွဲများ၌ ဒဏ်ရာရမှုကြောင့် မသန်မစွမ်း ဒုက္ခိတ ဘဝသို့ ရောက်သွားခဲ့ရသည်။
"ချင်ယန်ပဲ ထပ်နိုင်သွားပြန်ပြီ... အဆင့်လေး သိုင်းခန္ဓာနယ်ပယ် အဆင့်ပဲ ရှိသေးတာတောင်မှ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သမားတွေက သူ့ကို မယှဉ်နိုင်ကြဘူး"
"သူက တကယ်ပဲ အဆင့်လေး သိုင်းခန္ဓာနယ်ပယ်လား.. တကယ်ကို လက်ဖျားခါးလောက်စရာပဲ"
လူအားလုံး၏ စိတ်ထဲတွင် ထိုမေးခွန်းများသာ တူညီစွာ ဖြစ်နေခဲ့ကြသည်။
ဤကဲ့သို့သော သန်မာမှုမျိုးသည် ပုံမှန် မဟုတ်ချေ။
ထိုအခိုက်အတန့်၌ လူများစွာ တို့သည် ချင်ယန်အပေါ် သူတို့ ယခင်က ထင်မြင်ခဲ့ကြသည့် အချက်များ မှားယွင်းနေကြောင်း တွေးမိလိုက်ကြသည်။
"ချင်တာရန်ကြောင့် ချင်ယန်လည်း ဒဏ်ရာရသွားတယ်... တကယ်လို့ ဗိုလ်လုပွဲ ရောက်ခဲ့ရင်တောင်မှ ဝေရှန်ခွန်ကို ရှုံးမှာပဲ"
"ဒါက ပြောဖို့တော့ခက်တယ်... ဘာလို့လဲဆိုတော့ ဆရာမရန် ရှိနေလို့ပဲ.. ဆရာမရန်က ချင်ယန်ကို ကုသပေးခဲ့ရင် ချင်ယန်ရဲ့ ဒဏ်ရာပြန်ကောင်းသွားနိုင်တယ်"
လူအများ ဆွေးနွေးပြောဆိုနေကြစဉ်မှာပင် ရန်ရှီးယုသည် ခန်းမကြီး၏ ဝင်ပေါက်ဝသို့ လျင်မြန်စွာ ရောက်လာသည်ကို တွေ့လိုက်ကြသည်။
ရန်ရှီးယုသည် ချင်ယန်၏ ယိမ်းယိုင်နေသော ခြေလှမ်းများကို တွေ့လိုက်ရ၏။
ချင်ယန်က စင်မြင့်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။
သူ၏ ဒဏ်ရာက ပြင်းထန်သည်မှာ ထင်ရှားနေခဲ့၏။
ဤမြင်ကွင်းသည် သူမကို စိုးရိမ်ထိတ်လန့်စေခဲ့သည်။
ရန်ရှီးယုက ကိုယ်ဖော့ပညာကို အသုံးပြု၍ လေထုအတွင်း မီတာတစ်ရာကျော်ခန့် အကွာအဝေးကို လျှပ်တပြက်အတွင်း ပျံသန်းသွားခဲ့ကာ ချင်ယန်၏ နံဘေးသို့ ညင်သာစွာ ရောက်ရှိသွားခဲ့သည်။
ရန်ရှီးယုက နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့ ဒဏ်ရာက ဘာကြောင့် ဒီလောက် ပြင်းထန်တာလဲ.. သတိထားဖို့ ငါကြိုပြောထားတယ်လေ"
ရန်ရှီးယုက တုံ့ဆိုင်းမနေဘဲ ချင်ယန်ကို စစ်ဆေးလိုက်သည်။
ထို့နောက် စွမ်းအင်များကို အသုံးပြု၍ ချင်ယန်၏ အတွင်းဒဏ်ရာများကို ကုသပေးလိုက်သည်။
ရန်ရှီးယုက စိုးရိမ်ပူပန်စွာဖြင့် ချင်ယန်၏ အတွင်းဒဏ်ရာများကို ကုသပေးနေသည်အား မြင်လိုက်ရလျှင် ကျောင်းသားအချို့သည် အလွန်အမင်း မနာလိုဖြစ်သွားကြသည်။
"ကျွန်တော် သတိမထားမိလို့ လှည့်စားခံလိုက်ရတယ် ဆရာမ"
ချင်ယန်က အဖြစ်အပျက်များကို ရန်ရှီးယုဆီ မချွင်းမချန် ပြောပြလိုက်သည်။
ချင်ယန်၏ စကားကို နားထောင်နေရင်း ရန်ရှီးယု၏ မျက်နှာက ဒေါသကြောင့် တင်းမာခက်ထန်သွားခဲ့သည်။
အခြားပွဲစဉ်တစ်ခုတွင် ဝေရှန်းခွန်သည် အလွယ်တကူ အနိုင်ရခဲ့သည်။
ယခုအဆင့်သည် ရှုံးထွက်အဆင့် ဖြစ်၍ အနိုင်ရသူ လေးဦးသာလျှင် ကျန်ရှိတော့သည်။
နောက်တစ်ဆင့် အနိုင်ရသူ နှစ်ဦးသည် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။
လက်ရှိအခြေအနေကို သုံးသပ်ကြည့်လျှင် ဝေရှန်ခွန်သည် ဒဏ်ရာများ ရရှိနေသော ကျန်ပြိုင်ပွဲဝင် သုံးဦးလုံးထက် ဗိုလ်စွဲရန် အခွင့်အရေး သာလွန်နေခဲ့သည်။
အခြား ကျောင်းသားနှစ်ဦးသည် ပြင်းထန်သော အတွင်းဒဏ်ရာများကြောင့် သူတို့၏ ဆရာများက ပြိုင်ပွဲမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် တစ်ပွဲ ထပ်မံ အနိုင်ရ၍ ဗိုလ်လုပွဲသို့ ရောက်ခဲ့လျှင်ပင် ဝေရှန်ခွန်ကို ရှုံးနိမ့်မည် ဖြစ်သောကြောင့်ပင်။
"ချင်ယန်နဲ့ ဝေရှန်ခွန်တို့ ဗိုလ်လုပွဲကို တက်ရောက်သွားပါပြီ"
အကြီးအကဲဇန်းက ချင်ယန်၏ နံဘေးသို့ လျှောက်လာပြီး အကြံပေးခဲ့သည်။
"အချိန်မနှောင်းခင် ပြိုင်ပွဲက နှုတ်ထွက်ဖို့ ဆုံးဖြတ်သင့်တယ် ကောင်လေး"
ချင်ယန်သည် ချင်တာရန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီးချိန်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
ယင်းအပြင် ချင်ယန်သည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သာ ရှိသည်။
ထိုအဆင့်မျှဖြင့် ကောင်းကင်ခြင်္သေ့ သိုင်းခန်းမ၏ ပြိုင်ပွဲစင်မြင့်ပေါ်တွင် ဤမျှလောက်အထိ စွမ်းဆောင်နိုင်ခြင်းသည် ချင်ယန်အနေအထားဖြင့် ဂုဏ်ယူဝင့်ကြွားရန် လုံလောက်နေပြီဖြစ်သည်။
"ကျွန်တော် နှုတ်ထွက်မှာမဟုတ်ဘူး"
ချင်ယန်၏ မျက်နှာတွင် ခိုင်မာစွာ ဆုံးဖြတ်ချက် ချထားကြောင်း ပေါ်လွင်နေခဲ့သည်။
သူ၏ ယွမ်မျိုးစေ့က ထိခိုက်မှု မရှိခဲ့ပေ။
သို့သော် သူ၏ လက်နှစ်ဖက်နှင့် ခန္ဓာကိုယ်တွင်မူ ပြဿနာအနည်းငယ် ရှိနေသည်။
ချင်ယန်သည် ယခုအဆင့် ရောက်သည်အထိ ကြိုးစားလာခဲ့ခြင်းဖြစ်ရာ အခြားသူ တစ်ဦးကို မည်သည့်အကြောင်းကြောင့် ပထမနေရာ ပေးရမည်နည်း။
"မိုက်ရူးရဲ မဆန်ချင်နဲ့.. မင်း သေချာ စဉ်းစားပါ"
ရန်ရှီးယုက ခပ်မာမာ ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများတွင်မူ ကရုဏာသက်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
ရန်ရှီးယုက သူမ၏ စွမ်းအားများဖြင့် ချင်ယန်ကို ကုသပေးခဲ့သည်။
ချင်ယန်၏ အတွင်းဒဏ်ရာများ ပြန်လည် ကောင်းမွန်နေပြီဖြစ်သည်။
ချင်ယန်က အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ခြေလှမ်းများကို ဗိုလ်လုပွဲစဉ် တိုက်ခိုက်ရမည့် အကြီးဆုံးစင်မြင့် ရှိရာသို့ ဦးတည်လိုက်သည်။
ကောင်းကင်ခြင်္သေ့ခန်းမ အတွင်းရှိ စင်မြင့်ထက်တွင် ဝေရှန်းခွန်က ဝင့်ကြွားစွာ ရပ်နေခဲ့၏။
ဝေရှန်ခွန်က ရင်းနှီးခင်မင်စွာ စကားပြောနေသော ရန်ရှီးယုနှင့် ချင်ယန် တို့ကို မြင်လျှင် မနာလိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်သော အခိုးအငွေ့များ ပေါ်လွင်နေခဲ့၏။
စင်မြင့်ရှိရာသို့ ချင်ယန် လာနေသည်ကို မြင်လျှင် ဝေရှန်းခွန် အံကျိတ်၍ ပြောလိုက်သည်။
"ချင်ယန်... မင်းရဲ့ သိုင်းပညာကို လုံးဝ သုံးမရအောင် ငါဖျက်ဆီးပစ်မယ်... ဒါမှ ရန်ရှီးယုရဲ့ မျက်လုံးထဲမှာ မင်းက အသုံးမဝင်တဲ့ အမှိုက်တစ်စ ဖြစ်သွားမယ်"
"ငါပိုင်ဆိုင်ထားတဲ့ ခရမ်းရွှေမီးတောက် သိုင်းဝိညာဉ်က မင်းရဲ့ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ခွန်အားကို ယှဉ်နိုင်တယ်.. မင်းမှာ ငါ့ကို အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး"
ဝေရှန်ခွန်၏ မျက်နှာတွင် လှောင်ပြောင်သရော်သည့် အမူအရာများ ပေါ်လာခဲ့၏။
ထိုအခိုက် စင်မြင့်အောက်ရှိ သူ၏ အစေခံတစ်ဦးက ဓားတစ်လက်ကို ပစ်ပေးလိုက်သည်။
ဝေရှန်းခွန်က ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီးနောက် လေသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒီဓားကို ငါ့အဖေကိုယ်တိုင် သွန်းလုပ်ခဲ့ပြီး အပြာရောင်စိတ်ဝိညာဉ်ရတနာဓါးလို့ အမည်ပေးထားတယ်... ဒါက အဆင့်နိမ့် စိတ်စွမ်းအင်လက်နက်တစ်ခုလည်း ဖြစ်ပြီး သလင်းကျောက်ပြား ငါးသိန်း တန်ကြေး ရှိတယ်"
"ငါဝေရှန်းခွန်က စွမ်းအားကြီးသူတွေ အပေါ် အမြဲတမ်း လေးစားခဲ့တယ်... ချင်ယန်ရဲ့ အသက်က ငါ့ထက် ငယ်ပေမဲ့ သူ့ရဲ့ စွမ်းရည်က မြင့်မားတယ်.. တကယ်လို့ ဒီနေ့ သူနိုင်သွားခဲ့ရင် ငါအနှစ်သက်ဆုံး ဖြစ်တဲ့ အပြာရောင် စိတ်ဝိညာဉ်ရတနာဓါးကို ကြည်ကြည်ဖြူဖြူနဲ့ လက်ဆောင် ပေးလိုက်မယ်"
ထိုသို့ ပြောပြီးနောက် ဝေရှန်းခွန်က စိတ်ဝိညာဉ်ဓားကို စင်မြင့်ဘေးတွင် ချထားလိုက်ပြီး ချင်ယန်ကို ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။
"ချင်ယန်... ငါ့ကို နိုင်ရင် ဒီဓားကို မင်းယူသွားလို့ရတယ်"
ထိုဓားသည် အဆင့်နိမ့် စိတ်ဝိညာဉ်ရတနာ တစ်ခု ဖြစ်သည်။
သို့သော် ဝေရှန်းခွန်သည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ဖြစ်ရာ စွမ်းအားကြီး လက်နက်တစ်ခု၏ အစွမ်းအစမျိုး ပိုင်ဆိုင်နေပြီးသားပင်။
ပရိသတ်များသည် စိတ်ဝိဉာဉ်ဓားကို လိုချင်မက်မောစွာ ကြည့်နေခဲ့ကြသည်။
အချို့လူများ၏ မျက်နှာထက်တွင် အံ့အားသင့်ဟန်များ ဖြစ်ပေါ်နေကြသည်။
မြင့်မြတ်သော မှော်စာလုံး အစီအရင် သခင် တစ်ဦးဖြစ်သည့် ဆရာဝေ၏ သားသည် ထူးခြားသူ တစ်ဦး ဖြစ်သည်။
၎င်းက အသက်အရွယ် ငယ်ရွယ်သော်လည်း အဖိုးတန် စိတ်ဝိဉာဉ်လက်နက်ကိုပင် ပိုင်ဆိုင်ထား၏။
ကျောင်းသား အများစုသည် ဂုဏ်သိက္ခာ မြင့်မား၍ ချမ်းသာကြွယ်ဝသော မိသားစုကြီးများမှ ဖြစ်ကြသော်လည်း အားကျလောက်ဖွယ် စိတ်ဝိညာဉ်အဆင့် အသုံးအဆောင်ပစ္စည်း တစ်ခုမျှ မပိုင်ဆိုင်ကြပေ။
ယန်ယွန်သည် ဝေရှန်ခွန်ကို လေးစားစွာ ကြည့်နေကြသော ကျောင်းသားများအား မြင်လိုက်ရသဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
"အစ်ကိုခွန်က စိတ်ဝိညာဉ်အဆင့် သိုင်းပညာတွေကိုလည်း တတ်မြောက်ထားပြီး အမှိုက်ကောင်ချင်ယန်ထက် အများကြီး ပိုသန်မာတယ်.. ချင်ယန်က အလွန်ဆုံး အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ရဲ့ အလယ်အလတ် ခွန်အားလောက်ပဲ ရှိလိမ့်မယ်.. အစ်ကိုခွန်ကတော့ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် အထွတ်အထိပ်ဖြစ်တဲ့ ချီစွမ်းအင် ပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီ"
ချီစွမ်းအင်ပြောင်းလဲခြင်း အဆင့် ဆိုသည်မှာ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ကျော်လွန်ပြီး အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည့် အဆင့်ကို ဆိုလိုသည်။
စင်စစ် ဝေရှန်းခွန်သည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်၏ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပြီး အဆင့်ချိုးဖျက်နိုင်စွမ်းရှိသော်လည်း အခြေခံ ပိုမို ခိုင်မာစေရန် အတွက် အဆင့်ခြောက် သိုင်းခန္ဓာ နယ်ပယ်သို့ ချိုးဖျက် တက်ရောက်မှု မရှိသေးခြင်း ဖြစ်သည်။
လူအများ သိထားသည်မှာ ဝေရှန်းခွန်သည် အဆင့်ငါး သိုင်းခန္ဓာ နယ်ပယ်၏ အလယ်အလတ် အဆင့် ဖြစ်သည်။
ယခု ယန်ယွန်၏ စကားကို ကြားလျှင် ချင်ယန် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး၏ ချီစွမ်းအင်သိပ်သည်းမှုက အလွန် ကွာခြားနေသောကြောင့်ပင်။
ချင်ယန်က ပြိုင်ပွဲမှ နှုတ်ထွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့၏။
အကြောင်းရင်းမှာ လက်တွေ့တိုက်ပွဲ အတွေ့အကြုံကို လိုချင်၍ ဖြစ်သည်။
သို့သော် ချင်ယန် ကံဆိုးသွားခဲ့သည်။
မထင်မှတ်ဘဲ ဝေရှန်းခွန်သည် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ပင် ရောက်လုဆဲဆဲ ကျင့်ကြံသူ ဖြစ်နေခဲ့၏။
"ကောင်းကင်ခြင်္သေ့ခန်းမရဲ့ ဗိုလ်လုပွဲ စတင်ပါပြီ"
အကြီးအကဲဇန်း၏ တိုက်ပွဲစတင်ရန် အချက်ပေး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
ဝေရှန်းခွန်က မတ်တပ်ရပ်နေခဲ့ပြီး သူ၏ အပြာရောင်အင်္ကျီစက တဖျပ်ဖျပ် လှုပ်ခါလာခဲ့သည်။
သူ၏ ကိုယ်မှ မှေးမှိန်သော ရွှေရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားပြီးနောက်တွင် လေထုအတွင်း၌ ဒိုင်းပုံသဏ္ဌာန် အကာအကွယ်အလွှာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒီစိန်သွားသဏ္ဌာန် အကာအကွယ်က အဆင့်နိမ့် စိတ်ဝိဉာဉ်အဆင့် သိုင်းပညာပဲ... ဆရာဝေက ရှားပါးတဲ့ သိုင်းပညာတွေ ပိုင်ဆိုင်ထားတာ သေချာတယ်"
ထိုသို့ ရေရွတ်ပြောဆိုနေရာမှ ကွီဟီသည် ရန်ရှီးယုကို လှမ်းကြည့်လိုက်သည်။
ရန်ရှီးယု၏ စိုးရိမ်သောက ဖြစ်နေသော မျက်နှာကို မြင်လျှင် မောက်မာသောလေသံဖြင့် လှမ်းပြောလိုက်သည်။
"ဒီအကာအကွယ်ဒိုင်းက အတွင်းအားနဲ့ ပြုလုပ်ထားတာပဲ.. ချိုးဖျက်ပစ်ဖို့ အရမ်းခက်ခဲတယ်.. ချင်ယန် သေချာပေါက်ရှုံးမှာပဲ"
အခန်း(၂၈) ပြီး၏