← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း(၂၉)

ဝေရှန်းခွန်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး ချင်ယန်ကို ပြောလိုက်သည်။

"ဒီနေ့ စစ်မှန်တဲ့ သိုင်းပါရမီရှင်ရဲ့ စွမ်းရည်က ဘယ်လိုမျိုးလဲ ဆိုတာ မင်းအမြင်ကျယ်အောင် ငါပြပေးမယ်"

ချင်ယန်က ထိုစကားကို ကြားလျှင် ရုတ်တရက် တိမ်ပျံခြေလှမ်းကို အသုံးပြု၍ ဝေရှန်းခွန် ထံသို့ ပြေးဝင်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

လက်သီးချက်ကနေ မီးပွားများနှင့် မီးတောက်ငယ်လေးများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး အလင်းတန်းများ တဝင်းဝင်း တလက်လက် တောက်ပသွားခဲ့၏။

ချင်ယန်၏ လက်သီးက ဝေရှန်ခွန်၏ စိန်သွားသဏ္ဌာန် အကာအကွယ်ဒိုင်းကို ထိမှန်သွားရာ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်စွာ မြည်ဟီးသွားခဲ့ပြီး လေပြင်းများပင် ဖြစ်ပေါ်လာခဲ့သည်။

ချင်ယန်၏ အားနည်းသော ချီစွမ်းအင်များသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ လက်များသည် မာကျောသော ကျောက်တုံးကြီး တစ်တုံးကို ရိုက်မိသလို နာကျင်သွားခဲ့ရသည်။

စင်မြင့်အောက်ရှိ စီနီယာကျောင်းသားကြီးများ ထံမှ ရယ်သံများ ထွက်ပေါ်လာကြ၏။

"ငါတို့လို အတွင်းအားနဲ့တောင် အဲဒီ စွမ်းအင်အကာအကွယ်ဒိုင်းကို မထိုးဖောက်နိုင်ဘူး.. မင်းလို အားနည်းတဲ့သူက ဖြိုဖျက်ချင်နေတာ ရယ်စရာပဲ"

"မင်းရဲ့ အလင်းမီးတောက် လက်သီးသိုင်းက မဆိုးပါဘူး.. ဒါပေမဲ့ မင်းက အရမ်း အားနည်းလွန်းတယ်"

ဝေရှန်းခွန်က မထီမဲ့မြင်အမူအရာဖြင့် အထင်သေးစွာ ပြောလိုက်သည်။

ချင်ယန်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ချီစွမ်းအင်ပေါက်ကွဲခြင်း ပညာရပ်ကို အသုံးပြုလိုက်၏။

သူ၏ လက်သီးမှ ချီစွမ်းအင်များ ပေါက်ကွဲသွားခဲ့သည်။

"ဝုန်း"

ချင်ယန်၏ လက်သီးက ဝေရှန်ခွန်၏ အကာအကွယ်ဒိုင်းပေါ်သို့ ကျရောက်သွားခဲ့ပြန်၏။

လေထုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သော်လည်း စွမ်းအင် အကာအကွယ်ဒိုင်းသည် အနည်းငယ်သာ တုန်ခါသွားခဲ့သည်။

ဤအခြေအနေကို လူအများစုမှ မျှော်လင့်ထားပြီးသား ဖြစ်သည်။

ချင်ယန်သာ အချိန်မီ နောက်သို့ ပြန်မဆုတ်ခဲ့လျှင် သေဆုံးသွားနိုင်၏။

"သူက တကယ် သန်မာတာပဲ"

ချင်ယန်က လျင်မြန်စွာပင် ဝေရှန်းခွန်နှင့် အနည်းငယ်ဝေးသော နေရာသို့ ခုန်ဆုတ်လိုက်သည်။

သူက ထိုအကာအကွယ်ဒိုင်းကို ထပ်မံ တိုက်ခိုက်ခဲ့လျှင် ဒဏ်ရာ ရရှိရန် သေချာနေခဲ့၏။

ဝေရှန်းခွန်က ပြုံး၍ ပြောလိုက်သည်။

"ပြေးချင်နေတာလား.. မင်းမှာ အခွင့်အရေး မရှိဘူး"

ဝေရှန်းခွန်က လျင်မြန်စွာပင် ချင်ယန်ဆီ ပျံသန်းလာခဲ့သည်။

"လေဟုန်စီးကိုယ်ဖော့ပညာနဲ့ ပျံလွှားခြေလှမ်းကို ပေါင်းစပ်ထားတာပါလား.. ဝေရှန်ခွန်က တကယ့်ကို ပါရမီရှင်ပဲ... သူက ကိုယ်ဖော့သိုင်းပညာနှစ်ခုကို ပေါင်းစပ် အသုံးပြုနိုင်တယ်"

ကွီဟီ၏ မျက်ဝန်းများက တောက်ပနေခဲ့ပြီး ဝေရှန်းခွန်၏ သိုင်းပညာပါရမီကို ချီးကျူးလိုက်သည်။

သူမက ရန်ရှီးယုကို အကဲခတ်လိုက်၏။

ရန်ရှီးယု၏ စိုးရိမ်ပူပန်မှုက အစောပိုင်းကထက် ပိုမိုလာဟန်ရှိသည်။

ရန်ရှီးယုက စင်မြင့်ထက်ကိုကြည့်ရင်း မချိပြုံး ပြုံးလိုက်သည်။

ဝေရှန်ခွန်၏ သိုင်းပါရမီက အလွန် ကောင်းမွန်ပြီး ကိုယ်ဖော့ပညာ နှစ်ခုကိုပင် ကျွမ်းကျင်နိုင်နင်းစွာ ပေါင်းစပ် အသုံးပြုခဲ့သည်။

သူ၏ ကိုယ်ဖော့ပညာ အဆင့်ကို ရောက်ရန် အခြားသူများသည် အလွန်ခက်ခဲပင်ပန်းစွာ အချိန်ပေး ကြိုးစားလေ့ကျင့်မှသာ ရောက်ရှိနိုင်ပေလိမ့်မည်။

"အစ်ကိုခွန် အနိုင်ရတော့မယ်... သူက ကောင်းကင်ခြင်္သေ့ရေကန်မှာ လေ့ကျင့်ပြီးတာနဲ့ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို တက်ရောက်တော့မယ်.. အဲဒီအချိန်ကျရင် ငါ့အတွက် စိတ်ဝိညာဉ်ရတနာ တစ်ခု လက်ဆောင်ပေးမယ်တဲ့"

ယန်ယွန် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေခဲ့သည်။

ကျောင်းသူအများစု၏ မနာလိုသည့် အကြည့်များက သူမထံသို့ ကျရောက်လာခဲ့သည်။

"ချင်ယန်.. အမြန် အရှုံးပေးလိုက်တော့"

ချင်ယန် အခြေအနေ မကောင်းသည်ကို တွေ့နေရသော ရန်ရှီးယုက ရုတ်တရက် အော်ပြောလိုက်သည်။

"အဲဒီလိုလုပ်ခွင့် မရတော့ဘူး"

ဝေရှန်းခွန်က ချင်ယန်၏ အနီးသို့ လျင်မြန်စွာ တိုးကပ်သွားခဲ့သည်။

ကျယ်လောင်သော ရယ်သံနှင့်အတူ ပေါက်ကွဲသံများ ထွက်ပေါ်နေသည့် အားအပြည့်ပါသော လက်ဝါးသည် ချင်ယန်၏ ရင်ဘတ်သို့ ကျရောက်လာခဲ့၏။

"ဒါ.. ဒါက စိတ်ဝိဉာဉ်အဆင့် လျှို့ဝှက်သိုင်းပညာ ဖြစ်တဲ့ ပျက်စီးခြင်းလေလှိုင်း လက်ဝါးပဲ"

ချင်ယန်က လျင်မြန်စွာ ရှောင်လိုက်သော်လည်း သူ၏ ဘယ်ဘက်ပုခုံးသည် ဝေရှန်းခွန်၏ ပျက်စီးခြင်းလေလှိုင်း လက်ဝါးချက် ထိမှန်သွားခဲ့ကာ ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသည်။

ဝေရှန်းခွန်၏ လှုပ်ရှားမှုက အလွန်ပင် လျင်မြန်၏။

မျက်စိတစ်မှိတ်အတွင်း သူ၏ လက်ဝါးရိုက်ချက်ကြောင့် ချင်ယန်က ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။

ဝေရှန်းခွန်က အတွင်းအားကို လျင်မြန်စွာ ထုတ်ဖော်၍ ချင်ယန်ကို ဖိနှိပ်လိုက်၏။

ချက်ချင်းပင် ချင်ယန်က လေးလံသော ဖိအားတစ်ခု ဖိနှိပ်လာသည်ကို ခံစားလိုက်ရသည်။

ချင်ယန်က လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ချေ။

"အရှုံးပေးချင်တာလား...ဘာအခွင့်အရေးမှ မရှိဘူး... ငါမင်းကို တစ်ခါတည်း ဇာတ်သိမ်းပေးမယ်"

ဝေရှန်းခွန်ထံမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ရန်ရှီးယုက အကြီးအကဲဇန်းကို ပြောလိုက်သည်။

"အကြီးအကဲ.. ချင်ယန်က ရှုံးနေပါပြီ"

ရန်ရှီးယု၏ အသံက ဒေါသကြောင့် တုန်ယင်နေခဲ့၏။

အကြီးအကဲဇန်းက စိတ်မကောင်းဟန်ဖြင့် ကြည့်နေစဉ် ကွီဟီ၏ အသံက ထွက်ပေါ်လာခဲ့သည်။

"သူ့ပါးစပ်က မပြောသရွေ့ သူအရှုံးပေးကြောင်း သတ်မှတ်လို့ မရဘူး... သိုင်းပြိုင်ပွဲ စင်မြင့်ထက်မှာ ရက်စက်မှုတွေက အမြဲရှိနေတာ သဘာဝပဲ"

"ရန်ရှီးယု... ဟွာလင်းဝုကျောင်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်ချင်နေတာလား"

ပြင်းထန်သော အတွင်းအား လှိုင်းလုံးကြီးသည် ချင်ယန်ကို လှုပ်ရှား၍ မရစေရန် ဖိနှိပ်ထားခဲ့သည်။

သို့သော် ချင်ယန် အရှုံးမပေးခဲ့ပေ။

သူက စွမ်းအားရှိသရွေ့ ခုခံနေမည်သာ ဖြစ်သည်။

ရုတ်တရက် ချင်ယန်၏ ဒန်တျန် အတွင်းရှိ ယွမ်မျိုးစေ့ကနေ စူးရှတောက်ပသော အရောင်များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ လည်ပတ်လာခဲ့သည်။

ထိုခဏဝယ် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် အရွယ်အစား အလွန်ကြီးမားသော လှိုင်းလုံးကြီး ကဲ့သို့ အားကောင်းလာခဲ့၏။

"ချင်ယန်... ဒါက ငါနဲ့မင်းရဲ့ကြားမှာရှိတဲ့ ကွာခြားမှုပဲ... သိုင်းပြိုင်ပွဲ စင်မြင့်ထက်က ရက်စက်မှုကို ငါပြပေးမယ်... မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့"

ဝေရှန်းခွန်၏ ကျယ်လောင်စွာ ပြောလိုက်သော သရော်သံနှင့်အတူ ပျက်စီးခြင်းလေလှိုင်း လက်ဝါးရိုက်ချက် ချင်ယန်ထံ ကျရောက်လာခဲ့သည်။

ရုတ်တရက် ချင်ယန်၏ ကိုယ်ကနေ ခရမ်းရွှေရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။

ထိုခရမ်းရွှေရောင် အခိုးအငွေ့များက နဂါးတစ်ကောင် ငိုကြွေးနေသကဲ့သို့ သွေးပျက်ခြောက်ခြားဖွယ် အော်မြည်သံများကို ထုတ်ဖော်နေကြ၏။

"ဒါ.. မဖြစ်နိုင်ဘူး"

ချင်ယန်ကို ကြည့်နေသော အကြီးအကဲဇန်း၏ မျက်ဝန်းအစုံက ရုတ်တရက် ပြူးကျယ်သွားပြီး တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

" မဖြစ်နိုင်ဘူး.. လုံးဝမဖြစ်နိုင်ဘူး"

ကွီဟီကလည်း ခေါင်းခါယမ်းလိုက်ပြီး တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

"သူက ဆယ့်ငါးနှစ်ပဲ ရှိသေးတာလေ... ဒါဖြစ်နိုင်ပါ့မလား"

ဆရာတစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ရန်ရှီးယုသည်ပင် အသက်ရှူ ရပ်တန့်လုနီးပါး အံ့အားသင့်နေမိသည်။

ကျောင်းသားများသည်လည်း တစ်ဦးမျက်နှာ တစ်ဦး တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိကြသည်။

"ဘာဖြစ်သွားတာလဲဟ"

ထိုအဖြစ်အပျက်ကြောင့် ဝေရှန်ခွန်သည် တုန်လှုပ်သွားကာ မျက်နှာပင် သွေးဆုတ်ဖြူရော်သွားခဲ့၏။

ထိုအရာသည် ကြောက်လန့်စေနိုင်သော စွမ်းအားတစ်ခု ကဲ့သို့ သူ့အား စတင်ခြောက်လှန့်နေတော့သည်။

ချင်ယန်၏ ကိုယ်ကနေ ခရမ်းရွှေရောင် အခိုးအငွေ့များက ဆက်လက် ထွက်ပေါ်နေပြီး လေထုအတွင်း လှိုင်းထနေခဲ့၏။

တခဏအကြာတွင် ချင်ယန်၏ ခန္ဓာကိုယ်မှ ကြီးမားသော ချီစွမ်းအင် လှိုင်းလုံးကြီးတစ်ခုသည် ဒီရေတက်သကဲ့သို့ တရှိန်ထိုး ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

ရုတ်တရက် မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်ပမာ အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ချင်ယန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။

သူ၏ အရိုးများကနေ မိုးကြိုးများ ထစ်ချုန်းနေသည့် အလား အသံများ မြည်ဟီးနေခဲ့ပြီး ခရမ်းရွှေရောင် အခိုးအငွေ့များက မုန်တိုင်းထန်နေသကဲ့သို့ ထွက်နေခဲ့၍ ဝေရှန်းခွန်သည်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။

"သူ့ရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတဲ့ ချီစွမ်းအင်လှိုင်းက အားကောင်းလှချည်လား... ဒါက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို တက်ရောက်သွားတာပဲ"

ဆရာတစ်ယောက်က ရေရွတ်လိုက်သည်။

"ချင်ယန်... သူ... သူ... အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ရောက်သွားပြီလား"

"ချင်ယန်က အဆင့်တက်သွားတာလား"

ကျောင်းသားသစ်၊ ကျောင်းသားဟောင်း အားလုံး၏ နှလုံးသားများက ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။

သူတို့၏ ရင်ထဲတွင် မနာလိုခြင်း၊ လက်မခံနိုင်ခြင်းများ လွှမ်းမိုးနေခဲ့၏။

ချင်ယန်သည် ဟွာလင်းဝုကျောင်းသို့ ရောက်ရှိလာသည်မှာ တစ်လဝန်းကျင်သာ ရှိသေးသော်လည်း အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ဝေရှန်ခွန်ပင် အံ့အားသင့်သွားခဲ့၏။

သူက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရန် နှစ်နှစ်ခန့် အချိန်ယူ လေ့ကျင့်ခဲ့ရသည်။

ချင်ယန်ကမူ ကျောင်းသို့ ရောက်သည်မှာ တစ်လသာ ရှိသေးသော်လည်း သူ့မျက်စိရှေ့မှာပင် အဆင့်တက်သွားခဲ့သည်။

ယခုလို အချိန်တိုအတွင်း အဆင့်လေး သိုင်းခန္ဓာ နယ်ပယ်မှ အဆင့်ငါး သိုင်းခန္ဓာ နယ်ပယ်သို့ တက်ရောက်မှုမျိုး ဟွာလင်းဝုကျောင်း၌ မရှိခဲ့ဖူးချေ။

အလွန် အဆင့်မြင့်သော သိုင်းကျောင်းတော်ကြီး အချို့တွင်သာ ယခုကဲ့သို့ ရှားပါးဖြစ်စဉ်မျိုး သို့မဟုတ် မွန်းစတားဆန်ခြင်းမျိုး ရှိနိုင်ပေသည်။

ချင်ယန်က သိုင်းလမ်းစဥ်၏ စစ်မှန်သော ပါရမီရှင်ပေလော။

ချင်ယန်၏ ခန္ဓာကိုယ်က ချီစွမ်းအင်များကို ကျေနပ်သည်အထိ အဆက်မပြတ် စုပ်ယူနေခဲ့သည်။

သူ၏ ချီစွမ်းအင်များ အပေါ်တွင် ထိန်းချုပ်နိုင်စွမ်း ပိုမို ကောင်းမွန်လာကြောင်း ခံစားနေမိသည်။

ချီစွမ်းအင် စုပ်ယူမှု ရပ်ဆိုင်းသွားချိန်တွင် ချင်ယန်သည် စတင် လှုပ်ရှားလာခဲ့သည်။

သူ၏ ခြေလှမ်းများက ယခင် အသုံးပြုသည့် တိမ်ပျံခြေလှမ်း မဟုတ်တော့ချေ။

အလွန်တရာ မြန်ဆန်လွန်းသည့် တိမ်တံခွန် ခြေလှမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။

နှစ်စက္ကန့်အတွင်း ချင်ယန်သည် မီတာနှစ်ဆယ် အကွာရှိ ဝေရှန်းခွန်၏ နံဘေးသို့ ရောက်ရှိသွားခဲ့သည်။

ထိုမျှ လျင်မြန်သည့် လှုပ်ရှားမှုကို ဝေရှန်းခွန် မရှောင်နိုင်ပေ။

သို့သော် သူ့ကို စိန်ကွက် သဏ္ဌာန် အကာအကွယ်ဒိုင်းက ကာကွယ်ထား၍ စိုးရိမ်ပူပန်မှု မရှိချေ။

ချင်ယန်၏ အလင်းမီးတောက် လက်သီးက သူ၏ အကာအကွယ်ထက် ပို၍ အစွမ်းမထက်နိုင်ဟု သူတွေးထားခဲ့သည်။

အနီရောင် လက်သီးသည် မီးလျှံများ ဖုံးလွှမ်းနေသော ကျားဆိုးကြီးတစ်ကောင် ခုန်အုပ်လာသကဲ့သို့ စိန်ကွက် သဏ္ဌာန် အကာအကွယ်ဒိုင်း ထံသို့ ဝင်ရောက်လာခဲ့သည်။

"ဝုန်း"

ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာကာ ဝေရှန်းခွန်၏ ချီစွမ်းအားများဖြင့် ဖန်တီးထားသော စိန်ကွက်သဏ္ဌာန် အကာအကွယ်ဒိုင်းကြီးက တစစီ ကျိုးပဲ့သွားခဲ့သည်။

ထို့နောက် အလင်းမီးတောက် လက်သီးသည် ဝေရှန်ခွန်၏ ရင်ဝသို့ ထိုးနှက်လာခဲ့သည်။

ဝေရှန်းခွန် ဝတ်ဆင်ထားသည့် အင်္ကျီ တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီး သူ၏ ရင်ဘတ် အရေပြားပေါ်တွင် အက်ကြောင်းများပင် ပေါ်လာခဲ့သည်။

သူ၏ ပါးစပ်ကနေလည်း သွေးများ အန်ထွက်လာခဲ့၏​။

"မင်း... ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်"

ဆရာဝေ၏ သားဖြစ်သူ ဝေရှန်းခွန်သည် တွေ့သမျှ လူအားလုံး၏ မျက်နှာသာပေးခြင်းကိုသာ ခံယူလာခဲ့သူ ဖြစ်ရာ ယခုကဲ့သို့ ဒဏ်ရာရရှိခြင်းသည် ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

"ဘာလို့ ငါက မလုပ်ရဲရမှာလဲ"

ချင်ယန်၏ အလင်းမီးတောက် လက်သီးသည် နီရဲနေသော သံမဏိတူကြီး တစ်လက် ပမာ ဝေရှန်းခွန် ထံသို့ အဆက်မပြတ် ကျရောက်သွားခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း"

ချင်ယန်၏ အမူအရာက သနားညှာတာဟန် တစ်စက်မှ မရှိချေ။

သူ၏ လက်သီးချက်များက ထိန်းချုပ်မှုကင်းမဲ့နေသည့် သားရိုင်းကောင်ကြီး ပမာ ရက်စက်ကြမ်းတမ်းနေခဲ့၏။

အခန်း(၂၉) ပြီး၏

All Chapters