← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း(၃၀)

"ဆရာဝေရဲ့သား.. သိုင်းလမ်းစဥ်ရဲ့ ပါရမီရှင် ဟုတ်လား.. မင်းအဖေရဲ့ သိက္ခာကို ချနေတာပဲ.. ပြန်ပြီး နောက် သုံးနှစ်လောက် လေ့ကျင့်လိုက်ဦး"

ချင်ယန်၏ လှောင်သံနှင့်အတူ အလင်းမီးတောက် လက်သီးသည် ဝေရှန်းခွန်၏ ခန္ဓာကိုယ်ကို ဆက်တိုက် ထိမှန်နေခဲ့သည်။

နောက်ဆုံး၌ ဝေရှန်းခွန်သည် လေထုအတွင်း လွင့်ထွက်သွားကာ အခန်းနံရံတစ်ခုနှင့် တိုက်မိကာ ပြုတ်ကျသွားခဲ့သည်။

"ဝေရှန်းခွန် ရှုံးနိမ့်ပြီး ချင်ယန် အနိုင်ရရှိပါတယ်"

အကြီးအကဲဇန်းက တခဏမျှ မှင်သက်မိနေပြီးမှ သတိဝင်လာကာ အော်ဟစ် ကြေညာလိုက်သည်။

ကွီဟီ၊ ယန်ယွန်နှင့် ဆရာအချို့သည် အပြေးအလွှား သွားရောက်ကာ ဝေရှန်းခွန်၏ ဒဏ်ရာကို စစ်ဆေးနေကြ၏။

ထို့နောက် ဝေရှန်းခွန်အား တန်ဖိုးကြီးဆေးဝါးများကို အမြန်တိုက်လိုက်ပြီး ဝိုင်းဝန်း ကုသနေခဲ့ကြသည်။

ချင်ယန်က သွက်လက်သော ခြေလှမ်းများဖြင့် စင်မြင့်ဘေး တစ်နေရာတွင် ရှိသော စိတ်ဝိညာဉ်ဓားကို ယူလိုက်သည်။

ပြိုင်ပွဲရလဒ်ကြောင့် လူအားလုံးသည် အံ့အားသင့်စွာဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။

ချင်ယန် အမှန်တကယ် အနိုင်ရခဲ့သည်။

ထို့အပြင် ချင်ယန်သည် အရေးကြီးသော အချိန်တွင် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သို့ တက်ရောက်နိုင်ခဲ့သည်။

"ချင်ယန်... နင်သေမှာ ကျိန်းသေနေပြီ... နင် အစ်ကိုခွန်ကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်... သူ့အဖေက ငြိမ်ခံနေမှာ မဟုတ်ဘူး"

ဝေရှန်းခွန်ကို ဆရာတစ်ဦးက ကုသပေးနေခဲ့၏။

သူ၏ ဒဏ်ရာက ပြင်းထန်သော်လည်း သတိမမေ့ခဲ့ချေ။

ချင်ယန်က အေးစက်စက် ရယ်လိုက်သည်။

"ဟမ့်... သူကတော့ ငါ့ကို ဒဏ်ရာရအောင် လုပ်ခွင့်ရှိပြီး ငါက သူ့ကို ဒဏ်ရာရအောင် လုပ်ခွင့် မရှိဘူးလို့ နင်ပြောချင်တာလား.. သိုင်းပြိုင်ပွဲစင်မြင့်တိုင်းမှာ ရက်စက်မှုတွေ ရှိတယ်... သတ္တိကြောင်တဲ့ကောင်တွေကသာ သူတို့ရဲ့ ရှုံးနိမ့်မှုကို ဝန်မခံရဲဘဲ သူတပါးကို အားကိုးကြတယ်"

"နင်..."

စကားအချေအတင် ပြောနေစဉ်မှာပင် ယန်ယွန်သည် ချင်ယန်၏ လက်ထဲတွင် ကိုင်ထားသော ဓားကို မြင်လိုက်သောကြောင့် ခြေဆောင့်နင်းလိုက်သည်။

"ယန်လေး... ဓားကို မြန်မြန် ပြန်ယူလိုက်"

ဒဏ်ရာကြောင့် အားနည်းနေသော ဝေရှန်းခွန်သည် စိုးရိမ်ပူပန်စွာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

ဝေရှန်းခွန်သည် ဒဏ်ရာပြင်းထန်စွာရရုံသာမက အဆင့်နိမ့် စိတ်ဝိညာဥ် ပစ္စည်းကိုပါ ထပ်မံ ဆုံးရှုံးရပေတော့မည်။

ဝေရှန်းခွန် အကြီးအကျယ် မျက်နှာပျက်နေခဲ့သည်။

"ချင်ယန်... နင်မှတ်မိလား.. ငယ်ငယ်တုန်းက ငါ့ရဲ့ မွေးနေ့ပွဲမှာ နောင်တစ်ချိန်ကျရင် ငါလိုချင်တဲ့ ပစ္စည်းတစ်ခုခုကို နင်ပေးမယ် ဆိုပြီး ငါ့ကို ကတိပေးဖူးတယ်"

ယန်ယွန်က အံကြိတ်၍ ဆက်ပြောလိုက်သည်။

"နင် ယောက်ျားကတိတည်ပြီး ကတိအတိုင်း နင့်လက်ထဲက ဓား ငါ့ကို ပေးပါ"

ယန်ယွန်နှင့် ချင်ယန် တို့သည် ဝမ်းကွဲမောင်နှမများ ဖြစ်ကြသည်။

ကလေးဘဝက ပြောခဲ့သည့် စကားကို ယခုအခါတွင် အတည်ပြု၍ တောင်းဆိုနေခြင်း ဖြစ်သည်။

ခန်းမအတွင်းရှိ လူအားလုံး ကျိတ်၍ ရယ်နေမိကြသည်။

ကလေးဘဝက အပြောင်အပျက် ပြောခဲ့သော စကားတစ်ခွန်းကို အတည်လုပ်၍ အဖိုးတန် စိတ်ဝိညာဥ်ရတနာပစ္စည်း တောင်းဆိုနေခြင်းကို မည်သူက လက်ခံပါမည်နည်း။

ချင်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။

ကလေးဘဝတွင် ယန်ယွန်သည် သူ၏ ကစားဖော် ဖြစ်ခဲ့သည်။

သို့သော် သူ၏ နေရာမှ ဖယ်ရှားခံရပြီးနောက်တွင် သူမတို့ မိသားစုသည် ကူကယ်ရာမဲ့နေသော သူ့ကို မကူညီသည့်အပြင် နှိမ့်ချဆက်ဆံမှုပင် လုပ်ခဲ့သည်။

"ဟုတ်တယ်.. ငါကတိပေးခဲ့ဖူးတယ်"

ရန်ရှီးယုက ရုတ်တရက် တစ်စုံတစ်ခု ပြောချင်လာသော်လည်း မပြောမိအောင် ထိန်းချုပ်လိုက်သည်။

ချင်ယန်က သူ၏ ကတိကို လက်ခံမည်ဟု သူ မထင်မိခဲ့ချေ။

အခြားလူများသည်လည်း ချင်ယန်၏ စကားကြောင့် ရယ်မောမှုများ ရပ်တန့်သွားခဲ့သည်။

ဝေရှန်ခွန်၏ စိတ်ထဲတွင်မူ ချင်ယန်၏ တုံးအခြင်းကို လှောင်ရယ်နေမိ၏။

ချင်ယန်က ဓားကို ဓါးအိမ် အတွင်းမှ ဆွဲထုတ်လိုက်သည်။

ထိုအခိုက် သူ၏ လက်နှစ်ဖက်က အနီရောင် သန်းလာခဲ့ပြီး ဓားကို ရုတ်တရက် ဆွဲချိုးလိုက်သည်ကို အားလုံး မြင်လိုက်ကြသည်။

"ဂျွတ်"

ဓားကျိုးပဲ့သံ ထွက်ပေါ်လာပြီး လှပသော အပြာရောင်ဓားက ထက်ပိုင်း ကျိုးသွားတော့သည်။

ယန်ယွန်က သွေးအန်လုမတတ် ဒေါသထွက်သွားသည်။

"ဟားဟား... ကြီးမြတ်တဲ့ မှော်အစီအရင်နဲ့ လုပ်ထားတဲ့ ဓားတဲ့လား.. စုပ်ပဲ့နေတာပဲ.. မင်းလိုချင်တာ ဒါမဟုတ်လား"

ချင်ယန်က ပြုံးလိုက်ပြီး ဓားကျိုး အပိုင်းအစများကို ယန်ယွန်၏ ခြေထောက် အနီးသို့ ပစ်ချလိုက်သည်။

အစောပိုင်းက ချင်ယန်သည် စိတ်ဝိညာဉ်စာလုံးများ ထွင်းရေးထားသော ထိုဓားကို ဓားအိမ်မှ ဆွဲထုတ်ပြီး စစ်ဆေးခဲ့သည်။

သူ၏ စစ်ဆေးချက်အရ ထိုဓား၏ အရည်အသွေးက အလွန်ညံ့ဖျင်းမှန်း သိခဲ့ရသည်။

ထို့ကြောင့်လည်း ယခုကဲ့သို့ ချိုးလိုက်ခြင်းသာ။

ကျိုးသွားသော ဓားကို ကြည့်ကာ ကူရာကယ်ရာ မဲ့သွားသော ဝေရှန်းခွန်၏ မျက်နှာက လူသေတစ်ဦးနှယ် ဆွတ်ဆွတ်ဖြူသွားခဲ့သည်။

အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက်သည် အမှန်တကယ် ပျက်စီးသွားခဲ့ချေပြီ။

လူအုပ်ကြီးက အံ့အားသင့်စွာ ကြည့်နေမိကြ၏။

ထိုဓားသည် ဆရာဝေ ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။

"ချင်ယန်... မင်း အသေဆိုးနဲ့ သေရလိမ့်မယ်"

ကွီဟီက ဒေါသတကြီး အော်ပြောလိုက်ပြီး ဝေရှန်းခွန်ကို သယ်ဆောင်၍ ထွက်ခွာသွားခဲ့သည်။

ယန်ယွန်က ချင်ယန်၏ ခွန်အားကို ကြောက်ရွံ့နေပေရာ ကွီဟီ၏ နောက်ကနေ လိုက်၍ ထွက်ခွာသွားခဲ့သည်။

သူမ၏ မျက်လုံးထဲ၌ ဝေရှန်းခွန်သည် အစွမ်းအထက်ဆုံးလူ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် အခြားလူ တစ်ဦးကို ရှုံးနိမ့်သွားခဲ့ရသည်။

ထို့ပြင် အနိုင်ယူသွားသူမှာ သူမ မုန်းတီးနေသူ ဖြစ်နေခဲ့သည်မှာလည်း အံ့အားသင့်ဖွယ် တိုက်ဆိုင်မှုတစ်ခု ဖြစ်၏။

ချင်ယန်က တိုက်ပွဲအတွင်း အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သို့ပင် ရောက်ရှိသွားခဲ့၏။

ထိုအချက်သည် လူအများအပြားကို အသက်ရှူမှားမတတ် အံ့သြစေခဲ့သည်။

သိုင်းပြိုင်ပွဲက ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

လူနှစ်ယောက်သည် စက်ဝိုင်းပုံ သစ်သားပြား တစ်ခုကို ထောင်မတ်ထားသော ပစ္စည်း တစ်ခုအား ယူဆောင်လာခဲ့သည်။

"ဒါက မဲနှိုက်သလိုပဲ... ကိုယ့်ရဲ့ ကံအပေါ်ပဲ မူတည်တယ်... မင်းရဲ့ ကံကြမ္မာကို တစ်ကြိမ် စမ်းသပ်ခွင့် ရှိတယ်... တကယ်လို့ ကံကြမ္မာစက်ဝိုင်းကို လှည့်ပြီး မစမ်းသပ်ချင်ဘူးဆိုရင်တော့ သလင်းကျောက်ပြား တစ်သောင်းကို ရွေးချယ်ခွင့် ရှိတယ်"

အကြီးအကဲဇန်းက ပြုံး၍ ပြောလိုက်သည်။

"ကံကြမ္မာစက်ဝိုင်းကို လှည့်ပြီးရင်တော့ ရပ်တဲ့အချိန်မှာ ကျရောက်တဲ့ နေရာက ပစ္စည်းကိုပဲ ယူရလိမ့်မယ်"

ချင်ယန်က ဆုံလည်သစ်သားပြား ပေါ်တွင် ရေးထားသော ဆုမဲများကို ကျိတ်၍ လေ့လာနေခဲ့သည်။

သစ်သားပြားပေါ်တွင် အမျိုးမျိုးသော ဆုမဲပေါင်း တစ်ဒါဇင်ခန့် ရေးသားထားပြီး အင်္ကျီ၊ ဖိနပ် အစရှိသော ပစ္စည်းများပင် ပါဝင်နေခဲ့၏။

၎င်းတို့အတွင်း၌ တစ်ခုတည်းသော သိုင်းပညာရပ် ဖြစ်သည့် လေခွဲသိုင်းသည် အကောင်းဆုံး ဖြစ်သည်။

"လေခွဲသိုင်းက အဆင့်မြင့် စိတ်ဝိညာဉ်အဆင့် သိုင်းပညာရပ်ပဲ... လက်ချည်းသက်သက် အသုံးပြုလို့ ရသလို လက်နက်နဲ့လည်း အသုံးပြုနိုင်တယ်... ငါသိရသလောက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်း လေခွဲသိုင်းပညာကို ဘယ်သူမှ မအောင်မြင်ခဲ့ဘူး"

ရန်ရှီးယုက စင်မြင့်အနီးသို့ လျှောက်လာကာ ချင်ယန်ကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ချင်ယန်သည် စင်မြင့်အောက်မှ စကားသံများစွာကို ကြားလိုက်ရသည်။

"ဒါကို မလှည့်ခင် ငါကြိုပြောထားမယ်.. ဖိနပ်စုတ်ကို ရရင် သလင်းကျောက်ပြားနှစ်သောင်းနဲ့ ငါပြန်ဝယ်မယ်"

"ခါးစည်းကြိုး အစုတ်ကို ရရင် သလင်းကျောက်ပြားသုံးသောင်း ငါပေးဝယ်မယ်"

"ငါတကယ်ပြောတာနော်"

"............."

ချင်ယန်က စင်အောက်မှ လူများကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

ထိုလူများသည် သူ့ကို မနာလိုစွာဖြင့် အာရုံလာနှောက်နေခြင်းသာ။

ချင်ယန်က ကံကြမ္မာစက်ဝိုင်း ရှိရာသို့ လျှောက်သွားလိုက်သည်။

ထို့နောက် ချီစွမ်းအင် အနည်းငယ်ကို အသုံးပြု၍ ဆုံလည်သစ်သားပြားကို ညင်သာစွာ ဆွဲလှည့်လိုက်သည်။

ဆုံလည်ပြားသည် အချိန်အတန်ကြာ လည်ပတ်နေပြီးနောက် တဖြည်းဖြည်း နှေးလာကာ ရပ်တန့်သွားခဲ့သည်။

ထိပ်ဦးချွန် မြှားတံ နှင့် တည့်မတ်စွာ ကျနေသည့် နေရာမှာ 'လေခွဲသိုင်း' ဟူသော နေရာပင် ဖြစ်သည်။

ချင်ယန်ကို တန်ဖိုးမရှိသော ဆုလဒ်သာရရှိရန် လူတိုင်း၏ ရင်ထဲတွင် ကျိတ်၍ ဆုတောင်းခဲ့ကြသည်။

သို့သော် မျှားထိပ် တည့်တည့်ရှိ ဆုမှာ လေခွဲသိုင်းကျမ်း ဖြစ်နေခဲ့၏။

လူအားလုံး၏ အံ့အားသင့်စွာ ထွက်ပေါ်လာသော အာမေဋိတ်သံများနှင့် အတူ ချင်ယန်၏ ကံကောင်းမှုကို မနာလိုဖြစ်နေမိကြသည်။

ရန်ရှီးယု အနေဖြင့်လည်း လေခွဲသိုင်းကိုသာ အထူးခြားဆုံးအဖြစ် ယူဆမိသည်။

ချင်ယန်က အကောင်းဆုံး ဆုလဒ်ကို ရရှိသွားပြီ ဖြစ်သည်။

ချင်ယန်က ကျိတ်၍ ကျေနပ်ဝမ်းသာနေခဲ့သည်။

စစ်စစ် ဆုံလည်ပြားကို ဆွဲလှည့်ရာတွင် ချင်ယန်သည် ချီစွမ်းအင် အနည်းငယ် အသုံးပြု၍ ဆုံလည်ပြားကို ထိန်းချုပ်ကာ သူ လိုချင်သည့် နေရာသို့ ကျရောက်စေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဒါ.. မင်းရဲ့ ဆုပဲ"

အကြီးအကဲဇန်းက ချင်ယန်၏ လျှို့ဝှက် လုပ်ဆောင်မှုကို ရိပ်မိဟန်ရသော်လည်း မည်သည့်အရာကိုမှ မပြောခဲ့ချေ။

သူက စာအုပ် တစ်အုပ်ကိုသာ လှမ်းပေးလိုက်သည်။

ဤစာအုပ်ကို ချန်ယန်က အပိုင် ရရှိခြင်း ဖြစ်ပြီး ကျောင်းတော်ကို ပြန်လည် ပေးအပ်ရန် မလိုပေ။

ထို့ကြောင့် သူက လေခွဲသိုင်းကို အချိန်ယူ၍ ဖြည်းဖြည်းချင်း လေ့လာရန် ဆုံးဖြတ်ထားခဲ့သည်။

"ကောင်းကင်ခြင်္သေ့ရေကန်ဆီ သွားစို့"

အကြီးအကဲဇန်းက ခန်းမ၏ အတွင်းဘက်ရှိ တံခါးပေါက် တစ်ခုဆီသို့ လျှောက်သွားခဲ့သည်။

ချင်ယန်က လက်ထဲရှိ လေခွဲသိုင်းကျမ်းကို ရန်ရှီးယု ထံသို့ ပေးလိုက်ပြီး အကြီးအကဲဇန်း နောက်သို့ လိုက်သွားခဲ့သည်။

ရန်ရှီးယုက စကားတစ်ခွန်းမှ ပြောဆိုခြင်း မပြုခဲ့ချေ။

သူမက ချင်ယန်နှင့် အကြီးအကဲဇန်း တို့၏ နောက်ကျောကိုသာ ငေးကြည့်နေခဲ့သည်။

သူမ၏ အမူအရာက အတန်အသင့် ပျော်ရွှင်နေဟန် ရှိသည်။

သို့သော် သူမ၏ နှလုံးသားက ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်လောက်အောင် ပြင်းထန်စွာ လှုပ်ရှားနေ၏။

အဘယ်ကြောင့်ဆိုသော် ချင်ယန်က ပို၍ သန်မာလာသောကြောင့် ဖြစ်သည်။

ချင်ယန်သာ ဟွာလင်းဝုကျောင်းမှ ထွက်ခွာခဲ့ရလျှင် သေချာပေါက် ကြီးမားသော အန္တရာယ် ကျရောက်ပေလိမ့်မည်။

ချင်ယန်က အကြီးအကဲဇန်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့သည်။

အကြီးအကဲဇန်းက ကောင်းကင်ခြင်္သေ့ခန်းမ၏ ရှေ့တည့်တည့်ရှိ ရွှေရောင်တံခါးကြီး ရှိရာသို့ ဦးဆောင်ကာ လျှောက်လှမ်းသွားခဲ့သည်။

တံခါးပေါ်တွင် ခြင်္သေ့ရုပ် များစွာ ထွင်းထုထားပြီး ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော အော်ရာများ ထုတ်လွှတ်နေခဲ့၏။

တံခါးချပ်ကြီး နှစ်ခုဘေးတွင် ရွှေဖြင့် ပြုလုပ်ထားဟန် တူသည့် ရုန့်ရင်းသော ခြင်္သေ့ရုပ်တုကြီး နှစ်ခု ရှိနေသည်။

အမှတ်တမဲ့ကြည့်လျှင် အသက်ဝင်နေသည်ဟု ထင်မှတ်ရလောက်အောင် ခြင်္သေ့ရုပ်ကြီးများကို လက်ရာမြောက်စွာ ပြုလုပ်ထားခဲ့သည်။

အကြီးအကဲဇန်းက တံခါးချပ်ကို ဖွင့်လိုက်ရာ ကျယ်ပြန့်၍ မျက်စိတဆုံး ရှည်လျားသော စင်္ကြန်လမ်း တစ်ခုကို တွေ့လိုက်ရသည်။

စင်္ကြန်လမ်း၏ နံရံနှင့် ကြမ်းပြင်တို့ကို ရွှေပြားများဖြင့် ခင်းကျင်းပြုလုပ်ထားဟန် ရှိပြီး ၎င်းရွှေပြားများပေါ်တွင် ခြင်္သေ့များ၏ ကြမ်းကြုတ်ရက်စက်သော ကိုယ်ဟန်အမျိုးမျိုးကို ထွင်းထုထားသည်။

ဘေးနှစ်ဖက်ရှိ နံရံများပေါ်တွင် ရွှေရောင်ခြင်္သေ့ာဦးခေါင်းကြီးများ အတန်းလိုက် ရှိနေကြ၏။

ထိုခြင်္သေ့ဦးခေါင်းကြီးများသည် အလွန်ကြီးမားပြီး ပါးစပ်ကနေလည်း ရွှေအိုရောင် မီးတောက်များ ထွက်ပေါ်နေကြသည်။

ထိုမီးတောက်များသည် စင်္ကြန်လမ်း တစ်လျှောက်ကို အလင်းရောင် ရစေရုံသာမက ဆန်းကြယ်သော ခံစားချက်ကိုပါ ပေးစွမ်းနေ၏။

ချင်ယန်က အကြီးအကဲဇန်းနှင့်အတူ တံခါးပေါက် အတွင်းသို့ ဝင်ရောက်သွားခြင်းကို မြင်လိုက်ရသော လူများသည် မနာလို အားကျစိတ်များ ဖြစ်လာကြသည်။

ကောင်းကင်ခြင်္သေ့ရေကန်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိဆန်သော နေရာတစ်ခု ဖြစ်သည်။

ထိုနေရာမှ ထွက်လာခဲ့သူများသည် အနာဂတ်တွင် ထင်ရှားသော သိုင်းပညာရှင်များ ဖြစ်လာခဲ့ကြ၏။

၎င်းတို့က စွမ်းအားကြီးမားသော သိုင်းပညာရှင်ကြီးများအဖြစ် ကျော်ကြားခဲ့ကြသည်။

"လွန်ခဲ့တဲ့ ငါးနှစ်က သူ့ရဲ့ အိမ်ရှေ့မင်းသား နေရာ ဖျက်သိမ်းခံရပြီး သူ့ရဲ့ စိတ်ဝိညာဉ်သွေးကြော လေးခု ဖျက်ဆီးခံခဲ့ရတယ်.. သူ့ကို အသက်ဆယ့်ခြောက်နှစ် ပြည့်တဲ့အထိ အသက်မရှည်နိုင်ဘူးလို့တောင် လူတိုင်းက ထင်မြင်ခဲ့ကြတယ်... ဒါပေမဲ့ အခု သူက ကောင်းကင်ခြင်္သေ့ရေကန်ထဲကို ဝင်နိုင်ခဲ့ပြီ"

"ကောင်းကင်ခြင်္သေ့ တွန်းကန်အားရေက ငါးနှစ်တစ်ကြိမ် ဆေးဖက်ဝင် ပစ္စည်းအမျိုးမျိုးကို ရောစပ်ပြီး ပြုလုပ်ထားတာပဲ.. မင်း အဲဒီအကြောင်းကို သိလား.. လူတိုင်း ဝင်လို့မရဘူးကွ"

"ငါကြားဖူးတာတော့ ကောင်းကင်ခြင်္သေ့ တွန်းကန်အားရေက အရမ်းကို ကြော​က်ဖို့ကောင်းတယ်တဲ့.. အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် အဆင့်တွေတောင် ရေကန်ထဲမှာ တစ်ရက်နီးပါး နေရုံနဲ့ လေးဘက်ထောက် ထွက်လာကြရတာတဲ့"

"ချင်ယန်က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို အခုမှ ရောက်ခါစဆိုတော့ အလွန်ဆုံး နေ့တစ်ဝက်လောက်ပဲ ခံနိုင်ရည် ရှိမယ် ထင်တယ်"

လူတိုင်း အားကျစိတ်၊ မနာလိုစိတ်များဖြင့် သက်ပြင်းချကာ ကောင်းကင်ခြင်္သေ့ ရေကန်၏ အမျိုးမျိုးသော ဒဏ္ဍာရီများကို ပြောနေကြသည်။

ရန်ရှီးယုက ချင်ယန်၏ နောက်ကျောကို ကြည့်ကာ စဉ်းစားခန်း ဝင်နေခဲ့သည်။

ချင်ယန်သည် ကောင်းကင်ခြင်္သေ့ ရေကန်သို့ ဝင်ရောက်ခွင့်ရခြင်းကနေ နာကျင်မှု အနည်းငယ်ကို ခံစားရမည် ဖြစ်သော်လည်း အလွန် ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်ကြောင်း သိခဲ့သည်။

ချင်ယန်၏ သိုင်းလမ်းစဥ် တစ်လျှောက်တွင် ကျရှုံးစေမည့် အနှောင့်အယှက်များနှင့် တိုးတက်မှုကို ဟန့်တား ပိတ်ဆို့မှုများ ရှိတော့မည် မဟုတ်ချေ။

သူ၏ တစ်သက်တာတွင် ယခုလို အခွင့်အရေးမျိုး ထပ်မရနိုင်တော့ပေ။

ကောင်းကင်ခြင်္သေ့ ရေကန်သို့ ဝင်ရောက်နိုင်သူသည် အရည်အချင်း ပြည့်ဝသူ ဖြစ်ကြောင်း အားလုံးက အသိအမှတ်ပြုထားကြသည်။

"ဘန်း..."

တံခါးကြီး ပိတ်သွားခြင်းမှာ ကောင်းကင်ခြင်္သေ့ ခန်းမ၏ ပြိုင်ပွဲပြီးဆုံးပြီ ဟူသော အဓိပ္ပါယ် ဖြစ်၍ ခန်းမကြီး အတွင်းမှ အားလုံး ထွက်ခွာသွားကြသည်။

အခန်း(၃၀) ပြီး၏

All Chapters