အခန်း ၂၄၈၆
Vol. 177 Ch. 2486
အခန်း (၂၄၈၆)
လင်းရီ၏ အတွေးအစစ်အမှန်
မူလတုန်းကတော့ လူတိုင်း၏ အာရုံစိုက်ရာမှာ ရှေးဟောင်းလက်ရေးစာမူ၏ လုံခြုံရေးနှင့် လူများကို မည်သည့်ထိခိုက်မှုမျှမရှိဘဲ ပြန်လည် ခေါ်ဆောင်ဖို့ရာ ဖြစ်ပြီး ယခုမူ … အာရုံအလုံးစုံက လင်းရီအပေါ်သို့ ကျရောက်သွားခဲ့လေသည်။
တစ်ဖက်ပြိုင်ဘက်က လှုပ်ရှားသည့်အခါ ၎င်းတို့၏ အရှက်မဲ့သည့် လုပ်ရပ်များအတွက် ဘာဘာညာညာ အကြောင်းပြချက်တို့ ခေါင်းစဉ်တပ်ကြသေးသော်လည်း လင်းရီကတော့ ပိုပြီး တိုက်ရိုက်ကြသည်။ မည်သည့် အကြောင်းပြချက်မျှပင် ပေးမနေချေ။ ယင်းက လူတိုင်း၏ ရှေ့မှောက်တွင် မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့်တူပြီး သူတို့ကို အတင်းအကြပ် အလျှော့ပေးဖို့ ဖိအားပေးနေတော့၏။
သင်္ဘောပေါ်တွင် ပါလာသည့် ခရီးသည် ငါးထောင်ကျော်က လွှမ်းမိုးမှု ကိုယ်စီရှိသည့် လူပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ရှေးဟောင်း လက်ရေးစာမူ၏ တန်ဖိုးနှင့် နှိုင်းယှဉ်ကြည့်လျှင်မူ …
မည်သည်က ပို၍ အရေးပါလဲဆိုတာကိုတော့ ပြောရခက်လေသည်။
အကယ်၍ တစ်ဖက်ကို ဖိအားပေးလွန်းပြန်လျှင်လည်း ၎င်းတို့က စားပွဲလှန်ပစ်လိုက်မည်ဆိုပါက အန္တရာယ်ကျရောက်မည့်သူက လင်းရီ ဖြစ်၏။
***
လုပေချိန်က နံရံပေါ်ရှိ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။
နာရီလက်တံက သူ့အလိုလို ရွေ့လျားနေသည်ဆိုသော်လည်း အချိန်က ရပ်တန့်နေသည့်နှယ် နှေးကွေးလွန်းလှသည်။
“ အကြီးအကဲလု … ကျုပ်တို့ ဘာမှမလုပ်ဘဲ ဒီတိုင်း ထိုင်စောင့်နေတော့မှာလား ….” လျိုဟုန် မေးလိုက်သည်။
“ လောလောဆယ် တစ်ခြား ရွေးချယ်စရာ မရှိဘူး … သူတို့ဘက်က ဘာပြောလာမလဲပဲ စောင့်ကြည့်ရမယ် ….”
“ ဒါပေမယ့် အကြီးအကဲလုလည်း လင်းရီရဲ့ အကျင့်စရိုက်ကို သိပါတယ် …” လျိုဟုန်က လေးနက်သည့် အမူအရာဖြင့် “ သူ မလုပ်ရဲတာ ဘာမှ မရှိဘူး ….”
“ သူသာ တကယ်ပဲ လှုပ်ရှားလိုက်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ခန့်မှန်းကြည့်လို့တောင် ရမှာ မဟုတ်ဘူး ….”
“ နောက်ဆက်တွဲ ကိစ္စတွေကို သူ ကောင်းကောင်း ကိုင်တွယ်လိမ့်မယ် … ငါတို့အပေါ် ဘာသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး ….”
လုပေချိန် သက်ပြင်းချလိုက်၏။ “ ဒီအကြောင်းတွေ နောက်မှ ပြောကြတာပေါ့ … လောလောဆယ်တော့ ရလဒ် ဘယ်လိုဖြစ်လာမလဲပဲ အရင် စောင့်ကြည့်ကြတာပေါ့ ….”
အစည်းအဝေးခန်းထဲရှိ မည်သူမျှ စကားမဆိုကြချေ။
ငါးနာရီအချိန်က ငရဲတွင် ကမ္ဘာနှင့်ချီပြီး ဒုက္ခခံနေရသည့်နှယ် ကြာညောင်းလွန်းလှ၏။
နောက်ပြီး လူတိုင်းကလည်း လင်းရီ၏ ကလေးက မွေးဖို့မလိုတော့ကြောင်းကို သိနေကြသည်။
အကယ်၍ ယခုလို အချိန်မျိုး၌ လင်းရီ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့သည် သူ့မိသားစုကို မျက်နှာပြဝံ့မှာတောင် မဟုတ်ချေ။
ငါးနာရီဆိုသည့် ကြာချိန်က တစ်သက်တာမျှ အောက်မေ့ရလောက်သည်အထိ ရှည်ကြာလွန်းလှ၏။
အစည်းအဝေးခန်းထဲတွင် ဆေးလိပ်မီးခိုးငွေ့များ ပြည့်နှက်နေပြီး ဆေးလိပ်တိုများက နေရာအနှံ့ ပြန့်ကျဲလို့နေသည်။
ဤအတောအတွင်း လူတစ်ချို့က ထမင်းဘူးများ လာပို့ပေးကြသော်လည်း အကုန်လုံးက စားပွဲပေါ်မှာပဲ ဒီတိုင်း တင်ထားကာ ဟင်းများပင် အေးစက်နေပြီ ဖြစ်၏။ မည်သူမျှ တစ်တို့ မတို့ကြချေ။
ဒီရေကိုစောင့်က အတက်နှေး။ ထမင်းကို စောင့်က အကျက်နှေးဆိုသည့် စကားကို ဤနေရာတွင် သူတို့ကောင်းကောင်း နားလည်သဘောပေါက်သွားကြတော့၏။
ခါတိုင်း အချိန်က မြန်ဆန်လွန်းသည်ဟု ညည်းတွားနေစဉ် လက်ရှိတွင်တော့ ငါးနာရီအချိန်က နွေ၊ မိုး၊ ဆောင်း ဥတုသံသရာ စက်ဝန်းတစ်ပတ် လည်ပတ်သွားသည်လောက်ကို ကြာသည်ဟု ခံစားနေရ၏။
“ အကြီးအကဲလု … ငါးမိနစ်ပဲ ကျန်တယ် …” လျိုဟုန်က အသံနိမ့်၍ ပြောလိုက်ပြီး စိုးရိမ်စိတ်လှုပ်ရှားမှုကြောင့် ချွေးစေးများပင် ထွက်လာသည်။
“ သင်္ဘောက အခု ဘယ်ရောက်နေပြီလဲ ….”
“ ဟွာရှ ရေပိုင်နက် နယ်နိမိတ်စည်းနားမှာပါ … တကယ်လို့ သူ ရှေ့ဆက်သွားမယ်ဆိုရင် ကျုပ်တို့ဘက်က ကူညီချင်တယ်ဆိုရင်တောင် ကူညီလို့ မရတော့ပါဘူး ….”
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် လုပေချိန်က တင်းမာနေသည့် အမူအရာဖြင့် “ စောင့်ကြတာပေါ့ … ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ဘက်က အသာစီးပဲ …”
***
နာရီလက်တံအရှည်က ငါးကြိမ်ပြည့်အောင် လည်ပတ်ပြီးသွားခဲ့ပြီး ၇၂ နာရီ ကျော်လွန်သွားခဲ့သည်။
ဤကိစ္စအပေါ် အာရုံစိုက် စောင့်ကြည့်နေကြသူများအတွက် ပိတ်ကားလိုက်ကာက မြင့်တက်လာပြီး မည်သို့သော ပြဇာတ်တစ်ပုဒ် ဖြစ်ပေါ်လာမလဲဆိုတာကတော့ …
စိတ်ဝင်တစား စောင့်ကြည့်ရမည့် အရာပင်။
သို့သော် ဤပြဇာတ်၏ ဒါရိုက်တာက အရူးတစ်ယောက်ဆိုတာကိုတော့ လူတိုင်းက တပ်အပ် ယုံကြည်နေကြ၏။
***
နောက်ထပ် ဆယ်မိနစ်ကျော် ကုန်လွန်သွားခဲ့သည်။
ထိုအချိန်မှာပဲ လျိုဟုန်၏ လက်ထောက်က တံခါးကို တွန်းဖွင့်၍ အစည်းအဝေးခန်းထဲသို့ ဝင်ရောက်လာသည်။
“ ခေါင်းဆောင်လင်းရဲ့ သင်္ဘောက ဦးတည်ရာအတိုင်း ရှေ့ဆက်နေပါတယ် ….”
“ ကောင်းပြီ… နားလည်ပြီ …”
လုပေချိန် ခွန်းတုံ့ပြန်လိုက်၏။ လူတိုင်း၏ အမူအရာကလည်း ပို၍ပင် လေးနက်တင်းမာလာသည်။
ယခုမတိုင်မီက လင်းရီ၏ လုပ်ရပ်များက သူတို့ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းတွင် ရှိနေပြီး … အကယ်၍ လိုအပ်ပါက စစ်တပ်အင်အားဖြင့် ဝင်ရောက်စွက်ဖက်နိုင်သည်။
သို့သော်ယခု …
အဆိုပါ အခွင့်အရေးက မရှိတော့ပေ။
******
ဂါးလဒ်၏ ရုံးခန်း။
ဂါးလဒ်နှင့် ကမ်ဘယ်လ်တို့နှစ်ဦးလုံး ထိုင်ခုံတွင် ထိုင်နေကြ၏။ နှစ်ဦးလုံး၏ မျက်နှာအမူအရာများက လေးနက် တင်းမာနေသည်။
၎င်းတို့ရှေ့တွင် Ocean Symphony သင်္ဘောကြီး၏ ရွေ့လျားမှုကို ရှင်းလင်းစွာ ပြသနေသည့် စခရင်အကြီးကြီး တစ်ခု ရှိ၏။
အချိန်အမှတ်စဉ် ရေတွက်မှုကိုလည်း စခရင်တွင် ပြသနေပြီး သုံးမိနစ်သာလျှင် ကျန်ရစ်တော့သည်။
“ သူ တကယ် လုပ်ရဲလောက်လား … တကယ်လို့ သူသာ လုပ်ရဲမယ်ဆိုလို့ကတော့ သူလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး …” ကမ်ဘယ်လ် ပြောလိုက်သည်။
ဂါးလဒ်က နှုတ်ခမ်းတွင် ဆေးတံကိုက်ထားပြီး ဗလာကျင်းသည့် မျက်နှာအမူအရာဖြင့် “ ငါတော့ သူ မလုပ်ရဲဘူးလို့ လောင်းရဲတယ် … တကယ်လို့ သူလုပ်လိုက်ရင် ငါတို့က ပိုပြီးတောင် အကျိုးအမြတ်ရလိမ့်ဦးမယ် …. နောက်ပြီး သူ့အသက်ကို လောင်းကြေးထပ်မယ့် လူစားမျိုး မဟုတ်ဘူးလို့လည်း ယုံကြည်တယ် ….”
“ မင်း သုံးသပ်သွားတာက ယုတ္တိတော့ရှိတယ် … ဒါပေမယ့် ငါတော့ စိတ်ပူနေတုန်းပဲ …” ကမ်ဘယ်လ် ပြောလိုက်သည်။
“ သူတို့တွေက ရှေးတုန်းကရင် သေမှာ မကြောက်တဲ့လူစားမျိုးတွေဆိုတာ မင်းလည်း သိပါတယ် … ပြီးတော့ သမိုင်းမှာ ငါတို့ဘက်က အများကြီး ရှုံးနိမ့်ခဲ့ဖူးတယ် ….”
“ ခေတ်ကာလတွေက ပြောင်းသွားခဲ့ပြီ … ပြဿနာတွေကို ရှုထောင့်အဟောင်းကြီးကနေပဲ ဆက်ကြည့်နေလို့ မရဘူး …” ဂါးလဒ် ပြောလိုက်ပြီး “ မင်းနားလည်ထားရမှာက … သင်္ဘောပေါ် ရှိနေတဲ့လူတွေက သူတို့ရဲ့ ညှိနှိုင်းရေးကတ်ပဲ … အဲ့လူတွေသာ မရှိတော့ရင် ငါနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အရည်အချင်းမမီဘူး ဆိုတာပဲ ….”
“ ဒါဆိုလည်း အချိန်ပြည့်သွားတဲ့အထိ စောင့်ပြီး သူ ဘာလုပ်မလဲ စောင့်ကြည့်ကြတာပေါ့ …”
ဂါးလဒ် ခေါင်းညိတ်လိုက်သည်။ စကားထပ်မပြောတော့ဘဲ သူ၏ အကြည့်များက အချိန်အမှတ်စဉ် ရေတွက်နေသည့်အပေါ်သို့ စူးစိုက်ကျရောက်သွားခဲ့၏။
နောက်ဆုံး စက္ကန့် ကုန်ဆုံးသွားသည့်အချိန်တွင် နှစ်ဦးလုံး တင်းမာသွားခဲ့ကြပြီး နှလုံးက လည်ချောင်းဝသို့ ခုန်တက်လာခဲ့တော့၏။
ဤအချိန်အခိုက်အတန့်တွင် သတင်းဆိုးက အချိန်မရွေး ရောက်ရှိလာနိုင်သည်။
“ သူ လှုပ်ရှားလာပြီ …”
ကမ်ဘယ်လ် ရုတ်ချည်း ထပြောလာခဲ့ပြီး “ မဟုတ်ဘူး … သူ မလှုပ်ရှားဘူး …”
ဂါးလဒ် အားပါးတရ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်၏။ ပြီးနောက် အထင်သေးသည့် အမူအရာဖြင့် “ ငါထင်တာ မှန်နေတာပဲ … ဒီကောင် လေပဲရှိတဲ့ကောင်ပါကွာ … သင်္ဘောပေါ်မှာ ပါတဲ့လူတွေကို ညှိနှိုင်းရေးကတ်အနေနဲ့ ဆက်ပြီး အသုံးချချင်တယ် … ဘာမှလျှောက်လုပ်ရဲတာ မဟုတ်ဘူး ….”
ကမ်ဘယ်လ်လည်း သက်တောင့်သက်သာ ဖြစ်သွားခဲ့ပြီး စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။
“ အခု သူတို့ကို ဘယ်လိုကိုင်တွယ်မလဲ စဉ်းစားလို့ရပြီ …”
ဂါးလဒ် ခေါင်းညိတ်လိုက်ပြီး ထူးမခြားနားသည့် အမူအရာဖြင့် “ မင်း သွားပြီး စီစဉ်လိုက် … ဒါပေမယ့် သေချာလေးတော့ ဂရုစိုက်ဦး … တစ်ချက်မှားတာနဲ့ မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ….”
“ အမှန်ပဲ .. ဒီကိစ္စက တော်တော်လေး အရေးကြီးတယ် … စိတ်ချရအောင် ဂျပန်ကို ခရီးထွက်ဦးမှနဲ့တူတယ် …”
ဂါးလဒ်၏ မျက်လုံးတို့ လှုပ်ခတ်သွားခဲ့ပြီး “ ငါလည်း သွားရဦးမှာ … မကြာခင် လုပေချိန်နဲ့ တွေ့ရလောက်တယ် ….”
“ အဲ့လိုဆို အဆင်ပြေတာပေါ့ ….”
***
တိလိရာ့ကျွန်း။ ကန်ဒါယာသစ်တော။
လင်းရီ၏ လုပ်ရပ်ကို သိပြီးကတည်းက လင်းကျင်ကျန့်နှင့် သူ့အုပ်စုမှာ လင်းရီ၏ သတင်းကို ဆက်တိုက် စောင့်ကြည့်နေခဲ့ကြသည်။
ကိစ္စရပ်များက ယခု အခြေအနေသို့တိုင် ရောက်လာလေလေ၊ ထူးဆန်းသည်ဟု ခံစားရလေလေ ဖြစ်၏။
ထို့ကြောင့် လင်းကျင်ကျန့်လည်း ရှေ့ဆက်ဖို့ကို ရပ်နားလိုက်တော့သည်။
မကြာမီ စု့န်ကျင်းမင် ပြန်ရောက်လာသည်။
သူ့မျက်နှာက အနည်းငယ်တော့ သဘာဝမကျ ဖြစ်နေလျက် ရှိ၏။
“ ဘာသတင်းထူးလဲ ….”
“ သင်္ဘောက ဆက်ပြီး ရွေ့လျားနေတုန်းပဲ ….”
“ တိုကျိုကို ….”
“ တိုကျို ….”
လင်းကျင်ကျန့် မျက်မှောင်ကြုတ်သွားခဲ့၏။
ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
“ အချိန်က ကျော်သွားပြီ …”
“ ဂါးလဒ်က တုံ့ပြန်မလာသေးဘူး …”
“ ရှေ့ဆက်သွားရုံကလွဲလို့ တခြား ရွေးချယ်စရာမှ မရှိတာ ….”
“ သူ့မှာ အသိစိတ် နည်းနည်းလေးတော့ ကျန်နေသေးသားပဲ …” မီလာက မှတ်ချက်ပြုလိုက်၏။
လင်းကျင်ကျန့် မေးစေ့ကို ပွတ်သပ်ရင်း အတွေးနက်သွားခဲ့သည်။
“ ဒီကောင်လေး ဘာတွေ လုပ်ဖို့ ကြံနေတာပါလိမ့် …. သူ့လုပ်ရပ်တွေက ငါတောင် နားလည်ရခက်လာပြီ ….”
“ တစ်ခုခု လွဲနေတယ်လို့ မထင်ဘူးလား …” စုန့်ကျင်းမင်က စီးကရက်ကိုက်ရင်း မေးလိုက်ပြီး “ သူ အခု လုပ်နေတာက သူ့ရဲ့ ထွက်ပေါက်လမ်းကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ … ဒါပေမယ့် လောင်းကြေးကိုမြင့်ပြီး မစွန့်စားရဲဘူးဆိုတော့ … အရှုံးပေါ်မှာပဲ …”
လင်းကျင်ကျန့် မေးစေ့ကို ဆက်တိုက် ပွတ်သပ်နေရင်း
“ ဒါ ငါ့သားပုံစံ မဟုတ်ဘူး ….”
“ ငါလည်း အဲ့လိုပဲ ထင်တယ် … ဒါပေမယ့် သူ ဘာလုပ်ချင်နေလဲ ငါလည်း မခန့်မှန်းတတ်တော့ဘူး …” စုန့်ကျင်းမင် ပခုံးတွန့်ပြလိုက်သည်။
“ အခြေအနေတွေက ထိန်းချုပ်မရတော့တဲ့ အဆင့်ထိ ရောက်နေပြီဆိုတော့ အရင်ဆုံး ပြန်ဆုတ်ကြရအောင် … ငါတို့ သူ့ကို အန္တရာယ်တောထဲ ပစ်ထားလို့ မဖြစ်ဘူး ….” မီလာက အကြံပြုလိုက်၏။
“ ငါလည်း ထောက်ခံတယ် …” စုန့်ကျင်းမင်ကရယ်ပြီး “ အဲ့ကောင်စုတ်လေးသာ တစ်ခုခု ဖြစ်သွားခဲ့ရင် မရီးက ငါတို့အကုန်လုံးကို မျိုးဖြတ်လောက်တယ် …”
“ အင်း …. အဲ့ဒါတော့ ကျိန်းသေပေါက်ပဲ …”
လူတိုင်းက လင်းကျင်ကျန့်ကို ကြည့်လိုက်ကြသည်။ သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြလေသည်။
သို့သော် လင်းကျင်ကျန့်က ဘာမျှ မဆိုဘဲ မျက်မှောင်ကို တင်းတင်းကြုတ်ထားရင်း သူ၏ မျက်ဝန်းများက သိန်းငှက်တစ်ကောင်နှယ် စူးရှနေလျက် ရှိ၏။
စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် လင်းကျင်ကျန့်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။
“ မြန်မြန် … ငါ့ကို မြေပုံယူလာခဲ့ပေးစမ်း …”
“ ဟော့ဒီမှာ ရော့ …” မီလာက မြေပုံကမ်းပေးလာသည်။
လင်းကျင်ကျန့်က မြေပုံကို ဖြန့်လိုက်ပြီး တစ်ချက်ကြည့်လိုက်၏။
ထို့နောက် သူ့မျက်ဝန်းတို့ အနည်းငယ် လှုပ်ခါသွားခဲ့ပြီး နားလည်သဘောပေါက်သည့် အမူအရာတစ်ခုက မျက်နှာထက်တွင် ဖြတ်ပြေးသွားခဲ့၏။
“ ငါသိသွားပြီ …”
အပြုံးတစ်ပွင့်က နှုတ်ခမ်းထက်တွင် ဖြည်းညင်းစွာ ဖြစ်ပေါ်လာရင်း
“ နောက်ဆုံးတော့ သူ ဘာလုပ်ဖို့ ကြိုးစားနေလဲ ငါ သိသွားပြီ …”