အခန်း ၂၄၈၇
Vol. 177 Ch. 2487
အခန်း (၂၄၈၇)
သူရူးတစ်ယောက်၏ အစီအစဉ်
ကျုံးဝေ့တပ်ဖွဲ့။ စစ်ဆင်ရေး အစည်းအဝေးခန်း။
လူတိုင်း၏ အကြည့်က ကြီးမားသည့် စခရင်ထက်တွင် ကျရောက်နေပြီး လင်းရီ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်လေ့လာနေကြသည်။
ကြည့်ရှုနေရင်း … လင်းကျင်ကျန့်ကဲ့သို့ တူညီသည့် မေးခွန်းတစ်ခုကလည်း သူတို့ရင်ဘက်ထဲတွင် ဖြစ်ပေါ်လာရ၏။
လင်းရီ တကယ်ပဲ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ …
ဒါ သူ့ပုံမှန် လုပ်နေကြစတိုင်နဲ့လည်း မတူပါလား ..
“ လင်းရီအကြောင်းကို ကျုပ်သိသလောက်ဆို အောင်မြင်ဖို့ မသေချာခင်မှာ သူ့ရဲ့ ထွက်ပေါက်လမ်းကို သူကိုယ်တိုင် ဖြတ်တောက်ပစ်မယ့် လူစားမျိုး မဟုတ်ဘူး … “ လျိုဟုန်က ပြောလိုက်သည်။
“ ငါလည်း အဲ့တာကို နားမလည်နိုင်ဖြစ်နေတာပဲ …” လုပေချိန်က ဖြည်းညင်းစွာ ဆိုလိုက်ပြီး “ သင်္ဘောက သင်္ဘောဆိပ်နဲ့ မဝေးတော့ဘူး … အဲ့မှာ သူ့ကို စောင့်ဖမ်းမယ့် လူတွေ ရှိနေမှာ ကျိန်းသေတယ် …”
သူတို့နှစ်ယောက်၏ စိုးရိမ်ပူပန်မှုက လူတိုင်းထံသို့ ပျံ့နှံ့သွားခဲ့၏။
လင်းရီ ဘာတွေ စဉ်းစားနေလဲဆိုတာ သူတို့အားလုံး နားမလည်နိုင်ကြတော့ပေ။
အစည်းအဝေးခန်းထဲရှိ လူတိုင်း အတွေးကိုယ်စီနှင့် ငြိမ်သက်တိတ်ဆိတ်နေစဉ် လုပေချိန်က အသံကိုနိမ့်ပြီး
“ ရှောင်စွန်း … မြေပုံကို zoom ချဲ့လိုက်စမ်း …”
လူတိုင်း ဇဝေဇဝါ ဖြစ်သွားပြီး လုပေချိန်ကို လှမ်းကြည့်လိုက်ကြ၏။
သူ့မျက်နှာ အမူအရာက အရည်မပျော်ကျနိုင်သည့် ရေခဲတုံးကြီးကဲ့သို့ တောင့်တင်းအေးစက်နေသည်။
ကျုံးဝေ့တပ်ဖွဲ့၏ ဝန်ထမ်း ရှောင်စွန်းက မတ်တပ်ထရပ်ပြီး အမိန့်ပေးသည့် အတိုင်း စခရင်ပေါ်ရှိ မြေပုံကို မြင်ကွင်း အကျယ်ချဲ့ပေးလိုက်သည်။
လုပေချိန်က ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်နေပြီး သူ့မျက်လုံးထောင့်စွန်းရှိ ကြွက်သားတို့က အနည်းငယ် တုန်ခါနေသည်ကို လူတိုင်း သတိထားမိသွားကြ၏။
“ ဒီကောင်လေးကတော့ သတ္တိတော်တော်ကောင်းနေတာပဲ ….”
“ အကြီးအကဲလုက သူ ဘာလုပ်ချင်နေလဲဆိုတာကို ခန့်မှန်းမိတာလား …” လျိုဟုန်က စိုးရိမ်စိတ်လှုပ်ရှားစွာ မေးမြန်းလာသည်။
“ သူ့ပစ်မှတ် တိုကျိုသင်္ဘောဆိပ် မဟုတ်ဘူး …”
ထိုစကားများ ပြောထွက်လာသည်နှင့် လူတိုင်း၏ အမူအရာမှာ ရှော့ခ်ရသွားခဲ့ကြသည်။
“ ဒါဆို သူက ….”
“ ရိုကိုဆူကာ ….”
“ ရိုကိုဆူကာ ….” လျိုဟုန် ဇဝေဇဝါ ဖြစ်စွာ အသံကို မြင့်လိုက်မိသည်။
“ အင်း … သူ့ပစ်မှတ်က အဲ့မှာ ဆိုက်ကပ်ထားတဲ့ ဧရာမ စစ်သင်္ဘောကိုပဲ …”
“ သူ တကယ်ပဲ ….”
ကြက်သေသေသွားခြင်း …
ဤသတင်းကို ကြားတော့ လူတိုင်း ကြက်သေသေကုန်ကြသည်။
ချွေးစေးများက ထိန်းချုပ်မရနိုင်အောင် တစ်ပြိုက်ပြီးတစ်ပြိုက် ကျဆင်းလာသည်။
Ocean Symphony သင်္ဘောကြီးကို ပြန်ပေးဆွဲလိုက်သည်ကပင် အတော်လေး ရှော့ခ်ရဖို့ ကောင်းနေပြီ ဖြစ်၏။
သို့သော် ထင်မှတ်မထားစွာဖြင့် … သူ တကယ် ပစ်မှတ်ထားနေသည်က အဆိုပါ ဧရာမ စစ်သင်္ဘောကြီးတဲ့လော ...။
“ လူအပြည့်ပါလာတဲ့ သူ့ရဲ့ သင်္ဘောနဲ့ယှဉ်ရင် သူ့ပစ်မှတ်က ပိုပြီးတောင် တန်ဖိုးကြီးသေးတယ် ….” လုပေချိန်က ထိုင်ခုံနောက်ကျောသို့ မှီ၍ စီးကရက်တစ်လိပ်ကို မီးညှိပြီး ထူးမခြားနားသည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။
“ အစကတည်းကရင် သင်္ဘောပေါ် ပါလာတဲ့ လူတွေက ညှိနှိုင်းဖို့ အရည်အချင်း ပြည့်မီရုံလောက်ပဲ ရှိမယ်ဆိုတာကို သူ တွက်ချက်ပြီးသား … ဒါပေမယ့် အခုတော့ လုံးဝ အသာစီးရသွားပြီ …”
လျိုဟုန် ကြက်သီးဖြန်းသွားခဲ့၏။ ထိုမျှ ရူးသွပ်လှသည့် အစီအစဉ်ကို သူ တွေးပင် မတွေးဝံ့ချေ။
“ အခု .. သူ့ကတ်တွေ အကုန်လုံးကို စားပွဲပေါ် ချပြလိုက်ပြီ … ငါတို့ဘက်ကလည်း လုံးဝ အသာစီးရသွားပြီ … “ လုပေချိန်က ဆက်ပြီး ပြောသည်။
“ ငါ့အထင် လင်းရီ ဘာတွေ စဉ်းစားနေလဲဆိုတာ ဂါးလဒ်သိဖို့ ဘယ်လောက်မှ မလိုလောက်တော့ဘူး … အဲ့ခါကျရင် သူတော့ မီးခဲ ဖင်ခုထိုင်ထားရသလို ဖြစ်နေတော့မယ် ဟားဟား …”
အစည်းအဝေးခန်းထဲ ထိုင်နေသည့် လူများထဲ အရူးတစ်ယောက်မှ မပါချေ။ ရလဒ်က မည်သို့ ဖြစ်လာမည်ကို သူတို့အားလုံး ခန့်မှန်းနိုင်ပြီး ဖြစ်၏။
လင်းရီက သူ့အသက်နဲ့ရင်းပြီး လောင်းကြေးထပ်နေခြင်းပင်။ မည်သည်ကို ကယ်တင်မည်လဲ ဆိုတာကတော့ … တစ်ဖက်သူ ဆုံးဖြတ်ရမည့် အရာပင်။
သို့သော် ရွေးချယ်မှုက မည်သည့်အရာ ဖြစ်နေစေကာမူ သူတို့ဘက်က နိုင်လျက်ချည်းပင်။
“ ဒီကောင် တကယ်ရူးနေတာပဲ …” လျိုဟုန် ရိုးသားမှု အပြည့်ဖြင့် မှတ်ချက်ပြုလိုက်ပြီး “ သာမန်လူသာဆို အဲ့လိုလုပ်ဖို့ ကြံရဲပါ့မလား …”
“ ဒီအဖေ ဒီသား ဒီလောက်တော့ရှိမှာပေါ့ကွ …. နှစ်ယောက်လုံးက သာမန်လူတွေမှ မဟုတ်တာ …”
လုပေချိန်က မြေပုံကို ကြည့်ရင်း သူ့မျက်နှာအမူအရာမှာ အများအပြား သက်တောင့်သက်သာ ဖြစ်လာသည်။ “ အခု သူ ပြန်လာတာကို ငါတို့ စောင့်ရုံပဲ ..”
***
ဂါးလဒ်၏ ရုံးခန်းထဲ၌။
ကမ်ဘယ်လ် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာသည်။
“ ဂါးလဒ် … ငါ အားလုံးစီစဉ်ပြီးပြီ … မင်း ဘာညွှန်ကြားချင်တာ ရှိသေးလဲ …”
“ တစ်ခုခုတော့ မူမမှန်ဘူး …” ဂါးလဒ်၏ အမူအရာက တင်းမာနေသည်။
“ ဘာက မူမမှန်လို့ … သူ လက်လျှော့လိုက်ပြီပဲ မဟုတ်ဘူးလား …”
“ မဟုတ်ဘူး …. တစ်ခုခု ပြောင်းလဲသွားတယ် ….” ဂါးလဒ်က ပါးစပ်ထဲ ဆေးတံကိုက်ထားရင်း ပြောလိုက်ပြီး “ သူ သွားနေတဲ့ လမ်းကြောင်းက ငါတို့ ထင်ထားတာနဲ့ လွဲနေသလိုပဲ …”
“ သူ အခု ဘယ်ကို ဦးတည်နေတာ ….”
“ ရိုကိုဆူကာ …”
“ မဖြစ်နိုင်တာ …”
ကမ်ဘယ်လ် အံ့အားတကြီး မြည်တမ်းမိသွားခဲ့ပြီး စခရင်သို့ အလျင်အမြန် စိုက်ကြည့်၍ သင်္ဘော၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။
နာရီစက္ကန့်များက တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး နဖူးထက်မှ ချွေးစေးများ အလိုလို ကျဆင်းလာခဲ့သည်။
တစ်ခုခု လွဲမှားနေသည်ကို သူလည်း သတိထားမိ၏။
ဂါးလဒ် ပြောသည်အတိုင်း ၊ သင်္ဘောက တကယ်လည်း ရိုကိုဆူကာသို့ ဦးတည်နေပုံရသည်။
“ ဒီ ခွေးသူတောင်းစား … ဒီကောင် တကယ်ပဲ ဘာလုပ်ဖို့ ကြိုးစားနေတာလဲကွာ ….”
ဉာဏ်ကောင်းသည့် လူတစ်ယောက် ဖြစ်သည်နှင့်အညီ ကမ်ဘယ်လ်သည် ဆိုလိုရင်းကို ချက်ချင်း နားလည်သဘောပေါက်သွားခဲ့သည်။
အကယ်၍ သင်္ဘောသာ ရိုကိုဆူကာ သင်္ဘောဆိပ်သို့ ရောက်ရှိသွားခဲ့မည် ဆိုပါက သူတို့တွေ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆုပ်လည်းစူး၊ စားလည်းရူး အခြေအနေသို့ ကျရောက်သွားလိမ့်မည်။
ဂါးလဒ်က စားပွဲကို ဖြန်းခနဲ ရိုက်ချလိုက်၏။
“ ၇၂ နာရီ အချိန်ပေးတယ်ဆိုတာ သင်္ဘောကို ဖောက်ခွဲပစ်ဖို့ မဟုတ်ဘူး … “
“ သူ့ တကယ့် ပစ်မှတ်က ရိုကိုဆူကာ သင်္ဘောဆိပ်ပဲ … သူ့ဘက်က လောင်းကြေးကို မြင့်လိုက်ပြီ … အခု ငါတို့ ရွေးချယ်ရမယ့် အလှည့်ပဲ ..”
ဒေါက် ဒေါက် ဒေါက် …
ထိုအချိန်မှာပဲ ရုံးခန်းတံခါးခေါက်တံ ထွက်ပေါ်လာပြီး ဂါးလဒ်၏ လက်ထောက်က တံခါးတွန်းဖွင့်ပြီး ဝင်ရောက်လာသည်။
“ မစ္စတာဂါးလဒ် .. ညဉ့်တစ္ဆေရဲ့ မိုရီမိုတို ဂျူနီချီက စကားပြောချင်နေပါတယ် …”
ဂါးလဒ်၏ မျက်မှောင်နှစ်ခုမှာ တင်းကြုတ်သွားခဲ့၏။ “ ဖုန်းလွှဲခဲ့လိုက် …”
“ ဟုတ်ကဲ့ …”
မကြာမီ ဂါးလဒ်၏ ရုံးခန်းစားပွဲပေါ်ရှိ ဖုန်းက အသံမြည်လာသည်။
“ ဟယ်လို ….”
“ မစ္စတာဂါးလဒ် … Ocean Symphony ရဲ့ လှုပ်ရှားမှုတွေက မူမမှန်ဘူး … သူတို့ ရိုကိုဆူကာကို ချဉ်းကပ်လာနေပြီ …”
“ ငါလည်း သတိထားမိတယ် …” ဂါးလဒ် အုံ့မှိုင်းနေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ ဒီကိစ္စ ဘယ်လိုလုပ်ကြမှာ … လက်ရှိ အမြန်နှုန်းနဲ့ဆို နောက်ထပ် ရှစ်နာရီပဲ အချိန်ရှိတယ် …”
“ နည်းနည်းထပ်စောင့်ကြည့်ကြတာပေါ့ … ငါ စဉ်းစားလိုက်ဦးမယ် ….”
“ နားလည်ပြီ … ဒါပေမယ့် ငါတို့မှာ အချိန်ဘယ်လောက်မှ မကျန်တော့ဘူး … ဆုံးဖြတ်ချက်တစ်ခုကို အမြန် ချမှတ်ရမယ် …”
“ ငါ သိတယ် …”
သူတို့နှစ်ဦး၏ စကားဝိုင်းက လိုရင်းတိုရှင်းသာဖြစ်ပြီး ဂါးလဒ်ဘက်က ဖုန်းအရင် ချလိုက်သည်။
သူ့သံသယများကို အတည်ပြုပြီး ဖြစ်၏။ နောက်ထပ် မပြုံးရွှင်နိုင်တော့ချေ။ ရင်ဘက်တစ်ခုလုံးလည်း ဗြောင်းဆန်နေသည်။
“ ငါလခွမ်းပဲ …”
ဂါးလဒ်က သူ့ဘေးနားရှိ ကုတ်အင်္ကျီချိတ်သည့် တိုင်ကို ဆောင့်ကန်လိုက်သည်။
“ ဒီလို လုပ်ရပ်မျိုးတွေ လုပ်ဝံ့ရလောက်အောင် အဲ့သင်္ဘောပေါ်မှာ ရှိနေတဲ့ကောင်က ဘာကောင်တုန်း …”
“ အခုထိတော့ ငါတို့လည်း မသိသေးဘူး … ဒါပေမယ့် မခေတဲ့ကောင်ဆိုတာတော့ ကျိန်းသေတယ် …” ကမ်ဘယ်လ်က တင်းမာသည့် မျက်နှာထားဖြင့် ဆိုလိုက်ပြီး “ အခု ဘာဆက်လုပ်ကြမှာ … အစီအစဉ် တစ်ခုခုတော့ ရှိသင့်တယ်နော် …”
“ သူ တကယ်ပဲ အဲ့လို လုပ်ဝံ့မယ်လို့ ငါ မယုံဘူး ….”
“ မင်းက လောင်းကြေးထပ်ချင်တာလား …”
“ အင်း … သူ့မှာ အဲ့လို ‘ဇ’မျိုး ရှိတယ်လို့ ငါ မယုံဘူး ….”
***
အဇူရာ ပင်လယ်ပြင်ကြီးထက်တွင် Ocean Symphony သင်္ဘောကြီးက တရွေ့ရွေ့နှင့် ဆက်တိုက် ရွက်လွင့်နေသည်။
လူငါးထောင်ကျော်က ကုန်းပတ်ပေါ်တွင် ငုတ်တုတ်လေးတွေ ထိုင်နေကြ၏။
ရက်ပေါင်းများစွာ ကျော်လွန်ပြီးနောက် သူတို့ရင်ထဲရှိ အကြောက်တရားကလည်း တော်တော်များများ ပြေလျော့သွားခဲ့သည်။
သူတို့ဘက်က စကားနားထောင်သရွေ့ ဤလူများက သူတို့ကို ထိခိုက်နာကျင်အောင် ပြုလုပ်မည်မဟုတ်မှန်း သဘောပေါက်လာကြသည်။
ထို့ကြောင့် လူတိုင်းက ယခင်ကလောက် မကြောက်ရွံ့ကြတော့ဟု ဆိုလျှင် မှားလိမ့်မည် မထင်ပေ။
ညကိုးနာရီအချိန်။
ပတ်ဝန်းကျင်တစ်ခုလည်း မှောင်မိုက်နေခိုက် ခန်းဂျိနာခါဒါနှင့် လျိုတုံးဟိုင်ကို လင်းရီ သူ့ဘက်ခြမ်းသို့ လှမ်းခေါ်လိုက်သည်။
“ ငါ မင်းတို့ကို ပြောစရာရှိတယ် …”
လင်းရီ စကားကို ခေတ္တရပ်နားလိုက်ပြီး
“ မင်းတို့ အခု ဝတ်ထားတာတွေကို ချွတ်ပြီး ကိုယ့်အဝတ်အစားကိုယ် ပြန်လဲလိုက် … ပြီးရင် ကိုယ့်ကိုယ်ကို ပြန်ပေးဆွဲခံထားရတဲ့လူလို အသွင်ဖမ်းပြီး လူအုပ်ထဲ ဝင်ရောနေလိုက် … သင်္ဘောကပ်တာနဲ့ မင်းတို့လည်း တစ်ခြားလူတွေနဲ့အတူ ကယ်တင်ခံရလိမ့်မယ် … အဲ့တာဆို မင်းတို့လည်း ဘေးကင်းပြီ…”
“ ရုပ်ဖျက်ရမှာလား ….” လျိုတုံးဟိုင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လင်းရီ ခေါင်းညိတ်လိုက်၏။ “ ဘာမှ စိုးရိမ်စရာ မလိုဘူး … သင်္ဘောပေါ်က ဆင်းတာနဲ့ တစ်ယောက်ယောက်က မင်းတို့ကို နိုင်ငံပြန်ဖို့ စီစဉ်ပေးလိမ့်မယ် .. ဘာ မတော်တဆမှုမှ ဖြစ်လာမှာ မဟုတ်ဘူး … ငါ့ကို ယုံထားလိုက် …”
“ ဒါဆို သခင်လေးလင်းကရော …” လျိုတုံးဟိုင် မေးလိုက်သည်။
“ မစ်ရှင်က မပြီးသေးဘူး … ငါ ဒီမှာ ဆက်နေရဦးမှာ ….”
လျိုတုံးဟိုင်၏ မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ထွက်ပေါ်လာပြီး အချိန်အတော်ကြာအောင် ချီတုံချတုံ ဖြစ်နေပြီးနောက် စကားပြောလာခဲ့သည်။
“ သခင်လေးလင်း …”
“ ဘာလဲ …”
“ မနေ့က ဖုန်းပြောတော့ ကျုပ် မတော်တဆ ကြားလိုက်ရတယ် …”
“ အဲ့ဒီတော့ ….”
“ သခင်လေးလင်းနဲ့ ဖုန်းပြောတဲ့လူက အစိုးရ အရာရှိ တစ်ယောက်ယောက် ဖြစ်ရမယ် …. ဟုတ်တယ်မလား …”
“ ဆက်ပြော .. မင်းက ဘာဖြစ်ချင်တာ ….”
“ ဒါဆိုရင်တော့ ကျုပ် တိုက်ရိုက်ပဲ ပြောလိုက်တော့မယ် …” လျိုတုံးဟိုင်က “ ဒီ တစ်လကျော် စောင့်ကြည့်ပြီးတဲ့နောက်မှာ သခင်လေးလင်းက သခင်လေးချင်းဟန်ရဲ့ သူငယ်ချင်းဖြစ်နေတာကြောင့်ရယ် ၊ သခင်လေးလင်းကို လူဆိုးတစ်ယောက် ဖြစ်မယ်လို့တော့ မယုံဘူး … အထူးမစ်ရှင် တစ်ခုခု ထမ်းဆောင်နေတယ်လို့ သံသယဖြစ်မိတယ် … တကယ်လို့ အဲ့လိုသာဆိုရင်တော့ ကျုပ်တို့ညီကိုတွေ ထွက်မသွားနိုင်ဘူး .. ဒီမှာဆက်နေပြီး ကူညီပေးချင်တယ် …”