← Chapters

အခန်း ၂၄၈၉

Vol. 177 Ch. 2489

အခန်း ၂၄၈၉

Vol. 177 Ch. 2489

အခန်း (၂၄၈၉)

လင်းရီ ပျောက်သွားခြင်း

အရုဏ်တက်စအချိန်။

အရှေ့နေမင်းကြီး၏ အလင်းရောင်က ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ပြာလဲ့သည့် ပင်လယ်ပြင်ထက်တွင် ပြိုးပြိုးပြက်ပြက် အလင်းရောင်များ ဖြစ်ပေါ်လာသည်။

လင်းရီက မျက်နှာထက်ရှိ သူ့မျက်နှာဖုံးကို ထိန်းညှိရင်း ကျယ်ဝန်းသည့် Ocean Symphony သင်္ဘောပေါ်တွင် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့၏။

လေထုထဲတွင် အတိုင်းသား ပျောက်ကွယ်သွားသည့်နှယ် ထင်မှတ်ရသည်။

ခန့်မှန်းခြေ နှစ်နာရီနီးပါးခန့် ကြာမြင့်ပြီးနောက် Ocean Symphony သင်္ဘောကြီးက တိုကျိုသင်္ဘောဆိပ်သို့ ဖြည်းညင်းစွာ ဆိုက်ကပ်လာခဲ့၏။

ထိုအချိန်အခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာထက်၌ ဇဝေဇဝါဖြစ်မှုတို့က အတိုင်းသား ဖြစ်ပေါ်နေသည်။

သင်္ဘောပေါ်တွင် သေနတ်များကိုင်ပြီး စောင့်ကြပ်နေသူများ အားလုံးက ခြေရာလက်ရာ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားကြသည်ကို သတိပြုမိလိုက်သောကြောင့်ပင်။

သူတို့တွေ မည်မျှ ကျယ်လောင်စွာ အော်ဟစ်စေကာမူ၊ ဆွေးနွေးစေကာမူ၊ ဒါမှမဟုတ် မတ်တပ်ထရပ်စေကာမူ ၊ သူတို့ကို သတိပေးမည့်လူတွေ မရှိကြတော့။

တစ်ဖြည်းဖြည်းချင်း … သတ္တိကောင်းသည့် နိုင်ငံခြားသားများက သင်္ဘောပတ်ပတ်လည်သို့ လိုက်လံရှာဖွေကြ၏။ သို့တိုင် ပုံမှန်မဟုတ်သည့် မည်သည့်အရာကမျှ ဖြစ်ပေါ်မလာချေ။

လူအုပ်ကြီးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထိုအချိန်အခိုက်အတန့်မှာပဲ ရဲတင်းသည့် အတွေးတစ်ခုက သူတို့စိတ်ထဲ ဖြစ်ပေါ်လာသည်။

သူတို့တွေ ကယ်တင်ခံလိုက်ရပြီ …

နောက်ထပ် ဆယ်မိနစ်ကျော်ကြာသည်ထိ ပတ်ဝန်းကျင်ကို လိုက်လံစူးစမ်းနေသည့်တိုင် မည်သည့်အရာကမျှ ဖြစ်ပကျ်မလာခဲ့ချေ။ ဖိနှိပ်ခံထားရသည့် စိတ်ခံစားချက်တို့က ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာလေသည်။ တစ်ခါမျှ မမြင်တွေ့ဖူးကြသည့် သူစိမ်းနှစ်ယောက်မှာ အချင်းချင်းပွေ့ဖက်ရင်း အော်ဟစ်ငိုယိုနေကြတော့၏။

သေရေးရှင်ရေးကို ဖြတ်ကျော်နိုင်ခဲ့သည့် မိမိတို့ကိုယ်ကို အောင်ပွဲခံနေကြခြင်းပင်။

ထိုစဉ် ခန်းဂျိနာခါဒါနှင့် လျိုတုံးဟိုင်တို့သည်လည်း သူတို့၏ အခန်းကဏ္ဍကို ချို့ယွင်းချက် မရှိရလေအောင် သရုပ်ဆောင်နေခဲ့ကြလေသည်။

အကယ်၍ သူတို့၏ သရုပ်ဆောင်မှုကသာ အသက်ဝင်လှုပ်ရှားမှုမရှိဘူးဆိုလျှင် ကောင်းကောင်းကြီး ဒုက္ခရောက်သွားနိုင်လေသည်။

သို့ပေမယ့်လည်း မေးခွန်းတစ်ခုကြောင့် စိတ်ရှုပ်နေမိကြ၏။

လင်းရီ ဘယ်ရောက်သွားခဲ့တာလဲ …

ဒီသင်္ဘောပေါ်ကနေ ဘယ်လိုဆင်းသွားခဲ့တာလဲ …

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီသည် လူအုပ်ကြီးထဲ အတူရောနှောရင်း မည်သူမျှ သတိမထားမိဘဲ တိတ်တိတ်လေး ထွက်ခွာသွားချင်သည်။

သို့သော် … သူသာ သူ့ကိုယ်သူ ဖော်ထုတ်လိုက်မည်ဆိုပါက ကစားပွဲလည်း အဆုံးသတ်သွားလိမ့်မည်ဆိုတာ ကောင်းကောင်း သဘောပေါက်နေခဲ့၏။

အချိန်က ရေအလျဉ်နှယ် ညင်သာစွာ စီးဆင်းနေပြီး Ocean Symphony သင်္ဘောကြီးကလည်း သင်္ဘောဆိပ်သို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

သင်္ဘောဆိပ်တစ်ခုလုံးကို လုံခြုံရေး တင်းကြပ်စွာ ချထားပြီး လက်နက်ကိုင် စစ်သားအများအပြားက နေရာယူထားကြ၏။ ခြင်တစ်ကောင်ပင် လွတ်ထွက်သွားဖို့ မဖြစ်နိုင်ပေ။

လူတစ်ယောက် ဤသို့သော နေရာမျိုးမှ ထွက်ပြေးလွတ်မြောက်ချင်သည် ဆိုလျှင်တော့ …

အသက်မပါသည့် ဝိဉာဏ်နှင့်သာလျှင် ဖြစ်နိုင်ချေရှိလိမ့်မည်။

ကမ်းတစ်ဖက်တွင် မတ်တပ်ရပ်နေသည့် လူများကို မြင်တော့ သင်္ဘောပေါ်ရှိ ခရီးသည်များက သူတို့၏ လက်များကို အားတက်သရော ဝှေ့ယမ်းပြပြီး အော်ဟစ်နေကြ၏။

ဤသည်ကတော့ ၎င်းတို့၏ အသက်ရှင်သန်လိုစိတ် ပြင်းပြမှုကို သက်သေပြနေခြင်းပင်။

***

အဆုံးတွင်တော့ Ocean Symphony သင်္ဘောကြီး ကမ်းကပ်သွားခဲ့သည်။

အစိုးရတပ်ဖွဲ့များက သင်္ဘောပေါ် တက်လာခဲ့ကြပြီး သင်္ဘောကြီးတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ကြ၏။

တစ်ယောက်ပြီးတစ်ယောက် … ဓားစာခံများက သင်္ဘောပေါ်မှ ဆင်းလာခဲ့ကြသည်။

ခန်းဂျိနာခါဒါ ၊ လျိုတုံးဟိုင်နှင့် သူတို့အုပ်စုကိုလည်း မည်သူကမျှ သံသယ မဝင်ခဲ့ကြပေ။

အာယာနဲမစ်ဆူ စီစဉ်ပေးထားသည့် လူများက လူအုပ်ကြီးထဲ တိတ်တဆိတ် ဝင်ရောနှောရင်း သူတို့အုပ်စုကို သင်္ဘောဆိပ်မှ ဘေးမသီ ရန်မခပဲ လွတ်မြောက်စေရန် ကူညီပေးခဲ့၏။

အစိုးရဘက်မှ တာဝန်ယူထားသည့် မိုရီမိုတိုကတော့ သင်္ဘောတစ်ခုလုံးသို့ မမောနိုင်၊ မပမ်းနိုင် လိုက်လံရှာဖွေနေစေကာမူ ပြန်ပေးဆွဲသူ တစ်ယောက်တစ်လေကိုမျှ မမြင်တွေ့ခဲ့ရသည်က သူ့ကို အတော်လေး စိတ်မသက်မသာ ဖြစ်နေစေလေသည်။

“ မဖြစ်နိုင်တာ … ပြန်ပေးဆွဲတဲ့ကောင်တွေ ဘယ်ပျောက်ကုန်တာလဲ …”

သူ့လက်ထောက်များလည်း ရှေ့တွင် မတ်တပ်ရပ်ရင်း တူညီသည့် မေးခွန်းတစ်ပုဒ်ကို အတွေးနက်နေကြ၏။

ရှေ့ရှိ မြင်ကွင်းက သူတို့စိတ်ထဲ ထင်မှတ်ထားသလို ဟုတ်မနေပေ။

Ocean Symphony သင်္ဘောကြီးက မောင်းသူမဲ့ သင်္ဘောကြီး တစ်စင်းနှယ် … မည်သည့် ကိစ္စရပ်တို့မျှ မဖြစ်ပျက်ခဲ့သည့်နှယ် ထင်မှတ်ရသည်။

“ ငါ သဘောပေါက်ပြီ …” မိုရီမိုတို၏ လက်ထောက်များထဲ တစ်ယောက်က အာမေဋိတ်သံဖြင့် ရုတ်တရက် ထအော်လာပြီး “ သူတို့တွေ ဓားစာခံအုပ်စုထဲ ရောနှောပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ရမယ် …”

“ တကယ်ပဲ အဲ့လိုလုပ်သွားတာလား …” မိုရီမိုတို အံ့အားတကြီးဖြင့် အေးခဲသွားခဲ့၏။ လင်းရီ၏ နည်းပရိယာယ်များက သူ့ကို အမှန်တကယ် အလစ်ငိုက် ဖြစ်စေခဲ့သည်။

“ ခရီးသည်တွေ အကုန်လုံးကို ထိန်းသိမ်းထားလိုက် … သူတို့ရဲ့ အထောက်အထားတွေကို သေချာစစ်ဆေး … လူတစ်ယောက်မှ မလွတ်သွားစေနဲ့ …”

“ နားလည်ပါပြီ …”

စစ်သား အယောက်နှစ်ဆယ်ကျော်က သင်္ဘောပေါ်မှ ပြေးထွက်သွားခဲ့ပြီး မိုရီမိုတို၏ အမိန့်များကို ဖြန့်ဝေပေးရင်း သင်္ဘောပေါ်က ဆင်းလာသည့် ခရီးသည် တစ်ဦးချင်းစီတိုင်း၏ အထောက်အထားများကို စစ်ဆေးဖို့ ဟန်ပြင်နေသည်။

သို့သော် ယခုအချိန်မှတော့ …

အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်၏။

လင်းရီက ပိပိရိရိဖြစ်ပြီး အန္တရာယ်ပိုကင်းသည့် လမ်းကြောင်းတစ်ခုကို စီစဉ်ပေးခဲ့ပြီး မိုရီမိုတို၏ နှေးကွေးလှသည့် အတွေးအခေါ်များက လင်းရီတို့ အုပ်စုကို ထွက်ပြေးဖို့ ကူညီပေးလိုက်သည့်နှယ် ဖြစ်သွားစေခဲ့လေသည်။

ယခုအချိန်လောက်ဆို လင်းရီ၏ အုပ်စုက ကားများပေါ်သို့ တက်ပြီး သင်္ဘောဆိပ်ရှိ ရှုပ်ထွေးနေသည့် အခြေအနေများထဲမှ လွတ်ထွက်သွားလောက်ပြီ ဖြစ်၏။

သို့ပေမယ့် … လင်းရီအကြောင်းကိုတော့ မည်သူမျှ မသိရှိကြသေးချေ။

****

နာရီအတော်ကြာသည်ထိ အချိန်ပေးပြီး ခရီးသည်များ၏ အထောက်အထားတစ်ခုချင်းစီတိုင်းကို စစ်ဆေးသော်လည်း သံသယဖြစ်စရာ မည်သူမည်ဝါကိုမျှ မမြင်တွေ့ခဲ့ရချေ။ ထို့ကြောင့် အရာရှိများ၏ သံသယက သင်္ဘောထံသို့ ပိုမို ပြင်းထန်လာသည်။

သူတို့၏ အတွေးလုပ်ငန်းစဉ်က ရိုးရိုးရှင်းရှင်းလေးပင်။

သင်္ဘော၏ လှုပ်ရှားမှုများကို သင်္ဘောဆိပ်တွင် ပိတ်ဆို့ထားပြီး သင်္ဘောနှင့် ခရီးသည်များကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ရာ သူတို့မျက်စိအောက်မှတော့ မည်သူတစ်ဦးတစ်ယောက်မျှ လွတ်ထွက်မသွားနိုင်ချေ။

သင်္ဘောပေါ်တွင် သက်သေအထောက်အထား တစ်စုံတစ်ရာ ၊ ဒါမှမဟုတ် သံသယဖြစ်စရာ မည်သည့် အချက်အလက်ကိုမျှ မမြင်တွေ့ခဲ့ရသော်လည်း သူတို့တွေ အလျှော့မပေးလိုသေးချေ။

တစ်ဖက်၌ ဂါးလဒ်သည်လည်း ဂျပန်သို့ ရောက်လာခဲ့ပြီး မိုရီမိုတိုနှင့် တွေ့ဆုံသည်။

“ ဘာမှ ရှာမတွေ့သေးဘူးလား …” ဂါးလဒ် တင်းထော်နေသည့် မျက်နှာထားဖြင့် မေးမြန်းလိုက်၏။

နှစ်ဦးမှာ ရာထူးချင်း တူညီသော်လည်း ဂါးလဒ်၏ ရှေ့မှောက်တွင် မိုရီမိုတို၏ အရှိန်အဝါတို့က အလိုအလျောက် အားလျော့သွားခဲ့ပြီး ဘိုးဘေးတစ်ဦးကို ဆက်ဆံနေရသည့်နှယ် ယဉ်ကျေးသည့် လေသံလေးဖြင့် “ လူအင်အားတိုးပြီးတော့ ရှာနေတုန်းပဲ … ဒါပေမယ့် အခုထိတော့ ဘာမှ မတွေ့ရသေးပါဘူး ….”

“ မဖြစ်နိုင်တာ …” ဂါးလဒ် မခံမရပ်နိုင် ဖြစ်သွားခဲ့ပြီး “ သူတို့ ရောက်ကတည်းက မင်း လော့ဒေါင်းချထားတာလေ … ဘယ်လိုလုပ် လွတ်သွားနိုင်မှာလဲ ….”

မိုရီမိုတိုသာလျှင် လင်းရီ၏ နည်းဗျူဟာကို မရိပ်မိရုံမျှမက၊ ဂါးလဒ်သည်လည်း ထပ်တူညီစွာ မျက်စိမှောက်နေလျက်ရှိသည်။

လူသားတို့က စက်ပစ္စည်းများ မဟုတ်ကြပေ။ ထောင်နှင့်ချီသည့် လူအုပ်ကြီးက တစ်ပြိုင်နက်တည်း သင်္ဘောပေါ်က ဆင်းနေသည့်အပြင် အာယာနဲမစ်ဆူ၏ လူများကလည်း ရည်ရွယ်ချက်ရှိရှိ ရှုပ်ထွေးအောင် ပြုလုပ်နေခဲ့ကြသဖြင့် အမြင်လျှမ်းမှုတို့ ဖြစ်ပေါ်လာမည်က မလွဲမသွေပင်။

“ တစ်ယောက်ယောက်က သင်္ဘောပေါ်မှာ ပုန်းနေသေးတုန်းပဲလို့ မင်းထင်လား …” မိုရီမိုတိုက မေးလိုက်သည်။

“ မဖြစ်နိုင်တာတော့ မဟုတ်ဘူး …”

ထိုင်ခုံနောက်ကျောသို့ မှီရင်း ဂါးလဒ် ပြောဆိုလိုက်ပြီး “ တကယ်လို့ ငါ ထင်တာ မမှားဘူးဆိုရင် ဒီဖြစ်ရပ် နောက်ကွယ်မှာ ရှိနေတဲ့လူက ကျုံးဝေ့တပ်ဖွဲ့က ဖြစ်ရမယ် … သူတို့ရဲ့ လုပ်ပုံတွေကို သာမန်ဦးနှောက်နဲ့ သွားမစဉ်းစားလိုက်နဲ့ …”

မိုရီမိုတို ခေါင်းညိတ်လိုက်သည်။

သူလည်း ကောင်းကောင်း နားလည်နေသည်။

သာမန်လူတစ်ယောက်က သူတို့ကို တွန်းအားပေးဖို့ ဤသို့သော အကြံအစည်မျိုးကို စဉ်းစားနိုင်မှာ မဟုတ်ချေ။

“ ငါ့အထင်တော့ ဒီဖြစ်ရပ်နောက်ကွယ်မှာ ရှိတဲ့ လူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ သာမန်အဖွဲ့ဝင်တော့ မဖြစ်နိုင်လောက်ဘူး …” မိုရီမိုတိုက ပြောဆိုလိုက်ပြီး “ ရှန်းလုံအသင်းက တစ်ယောက်ယောက် …၊ မဟုတ်လည်း တိုက်ခိုက်ရေးအသင်း လေးသင်းရဲ့ ခေါင်းဆောင်တစ်ယောက်ယောက် ဖြစ်ကို ဖြစ်ရမယ် ….”

“ ရှန်းလုံအသင်းက ကျွန်းပေါ်မှာ စစ်ဆင်ရေးလုပ်နေတာဆိုတော့ ဒီကိစ္စထဲ ဝင်စွက်ဖက်ဖို့က မဖြစ်နိုင်ဘူး ….”

ဂါးလဒ် ပြန်ပြောလိုက်ပြီး “ ဒီတော့ … ငါတို့ရဲ့ အာရုံစိုက်ရမှာက အသင်းလေးသင်းရဲ့ ခေါင်းဆောင်တွေကိုပဲ …”

“ ငါ ညဉ့်တစ္ဆေအဖွဲ့ အသင်းခေါင်းဆောင်ကို‌ လှမ်းခေါ်လိုက်မယ် ….”

မိုရီမိုတိုက အမိန့်များပေးပြီး ညဉ့်တစ္ဆေအဖွဲ့၏ ခေါင်းဆောင်ကို ခေါ်လာခိုင်းလိုက်၏။

သူ့လက်အောက်ငယ်သား၏ အစီရင်ခံတင်ပြမှုဖြင့် သူတို့တွေ အပိုင်းအစအသေးများကို အတူစုစည်းပြီး အမြင်တစ်ချို့ ရရှိနိုင်သည်။

တစ်နာရီခန့်ကြာပြီးနောက် နှစ်ဦးမှာ ဝေဖန်စီစစ်သုံးသပ်ပြီး သူတို့၏ အာရုံစိုက်ရာကို လင်းရီအပေါ်သို့ သတ်မှတ်လိုက်ကြသည်။

နောက်ပြီး ထိုသို့ မှတ်ချက်ချဖို့ကလည်း ခက်ခဲနေသည်တော့ မဟုတ်ပေ။

အသင်းလေးသင်း၏ ခေါင်းဆောင်များအနက် နှစ်ဦးက အမျိုးသမီးများ ဖြစ်ကြ၏။ ထို့ကြောင့် ထိုနှစ်ယောက်ကို စာရင်းထဲက ဖယ်ထုတ်ထား၍ရသည်။

ထို့နောက် ကျန်တစ်ယောက်၏ ကိုယ်လုံးကိုယ်ထည်ကလည်း သင်္ဘောပေါ်မှ မျက်မြင်သက်သေများ ပြောကြားသည်နှင့် အပ်စပ်ကိုက်ညီနေခြင်း မရှိသဖြင့် ထောက်ချိန်ကိုလည်း စစ်ထုတ်ထားလိုက်၏။

နောက်ဆုံး လင်းရီ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။

အကယ်၍ ထိုမျှအဆင့်လောက်ပင် မသိဘူးဆိုပါကလည်း လက်ရှိ ရာထူးနေရာကနေ ဝတ်စုံချွတ်ပေးသင့်ဖို့ ကောင်း၏။

“ ဒီလူက ခေတဲ့ကောင်မဟုတ်ဘူး … အရင်ကလည်း အုတ်အုတ်ကျက်ကျက် ဖြစ်စေမယ့် လုပ်ရပ်တွေ အများကြီး လုပ်ခဲ့ဖူးတယ် …” မိုရီမိုတိုက မှတ်ချက်ပြုလိုက်သည်။

“ သူဖြစ်မှန်း ငါတို့ အစကတည်းက သိခဲ့သင့်တာ … “ ဂါးလဒ်က ဖြည့်စွက် ပြောလိုက်၏။

“ ဒီမတိုင်ခင်တုန်းကလည်း ဖရီးမေဆင် အဆောက်အဦးတွေကို ဖောက်ခွဲခဲ့တာလည်း သူပဲ …”

“ ဒါပေမယ့် သူက အခု လေထဲ ပျောက်သွားသလို ပျောက်သွားပြီ … ဘယ်မှာ ပုန်းနေလဲလည်း မသိရဘူး …”

မိုရီမိုတိုက တီးတိုးရေရွတ်လိုက်၏။

အတန်ငယ်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ဂါးလဒ်က “ အလိုရှိ ကြေညာစာ ထုတ်ပြီး လေဆိပ်တွေကို တင်းကြပ်ထားလိုက်မယ် … ခရီးသည်တွေ အကုန်လုံးကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးမယ် … သူ့ကို ဘယ်လိုအခွင့်အရေးမျိုးမှ မပေးနိုင်ဘူး …”

“ ဒါပေမယ့် အဲ့လို နည်းလမ်းက ဒီလူကို ဖမ်းဆီးဖို့ လုံလောက်ပါ့မလား …”

မိုရီမိုတို၏ အမူအရာကို အကဲခတ်ကြည့်ရသလောက်ကတော့ လက်ရှိ နည်းဗျူဟာ၏ ထိရောက်မှုအပေါ် သံသယရှိနေသည်မှာ မြင်သာနေသည်။

“ မပူနဲ့ … ဒါ ပထမဆုံးခြေလှမ်းပဲ ရှိသေးတယ် …”

ဂါးလဒ် ခပ်အေးအေး တစ်ချက် ပြုံးရင်း ပြောလိုက်သည်။

All Chapters