အခန်း ၂၄၉၀
Vol. 177 Ch. 2490
အခန်း (၂၄၉၀)
လင်းရီ ပေါ်လာပြီ
“ ပထမခြေလှမ်း ….”
မိုရီမိုတိုက ဂါးလဒ်၏ စိတ်ထဲတွင် မည်သည့်အရာတွေ ရှိနေလဲဆိုတာကို မသိသဖြင့် စကားအစ်သည့် အနေဖြင့် “ သူ့ မိသားစုကို ပစ်မှတ်ထားမလို့လား ….”
“ နိုး နိုး နိုး … အဲ့လိုက မတန်ဘူး …” ဂါးလဒ် ပြန်ပြောလိုက်ပြီး “ ဘာမှဆုံးရှုံးစရာမရှိတော့တဲ့ ရူးနေတဲ့ လူတစ်ယောက်နဲ့ တိုက်ခိုက်ရတာ ငါတို့ဘက်က အရှုံးချည်းပဲ ….”
“ ဒါဆိုရင် မစ္စတာဂါးလဒ်ရဲ့ ရည်ရွယ်ချက်က ……”
“ ငါ သိထားသလောက်ဆို သူနဲ့ မစ်ဆူအုပ်စုက အာယာနဲမစ်ဆူက အတော်လေး နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိတယ် … ဒီတစ်ခေါက် စစ်ဆင်ရေးမှာလည်း သူ့ရဲ့အကူအညီပေးမှုတွေ မပါဘဲ မဖြစ်နိုင်ဘူး ….”
“ အာယာနဲ မစ်ဆူ ….”
မိုရီမိုတို ရေရွတ်လိုက်၏။
အံ့အားသင့်သွားခြင်းတော့ မရှိပေ။
ထိုအကြောင်း သူ အနည်းငယ် သိထားပေမယ့် အလေးအနက်တော့ မထားမိပေ။
ယခု ဂါးလဒ် သတိပေးလာတော့မှပဲ တကယ်လည်း အာယာနဲ မစ်ဆူက အမှန်တကယ် ကူညီပေးခဲ့သည်ဟု သံသယ ဖြစ်စရာပင်။
“ မင်း သူ့ကို ဖမ်းဝရမ်းထုတ်ပြီး မြန်နိုင်သမျှ မြန်မြန် ဖမ်းဆီးပေးရမယ် …. သူ့ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားလိုက် … လှုပ်ရှားဖို့ ဘာအခွင့်အရေးမှ မပေးနဲ့ ….”
“ ဒါပေမယ့် …”
မိုရီမိုတို ချီတုံချတုံ ဖြစ်သွားခဲ့ရသည်။
ဂါးလဒ်က အပြင်လူ နိုင်ငံခြားသား ဖြစ်၏။ ယခုလို အခြေအနေမျိုးတွင် သူ့ဘက်က မည်သည့်ဆုံးရှုံးစရာမျှ မရှိသဖြင့် စိတ်လိုက်မာန်ပါ ပြုလုပ်၍ရသည်။
သို့ပေမယ့် အာယာနဲမစ်ဆူက ဂျပန်နိုင်ငံအတွက်တော့ အစားထိုးမရနိုင်သည့် အရေးပါသည့် လူပုဂ္ဂိုလ်တစ်ဦးပင်။
သူမကို ဖမ်းဆီးဖို့က ပါးစပ်နှင့် ပြောသလောက် မလွယ်ကူပေ။ ဂါးလဒ်ပြောသည့်အတိုင်းသာ လုပ်လိုက်မည်ဆိုပါက တော်တော်များများ လှုပ်ခတ်သွားနိုင်ပြီး … အခက်မသင့်ပါက နိုင်ငံ၏ စီးပွားရေးပင် ထိခိုက်သွားနိုင်သည့် အခြေအနေ ဖြစ်၏။
ဤအရာများအားလုံးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည်။
“ မစ္စတာ ဂါးလဒ် … မင်းပြောသွားတာက အဓိပ္ပာယ်ရှိတယ် ဆိုတာ ငါဝန်ခံတယ် … တကယ်လည်း သူတို့နှစ်ယောက်ကြားမှာ ဆက်စပ်မှုတွေ ရှိနေတာ ကျိန်းသေပေါက်ပဲ … ဒါပေမယ့် အာယာနဲ မစ်ဆူရဲ့ လွှမ်းမိုးမှုက သွားပြီး အထင်သေးလို့ရတဲ့ အရာ မဟုတ်ဘူး ….” မိုရီမိုတိုက အခက်တွေ့နေသည့် အမူအရာဖြင့် အကျိုးသင့်အကြောင်းသင့် ပြောဆိုလိုက်ပြီး “ ဂျပန်မှာ သူ့ရဲ့ ရာထူးအဆင့်အတန်းက ဘေလ်ဂိတ်တို့ ၊ တင်မ်ကွတ်တို့နဲ့တောင် သွားညီတယ် …. သူ့လိုလူစားမျိုးကို အလွယ်လေး သွားဖမ်းလို့ မရဘူး ….”
ထိုစကားကြားတော့ ဂါးလဒ် မကျေမနပ် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးနဲ့ ငါတို့ရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလယ်မှာ မျက်နှာပျက်သွားရတာတောင် အဲ့ဒီအကြောင်းပြချက်က မလုံလောက်သေးဘူးလား ….”
“ ဒါ ကလေးကစားနေတာ မဟုတ်ဘူး … ငါတို့ စိတ်လိုက်မာန်ပါတွေ လျှောက်လုပ်လို့ မဖြစ်ဘူး ….”
ဂါးလဒ်၏ ဖြစ်တည်မှုကြောင့် မိုရီမိုတိုသည် ရိုသေကိုးညွှတ်သည့် လေသံကို ထိန်းသိမ်းထားသော်လည်း အခြေခံမူနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင်တော့ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တို့ ရှိနေပြီး လွယ်လင့်တကူ အလျှော့ပေးတတ်သူ မဟုတ်ပေ။
“ ဒါပေမယ့် အဲ့ဒီ အာယာနဲ မစ်ဆူ ကိုယ်တိုင်က ဒီလို ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတာကို မင်းက ဒီတိုင်းပဲ လွှတ်ထားပေးတော့မလို့လား ….”
မိုရီမိုတို တိတ်ဆိတ်သွား၏။
ဂါးလဒ်၏ အမြင်ကို သူ နားလည်သလို ထောက်လည်း ထောက်ခံသည်။
ပျောက်ဆုံးနေသည့် လင်းရီကို ရှာဖွေဖို့အတွက် အာယာနဲမစ်ဆူက အမှန်တကယ်ကို အရေးကြီးသည့် သော့ချက်တစ်ခု ဖြစ်၏။
သို့သော် အာယာနဲမစ်ဆူကို ဖမ်းဆီးမည့် အကြံဉာဏ်ကတော့ လွန်ကျူးလွန်းလှပြီး အခက်မသင့်လျှင် နောက်ဆက်တွဲ အကျိုးဆက်တို့က ခန့်မှန်းလို့တောင် ရမှာမဟုတ်ချေ။
“ ဖမ်းတာကိုတော့ သဘောမတူပေးနိုင်ဘူး … ဒါပေမယ့် စုံစမ်းစစ်ဆေးတာတော့ လုပ်လို့ရတယ် …”
“ စုံစမ်းစစ်ဆေးမှာလား ….”
“ အင်း … ဒီနည်းလမ်းက အကြောင်းပြချက်လည်း သင့်လျော်သလို အကျိုးဆက်တွေလည်း နည်းမယ် … ဒါပေမယ့် အထက် ခွင့်ပြုချက်တော့ လိုတယ် ….”
“ ဒါဆိုလည်း အမြန်လုပ် …. ဒီကိစ္စက အကြာကြီး နှောင့်နှေးနေလို့ မဖြစ်ဘူး …”
“ နားလည်တယ် ….”
****
မသိလိုက်ခင် အချိန်အတွင်းမှာပဲ ၂၄ နာရီ ကုန်လွန်သွားခဲ့ပြီး နေ့သစ်တစ်နေ့ပင် အစပြုလို့ လာလေပြီ။
တိုကျို သင်္ဘောဆိပ်က လော့ဒေါင်း အခြေအနေအောက်မှာပဲ ဆက်လက်တည်ရှိနေသော်လည်း လင်းရီ၏ အရိပ်အယောင်နှင့် ပတ်သက်၍တော့ ခြေမှုန်တစ်မြူပင် မမြင်တွေ့ရသေးပေ။
ယခုအချိန်တွင်တော့ မည်သူကမျှ စိတ်မတည်ငြိမ်ကြတော့။
ကျုံးဝေ့တပ်ဖွဲ့သည်လည်း စိတ်ဖိစီးနေပြီး ၎င်းတို့၏ အဆင်မပြေ ဖြစ်နေသည့် အမူအရာက မြင်သာနေသည်။
Ocean Symphony သင်္ဘောကြီးက ကမ်းကပ်သွားခဲ့၏။ သို့တိုင် လင်းရီမှာတော့ ခြေရာလက်ရာမကျန်ရစ်ဘဲ ပျောက်ကွယ်နေပြီး အစအနလေးပင် မမြင်တွေ့ရချေ။
“ ကျွန်မကိုယ်တိုင် ဂျပန်ကို လိုက်သွားသင့်လား ….” နင်ချဲ့ အဆိုပြုလာခဲ့၏။
“ ငါတို့လူတွေ အဲ့ဒီကို ရောက်နေပြီသား … မင်းသွားရင်တောင် အခြေအနေက ထွေထူး ပြောင်းလဲသွားမှာ မဟုတ်ဘူး …” လျိုဟုန် ခွန်းတုံ့ပြန်လိုက်ပြီး “ နောက်ပြီး မြို့တစ်ခုလုံးမှာ သူ့ကို အလိုရှိတဲ့ ပိုစတာတွေ ကပ်ထားတယ် … ဒီလိုမျိုး အထူးကာလမှာ လုံခြုံရေးတွေကိုလည်း ပုံမှန်ထပ် ပိုပြီး တင်းကြပ်ထားမှာ ပုံမှန်ပဲ … အခုချိန် သွားလို့က အဆင်မပြေတော့ဘူး ….”
နင်ချဲ့ ငြိမ်ကျသွားခဲ့၏။
သူမ၏ မျက်နှာထားကတော့ ရေခဲတုံးနှယ် အေးစက်မာကျောလို့ နေသည်။
ထိုအချိန် အခိုက်အတန့်၌ အစည်းအဝေးခန်းထဲ ထိုင်နေကြသည့်လူတိုင်း၏ စိတ်ထဲ တူညီသည့် မေးခွန်းတစ်ခုတည်းက ပေါက်ဖွားကျန်ရစ်နေလျက်ရှိသည်။
လင်းရီ တကယ်ပဲ ဘယ်ကို ပျောက်သွားခဲ့တာလဲ …
****
ဤသို့ဖြင့် နောက်ထပ် အချိန်သုံးရက်က ကုန်ဆုံးသွားခဲ့သည်။
သို့တိုင် လင်းရီအကြောင်း မည်သည့် သတင်းအချက်အလက်တို့မျှ ရှိမနေချေ။ သူကိုယ်တိုင်က ကမ္ဘာမြေပေါ်မှ ကွယ်ပျောက်သွားသည့်နှယ် ထင်မှတ်ရ၏။
ညဉ့်အချိန်။
ချီဘာမြို့ ကမ်းရိုးတန်းတစ်လျှောက်၌ မီးအလင်းရောင်တို့က တောက်ပစွာ အလင်းပေးနေလျက် ရှိသည်။
လူတော်တော်များများအတွက် အိပ်တန်းတက်ချိန် ဆိုသော်လည်း ဤနေရာတွင် နေထိုင်သည့် ငါးဖမ်းသမားများအတွက်ကတော့ ယခုအချိန်က အလုပ် စတင် လုပ်ကိုင်လို့ကောင်းသည့် အချိန်ပင်။
“ ဟေ့ကောင်တွေ … ဒီမှာ ငါ ဘာယူလာခဲ့လဲ ကြည့်ကြစမ်း ….”
ကိုယ်တုံးလုံးနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စီးကရက်တစ်လိပ်ကို ပါးစပ်တွင် ခဲထားရင်း ပြောဆိုလိုက်သည်။
သူ့ခြေထောက်တွင်တော့ ရေစိုခံ ဘွတ်ခြေနင်းကို စီးထားပြီး လက်ထဲတွင်တော့ လက်ကမ်းစာစောင် အများအပြားကို ဆုပ်ကိုင်လာကာ အပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့၏။
“ ဘာတွေတုန်းဗျ ဦးကြီး ….”
အဝါရောင် မှိန်ဖျော့ဖျော့ မီးအလင်းရောင်အောက်တွင် ငါးဖမ်းပိုက်ကို ပြင်နေသည့် ဆံပင်အတိုနှင့် ကောင်လေး တစ်ဦးက လှမ်းမေးလိုက်၏။
၎င်းအနီးနားတွင်တော့ ဗလကောင်းကောင်းနှင့် လူငယ်လေးဦးရှိနေပြီး သူတို့လည်း အလုပ်ကိုယ်စီနှင့် အလုပ်ရှုပ်နေကြလေသည်။
“ အလိုရှိ ကြေညာစာလေ … ပြောထားတာတော့ ဒီကောင့်ကို ဖမ်းနိုင်ရင် ယန်း သန်း ၂၀ တောင် ရမှာဆိုပဲ ….”
“ ယန်း သန်း ၂၀ … အဲ့လောက်မြင့်တဲ့ ဆုကြေး ကျွန်တော် တစ်ခုမှကို မမြင်ဖူးသေးဘူး ….” လူငယ်လေးက အံ့ဩဘနန်းဖြစ်စွာ တုံ့ပြန်ပြောဆိုလာသည်။
“ ဒီကောင်က ခွင့်လွှတ်လို့ မရတဲ့ ရာဇဝတ်မှု တစ်ခုခုကို ကျူးလွန်ခဲ့တာ ဖြစ်မယ် … မဟုတ်ရင် ဒီလောက် တန်ကြေးရှိနေမှာ မဟုတ်ဘူး ….”
“ ငါသာ အဲ့ငွေတွေ ရလို့ကတော့ ဒီလှေကြီးကို ရောင်းပြီး တစ်သက်လုံး ငါးဖမ်းမထွက်တော့ဘူးကွာ ….”
“ အိပ်မက်မက်နေတာတွေ တော်စမ်းပါဗျာ … ရူးနေတဲ့လူပဲ ဒီကို ရောက်လာလိမ့်မယ် ….” လူငယ်လေးက ရယ်ကျဲကျဲဖြင့် ပြန်ပြောလိုက်ပြီး အလုပ်ပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိရင်း အနားယူနေလိုက်၏။
“ ဘာလို့တုန်းကွ ….”
“ ဘေးပတ်ဝန်းကျင်ကိုလည်း လှည့်ကြည့်လိုက်ဦးလေ … ဒီမှာနေတဲ့လူတွေက ဘယ်လိုလူတွေလို့ ထင်လဲ ….”
လူငယ်က သူ၏ လက်မောင်းကြွက်သားများကို ကွေးဆန့်ပြလိုက်ပြီး “ သူသာ ဒီမှာ ပေါ်လာရဲလို့ကတော့ လက်တစ်ဖက်တည်းနဲ့ အနိုင်ယူပြလိုက်မယ် … အဲ့လိုသာဆို ဆုကြေးတွေ အကုန်လုံးလည်း ကျွန်တော့်အပိုင် ဖြစ်ပြီလေ … ဟားဟားဟား ….”
“ အဟားဟား ….” ငါးဖမ်းလှေပေါ်ရှိ လူတိုင်းလည်း ထောက်ခံမှုအပြည့်ဖြင့် ရယ်မောလိုက်ကြသည်။ လူငယ်ပြောသည့်အတိုင်း သူတို့အားလုံး ယုံကြည်မှု အပြည့် ရှိနေကြလေသည်။
ဤနေရာရှိ ငါးဖမ်းသမားများက ခေသူများ မဟုတ်ကြပေ။
အလိုရှိ ဝရမ်းပြေးတစ်ဦးသာ မျက်စိလည်လမ်းမှားပြီး ဤနေရာသို့ ရောက်လာမည်ဆိုလျှင်တော့ …
အရိုးကို ခါးချိုးပြီး သွားကြားထိုးတံ လုပ်ခံလိုက်ရလိမ့်မည်။
“ ဟမ် … မင်းတို့ကောင်တွေ ထူးဆန်းတဲ့အသံ ကြားမိလိုက်သေးလား ….”
သက်လတ်ပိုင်း အမျိုးသားက လှေအပြင်ဘက်ကို သင်္ကာမကင်းဖြစ်စွာ လှမ်းကြည့်လိုက်သည်။
“ ထူးဆန်းတဲ့ အသံလား ….” လူငယ်လေးက ခေတ္တငြိမ်သက်၍ နားစွင့်လိုက်ရင်း” မကြားမိပါဘူး … ခင်များ စိတ်ထင်တာ နေမှာပါဗျာ ….”
“ အေး … အဲ့လိုနေမှာ ….”
သက်လတ်ပိုင်း အမျိုးသားလည်း သူ့သံသယများကို ဘေးချိတ်ထားရင်း သင်္ဘောသားများကို သွားရောက် ကူညီပေးသည်။
ချပ် ချပ် ချပ် ချပ် ….
ထိုစဉ် သစ်သားကြမ်းပြင်ပေါ် လမ်းလျှောက်သံ တစ်သံက ရုတ်ချည်း ပဲ့တင်လာသည်။
“ ဒီလောက် နောက်ကျနေပြီကို ဘယ်သူများတုန်း …” လူငယ်လေးက စီးကရက်မီးကို ငြိမ်းရင်း ပြောလိုက်သည်။
“ တစ်ခြားလှေက လူနေမှာပေါ့ကွာ ….”
အုပ်စုမှာ အထူးတလှယ်လုပ်၍ စိုးရိမ်မနေကြဘဲ သူတို့အလုပ်ကိုသာ ဆက်ပြီးလုပ်ကြသည်။ ဘယ်သူပဲ ရောက်လာရောက်လာ ၊ သူတို့နှင့် မသက်ဆိုင်ပေ။
ခြေလှမ်းသံများက ပို၍ပို၍ ကျယ်လောင်စွာပြီး လူတိုင်း၏ မျက်လုံးများက လှေအခန်း ဝင်ပေါက်ဝသို့ အလိုအလျောက် အကြည့်ရောက်သွားခဲ့ကြသည်။ လူစိမ်းတစ်ဦးက အမှောင်ထုထဲမှ ရေစိုနေသည့် အဝတ်အစားများဖြင့် အထဲသို့ လှမ်းဝင်လာသည်။
လူတိုင်း အေးခဲကုန်ကြ၏။ လှုပ်ရှားမှုများအားလုံး ရပ်တန့်ထားကြပြီး တံခါးဝရှိ ထိုသူကို စိုက်ကြည့်နေကြလေသည်။
လင်းရီက ရေငုပ်အောက်စီဂျင် မျက်နှာဖုံးကို ချွတ်ပြီး သူ၏ သွေးဆုတ်ဖြူလျော်နေသည့် မျက်နှာသွင်ပြင်ကို လှစ်ဟာပြလာသည်။
“ မင်းတို့လှေကို … ငါ ခဏငှားဦးမယ် … အဆင်ပြေတယ်မလား …” လင်းရီ ပြုံးလျက် ဆိုလိုက်၏။
****
ထိုစဉ် အခြားတစ်ဖက်တွင်တော့ မိုရီမိုတို၏ လက်အောက်ငယ်သားများမှာ ကနေဦးတုန်းကလောက် စိတ်အားထက်သန်ခြင်း မရှိကြတော့ပေ။
ရက်တွေကြာလာတော့ သူတို့၏ သတိများကလည်း လျော့နည်းလာကုန်သည်။
သင်္ဘောကျောက်ဆူးချသည်မှာ သုံးရက်ကျော်ကြာပြီး ဖြစ်၏။ တရားခံသာ ရှိမည်ဆိုလျှင် အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားလောက်ပြီး ဤနေရာ၌ ဆက်ရှိနေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ပင်လယ်ပြင်ကြီးက အဆုံးမဲ့ ကျယ်ဝန်းပြီး လူတစ်ယောက်အတွက် မည်သည့်နေရာ၌မဆို ဝင်ရောက်ပုန်းအောင်းနေနိုင်သည်။
တစ်ချိန်တည်းတွင် ဂါးလဒ်နှင့် မိုရီမိုတိုတို့နှစ်ဦးမှာ သူတို့၏ ဦးနှောက်ဆဲလ်များကို ဆက်တိုက်ညှစ်ထုတ်ရင်း လင်းရီ မည်သည့် နေရာ၌ ပုန်းအောင်းနေလောက်မလဲဆိုသည့် ဖြစ်နိုင်ချေကို စီစစ်ဖြတ်ထုတ်နေကြတော့၏။