အခန်း ၂၄၉၁
Vol. 177 Ch. 2491
အခန်း (၂၄၉၁)
အစီအစဉ်
လင်းရီက သူ့မျက်နှာ သွင်ပြင် အစစ်အမှန်ကို ဖော်ထုတ်လိုက်တော့ လှေခန်းထဲရှိ လူတိုင်း တုန်လှုပ်အံ့အားသင့်ကုန်ကြ၏။
သက်လတ်ပိုင်း အမျိုးသား၏ လက်မှာ အနည်းငယ် တုန်ယင်နေပြီး လက်ဖဝါးများတွင်လည်း ချွေးတို့ စို့လာသည်။
တုန်ယင်စွာဖြင့် … လက်ထဲရှိ အလိုရှိကြောင်း ကြေညာစာကို ဖြည်းဖြည်းချင်း မြှောက်ပြီး သူ့ရှေ့တွင် မတ်တပ်ရပ်နေသူနှင့် တိုက်စစ်ကြည့်လိုက်၏။ ပုံပန်းသဏ္ဌာန်ချင်းက လုံးဝနီးပါး တူညီနေတာကို သတိပြုမိလိုက်လေသည်။
သူ့မျက်နှာ ချက်ချင်း ကွက်ခနဲ ပျက်ယွင်းသွားခဲ့သည်။
ဒါ ယွမ် သန်း ၂၀ ဆုကြေးထုတ်ထားတဲ့ ဝရမ်းပြေးပဲ …
“ ရှို့တ … ဘာဖြစ်လို့လဲ …”
သက်လတ်ပိုင်း အမျိုးသားက လင်းရီကို ကတုန်ကယင်နှင့် လက်ညှိုးထိုးပြလိုက်ပြီး “ သူ … သူက ပိုစတာထဲက လူပဲ …”
“ ဘာ … အတည်ကြီးလား ….”
အခန်းထဲရှိ အခြားသူများလည်း မယုံကြည်နိုင် ဖြစ်သွားခဲ့ကြသည်။
သူတို့အားလုံး လင်းရီကို ပြူးကျယ်စွာ ကြည့်လိုက်ကြပြီး သက်လတ်ပိုင်း အမျိုးသားထဲ လက်ထဲရှိ ပိုစတာကို ဖျတ်ခနဲ လုယူကြည့်လိုက်ကြ၏။
ပိုစတာထဲရှိပုံနှင့် သေသေချာချာ နှိုင်းယှဉ်ကြည့်ပြီးနောက် လူငယ်များလည်း ပိုစတာထဲရှိ လူက သူတို့ရှေ့ ရောက်ရှိနေသူနှင့် အမှန်ပင် တူညီနေတာကို သတိပြုမိသွားကြလေသည်။
ထို့ပြင် သူစိမ်း၏ ထူးဆန်းသည့် ဝတ်စုံနှင့် ညဉ့်နက်အချိန်မတော် ထွက်ပေါ်လာမှုက ၎င်းတို့၏ သံသယကို ပိုပြီး ကြီးထွားလာစေခဲ့သည်။
၎င်းတို့အချင်းချင်း တီးတိုးပြောဆိုနေကြတာကို မြင်တော့ လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး မသိစိတ်အလျောက် … သူ အလိုရှိ ဝရမ်းပြေးအဖြစ် ကြေညာခံထားရခြင်း ဖြစ်နိုင်ကြောင်း တွေးတောမိသွားခဲ့သည်။
ခေတ္တမျှ အံ့အားသင့်သွားခဲ့သော်လည်း လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားခဲ့၏။
လူငယ်လေးများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့် အမူအရာများက အစားထိုး ဝင်ရောက်လာသည်။
ဤလူကို ဖမ်းဆီးနိုင်မည်ဆိုပါက ဆုကြေးငွေ ယန်း သန်း ၂၀ တောင် ရရှိနိုင်မှာ ဖြစ်၏။
အကယ်၍ သူတို့သာ ဤငွေကို ရရှိနိုင်မည်ဆိုပါက နောက်တစ်သက်လုံး ငါးဖမ်းထွက်စရာ မလိုတော့ချေ။
“ မြန်မြန် မြန်မြန် … အထဲကို ဝင်လာလေ … အပြင်မှာ အေးတာပေါ့ …”
လူငယ်လေးက လင်းရီကို အထဲသို့ ဖိတ်မန္တကပြုလိုက်ပြီး အခြားသူများကို တံခါးပိတ်ထားရန် မျက်ရိပ်ပြလိုက်သည်။
လင်းရီကို ဖမ်းဆီးဖို့ရာအတွက် အဆင်သင့် ဖြစ်လို့နေသည်။
“ မင်းတို့လက်ထဲ စာရွက်က …… အလိုရှိကြောင်း ကြေညာစာ မဟုတ်လား …” လင်းရီက လူငယ်လေးကို ကြည့်လျက် မေးမြန်းလိုက်သည်။
“ မင်းက သိနေပြီဆိုတော့လည်း ဖုံးကွယ်စရာ အကြောင်းမရှိတော့ပါဘူး …”
လူငယ်လေးက ပွင့်ပွင့်လင်းလင်း နှာခေါင်းရှုံ့လိုက်ပြီး “ ဟုတ်တယ် … အလိုရှိကြောင်း ပိုစတာပဲ … မင်းကို ဖမ်းနိုင်ရင် ယန်း သန်း ၂၀ တောင်ရမှာဆိုတော့ … ကိုယ့်အိမ်တံခါးဝရှေ့ ရောက်လာတဲ့ ငွေထုပ်ကြီးကို မယူစရာ အကြောင်းမရှိဘူးလေ … ဟုတ်တယ်ဟုတ် ….”
“ ငါတို့ ညှိနှိုင်းလို့ မရဘူးလား …”
“ မရဘူး ….”
လူငယ်လေးက ပခုံးတွန့်ပြလိုက်ပြီး “ အဲ့ငွေနဲ့ဆို ငါတို့တစ်သက်လုံး ငါးဖမ်းထွက်ဖို့ မလိုတော့ဘူး … ဒီတော့ မင်းလည်း ထွက်သွားနိုင်မယ် မထင်နဲ့ … မခုခံရင်တော့ အကောင်းဆုံးပဲ … ပြီးမှ ငါတို့ကို မညှာဘူးဆိုပြီး မပြောနဲ့ပေါ့ကွာ ….”
သူ့စကားဆုံးအောင် ပြောပြီးသည်နှင့် လူငယ်လေးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ အားလုံး သူ့ကို ဖမ်းကြ … အခွင့်အရေး နည်းနည်းလေးတောင် မပေးနဲ့ ….”
“ ဖမ်းကြဟေ့ ….”
အုပ်စုက လင်းရီထံသို့ အတူ ပြေးဝင်လာကြသည်။
အချို့က ကြိုးများ သယ်ဆောင်ထားကြပြီး အချို့က မှိန်းများကို ကိုင်ဆောင်ထားကြသည်။
သူတို့ထဲ မည်သူကမျှ သနားညှာတာမည့် အရိပ်အယောင် ပြမည့်ပုံမပေါ်ပေ။
သူတို့အမြင်၌ လင်းရီက ရွှေတောင်ကြီးတစ်ခုအောက် တန်ဖိုးလျော့နည်းနေခြင်း မရှိပေ။
ကံဆိုးချင်သားကောင်းစွာဖြင့် … သူတို့ရှေ့တွင် ရပ်နေသူက သာမညောင်ည လူတစ်ဦးမဟုတ်။
လင်းရီဖြစ်သည်။
သာမန် ငါးဖမ်းသမား တစ်အုပ်စုလောက်လေးကတော့ သူ့အတွက် ပြဿနာ မဟုတ်ပေ။
ပင်လယ်ထဲတွင် သုံးရက်ကြာမျှ နေထိုင်ခဲ့ရသည့်အတွက် ခန္ဓာကိုယ်က အားနည်းနေပြီ ဆိုသော်လည်း ဤလူများကို ကိုင်တွယ်ဖို့အတွက်ကတော့ ဘယ်လောက်မျှ အားစိုက်ထုတ်စရာ မလိုပေ။
မှိန်းတစ်ချောင်းက လင်းရီထံသို့ တန်းမတ်စွာ ပြေးဝင်လာခဲ့၏။
လင်းရီ ဘေးသို့ တစ်လှမ်းရွှေ့၊ ရှောင်တိမ်းလိုက်ပြီး လက်နက်ကို သူ့ရင်ဘက်နားသို့ ပွတ်ကာသီကာ ဖြတ်သန်းသွားစေလိုက်သည်။
ထို့နောက် ချက်ချင်းပဲ မှိန်းခွကို လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ အားဖြင့် ပြန်တွန်းလိုက်လေသည်။
မှိန်း၏ အခြားတစ်ဖက်က တိုက်ခိုက်လာသူ၏ ရင်ဘက်သို့ ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
“ အာ့ …”
အမျိုးသားက နာကျင်စွာ အော်ဟစ်လိုက်ပြီး နှုတ်ခမ်းမှ သွေးများစီးကျလာကာ ကြမ်းပြင်သို့ လဲကျသွားခဲ့၏။ လုံးဝ ပြန်မထနိုင်တော့ချေ။
မှိန်းကို ကိုင်ထားရင်း လင်းရီက လေထဲသို့ တစ်ပတ်လှည့်ကာ အခြားတစ်ယောက်၏ လည်ပင်းသို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
ထိုသူမှာ မည်သို့မျှ မတုံ့ပြန်နိုင်ဘဲ ချက်ချင်း သတိလစ်သွားခဲ့သည်။
လင်းရီက လူနှစ်ဦးကို စက္ကန့်ပိုင်းအတွင်း အမှောက်သိပ်လိုက်တာကို မြင်တော့ ကျန်သည့်လူများမှာ ကြက်သေသေကုန်ကြ၏။ သူတို့ရှေ့ရှိ လူများက ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
သူတို့တွေ တုံ့ဆိုင်းကုန်ကြပြီး စောနကကဲ့သို့ သတ္တိမကောင်းနိုင်ကြတော့ပေ။
“ မင်း … မင်း ဘာလိုချင်လို့လဲ …”
ကျန်ရစ်သည့် လူအနည်းငယ်မှာ နောက်သို့ ဆက်တိုက် ဆုတ်သွားခဲ့ကြပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေလျက် ရှိ၏။
ထိုအချိန်ရောက်တော့မှပဲ အချို့ငွေများက သူတို့ ရရှိနိုင်သည့် အရာ မဟုတ်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
ယန်း သန်း ၂၀ ဆုကြေးထုတ်ခံထားရသည့်လူက သူတို့ သွားရောက် ထိပါးနိုင်သည့် လူစားမျိုး ဟုတ်မနေချေ။
“ အခုမှ ဒါတွေ လာပြောနေလို့ နောက်ကျသွားပြီ … ကျန်တဲ့ အချိန်လေးကို ကောင်းကောင်း ခံစားလိုက်ကြဦး …”
နွမ်းနယ်နေသည့် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားရင်း လင်းရီ ကျန်သူများအားလုံးကို အမှောက်သိပ်ပေးလိုက်၏။ နောက်ထပ် နာရီ အတော်ကြာသည်ထိတော့ ပြန်ထနိုင်ဦးမှာ မဟုတ်ချေ။
“ ဟစ် ….. ၊ ဟူး …..”
အန္တရာယ် မရှိတာ သေချာတော့ လင်းရီသည် ထိန်းချုပ်ခန်းထဲသို့ သွားပြီး အိတ်ကပ်ထဲမှ အနက်ရောင် ယူအက်စ်ဘီ ဒရိုက်ကို ထုတ်၍ လှေ၏ ထိန်းချုပ်စနစ်ထဲသို့ ထိုးသွင်းလိုက်၏။
အဆိုပါ ယူအက်စ်ဘီထဲတွင် ရှန်းထျန်းကျိုးနှင့် သူ့အဖွဲ့ ရေးဆွဲထားသည့် ဂရိုဂရမ်တစ်ခုပါသည်။
ရိုးရှင်းသည့်လှေများအတွက် မောင်းသူမဲ့လမ်းကြောင်းတစ်ခုကို အလိုအလျောက် စီစဉ်ပေးနိုင်သည့် မြေပုံလမ်းညွှန်စနစ် တစ်ခု ဖြစ်၏။
နာရီဝက်ခန့်ကြာပြီးနောက် …
လင်းရီက ပရိုဂရမ်ကို နောက် သုံးမိနစ်တွင် စတင်ရန် အချိန်သတ်မှတ်လိုက်သည်။
အရာအားလုံး အဆင်သင့်ဖြစ်သည်နှင့် သတိလစ်နေသည့် လူငယ်တစ်ယောက်၏ အဝတ်အစားများကို ချွတ်ယူကာ လဲပြု၍ လှေအခန်းထဲမှ ထွက်သွားပြီး ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့၏။
****
ဂါးလဒ်၊ မိုရီမိုတိုနှင့် အခြားသော သက်ဆိုင်ရာဌာနမှ အရာရှိများက လင်းရီကို မည်သို့ ဖမ်းဆီးသင့်ကြောင်း ဆွေးနွေးနေကြဆဲပင်။
သို့သော် ရက်ပေါင်းများစွာ ကုန်လွန်ပြီးသည့်တိုင်အောင် သဲလွန်စလေးတစ်ခု ၊ သတင်းလေးတစ်ခုတစ်လေပင် သိရခြင်း မရှိပါချေ။
“ အာယာနဲမစ်ဆူကို ဆင့်ခေါ်မယ့် ကိစ္စက အခြေအနေ ဘယ်လိုရှိလဲ …” ဂါးလဒ်က ဆေးတံကိုက်ရင်း မေးလိုက်သည်။
“ လျှောက်လွှာတော့ တင်ထားပြီ … ဒါပေမယ့် ခွင့်ပြုမိန့်တော့ မရသေးဘူး … သိပ်မကြာခင်တော့ ရလဒ် ထွက်လာမှာပါ ….” မိုရီမိုတိုက လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။
“ မြန်မြန်လုပ် .. ငါ ထပ်မစောင့်နိုင်တော့ဘူး….”
“ နားလည်တယ် ….”
ထိုအချိန်မှာပဲ မိုရီမိုတို၏ လက်ထောက်က အခန်းထဲဝင်လာပြီး “ ခေါင်းဆောင် ကျွန်တော်တို့ အခုလေးတင်ပဲ ငါးဖမ်းလှေတစ်စင်း ဟွာရှရေပိုင်နက်ဘက်ကို အရေးတကြီး ဦးတည်နေတဲ့အကြောင်း သတင်းရထားပါတယ် … အတော်လေး သံသယဝင်ချင်စရာပါပဲ ….”
ဤသတင်းကို ကြားတော့ နှစ်ဦးလုံး မျက်နှာအရောင် တောက်ပသွားခဲ့ကြပြီး မိုရီမိုတိုက “ ရေဒါကို ပြစမ်း … ဘာတွေ ဖြစ်နေလဲ ငါကြည့်ချင်တယ် …”
“ ဟုတ်ကဲ့ ….”
မကြာမီ ရေဒါအချက်ပြစနစ်က အစည်းအဝေးခန်း၏ စခရင်အကြီးကြီးပေါ်သို့ ရောက်ရှိသွားခဲ့၏။
ငါးဖမ်းလှေ တစ်စင်းက အမှန်တကယ်ကို ဟွာရှရေပိုင်နက်ဘက်ခြမ်းသို့ အလွန်လျင်မြန်သည့် အမြန်နှုန်းဖြင့် ဦးတည်နေလျက် ရှိ၏။
လက်ထောက်က ရေဒါမြေပုံကို ထောက်ပြလိုက်ပြီး “ ပုံမှန်ဆို ငါးဖမ်းလှေတွေက ဒီနေရာလောက်မှာ ရပ်ပြီး သူတို့အလုပ် သူတို့လုပ်ကြတာ … အခု ငါးဖမ်းလှေက အလုပ်ဆိုက်ကို ကျော်နေပြီ … ဒါက အတော်လေး သံသယဖြစ်ဖို့ ကောင်းပါတယ် …. ကျွန်တော်တို့ လိုက်ရှာနေတဲ့ တရားခံက အဲ့ဒီလှေပေါ်မှာ ရှိနေဖို့ များပါတယ် …”
လက်ထောက်၏ ခန့်မှန်းမှုက အမျိုးသားနှစ်ဦး၏ ခန့်မှန်းတွက်ချက်မှုနှင့် ကိုက်ညီနေပြီး ဂါးလဒ်က စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ အဲ့ကောင် ကျိန်းသေပေါက် လှေပေါ်မှာ ရှိရမယ် … လူတွေကို ချက်ချင်းလွှတ်လိုက် … သူ့ကို လွတ်မြောက်သွားခိုင်းလိုက်လို့ မရဘူး …”
“ နားလည်တယ် ….”
ထို့နောက် မိုရီမိုတိုက ငါးဖမ်းလှေကို ကြားဖြတ်ဖို့ အမိန့်များပေးလိုက်ပြီး သူ့အမူအရာကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
“ ငါတို့လည်း သွားကြစို့ … ဒီလူ ဘယ်လောက်တောင် အစွမ်းအစ ရှိနေတဲ့လူလဲဆိုတာ သိချင်တယ်….”
“ အိုကေ …”
မိုရီမိုတိုတို့နှစ်ဦးနှင့် လက်ထောက်များက အစည်းအဝေးခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး လှေပေါ်သို့ တစ်ချိန်တည်း တက်လိုက်ကြသည်။
ထိုစဉ် ပင်လယ်ပြင်ရှိ ကြားဖြတ်နှောင့်ယှက်သည့် တပ်ဖွဲ့များက အခြေအနေကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံနေလျက် ရှိ၏။
“ ခေါင်းဆောင် မိုရီမိုတို … ကျွန်တော်တို့တွေ သတိပေး ကြေညာမှုကို အကြိမ်ကြိမ် ပြုလုပ်ပြီးပါပြီ … ဒါပေမယ့် ငါးဖမ်းလှေက ရပ်တန့်မယ့် အရိပ်အယောင် မပြပါဘူး ….”
“ အင်အားသုံးပြီး ရပ်တန့်ထားလိုက် … ကျန်တာကို ငါတို့ရောက်တာနဲ့ ရှင်းမယ် …” မိုရီမိုတိုက အမိန့်ပေးလိုက်၏။
“ ဒါပေမယ့် အထဲက လူကိုတော့ မထိခိုက်စေနဲ့ … သူ့ကို ရှင်လျက် ဖမ်းဖို့ လိုတယ် ….”
“ နားလည်ပါပြီ …”
ဆက်သွယ်ရေးကိရိယာကို ချပြီးနောက် မိုရီမိုတိုက သက်ပြင်းတစ်ချက်ချရင်း “ သူ ဒီလိုမျိုး ခြေရာလက်ရာ မမြင်ရဘဲ ရက်တွေ အကြာကြီး ပုန်းအောင်းနိုင်လိမ့်မယ်လို့တောင် မထင်ထားဘူး .. ရေဒါတွေကြောင့်သာ မဟုတ်ရင် တကယ်ပဲ ထွက်ပြေးလွတ်မြောက်သွားလောက်ပြီ ….”
ဂါးလဒ်က ရှည်ရှည်ဝေးဝေး ဘာမျှ မဆိုဘဲ ထိုအစား စကားအကြောင်းအရာ ခေါင်းစဉ်ကို ပြောင်းလဲပစ်လိုက်၏။
“ မင်းရဲ့ လူတွေကို ဂရုစိုက်ဖို့ သေချာ ပြောထားဦး … အဲ့လူက သိပ်အရေးကြီးတယ် … တကယ်လို့ သူသာ သေသွားရင် ငါတို့ လုပ်ခဲ့တာတွေအကုန် အချည်းနှီး ဖြစ်ကုန်လိမ့်မယ် …”