အခန်း ၂၄၉၂
Vol. 177 Ch. 2492
အခန်း (၂၄၉၂)
ထွက်ပြေးလွတ်မြောက်ခြင်း
“ နားလည်ပြီ … ချက်ချင်း စီစဉ်လိုက်မယ် …”
မိုရီမိုတိုက နောက်ဆက်တွဲ အမိန့်များကို တစ်ခုပြီး တစ်ခုပေးရင်း သူ့စိတ်ခံစားချက် အခြေအနေကလည်း မြင်သာလောက်အောင် တိုးတက်ကောင်းမွန်လာသည်။ ဤအတောအတွင်း အတက်အကျ များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံး ရလဒ်က မဆိုးလှချေ။
ထိုလူက ဟွာရှတွင် အင်မတန် ထူးခြားသည့် ရာထူးအထောက်အထားတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့အား အသုံးချ၍ ထင်မှတ်မထားသည့် ရလဒ်များ ပြန်လည် ရရှိလာနိုင်သည်။
သူတို့၏ စက်လှေက မိုင်ကုန်မြင့်၍ မောင်းနှင်နေပြီး တစ်နာရီအတွင်းမှာပဲ ငါးဖမ်းလှေကို လိုက်မီသွားခဲ့သည်။
ထိုအချိန်မှာပဲ ကမ်းရိုးတန်းစောင့်တပ်၏ ယာဉ်ငယ်နှစ်စင်းက ဒရစ်ဆွဲရင်း ငါးဖမ်းလှေကို အောင်အောင်မြင်မြင်နှင့် ကြားဖြတ်ပိတ်ဆို့နိုင်သွား၏။
ငါးဖမ်းလှေကလေးက ပင်လယ်ပြင်တွင် မျောလွင့်နေပြီး ဆက်လက် ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။
“ ခေါင်းဆောင် ….”
မိုရီမိုတို ချဉ်းကပ်လာသည်ကို မြင်တော့ တာဝန်ခံအရာရှိက အလေးပြုပြီး သူ့အား နှုတ်ဆက်လိုက်သည်။
“ အားလုံးအဆင်ပြေတယ်မလား …”
“ အားလုံးအဆင်ပြေပါတယ် … လှေကို ကြားဖြတ်ပြီးပေမယ့် အထဲက တရားခံကတော့ ထွက်မလာသေးပါဘူး … ကျွန်တော်တို့ဘက်က သူ့ကို အချိန်မရွေး ဖမ်းဆီးဖို့ အသင့်ပါပဲ …”
“ ကောင်းပြီ အားလုံးအသင့်ပြင် … စတော့ …”
“ ဟုတ်ကဲ့ ….”
ရေတပ်အရာရှိ သုံးဦးက ငါးဖမ်းလှေသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ မိုရီမိုတိုကလည်း သူ့လူများကို ဦးဆောင်ပြီး လက်နက်များလည်း အဆင်သင့် ကျည်ထိုးထားပြီး ဖြစ်၏။ ထို့နောက် လှေပေါ်သို့ ခုန်တက်လိုက်ကြသည်။
ရေတပ်အရာရှိ သုံးဦးနောက်မှာနေပြီး မိုရီမိုတိုနှင့် ဂါးလဒ်တို့က နီးနီးကပ်ကပ် လိုက်ပါလာသည်။
ဂါးလဒ်က သူ့ဆေးတံကို ဖွာရင်း အောင်နိုင်သူကြီး တစ်ဦးနှယ် ပြုံးရွှင်နေလျက် ရှိသည်။
“ ငါနဲ့ အသက်စွန့်ပြီး လောင်းကြေးထပ်ဝံ့တဲ့ အဲ့အရူးကို လူကိုယ်တိုင် မြင်ရတော့မယ်ဆိုတော့ ….. “
“ တော်တော်လေး မျှော်လင့်နေပြီ …”
“ သူက ရူးနေတာ သေချာတယ် … အဲ့လိုနည်းလမ်းမျိုးသုံးပြီး လူကို ဖိအားပေးလာမယ်လို့ တစ်ခါတောင် မစဉ်းစားခဲ့ဖူးဘူး … တကယ့်ကို ရူးမိုက်လွန်းတယ် …”
“ ဒါပေမယ့် အခု အဲ့တာတွေအကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ …” ဂါးလဒ် ပြုံးလျက် ဆိုလိုက်ပြီး “ ဒီလောက် တင်းကြပ်ထားတဲ့ လုံခြုံရေးနဲ့ဆို သူ့မှာ လွတ်မြောက်ဖို့ အခွင့်အရေး မရှိဘူး … အခုလည်း အဲ့တိုင်းပဲမလား … သူ့ကိုယ်သူ လွတ်အောင်ပြေးနိုင်မယ် ထင်နေပေမယ့် တကယ့်လက်တွေ့ကြ အရာအားလုံးက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ် ….”
“ လုံးဝကို အတိအကျပါပဲ မစ္စတာဂါးလဒ် ….”
ထိုအချိန် မိုရိမိုတို၏ လူများက လှေအခန်းကို အပြည့်အဝ ဝိုင်းရံထားကြသည်။ ညအမှောင်ထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်မည်းမှောင်နေပြီး လူတိုင်း၏ တင်းကြပ်နေသည့် နှလုံးခုန်သံကိုသာ ကြားနေရ၏။
“ အသင့်ဖြစ်တာနဲ့ ဝင်တော့ …” မိုရီမိုတိုက အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ သူ့ဘက်မှာက တစ်ယောက်တည်း … ငါတို့ကို ယှဉ်ဖို့ အခွင့်အရေးမရှိဘူး … အရှုံးပေးလိုက်ဖို့ပဲ သူ့မှာ ရွေးချယ်စရာရှိတယ် …”
“ ဟုတ်ကဲ့ ….”
အမိန့်ရရှိသည်နှင့် ခေါင်းဆောင်ဖြစ်သူက လှေအခန်းတံခါးကို ကန်ကျောက်ဖွင့်လိုက်သည်။ ကျန်သူများက ချက်ချင်းပဲ အခန်းထဲသို့ အကြမ်းပတမ်း ဝင်ရောက်စီးနင်းလိုက်ကြ၏။
သို့ပေမယ့် …
အတွင်းတွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းက သူတို့အားလုံးကို နှလုံးအောက်ခြေထိတိုင်အောင် ရှော့ခ်ရသွားစေခဲ့လေသည်။
အတွင်းတွင် အမျိုးသားခြောက်ယောက်က သတိလစ် မေ့မြောနေကြပြီး ၎င်းတို့၏ အဝတ်အစားများကို ကြည့်ရသလောက်တော့ ငါးဖမ်းသမားများ ဖြစ်မည့်ပုံပင်။
“ ငါ **တွေ ဖြစ်နေတာလား … ဒီထဲ ဘာလို့ ငါးဖမ်းသမားတွေ ရောက်နေရတာလဲ …” ဂါးလဒ် အံ့လည်းအံ့ဩ၊ ဒေါသထွက်ထွက်နှင့် အော်ဟစ်မေးခွန်းထုတ်လိုက်၏။
“ မစ္စတာ ဂါးလဒ် … အရင်ဆုံး စိတ်ကို အေးအေးထားပါ …” မိုရီမိုတိုက သူ့အား ဖျောင်းဖျလိုက်ပြီး “ ဒီလူတွေကို အရင်စစ်ဆေးကြည့်ကြတာပေါ့ …. တရားခံက သူတို့ထဲ ပုန်းနေတာလည်း ဖြစ်နိုင်တာပဲလေ ….”
ဂါးလဒ် ဘာမျှ ထပ်မဆိုချေ။ မကျေမနပ်နှင့်သာ သဘောတူလိုက်ရသည်။
မကြာမီ ငါးဖမ်းသမားခြောက်ဦးလုံး သတိပြန်လည်လာခဲ့ကြ၏။
ရှေ့တွင်ရှိ ယူနီဖောင်းဝတ် အမျိုးသားများကို မြင်တော့ ငါးဖမ်းသမား ခြောက်ဦးလုံး အေးခဲသွားခဲ့ကြပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်နိုင်ကြတော့ချေ။
ဘာတွေဖြစ်နေတာလဲ … မျက်လုံးဖွင့်လိုက်တာနဲ့ ဒီရဲ့ ယူနီဖောင်းနဲ့ အရာရှိတွေက ငါတို့ရှေ့ကို ဘာလို့ ရောက်နေရတာလဲ ….
“ မင်းတို့ ဘယ်သူတွေလဲ … မှတ်ပုံတင်ပြစမ်း …”
ဂျပန်နိုင်ငံတွင် နိုင်ငံသား မှတ်ပုံတင်ကဲ့သို့သော အရာမျိုးကို ကိုယ်နှင့်မကွာ ဆောင်လေ့မရှိသဖြင့် လူတို့က ပုံမှန်ဆို ဒရိုင်ဘာလိုင်စင်၊ အာမခံကတ်၊ သို့မဟုတ် ကျောင်းသားကတ်များအပေါ်သာ မှီခိုရင်း ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ကို သက်သေပြကြရသည်။
ဦးခေါင်းကို သေနတ်များဖြင့် ချိန်ရွယ်ခံထားရတော့ ငါးဖမ်းသမားများလည်း ၎င်းတို့၏ ဒရိုင်ဘာလိုင်စင်များကို အလျင်အမြန်ထုတ်ပြ၍ ၎င်းတို့ မည်သူမည်ဝါ ဖြစ်သည်ကိုအတည်ပြုကြရ၏။
ခေါင်းဆောင်လုပ်သူက လိုင်စင်များကို စုဆောင်းပြီး တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မိုရီမိုတိုထံသို့ ပေးအပ်လိုက်၏။
မိုရီမိုတို ၎င်းတို့ကို သေသေချာချာလေး စစ်ဆေးကြည့်ရှုသည်။ ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမျှတော့ မတွေ့ရပေ။
“ ဘယ်လိုဖြစ်ရတာ … မင်းတို့ကောင်တွေက ဘာကိစ္စ ဒီအခန်းထဲမှာ သတိလစ်နေကြတာလဲ …”
အသက်ကြီးကြီးနှင့် အမျိုးသားက သူ့ဦးခေါင်းကို ပွတ်သပ်ရင်း အစောပိုင်း ကမ်းခြေတွင် ဖြစ်ပျက်ခဲ့သည့်များကို မိုရီမိုတိုထံ အကြောင်းစုံ ရှင်းပြလိုက်သည်။
ဤသည်ကိုကြားတော့ မိုရီမိုတိုနှင့် ဂါးလဒ်တို့နှစ်ဦးလုံး အခြေအနေကို ဖမ်းဆုပ်မိသွားကြပြီး သူတို့၏ ဒေါသများ ဆူပွက်လာသည်။
“ သေစမ်း … ဒီကောင် ငါတို့ကို ထပ်လှည့်စားသွားပြန်ပြန်ပြီ … ဒီအခွင့်အရေးကို သုံးပြီး ထွက်ပြေးသွားခဲ့တာပဲ ….”
မိုရီမိုတို၏ မျက်နှာမှာ မည်းမှောင်သွားခဲ့၏။
ဤတစ်ခေါက်တွင် လင်းရီကို ဖမ်းဆီးနိုင်ပြီဟု သူ့ဘက်က အပြည့်အဝ ယုံကြည်ထားပြီး၊ ပြီးသည်နှင့် လင်းရီကို အသုံးချ၍ ဟွာရှကို ရှေးဟောင်းလက်ရေးစာမူ လွှဲပေးဖို့ ဖိအားပေးမည်။
သို့သော်လည်းပဲ ဤအရာများအားလုံးက လင်းရီ စီစဉ်ထားသည့် ထောင်ချောက်ဖြစ်နေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။
“ မိုရီမိုတို … ငါ လုံးဝ ထပ်မစောင့်နိုင်တော့ဘူး …” ဂါးလဒ် လေးနက်သည့်လေသံဖြင့် ပြောဆိုလာပြီး “ သူ မြို့ထဲ ထွက်ပြေးသွားခဲ့တာ ကျိန်းသေတယ် … အခုဆို အာယာနဲမစ်ဆူကို သွားရှာနေလောက်ပြီ …. အခုချက်ချင်း အာယာနဲ မစ်ဆူကို ထိန်းချုပ်ထားတာ အကောင်းဆုံးပဲ … မဟုတ်ဘူးဆို နောက်ကျကုန်လိမ့်မယ် ….”
မိုရီမိုတို ချက်ချင်း အဖြေမပေးခဲ့ချေ။
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက … သူလည်း အာယာနဲမစ်ဆူကို ဖမ်းဆီးထိန်းသိမ်းထားချင်သည်။
သို့ပေမယ့် သူမ၏ အထောက်အထားက မည်မျှ ထူးခြားနေလဲဆိုတာကိုလည်း သူသိသည်။ အကယ်၍ ဖမ်းဆီးလိုက်လျှင် နောက်ဆက်တွဲ အကျိုးရလဒ်တို့က ထင်မှတ်ထားသည်ထက်ပင် ပိုမိုဆိုးရွားလာနိုင်သည်။
“ စိတ်ချလက်ချသာနေပါ မစ္စတာဂါးလဒ် … ငါ ဒီကိစ္စ အဆင်ပြေသလို ကြည့်ကြပ်လုပ်လိုက်မယ် …”
နောက်ဆုံးတော့ မိုရီမိုတို အဖြေပြန်ပေးလိုက်၏။
****
လင်းရီ လွတ်မြောက်သွားသည့် သတင်းက စတင် ပျံ့နှံ့သွားခဲ့ပြီး ကမ်းရိုးတန်း၌ တင်းကြပ်ထားသည့် အကာအကွယ်များလည်း စတင်ပြေလျော့လာသည်။
သုံးရက်တာ ကုန်လွန်သွားခဲ့၏။ ဆင်ဖမ်းမည်၊ ကျားဖမ်းမည် ကြိမ်းဝါးခဲ့ကြသည့် အနှီအရာရှိများလည်း အတွင်းသတင်းများကို ကြားသိပြီးနောက် မျှော်လင့်ချက်တို့ ဖြည်းဖြည်းချင်း ပျောက်ဆုံးလာကုန်ကြသည်။
ယခုလို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေခြင်းက အဓိပ္ပာယ်မရှိသည့် လုပ်ရပ်ဖြစ်သည်ဟု ယူဆလာသည်။
သို့သော် လင်းရီအတွက်ကတော့ ဤသည်က သူ့အတွက် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးသည့်နှယ် ဖြစ်လာခဲ့သည်။
ထိုအချိန်အခိုက်အတန့်၌ … လင်းရီက သူ ကြိုတင်ပြင်ဆင်ထားသည့် ရေငုပ်ကိရိယာများနှင့် ထူးကဲသာလွန်သည့် ကိုယ်ခံစွမ်းအားအပေါ် မှီခိုပြီး ရေအောက်ထဲတွင် သုံးရက်သုံးည ပုန်းအောင်းနေရင်း အခွင့်အရေးကို စောင့်ဆိုင်းနေလိမ့်မည်ဟု မည်သူက စဉ်းစားမိလိမ့်မည်နည်း။
ယခုအချိန်တွင်တော့ ထိုကဲ့သို့သော အခွင့်အရေးကို ကောင်းကောင်း အသုံးချနေလေပြီ။
*****
လင်းရီ သူ့နည်းသူ့ဟန်ဖြင့် ကမ်းခြေပေါ်သို့ ရောက်ရှိလာခဲ့၏။ မျက်နှာအစိတ်အပိုင်း အများစုကို ဖုံးကွယ်ထားသည့် မာ့စ်တပ်ရင်း မြို့ထဲ လမ်းမများပေါ်တွင် သာမန်လူတစ်ဦးနှယ် လှည့်ပတ်သွားလာနေသည်။
လင်းရီအကြောင်း ပိုစတာများက နေရာအနှံ့တွင် ရှိနေသော်လည်း သာမန် မြို့သူမြို့သားများကတော့ အရေးပင် မစိုက်ကြချေ။
ဤအကြောင်းကြောင့်ပဲ လင်းရီမှာ အတော်လေး လုံခြုံနေသည်ဟု ပြော၍ရ၏။
သို့သော် သူ၏ ခန္ဓာကိုယ် အခြေအနေကတော့ အတော်လေး ဆိုးရွားနေလေသည်.
သုံးရက်လုံး အစာမစားဘဲ ရေခဲတမျှ အေးစက်လှသည့် ပင်လယ်ထဲတွင် နေထိုင်ရသည်က မည်သူ့အတွက်မဆို ခက်ခဲသည့် စိန်ခေါ်မှုကြီး တစ်ခုဖြစ်ပြီး လင်းရီလို လူတစ်ယောက်အတွက်ပင် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေပြီ ဖြစ်၏။ သူ့ကိုယ်သူ မကြာခင် အအေးမိတော့မည်ဟု ခံစားနေရ၏။
ထိုကဲ့သို့သော အတွေ့အကြုံက လင်းရီ၏ဘဝတွင် အတော်လေး ရှားမှရှားသည့် အတွေ့အကြုံ တစ်ခုပင်။
အရုဏ်တက်ခါနီး အချိန်ဖြစ်သော်လည်း အာရှ၏ အကြီးမားဆုံး မြို့ကြီးမှာ လမ်းသွားလမ်းလာများဖြင့် သက်ဝင်လှုပ်ရှား စည်ကားနေဆဲပင်။
စိတ်ထဲရှိ မြေပုံကို အားကိုးရင်း လင်းရီသည် အာယာနဲမစ်ဆူ၏ ဗီလာသို့ ဦးတည်လာသည်။ နှစ်နာရီကျော်မျှ လမ်းလျှောက်လာခဲ့ပြီး နောက်ဆုံးတွင် ဗီလာက မျက်စိရှေ့မှောက်သို့ ထွက်ပေါ်လို့လာခဲ့သည်။
ဗီလာပတ်ပတ်လည်တွင် အနည်းဆုံး လုံခြုံရေးအင်အား နှစ်ဆယ်ကျော်က ကင်းလှည့်နေကြပြီး အာယာနဲမစ်ဆူ၏ လုံခြုံရေးကို အကောင်းဆုံး ကာကွယ်ပေးနေကြ၏။
လင်းရီက သူတို့ မရိပ်မိသွားစေရန် အကောင်းဆုံး သတိထားခဲ့သည်။ ယခုလို အထိခိုက်မခံသည့် အချိန်အခိုက်အတန့်၌ သူ၏ လှုပ်ရှားမှုများကို သိသူနည်းလေလေ၊ သူ့အတွက် ပိုပြီးလုံခြုံလေလေ ဖြစ်၏။
နွမ်းနယ်နေသည့် သူ့ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရင်း လင်းရီသည် ဗီလာနောက်ဘက်သို့ ရောက်ရှိလာခဲ့ကာ အာယာနဲမစ်ဆူကို ဖုန်းခေါ်လိုက်သည်။
အကြိမ်ရေအနည်းငယ် တုန်ခါပြီးနောက် အာယာနဲ မစ်ဆူက နောက်ဆုံးတော့ ဖုန်းကိုင်လာသည်။
“ ဟယ်လို ….”
ဖုန်းစိမ်းဖြစ်သဖြင့် အာယာနဲ မစ်ဆူက လင်းရီခေါ်ဆိုနေခြင်း ဖြစ်ကြောင်းကို မသိပေ။ သူမ၏ လေသံက အနည်းငယ် အိပ်ချင်မူးတူး နိုင်နေသည်။
“ ငါပါ … လင်းရီ …”
“ လူကြီးမင်းလင်း …”
အာယာနဲ မစ်ဆူ ချက်ချင်း နိုးကြားသွားခဲ့ပြီး သူမ၏ လေသံထဲတွင် အံ့အားရိပ်တို့ ဖြစ်ပေါ်လာခဲ့၏။ ဤတစ်လျှောက်လုံး လင်းရီထံမှ ဖုန်းခေါ်မှုကို သူမ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
“ ပထမထပ် ဘယ်ဘက်ကရေရင် တတိယမြောက်ပြတင်းပေါက်ကို ဖွင့်ပေးဦး … မီးတော့ မဖွင့်နဲ့ …. ငါ ခဏနေ ရောက်လာမယ် ….”
“ အွန်း … အိုကေ … အခုချက်ချင်း ဖွင့်ပေးမယ် …”