အခန်း ၂၄၉၃
Vol. 177 Ch. 2493
အခန်း (၂၄၉၃)
နှုတ်ဆက်စကား
ညဉ့်နက်သန်းခေါင်ယံအချိန်ထဲ လင်းရီဖုန်းချလိုက်၏။
များမကြာမီ လင်းရီ ဖွင့်ခိုင်းသည့် ပြတင်းပေါက်က တွန်းပွင့်လာလေသည်။ လင်းရီလည်း ဘေးဘီဝဲယာကို တစ်ချက် အကဲခတ်ရင်း မည်သူမျှ အာရုံစိုက်မနေသည်ကို သတိထားမိတော့ အခန်းအတွင်းထဲသို့ ဝှစ်ခနဲ ဝင်ရောက်လာခဲ့သည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ အာယာနဲမစ်ဆူက ပြတင်းပေါက်တံခါးကို အလျင်အမြန် ပိတ်လိုက်ပြီး ခန်းဆီးလိုက်ကာများကို ဆွဲဖုံးလိုက်၏။ အာယာနဲ မစ်ဆူ၏ အခန်းထဲသို့ တစ်စုံတစ်ယောက်က တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်ကို မည်သူမျှ သတိမူမိလိုက်ချေ။
“ လူကြီးမင်းလင်း … ရှင် အဆင်ပြေပါတယ်နော်… “
အာယာနဲ မစ်ဆူက အနက်ရောင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မှင်သက်ဖွယ်ကောင်းလှသည့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်လေးအား အပြည့်အဝ လှစ်ဟာပြနေလျက် ရှိသည်။
လင်းရီ ကြမ်းပြင်ပေါ် ထိုင်ချရင်း အသက်ကို အမောတကော ရှူသွင်းနေတာ မြင်တော့ အာယာနဲမစ်ဆူက ရှေ့သို့ တက်လာခဲ့ပြီး လင်းရီအား ကူညီပေးဖို့ ဟန်ပြင်လိုက်၏။
“ ရှင် မျက်နှာပုံစံကြည့်ရတာ ဖျားနေသလိုပဲ … ကျွန်မ သောက်ဆေးသွားယူပေးမယ် …”
လင်းရီအား ငြင်းဆန်ရန် အခွင့်အရးမပေးဘဲ အာယာနဲ မစ်ဆူက ဆေးသေတ္တာနှင့် ရေနွေးပူပူ တစ်ခွက်ကို ယူဆောင်လာသည်။
လင်းရီလည်း ဆေးသေတ္တာထဲ ပစ္စည်းများကို လှန်လောမွှေနှောက်ပြီးနောက် ဆေးလုံးတစ်ချို့ကို ရေနှင့် မျိုချလိုက်သည်။
“ ငါ့ကို စိတ်မပူနဲ့ … ဒီတိုင်း ပင်ပန်းနေရုံပဲ … အားလုံး အဆင်ပြေတယ် ….”
လင်းရီက ခွက်ကို သူမထံသို့ ပြန်ပေးလိုက်ပြီး “ ငါ့ကို ရေနောက်တစ်ခွက်လောက် ခပ်ခဲ့ပေးပါလား ….”
“ အမ် .. အွန်း အွန်း … ရတာပေါ့ …”
အာယာနဲမစ်ဆူက ခြေဗလာနှင့် ပြန်ထွက်သွားခဲပြီး အခန်းထဲတွင် လမ်းလျှောက်သံတို့ ပဲ့တင်ထပ်နေသည်။ ထို့နောက် လင်းရီအတွက် ခွက်ကြီးတစ်ခွက်ဖြင့် ရေနွေးငှဲ့ပေးနေသည့် အသံများ ထွက်ပေါ်လာခဲ့သည်။ ဟန်ပန်က တည်ငြိမ်နေသော်လည်း စိတ်လှုပ်ရှားပူပန်နေသည့် သူမ၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေသည့် ဟန်ပန်အပေါ် သစ္စာဖောက်နေလျက် ရှိလေသည်။
ရေခွက်ကို ကိုင်ရင်း လင်းရီရေခဲသေတ္တာနားသို့ လျှောက်လှမ်းသွားကာ အထဲသို့ ဖွင့်ကြည့်လိုက်၏။ ရေခဲသေတ္တာထဲတွင် ဟာနေသည့် သူ့ဝမ်းကို ဖြည့်ဖို့ သစ်သီးအများအပြား ရှိနေသည်။
“ ကျွန်မ ရှင့်ဖို့ ခေါက်ဆွဲနည်းနည်းပြုတ်ပေးမယ် … အဲ့တာတွေ စားမနေနဲ့ …”
“ ကောင်းသားပဲ … ခပ်များများလေး ပြုတ်လိုက် …”
“ အိုကေ ….”
ယခင်က ဟင်းချက်ခဲသော်လည်း အာယာနဲမစ်ဆူသည် နိုင်ငံခြားတွင် ကျောင်းတက်ခဲ့ဖူးသဖြင့် ရိုးရှင်းသည့် ဟင်းလျာတစ်ချို့လောက်တော့ ချက်တတ်၏။
မကြာမီ ကြက်ဥပြုတ်သုံးလုံးတင်ထားသည့် ခေါက်ဆွဲပန်းကန်ကြီး တစ်လုံးက လင်းရီ ရှေ့မှောက်သို့ ရောက်လာခဲ့၏။
လင်းရီ ဘာမျှ မပြောဘဲ ခေါင်းစိုက်ပါ အားပါးတရလွေးတော့သည်။
သုံးမိနစ်အတွင်းမှာပဲ လူသုံးယောက်လောက် စားယူရမည့် ဧရာမ ပန်းကန်လုံးကြီးမှာ လုံးဝ ပြောင်စင်သွားခဲ့လေသည်။
“ ဝရောဝရဲ့လား … ကျွန်မ ထပ်ပြုတ်ပေးရဦးမလား ….”
အာယာနဲမစ်ဆူက သူ့ဘေးနားတွင် ထိုင်ရင်း စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“ အင်း … တော်ပြီ …”
လင်းရီ မတ်တပ်ရပ်ပြီး အညောင်းဆန့်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး စတင်နွေးထွေးလာပြီး မောပန်းနွမ်းနယ်မှုတို့အားလုံး ယူပစ်သလို ပြောင်စင်သွားခဲ့လေသည်။ သူ့အင်အား ခုနစ်ဆယ်ရာခိုင်နှုန်းခန့်လောက် ပြန်ရရှိလာပြီ ဖြစ်၏။
“ ရှင် ဒီရက်ပိုင်းထဲ ဘယ်တွေရောက်နေတာ .. ကျွန်မမှာ စိတ်ပူလွန်းလို့ သေတော့မတတ်ပဲ ….”
“ ရေအောက်ထဲမှာ သုံးရက်လောက်နေနေတာ … နောက်ဆုံး ဒီညမှပဲ အပေါ်တက်လာဖို့ အခွင့်အရေးရတာ …”
“ သုံးရက်လုံး ရေအောက်ထဲမှာ …..”
အာယာနဲမစ်ဆူ၏ လှပသည့်မျက်ဝန်းလေးများမှာ ပြူးကျယ်သွားခဲ့ပြီး လင်းရီကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
ရေအောက်ထဲတွင် သုံးရက်သုံးည ပုန်းနေမည့် မြင်ကွင်းကို သူမ မည်သို့မျှ စိတ်ကူးမယဉ်နိုင်ချေ။
“ ဘာကူညီပေးရဦးမလဲ … ရှင် ဟွာရှပြန်ဖို့ ကျွန်မ အစွမ်းကုန် ကူညီပေးလို့ ရတယ် ….”
“ မလိုဘူး …”လင်းရီ ခေါင်းခါယမ်းလိုက်၏။
“ ဒီည ရောက်လာခဲ့တာက ဗိုက်ဆာလို့ … အစားနည်းနည်းစားချင်လို့ … မနက်မိုးလင်းတာနဲ့ ပြန်ထွက်သွားတော့မှာ ….”
အာယာနဲ မစ်ဆူက လင်းရီကို နာကျင်မှုနှင့် ခါးသီးမှုတို့ ရောယှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
“ ရှင် ကျွန်မကို မယုံတာမလား … ကျွန်မ ရှင့်အပေါ် သစ္စာဖောက်သွားမှာကို စိုးရိမ်နေတာမဟုတ်လား ….”
အာယာနဲမစ်ဆူ၏ အမေးကို ကြားတော့ လင်းရီ ကူကယ်ရာမဲ့စွာ ရယ်မောမိသွားခဲ့သည်။
“ ငါသာ မင်းကို မယုံရင် ဒီည ဒီနေရာတောင် ရောက်လာခဲ့မှာ မဟုတ်ဘူး … ဒါပေမယ့် အခု မင်းကိုယ်တိုင်တောင် လုံခြုံတဲ့ အခြေအနေမှာ ရှိမနေတာ ငါ့ကို ဘယ်လိုမျိုး ကူညီပေးမှာ …”
“ ဟင် … ကျွန်မက မလုံခြုံဘူး ဟုတ်လား …”
“ လက်ရှိ အခြေအနေက မင်းထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ် … ငါ့နောက် လိုက်နေတဲ့လူတွေကလည်း မင်းစိတ်ကူးနိုင်တာထက် ပိုပြီး ဉာဏ်ကောင်းတယ် … ငါ့အထင် Ocean Symphony သင်္ဘောကို ပြန်ပေးဆွဲခဲ့တဲ့လူက ငါဆိုတာ သူတို့ အခုဆို သိနေလောက်ပြီ … ပြီးတော့ ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုလည်း သူတို့တွေ မသင်္ကာ ဖြစ်နေကြလောက်ပြီ …”
လင်းရီ လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ဆက်ပြော၏။
“ သူတို့တွေ မင်းအပေါ် အခုထက်ထိ မလှုပ်ရှားသေးတာက ဂျပန်မှာ ရှိတဲ့ မင်းရဲ့ အဆင့်အတန်းကြောင့်ပဲ … သူတို့တွေ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ မင်းအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာမှာ ကျိန်းသေတယ် … အခုချိန်မှာ မင်းဘက်က သတိထားပြီး ငါနဲ့ ဝေးဝေး နေသင့်တယ် …”
“ ဘာမှမဖြစ်ဘူး … သူတို့တွေ ကျွန်မကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး ….”
“ အဲ့လောက်ကြီး သေချာမနေနဲ့ … အခုလို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ သတိကြီးကြီးထားတာက မမှားဘူး …” လင်းရီ ပြောလိုက်ပြီး “ ငါ့ကို ကားတစ်စီးနဲ့ ဒရိုင်ဘာတစ်ယောက် စီစဉ်ပေး … တကယ်လို့ ခန်းဂျိနာခါဒါ အားတယ်ဆိုရင် သူ့ကိုပါ ငါနဲ့ ထည့်ပေးလိုက် ….”
“ ပြဿနာ မရှိဘူး … ကျွန်မ အခုပဲ သူ့ကို လှမ်းခေါ်လိုက်မယ် ….” အာယာနဲ မစ်ဆူက ပြန်ပြောလိုက်ပြီး “ ဒါနဲ့ … ရှင် ဂျပန်ကနေ ဘယ်လိုမျိုး ထွက်သွားမယ် စိတ်ကူးထားလဲ ….”
“ အခု ဟွာရှကို သွားနိုင်တဲ့ လမ်းကြောင်းတွေ အကုန်လုံး ပိတ်ဆို့ထားတယ်ဆိုတော့ ကာဂိုသင်္ဘောနဲ့ ကိုးရီးယားဘက်ကို အရင်သွားမယ် … ပြီးမှပဲ ကျန်တာကို မီးစင်ကြည့်ကမယ် … ဘာပဲဆိုဆို အဲ့နည်းလမ်းက အန္တရာယ်အကင်းဆုံးပဲ …”
အာယာနဲ မစ်ဆူ ခေါင်းညိတ်လိုက်သည်။ “ ဟီရိုရှီးမားကနေ ကိုးရီးယားကို သွားတဲ့ ကာဂိုလမ်းကြောင်းက အတိုဆုံးပဲ … အဲ့ကဆို အန္တရာယ်လည်း နည်းမယ် …”
လင်းရီ သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူ့အစီအစဉ်ကလည်း သူမနှင့် တစ်ထပ်တည်းကျနေသည်။
“ ကျွန်မ ခန်းဂျိနာခါဒါကို အသေးစိတ် စီစဉ်ခိုင်းပြီး လူကြီးမင်းလင်း ဂျပန်က ထွက်သွားနိုင်ဖို့ ကူညီခိုင်းလိုက်မယ် …
“ ကျေးဇူးပဲ …”
“ ကျေးဇူးတင်ဖို့ မလိုပါဘူးရှင်ရယ် … ရှင့်ကို ကူညီပေးနိုင်နေတာကိုပဲ ကျွန်မမှာ ဝမ်းသာနေရတာ …
လင်းရီက အာယာနဲ မစ်ဆူ၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ကြင်နာယုယမှုတို့ ပြည့်နှက်နေလျက် ရှိ၏။
စကားအနည်းငယ် ပြောဆိုပြီးနောက် အာယာနဲမစ်ဆူက လင်းရီကို အိပ်ခန်းထဲသို့ ခေါ်သွားပေးသည်။
လစ်ဟာနေသည့် ဝမ်းကို အပြည့်ဖြည့်ပြီးသည်နှင့် လင်းရီ၏ ပင်ပန်းနွမ်းနယ်မှုများမှာ ထိန်းချုပ်မရနိုင်အောင် ဖြစ်လာပြီး အသိစိတ်လည်း လျော့ပါးလာခဲ့ကာ မိနစ်ပိုင်းအတွင်းမှာပဲ အိပ်မောကျသွားခဲ့တော့သည်။
မနက်ခြောက်နာရီ ဝန်းကျင်လောက်တော့ ခန္ဓာကိုယ်က ရုတ်တရက် ကောက်ကာငင်ကာ နိုးထလာသည်။
“ နည်းနည်းဆက်အိပ်လိုက်ဦးလေ … အစောကြီး ရှိသေးတာကို ….” အာယာနဲ မစ်ဆူက နူးညံ့စွာ ဆိုလိုက်၏။
“ ဆက်အိပ်လို့ မရတော့ဘူး … အလုပ်ကိစ္စတွေ ရှိသေးတယ် ….”
လင်းရီ အိပ်ရာထဲက ထွက်ပြီး အညောင်းအညာဆန့်လိုက်၏။ နှစ်ခြိုက်အားရသည်အထိ အနားမယူနိုင်ခဲ့သော်လည်း သူ့အတွက်တော့ လုံလောက်နေဆဲပင်။
နှစ်ဦးက အောက်ထပ်သို့ ဆင်းလာကြပြီး ခန်းဂျိနာခါဒါက ဧည့်ခန်းထဲတွင် သူတို့နှစ်ဦးကို အသင့်စောင့်ဆိုင်းနေသည်။
စားပွဲပေါ်တွင် ပေါကြွယ်လှသည့် စားသောက်ဖွယ်ရာများ ပြည့်နှက်နေပြီး အကုန်လုံးကို လင်းရီအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်၏။
“ လူကြီးမင်းလင်း ….”
ခန်းဂျိ နာခါဒါက ထပြီး နှုတ်ခွန်းဆက်လိုက်၏။
“ ခန်းဂျိနာခါဒါ … ကျုပ်တော့ ခင်များကို အလုပ်ပေးမိပြန်ပြီ … ဒီနေ့လည်း ကျုပ်နောက်လိုက်ပြီး တောက်တိုမယ်ရတွေ လုပ်ရပြန်ဦးမယ် …”
“ မဟုတ်တာ .. ဒါ ကျုပ်အတွက်တော့ ဂုဏ်ယူစရာပါပဲ ….” ခန်းဂျိ နာခါဒါက ယဉ်ကျေးစွာ ဆိုလိုက်ပြီး “ လူကြီးမင်းလင်းရီလို လူမျိုးနောက်ကို အတူလိုက်နိုင်တာက ကျုပ်အတွက်လည်း အများကြီး သင်ယူရပါတယ် … ကျုပ်ကတောင် အဲ့အတွက် ပြန်ပြီး ကျေးဇူးတင်ရဦးမှာပါ ….”
လင်းရီ လက်ဆန့်တန်းပြီး ခန်းဂျိနာခါဒါ၏ ပခုံးကို ပုတ်လိုက်သည်။ “ အချင်းချင်းတွေပဲ … ယဉ်ကျေးနေစရာ မလိုပါဘူး ….”
အာယာနဲ မစ်ဆူက လင်းရီကို ထမင်းစား စားပွဲသို့ ခေါ်သွားပေးသည်။
“ မသွားခင် တစ်ခုခု စားသွားဦး … လမ်းမှာ ဘာတွေဖြစ်မယ်မှန်း ဘယ်သူက သိနိုင်မှာ ….”
“ အင်း … မင်းပြောတာလည်း မမှားဘူး …”
ရှေ့ဆက်သွားမည့်လမ်းတွင် ရင်ဆိုင်ရမည့် အရာများကို မျှော်တွေးရင်း လင်းရီ သူ့ဗိုက်ကို ပြည့်အောင် ဖြည့်ထားဖို့ ဆုံးဖြတ်လိုက်၏။ ထမင်းတစ်နပ် မစားလိုက်ရသည်က သူ၏ စွမ်းဆောင်နိုင်စွမ်းအပေါ် အတိုင်းအတာတစ်ခုထိအောင် သက်ရောက်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း ကိုယ့်ဘာကိုယ် နားလည်နေသည်။
နာရီဝက်နီးပါးခန့် ကြာပြီးနောက် လင်းရီ စားသောက်ပြီးစီးသွားခဲ့ပြီး … ခန်းဂျိနာခါဒါနှင့်အတူ ဗီလာထဲမှ ထွက်လာခဲ့၏။
“ နာခါဒါ ….” အာယာနဲ မစ်ဆူက တိတ်တဆိတ် လှမ်းခေါ်လိုက်၏။
“ မမလေး … “
“ ဘာတွေပဲ ဖြစ်လာပါစေ လူကြီးမင်းလင်းရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးရမယ် … နင့်အသက် စတေးရမယ် ဆိုရင်တောင်မှပေါ့ … ဒီတစ်ခုတည်းပဲ ငါ နင့်ကို တောင်းဆိုချင်တယ် …”
“ ဟုတ်ကဲ့ပါ မမလေး … ကျုပ်နားလည်ပါတယ် ….”
ခန်းဂျိနာခါဒါက လေးလေးနက်နက် ဦးညွှတ်အရိုအသေးပေးလိုက်ပြီး သူ၏ မျက်နှာအမူအရာတော့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေသည်။
အာယာနဲ မစ်ဆူက သူမ၏ မျက်ဝန်းကို လင်းရီထံသို့ ရွှေ့ပြောင်းလိုက်ပြီး သူမ၏ အကြည့်များထဲ နူးညံ့ညင်သာမှုတို့ ပြည့်နှက်နေလျက် ရှိသည်။
“ လူကြီးမင်းလင်း … ဒီတစ်ခါ ခွဲခွာပြီးရင် ကျွန်မတို့ နောက်တစ်ခါ ဘယ်တော့မှ ပြန်တွေ့နိုင်မလဲဆိုတာ မသေချာဘူး … ရှင့်မှာ အချိန်ရတယ်ဆိုရင် ကျွန်မဆီ ဖုန်းတစ်ခေါက်လောက်တော့ ဆက်ပေးပါနော် … ရှင် ဘေးကင်းနေမှန်း ကျွန်မသိရတာပေါ့ …”
“ အင်း ငါ ဆက်လိုက်မယ် ….”
လင်းရီ သူမ၏ ဆံသားများကို ညင်သာစွာ ပွတ်သပ်ပေးရင်း အပေါ်သို့ ပင့်သပ်ကာ နဖူးထက်တွင် အနမ်းတစ်ပွင့်ကို ချန်ထားရစ်ခဲ့လိုက်သည်။
“ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး … သတိမလျော့စေနဲ့ …. တကယ်လို့ မိသားစုနဲ့ပတ်သက်ပြီး ပြဿနာ တစ်ခုခု ရှိလာရင် သူတို့ကို ချက်ချင်း ကိုင်တွယ်လိုက် … ဘယ်သူမှ မင်းကို အန္တရာယ်ပြုခွင့် မပေးနဲ့ ….”
“ နားလည်တယ် … ကျွန်မသတိထားမှာပါ ….”
“ ငါ အခုသွားတော့မယ် … ဂရုစိုက်ပါ ….”
နှစ်ဦးမှာ အပြင်သို့ ထွက်လာခဲ့ကြပြီး ကြိုတင်စောင့်ဆိုင်းနေသည့် အဲဖာ့ဒ်ကားထဲသို့ ဝင်ရောက်လိုက်ကြ၏။
အာယာနဲ မစ်ဆူမှာ တံခါးဝတွင် မတ်တပ်ရပ်ရင်း ထွက်ခွာသွားသည့် ကားနောက်ကျောကို ကြည့်လျက် သူမ၏ မျက်ဝန်းတို့မှာ တွန့်ဆုတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သီချင်းဟောင်းတစ်ပုဒ်၏ စာသားက ရုတ်တရက်ဆိုသလို သူမစိတ်ထဲ ဝင်ရောက်လာခဲ့၏။
ချစ်တယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ ဘယ်သူကများ ဖူဂျီတောင်ကို ပိုင်ဆိုင်နိုင်မှာမို့လဲ …