← Chapters

အခန်း ၂၄၉၄

Vol. 177 Ch. 2494

အခန်း ၂၄၉၄

Vol. 177 Ch. 2494

အခန်း (၂၄၉၄)

အမှောင်အတွင်းမှ လှုပ်ရှားမှုများ

အာယာနဲမစ်ဆူက သူမ၏ မြင်ကွင်းထဲမှ ကားပုံရိပ် တစ်ခုလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မှ ဝမ်းနည်းနေသည့် စိတ်ခံစားချက်များကို သိမ်းဆည်းရင်း ဗီလာတံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ ပြီးနောက် အတွင်းဘက်မှ သေချာသော့ခတ်ထားလိုက်၏။

ဆိုဖာထံသို့ အလျင်အမြန် လမ်းလျှောက်လာပြီး ဖုန်းထုတ်ကာ ဝမ်းကွဲဖြစ်သူ ဟေးဂျိထံ ဆက်သွယ်လိုက်၏။

“ အစ်မ ….”

“ အုပ်စုရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်း‌တွေ အကုန်လုံးကို စုစည်းလိုက် … အမြန်လုပ် …”

ဟေးဂျိ တုံ့ဆိုင်းသွားသည်။

“ အကုန်လုံးလား …”

“ ဟုတ်တယ် … အားလုံးပဲ … ငါတို့တွေ အစိုးရနဲ့ အပေးအယူလုပ်ထားတဲ့ လျှို့ဝှက်စာတမ်းတွေပါ စုထားလိုက် …”

“ နားလည်ပါပြီ … ခဏနေကျရင် အစ်မဆီ ကျွန်တော် ပို့ပေးလိုက်မယ် …”

“ မဟုတ်ဘူး … ဒီကို မပို့နဲ့ … နင်နဲ့ပဲ သိမ်းထား ….”

“ ဟမ် … တစ်ခုခု ဖြစ်လို့လား …”

“ လောလောဆယ်တော့ မဖြစ်သေးဘူး ….” အာယာနဲ မစ်ဆူက စကားကို ခေတ္တရပ်နားပြီး ၊ ထို့နောက် ဆက်ပြောသည်။

“ ဒါပေမယ့် တကယ်လို့ တစ်နေ့ ဟွာရှက လင်းရီနာမည်နဲ့လူတစ်ယောက် နင့်ကို ဆက်သွယ်လာရင် နင် သူ့ကို အပြည့်အဝ ယုံကြည်လို့ရတယ် … သူ့စကားက ငါ့အမိန့်ပဲ …”

“ ကျွန်တော် နားလည်ပြီ ….”

လင်းရီ မည်သူမည်ဝါဖြစ်ကြောင်းကို ဟေးဂျိ နားလည်ထားပြီး သူ့ဝမ်းကွဲနှင့် ဆက်ဆံရေးကိုလည်း သိနေသဖြင့် အထွေထူးလုပ်၍ အံ့အားသင့်ခြင်းတော့ မဖြစ်မိပေ။

“ ငါ အခု ခိုင်းထားတာတွေ လုပ်တော့ … အရေးကြီးကိစ္စမှ မဟုတ်ရင် ငါ့ဆီ မဆက်သွယ်နဲ့ ….”

“ နားလည်ပါပြီ …” ဟေးဂျိ နာခံလိုက်၏။

“ အစ်မ … တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆို ကျွန်တော့်ဆီကို ဖုန်းခေါ်ဖို့ မမေ့နဲ့ဦး ….”

“ အင်း ….”

ဖုန်းချပြီးနောက် အာယာနဲ မစ်ဆူက သူမကိုယ်သူမ ရေတစ်ခွက်ငှဲ့လိုက်၏။ ရေကို ဖြည်းညင်းစွာသောက်ရင်း သူမ၏ အကြည့်များက နံရံပေါ် ချိတ်ဆွဲထားသည့် နာမည်ကြီး ပန်းချီကားချပ်ထံသို့ ဗလာကျင်းစွာ အကြည့်ကျရောက်သွားခဲ့သည်။

****

အာယာနဲ မစ်ဆူ၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီက ဖုန်းထုတ်၍ ကျုံးဝေ့တပ်ဖွဲ့ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

လင်းရီ : “ အားလုံး အိုကေတယ် … အခု ပြန်လာနေပြီ …”

များမကြာမီ ပြန်စာတစ်စောင် ရောက်ရှိလာသည်။

လျိုဟုန် : “ အကူအညီလိုလား ….”

လင်းရီ : “ မလိုဘူး ….”

စာပြန်ပြီးနောက် လင်းရီ ဖုန်းကို အိတ်ထောင်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

ခရီးစဉ်၏ နောက်တစ်စိတ်တစ်ပိုင်းသည်လည်း ဘေးကင်းလုံခြုံနေလျက်ပင်။

ဂျပန်၏ အလိုရှိဆုံး အမျိုးသား၊ ယန်း သန်း ၂၀ ဆုကြေးထုတ်ထားသည့် လူတစ်ဦးက သာမန်ဆန်သည့် ကားလေးတစ်စင်းထဲတွင် ထိုင်နေလိမ့်မည်ဟု မည်သူက စိတ်ကူးယဉ်မိလိမ့်မည်နည်း။

***

ဟွာရှ။

ကျုံးဝေ့တပ်ဖွဲ့။

လင်းရီ ဘေးကင်းလုံခြုံကြောင်း အတည်ပြုပြီးနောက် အစည်းအဝေးခန်းမတစ်ခုလုံး အောင်ပွဲခံသံတို့ ညံသွားခဲ့သည်။

ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် သူတို့တွေ လင်းရီအကြောင်း သတင်းရရှိခဲ့လေပြီ။ မည်သူကမျှ သူတို့၏ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ခဲ့ကြချေ။

အစည်းအဝေးစားပွဲ၏ အဆုံးတွင် ထိုင်နေရင်း နင်ချဲ့က သူမ၏ မျက်ရည်များကို တိတ်တိတ်လေး ခိုးသုတ်နေလျက်ရှိ၏။ သူမရင်ဘက်ထဲ တစ်ချိန်လုံး ခဲဆွဲသလို လေးလံနေည့် စိုးရိမ်ပူပန်မှုများအားလုံးက နောက်ဆုံးတော့ ပြုတ်ကျသွားခဲ့လေပြီ။

သို့ပေမယ့် ပျော်ရွှင်ဖွယ်ကောင်းသည့် လေထုလေးက လုပေချိန်၏ တင်းမာလေးနက်သည့် အမူအရာကြောင့် လျင်လျင်မြန်မြန်ပဲ နှောင့်ယှက်ခံလိုက်ရသည်။

လူတိုင်းက ကိုယ့်ထိုင်ခုံကိုယ် ပြန်ထိုင်ရင်း မသိစိတ်အ‌လျောက် လုပေချိန်အား စိုက်ကြည့်နေကြကာ ကိစ္စရပ်များက သူတို့ထင်မှတ်ထားသကဲ့သို့ ရိုးရှင်းမနေကြောင်းကို အာရုံရသွားကြ၏။

“ အကြီးအကဲလု … ကျုပ်တို့တွေ တစ်ခုခုကို အမြင်လျှမ်းမိသွားလို့များလား …” လျိုဟုန် မေးလိုက်သည်။

“ အပျော်မစောသေးနဲ့ … သူက ပြန်လာသေးတာ မဟုတ်ဘူး …” လုပေချိန်က လေသံတီးတိုးဖြင့် ပြောဆိုလိုက်ပြီး “ အခုလောလောဆယ် သူက လုံခြုံတယ်ဆိုပေမယ့် နိုင်ငံထဲ ပြန်ရောက်လာတာက တစ်ကဏ္ဍ …”

“ လင်းရီရဲ့ အစွမ်းအစနဲ့ဆိုရင် သူ ကျိန်းသေပေါက် ကိုင်တွယ်နိုင်ပါတယ် ….”

“ ငါ သိထားသလောက်ဆိုရင် ဂါးလဒ်က အခု ဂျပန်ကို ရောက်နေပြီ … တကယ်လို့ လင်းရီ သူနဲ့ သွားတိုးရင် ဘယ်လို ဖြစ်လာမယ်ထင်လဲ ….”

လုပေချိန် စကားဆက်လိုက်ပြီး “ ဂျပန်ထဲ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ပြီး လင်းရီနဲ့ အဆက်အသွယ် မပြတ်စေနဲ့ ….”

“ နားလည်ပါပြီ …”

“ နောက် တစ်ခု ရှိသေးတယ် …”

လုပေချိန်က စကားကို ခေတ္တရပ်နားလိုက်သည်။

လူတိုင်းက သူ့အား အာရုံစိုက်လိုက်ကြပြီး လုပေချိန်က လက်ထဲတွင် စီးကရက်ကို လက်ထဲတွင် လှည့်ပတ်ကစားနေတာမြင်တော့ ၎င်းတို့၏ အမူအရာများ တင်းမာကုန်ကြလေသည်။

လုပေချိန်က အင်မတန် အရေးကြီးသည့် ဆုံးဖြတ်ချက်တို့ ချမှတ်သည့် အခါမှသာ ထိုသို့ ပြုလုပ်လေ့ရှိကြောင်းကို သိထားရမည်။

“ ရှန်းလုံ အသင်းကို ပြန်ခေါ်လိုက် …”

***

တိလိရာ့ကျွန်း။

လင်းရီ၏ အစီအစဉ်ကို သိရှိပြီးနောက် လင်းကျင်ကျန့်နှင့် အဖွဲ့သားများက ကန်ဒါယာသစ်တောမှ စတင်ဆုတ်ခွာဖို့ ပြင်ဆင်နေပြီး ဖြစ်သည်။

ရရှိထားသော ထောက်လှမ်းရေးသတင်းအချက်အလက်များအရ ယခုစစ်ဆင်ရေး၏ အကျိုးသက်ရောက်မှုများမှာ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့နေပြီး နိုင်ငံအသီးသီးကလည်း ဂနာမငြိမ်ဖြစ်လာနေသည်။

ဤမျှ အချိန်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် လူတိုင်းက အခွင့်အရေးကို အမိအရဖမ်းဆုပ်ဖို့ ကြိုးစားနေကြ၏။

လုပေချိန်၏ မျက်လုံးထဲတွင် လင်းရီက ရှေးဟောင်း လက်ရေးစာမူထက် ပိုပြီး အဖိုးတန်မှန်း လင်းကျင်ကျန့် ကောင်းကောင်း နားလည်နေပြီး … ထို့အတူ အခြားသော အင်အားစုများကလည်း ယင်းအချက်ကို သတိထားမိနေကြသည်။

ထိုကဲ့သို့သော အချိန်အခါမျိုး၌ တည်ငြိမ်အေးချမ်းမှုဟူသည် မဖြစ်နိုင်သည့်အရာပင်။

လင်းကျင်ကျန့်က စီးကရက်တစ်လိပ်ကို ပါးစပ်ထဲ ခဲထားလျက်ရှိ၏။

မနှစ် နှစ်ကုန်ပိုင်းကတည်းက အနှီဖြစ်ရပ်များ စုပုံလာခဲ့သည်မှာ ကိုးလတာနီးပါး ကြာမြင့်လာလေပြီ။

ယခုအချိန်အခိုက်အတန့်၌ အရာအားလုံးက ပေါက်ကွဲထွက်လုနီးပါး အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သည်။

ထိုအခိုက် အနီးနားမှ အသံဗလံများ ထွက်ပေါ်လာပြီးစုန့်ကျင်းမင်နှင့် Ace of Spades က ချဉ်းကပ်လာခဲ့၏။

“ အခြေအနေ ….” လင်းကျင်ကျန့်က စီးကရက်ကို ပါးစပ်တွင် ခဲထားရင်း မေးလိုက်သည်။

“ မင်း ခန့်မှန်းထားတဲ့အတိုင်းပဲ … ကျွန်းပေါ်ကလူတွေ အကုန် ဂနာမငြိမ် ဖြစ်နေကြပြီ … လူတော်တော်များများက ထွက်သွားခဲ့ကြပြီ …” Ace of Spades က ခွန်းတုံ့ပြန်လိုက်ပြီး “ မထွက်သွားတဲ့လူတွေတောင် သူတို့လူကို လွှတ်လိုက်ကြတယ် … နောက်ပြီး ရှန်းလုံ အသင်းဝင်တွေလည်း ထွက်သွားကြပြီ …”

“ ရှန်းလုံအသင်း ... သူတို့တောင် ထွက်သွားကြပြီပေါ့ …”

လင်းကျင်ကျန့် သက်ပြင်းချလိုက်၏။ “ ကြည့်ရတာ အကြီးအကဲလုလည်း ငါနဲ့ အတွေးတူနေပုံရတယ် … သိပ်မကြာခင် မုန်တိုင်းကြီးတစ်ခု ရောက်လာတော့မယ်ဆိုတာကို လူတိုင်း ခံစားမိနေပြီ ….”

“ အခုက စကားပြောနေရမယ့် အချိန်မဟုတ်ဘူး … ဆုံးဖြတ်ချက် တစ်ခု ချမှဖြစ်တော့မှာ ….”

“ အားလုံးကို စုလိုက် … ဟွာရှကို ပြန်မယ် …”

****

လုပေချိန်နှင့် ဆက်သွယ်ပြီးနောက် လင်းရီ ကားထဲတွင် မျက်လုံးမှိတ်ကာ အနားယူနေသည်။ ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်၏။

နာရီအနည်းငယ်ကြာပြီးနောက် ခန်းဂျိနာခါဒါက နောက်ဆုံးတော့ စကားစလာသည်။

“ လူကြီးမင်းလင်း … နာရီဝက်နေရင် ကျုပ်တို့ ဟီရိုရှီးမားကို ရောက်ပါမယ် … နောက်ခြေလှမ်းအတွက် အစီအစဉ်တွေ ပြင်ဆင်ထားလို့ရပါပြီ …”

ရောက်ခါနီး မိနစ်သုံးဆယ်အလိုတွင် သူ့ကို နှိုးပေးဖို့ လင်းရီက ခန်းဂျိနာခါဒါကို တောင်းဆိုခဲ့တာဖြစ်၏။

“ ကောင်းပြီ …”

လင်းရီ မျက်လုံးများအား ပွတ်သပ်ရင်း ဘေးတွင် ပြေးလွှားနေသည့် မြင်ကွင်းပုံရိပ်များအား ကြည့်ရှုလိုက်၏။ ခန်းဂျိနာခါဒါက ကားကို တော်တော်မြန်မြန်လေး မောင်းနှင်နေကြောင်း လင်းရီ သတိထားမိသွားခဲ့လေသည်။

ကလင် ကလင် ကလင် …

ထိုအချိန်၌ ခန်းဂျိနာခါဒါ၏ ဖုန်းက အသံမြည်လာခဲ့၏။ ခေါ်ဆိုလာသူ၏ နာမည်ကို သာမန်လျှံကာတစ်ချက် ကြည့်ပြီးနောက် ဖုန်းဖြေလိုက်သည်။

“ လူကြီးမင်း မစ်ဆူ …”

“ မင်း အခု ဘယ်ရောက်နေတာ … ငါ့အစ်မ ဖမ်းခံလိုက်ရပြီ …”

“ မမလေး မစ်ဆူ ဖမ်းခံလိုက်ရတယ်ဟုတ်လား ….”

ဤသည်ကို ကြားတော့ လင်းရီ ချက်ချင်းပဲ ကျောမတ်သွားခဲ့ပြီး ပျင်းရိနေမှုများအားလုံး ယူပစ်လိုက်သည့်နှယ် ပျောက်ကွယ်သွားခဲ့သည်။

“ အိမ်က ဘော်ဒီဂတ်တွေ အခုလေးတင်ပဲ ငါ့ဆီ ဖုန်းဆက်လာတယ် … ကုန်သွယ်ရေးဌာနကလူတွေ အိမ်ကိုလာပြီး ငါ့အစ်မကို လာခေါ်သွားကြတာ … မင်း အခု ဘယ်ရောက်နေတာ … ငါ့ဆီ အမြန်လာခဲ့ … ငါ မင်းကို အရေးကြီး ပြောစရာရှိတယ် ….”

“ ကျုပ် အခု အပြင်မှာ … ပြန်ရောက်ဖို့ဆို နာရီ အနည်းငယ်လောက် ကြာမယ် …”

“ ဖုန်း ဒီကို ပေး …” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်၏။

ခန်းဂျိနာခါဒါက စကားများများ မဆိုဘဲ ဖုန်းကို လင်းရီထံသို့ ကမ်းပေးလိုက်သည်။

“ ဘယ်တုန်းက ဖြစ်တာ …”

စိမ်းသက်နေသည့် အသံကို ကြားလိုက်ရတော့ ဟေးဂျိ မစ်ဆူက ချက်ချင်း မေးခွန်းထုတ်လိုက်၏။

“ မင်းက ဘယ်သူတုန်း …”

“ ငါ့နာမည်လင်းရီ …. မင်း အစ်မရဲ့ မိတ်ဆွေ တစ်ယောက်ပါ ….”

“ ဆိုတော့ လူကြီးမင်းလင်းကိုး ….”

မည်သူနှင့် ဖုန်းပြောနေလဲဆိုတာကို သိတော့ ဟေးဂျိ မစ်ဆူ၏ လေသံက သတိထားမိချင်စရာကောင်းလောက်အောင် ညင်သာသွားခဲ့သည်။

“ ကျွန်တော့်အစ်မက လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်တုန်းက ခေါ်သွားခံရတာပဲ … ဒါပေမယ့် အဲ့မတိုင်ခင်တုန်းက သူ ကျွန်တော့်ဆီ ဖုန်းခေါ်လာပြီး ကုမ္ပဏီရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို စုစည်းခိုင်းထားတယ် … ဘာကြောင့်လဲတော့ ကျွန်တော်လည်း သေချာမသိဘူး … ဒါပေမယ့် ဒီကိစ္စနဲ့ ဆက်စပ်နေမယ်လို့တော့ ထင်တယ် ….”

အရေးကြီးတဲ့ စာရွက်စာတမ်းတွေ စုစည်းခိုင်းထားတာလား ….

လင်းရီ အတွေးနက်သွားခဲ့ပြီး အာယာနဲ မစ်ဆူ၏ လုပ်ရပ်နောက်ကွယ်က အကြောင်းအရင်း ရည်ရွယ်ချက်ကို လျင်လျင်မြန်မြန်ပဲ ဖမ်းဆုပ်မိသွားခဲ့သည်။

အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့လျှင် အသုံးပြုနိုင်ရန်အတွက် အရန်အစီအစဉ်တစ်ခုကို ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်၏။

“ မင်း အခု ဘယ်မှာလဲ …”

“ ရုံးခန်းမှာ ….”

“ ရုံးခန်းထဲကနေ အခု ချက်ချင်းထွက်ခဲ့တော့ .. ပြီးရင် ဟိုတယ်တစ်ခု ရှာပြီး ပုန်းနေလိုက် … ကိုယ့်ရဲ့ တည်နေရာကို ဘယ်သူ့ဆီမှ မပေါက်ကြားစေနဲ့ … ပြီးတာနဲ့ မင်းပုန်းနေတဲ့ ဟိုတယ်လိပ်စာကို ဒီဖုန်းဆီ ပို့လာခဲ့ပေး … ငါ မင်းဆီ လာခဲ့မယ် …” လင်းရီ လေးလေးနက်နက် ပြောဆိုလိုက်သည်။

“ မှတ်ထား … ငါပြောတဲ့အတိုင်း တစ်ချက်မှ မလွဲစေနဲ့ … ပြီးတာနဲ့ မင်းရဲ့ဖုန်းကို ပိတ်ထား … ဘယ်သူမှ ခြေရာမခံနိုင်အောင်လည်း လုပ်ထား …”

All Chapters