← Chapters

ပြတ်ပြတ်သားသား တိုက်ပွဲစပြီ…

Vol. 023 Ch. 1128

ပြတ်ပြတ်သားသား တိုက်ပွဲစပြီ…

Vol. 023 Ch. 1128

ချပ်ဝတ်ပေါ်မှာ အဖြူရောင်ဟင်္သာငှက်၊ သူ့လွင့်မြောနေသော အဖြူရောင်ဆံပင်များသည် ဝမ်လင်းကို ဆန်းကြယ်သောအသွင်ဟန်ပန်ကို ဖြစ်နေစေသည်။ သူသည် ဟင်္သာငှက်၏အစစ်အမှန်စိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားကာ အားကောင်းသောမီးမူလစွမ်းအင်များနှင့် ပြည့်နှက်နေသော်လည်း သူ့မျက်နှာ၏ ဖြူရောနေမှုကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

နေသာသောညမှာ အလွန်အစွမ်းထက်၏။ သို့သော် သူသည် မူလဥပဒေသကို အနည်းငယ်မျှသာ ဖမ်းဆုပ်နိုင်သေး၏။၎င်းကို အတင်းအကြပ် အသုံးပြုခြင်းက ပြင်းထန်သောအကျိုးဆက်ကို သူ့အား ဖြစ်စေသည်။

သည်မန္တာန်၏သက်ရောက်မှုမှာ မူလဥပဒေသပေါ်လာခြင်းကြောင့် မကြုံစဖူး ထူးကဲပေ၏။ ထို့အတူ ဟင်္သာငှက်၏အစစ်အမှန် စိတ်ဝိညာဉ်၊ ဝမ်လင်း၏ ဒုတိယအကြိမ် နိုးထမှုနှင့် သူ့အစွမ်းကုန်အရူးအမူး တိုက်ခိုက်မှုတို့ပါ ထည့်ပေါင်းလိုက်ပါက ၎င်းမန္တာန်၏ အထွတ်အထိပ်ကို ရောက်ရှိသွားစေသည်။ သူ့အဖို့ ၎င်းမန္တာန်ကို ဒုတိယအကြိမ် ထိုမျှအစွမ်းထက်အောင် အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူသည် မူလဥပဒေ၌ ထပ်မံ နစ်မြုပ်နိုင်ခဲ့လျှင်ပင် အခု စွမ်းအားနီးပါးကိုပင် မှီလိမ့်မည် မဟုတ်ပေ။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်က အားနည်းနေဆဲ ဖြစ်၏။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ အစွမ်းကုန်တိုက်ခိုက်မှုမှ သွေးဓား၏အပြင်ဘက်အစိတ်အပိုင်းသည် သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ဓားသွားကမူ သူ့ခန္ဓာကိုယ်ထဲ၌ ကျန်နေကာ သူ့မူလစိတ်ဝိညာဉ်ထံသို့ ထွင်းဖောက်ခဲ့ပေသည်။

သူ အသက်ရှုလျှင်ပင် ပြင်းထန်သောနာကျင်မှု သူ့ရင်ဘက်ကနေ ထွက်ပေါ်လာ၏။ထိုအဖြစ်က သူ့မျက်နှာကို ပို၍ ဖြူရောစေသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ဖြစ်နေခြင်းကြောင့်သာ မဟုတ်ပါက သည်ဒဏ်ရာများဖြင့်ပင် သူ သေသွားနိုင်၏။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးဓားထဲတွင် သတ်ဖြတ်ခြင်းစွမ်းအင်လည်း ပါဝင်နေ၏။ ထိုသတ်ဖြတ်ခြင်းစွမ်းအင်မှာ မရိုးစင်းပေ။၎င်းက မီးခိုးရောင်ရှေ့ဖြစ်ဟောသူ မန္တာန်အားလုံး၏ ရင်းမြစ် ဖြစ်နေသည် မဟုတ်လား။

ပြင်းထန်သောနာကျင်မှုကလည်း သူ့အား ပြိုလဲအောင် မလုပ်နိုင်ပေ။ထိုအစား ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ညီးညူသံပင် မထွက်စေအောင် ရှိနေ၏။ သူ့အကြည့်က ဟင်္သာငှက်နတ်ကလန်မှ လူများပေါ်သို့ ဖြတ်သန်းသွားရင်း ရှေ့ဖြစ်ဟောသူနှင့် ရှေးဟောင်းမိစ္ဆာတာကျားတို့ပေါ်သို့ ကျရောက်သွား၏။

စောနက သူ့အား ကာကွယ်ပေးရမည်ဟု လှမ်းအော်သော အဘိုးအိုသည် ဝမ်လင်းထံသို့ လက်နှစ်ဖက်ယှက်ကာ ပြောလာ၏။ “ငါတို့ဟာ သင့်ကို ကာကွယ်ပေးဖို့အတွက် ဟင်္သာငှက်ကလန်က စေလွှတ်ခြင်း ခံရတဲ့ သူတွေပါ။ သင့်လုံခြုံဘေးကင်းဖို့အတွက် ဟင်္သာငှက်ကလန်တစ်ခုလုံးနီးပါး အစွမ်းကုန် လုပ်ဆောင်မှာ ဖြစ်တယ်…”

“ဟင်္သာငှက်နတ်ကလန်…” ဝမ်လင်းသည် အဘိုးအိုကို ကြည့်ကာ ခေါင်းညိတ်ပြ၏။ ထိုမျှ ရိုးရှင်းသော လှုပ်ရှားမှုလေးကပင် သူ့ရင်ဘက်မှ နာကျင်မှုကို ထိုးတက်သွားစေသည်။ သို့သော် သူက တောင့်ခံထား၏။ ဟင်္သာငှက်နတ်ကလန် သည်နေရာသို့ ဘာကြောင့် ရောက်လာသည်ဖြစ်စေ သူသည် ထိုသူတို့၏ အကူအညီကို မှတ်သားထားမည်သာ ဖြစ်သည်။

သို့ရာတွင် သူသည် ဟင်္သာငှက်နတ်ကလန် အဖွဲ့ဝင်များ ဝန်းရံပေးထားခြင်း ခံထားရသော်လည်း လုံခြုံသည်ဟု အနည်းငယ်မျှ မခံစားရသေးပေ။ သိပ်မဝေးသော နေရာရှိ ရှေးဟောင်းမိစ္ဆာတာကျား၏ အကြည့်က သူတို့အုပ်စုထံသို့ ရောက်လာ၏။ သူ့အကြည့်က အလွန်ထူးဆန်းနေသည်။

ပန်းအင်ပါယာကိုယ်လုပ်တော်၊စစ်ထူနန်၊ ဝမ်ဝေ၊ဟူကျွမ်နှင့် အခြားလူများအားလုံးသည် ဟင်္သာငှက်နတ်ကလန်ထံသို့ ရွှေ့လာကြ၏။ သူတို့သည် ရှေ့ဖြစ်ဟောသူနှင့် ရှေးဟောင်းမိစ္ဆာတာကျားတို့ကြား စည်းတစ်ခု ရှင်းလင်းစွာ ခြားလိုက်ပေပြီ။

“ရောက်လာသင့်တဲ့သူ အားလုံနီးပါး ရောက်လာကြပြီပဲ…” တာကျားက လျှာသပ်၏။ သူက လူအများ ဝန်းရံပေးထားသော ဝမ်လင်းကို စူးစိုက်စွာ ကြည့်နေရင်း သူ့မျက်လုံးမှာ နီရဲနေ၏။ သူသည် သည့်လူကို သတ်မှ ဖြစ်ပေမည်။

အစောပိုင်းတုန်းက ရှေးဟောင်းမိစ္ဆာတာကျားသည် ဝမ်လင်းနှင့် ပတ်သတ်၍ အလေးမထားခဲ့ပေ။ ဝမ်လင်း၏ ရှေးအမိန့်ကို ယှဉ်နိုင်သော တော်ဝင်သွေးမျိုးဆက်ကိုပင် သူက ရယူရန် စီစဉ်ထားခဲ့သေးသည်။

သို့ရာတွင် ဝမ်လင်း၏ တုန်လှုပ်ဖွယ် ပြောင်းလဲမှုများနှင့် သူ့မန္တာန်တို့က သူ့ကိုပင် တုန်လှုပ်စေကာ အာရုံစိုက်လာစေ၏။ ထို့အပြင် သည်လူမှာ ချင်းလင်၏ အစီအစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟုလည်း သူ ခပ်ရေးရေး ခံစားမိနေ၏။ ထို့အတွက်ကြောင့် တာကျားသည် ဝမ်လင်းကို မသတ်နိုင်ပါက သူသည် မလွယ်ကူမှုကို ခံစားနေရပေလိမ့်မည်။

ထိုခံစားချက်မှာ အလွန်ဆန်းကြယ်၏။ သို့သော် တာကျားက ရှင်းလင်းစွာ ခံစားမိ၏။

“ဒီဝမ်လင်းက ငါ့အစီအစဉ်တွေကို ထပ်ခါထပ်ခါ ပျက်စီးစေနေတယ်။ သူ့ကြောင့် ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူမှာ ပြောင်းလဲမှုတွေအများကြီး ရှိလာခဲ့ရတယ်။ သူ သေသွားတာနဲ့ ဒီပြောင်းလဲမှုတွေဟာလည်း အပြီးသပ်ပြီ။ ချင်းလင်ရဲ့ အစီအစဉ်အားလုံးဟာလည်း အချည်းနှီး ဖြစ်သွားလိမ့်မယ်…”

ရှေ့ဖြစ်ဟောသူ၏ အသံက တဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ သူ့အသံက တာကျားကို ပို၍ ဆုံးဖြတ်ချက် ခိုင်မာလာစေသည်။

တာကျားသည် သွေးဆာစွာပြုံး၍ မာန်သွင်းကာ ရှေ့သို့ လှမ်း၏။ လူသားအသွင်အရာကလည်း သူနှင့်အတူ လိုက်ပါ လှုပ်ရှားသည်။ ရှေ့ဖြစ်ဟောသူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ကျန်သည့် ကိုယ်ပွားငါးယောင်ကို လူတိုင်းထံသို့ တိုးဝင်သွားစေလိုက်သည်။

သူ ကိုယ်တိုင်ကတော့ သူ့လက်ကို ဝေ့ယမ်းလိုက်၏။ ထိုအခါ သူ့ခန္ဓာကိုယ်ကနေ အဖြူရောင်၊အနက်ရောင် အမျှင်တန်းတို့ ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးထံသို့ တိုးဝင်သွားကြသည်။

အဖြူနှင့်အနက် အရောင်များသည် ကောင်းကင်ထက်၌ ရောထွေးယှက်တင် ဖြစ်ကာ ဆန်းကြယ်သောဗရမ်းဗတာတစ်ခု ဖြစ်ပေါ်လာစေသည်။ ထို့နောက် ရှေ့ဖြစ်ဟောသူက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ထိုင်ချ၏။သူ့မျက်လုံးကို မှိတ်သည်။ သူက ခပ်တိုးတိုး စတင် ရွတ်ဆို၏။ သူ့အသံသည် အလွန်တိုးညင်း၏။ ရှင်းလင်းစွာ ကြားရဖို့ပင် မလွယ်ပေ။

သူ ခပ်တိုးတိုး ရေရွတ်နေရင်း ရှေးဟောင်းအသံတစ်ခုသည် ဗရမ်းဗတာဖြစ်မှုကနေ ထွက်ပေါ်လာဟန် တူ၏။ ယင်းအသံကို ရှင်းလင်းစွာ ကြားရဖို့မှာ မဖြစ်နိုင်ပေ။ သို့ရာတွင် လူတိုင်း ၎င်းအသံကို ကြားလိုက်ရချိန်၌ ကြောက်ရွှံ့မှုအာရုံကို ခံစားမိ၏။ကောင်းကင်ထက်မှ ဆင်းသက်လာသော ဖိအားက မြေကြီးထု တုန်ဟိန်းသံကို ဖြစ်စေ၏။

မျက်စိတစ်မှိတ်အတွင်း မြေကြီးထု တုန်ခါမှုမှာ အကန့်အသတ် ရောက်လာကာ တဝုန်းဝုန်း ပဲ့တင်ထပ်သည်။ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာ၏။ ထိုအက်ကြောင်းများ ပျံ့နှံ့လာနေရင်း ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကြကုန်သည်။

ချက်ခြင်းလိုလိုပင် ငါးဆယ်ကီလိုမီတာအတွင်းရှိ မြေကြီးထုသည် တစစီ ဖြစ်ကာ ကောင်းကင်ထက်သို့ မြင့်တက်လာ၏။ ထိုမြင့်တက်လာသော မြေကြီးထုသည် လေထဲ၌ အဖြူအနက်ရောထွေးယှက်တင်သော ဧရာမတိုင်လုံးကြီးတစ်ခုအသွင်နှင့် တူသည်။

ဝမ်လင်းအသွင်က သုန်မှုန်နေ၏။ မြေကြီးထုသည် တုန်ခါနေဆဲပင်။ သည်ဧရိယာမှာ အဖြူအနက် အခိုးငွေ့များနှင့် ခြုံလွှမ်းထားခြင်း ခံရကာ နတ်ဘုရားအာရုံဖြင့်ပင် မထောက်လှမ်းနိုင် ဖြစ်ရသည်။

ရှေးဟောင်းမိစ္ဆာတာကျားသည် အလွန်မြန်၏။ ချက်ခြင်း ဝမ်လင်းတို့နားသို့ ရောက်လာသည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အကြီးအကဲခြောက်ယောက်သည် အလေးအနက် ဖြစ်လာကာ အလျင်စလို ထိုးထွက်လိုက်ကြသည်။ သူတို့၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေကာ မီးတောက်ပင်လယ်တစ်ခု ပေါ်လာပြီး ရှေ့သို့ ရိုက်ခတ်သည်။

တာကျားသည် နှာခေါင်းရှုံ့ကာ သူ့လက်ထဲရှိ ဓားသွားကို ဝေ့ယမ်းသည်။ဓားသွားစွမ်းအင် ထိုးထွက်လာကာ မီးတောက်ပင်လယ်ကို နောက်သို့ ပြန်ကန်ထွက်သွားစေသည်။ နောက်သို့ လွင့်စင်နေရင်း မီးတောက်ပင်လယ်သည် နှစ်ပိုင်းကွဲသွား၏။

ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားများသည်လည်း နီးကပ်လာ၏။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည် အံတင်းတင်းကြိတ်ကာ ထိုးထွက်လာကြသည်။ ပန်းအင်ပါယာကိုယ်လုပ်တော်က သက်ပြင်းချကာ သူတို့နှင့် ရင်ဆိုင်ရန် ထွက်လာ၏။

တချိန်တည်းမှာပင် ဟင်္သာငှက်နတ်ကလန်အဖွဲ့ဝင်အားလုံးမှာလည်း အမိန့်ပေးစရာမလိုဘဲ ကြာပွင့်သဏ္ဌာန်ထိုင်လိုက်ကြ၏။ ထို့နောက် သူတို့၏ လက်များဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ချက်ခြင်းလိုလို သူတို့၏မူလစိတ်ဝိညာဉ်များ ပျံသန်းထွက်လာကြသည်။

သူတို့၏မူလစိတ်ဝိညာဉ်များ ပေါ်လာသည့်အခိုက်အတန့်တွင် သိပ်သည်းသောအပူ ပေါ်ထွက်လာ၏။ သူတို့မူလစိတ်ဝိညာဉ်များ ပေါ်ထွက်ကာ ပေါင်းစည်းသွားချိန်၌ ခေါင်းကြီးကောင်လေးနှင့် လူတိုင်းမှာ တုန်လှုပ်မိရ၏။

မူလစိတ်ဝိညာဉ်မှာ လူတစ်ယောက်ကျင့်ကြံခြင်း၏ အဆီအနှစ်ဟု ပြော၍ရသည်။ မတူညီသောနယ်ပယ်များကြောင့် ပေါင်းစပ်ရန် မဖြစ်နိုင်ကြပေ။ ပေါင်းစပ်နိုင်မည်ဆိုလျှင်ပင် ထိုအရာမှာ ဝါးမြိုခြင်းသာ ဖြစ်ပေလိမ့်မည်။ လူတစ်ယောက်တွင် ကောင်းကင်ကိုဖိဆန်သည့် ရတနာတစ်ခု မရှိလျှင် မူလစိတ်ဝိညာဉ်နှစ်ခုသည်ပင် အတူယှဉ်တွဲ မရှိနိုင်ကြချေ။

အခုတော့ လူတိုင်းရှေ့မှာပင် မူလစိတ်ဝိညာဉ်တစ်ရာနီးပါးမှာ မြန်ဆန်စွာ ပေါင်းစပ်ကာ ပေရာချီရှည်လျားသည့် ဧရာမမီးတောက်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ ထိုမီးတောက်မှာ ရှေးဟောင်းမိစ္ဆာတာကျားထံသို့ ဦးတည်ဝင်လာ၏။

ဝမ်လင်းသည် ထိုအဖြစ်ကို တွေ့မြင်သည့်အခါ မျက်လုံးသူငယ်အိမ်ပင် ကျုံ့မိ၏။ သူ့စိတ်ထဲ၌လည်း ဟင်္သာငှက်နတ်ကလန်အကြောင်း သိချင်စိတ်တို့ ဖြစ်ပေါ်လာ၏။

နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူခြောက်ယောက်၊ နတ်ကလန်အဖွဲ့ဝင်များ၏ မူလစိတ်ဝိညာဉ်တစ်ရာနီးပါးမှာ ရှေးဟောင်းမိစ္ဆာတာကျားအား တိုက်ခိုက်လာကြ၏။ ဝမ်ဝေ၊ဟူကျွမ်နှင့် ပန်းအင်ပါယာကိုယ်လုပ်တော်တို့ကမူ ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားငါးယောက်နှင့် တိုက်ခိုက်၏။ တခြားဘက်၌လည်း အရှင်ချိုင့်လေ၊ အဆိပ်ကို ပြင်းထန်စွာ ဖိနှိပ်ထားရသည့် စစ်ထူနန်၊ ခေါင်းကြီးနှင့် အခြားလူများသည် ခုခံနိုင်ရန် သူတို့၏ မန္တာန်များကို အသုံးပြုကြသည်။ ချက်ခြင်းပင် တိုက်ပွဲသည် ပြင်းထန်လာချေ၏။

ပန်းအင်ပါယာကိုယ်လုပ်တော်သည် ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားသာမက လူသားအသွင်အရာနှင့်လည်း ရင်ဆိုင်နေ၏။ ကီလိုမီတာငါးဆယ်အတွင်းရှိ မြေကြီးထုမှာ တဝုန်းဝုန်းနှင့် ကျယ်လောင်စွာ မြည်ဟိန်းနေသည်။ မန္တာန်မျိုးစုံမှာ သည်ကုန်းမြေတခွင် တလက်လက် တဖျပ်ဖျပ် ဖြစ်ပေါ်နေ၏။

ဝမ်လင်းသည် မြေပြင်ထက်တွင် ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီးပင်။သို့ရာတွင် ဆက်လက်တိုက်ခိုက်ရမည် ဖြစ်ရာ သူ့အဖို့ ကုသရန် မစွမ်းသာ ဖြစ်နေ၏။ သူသည် ဆေးလုံးများစွာကို ဝါးမြို၍သာ သူ့ဒဏ်ရာများကို အတင်းဖိနှိပ်ထားရသည်။

အကွာအဝေးတစ်ခု၌ ထိုင်နေသော ရှေ့ဖြစ်ဟောသူက ရုတ်တရပ် မျက်လုံးဖွင့်လာ၏။ သူသည် ဝမ်လင်းထံသို့ စူးရဲစွာ ကြည့်၏။ သူ့လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်သည်။ ဟိန်းသံတစ်ခုသည် အဖြူအနက်ဗရမ်းဗတာဖြစ်မှုကနေ ရုတ်ချည်း ထွက်ပေါ်လာ၏။ ထိုဟိန်းသံ ဆက်လက်မြည်ဟိန်းနေရင်း ခေါင်းပြတ်လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။

ထိုခေါင်းပြတ်လူမှာ သန်မာသောခန္ဓာကိုယ်ရှိကာ သူ့ညာလက်တွင် အနီရောင်လှံကို ကိုင်ဆောင်ထားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ရုန့်ရင်းသောအော်ရာ ပေးစွမ်းနေသည်။ သူ ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်မှ မြူနက်ထုတစ်ခု ထွက်ပေါ်လာကာ အနက်ရောင်ချပ်ဝတ်အဖြစ်သို့ ပြောင်းသွား၏။

ထိုခေါင်းပြတ်လူမှာ ဝမ်လင်းထံသို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာ၏။ ခေါင်းပြတ်လူက ခဏဖြင့် အနား ရောက်လာ၏။ ထိုသူသည် သူ့လှံဖြင့် ဝမ်လင်းထံသို့ ထိုးစိုက်ချလာသည်။

ဝမ်လင်းသည် ခုချိန်၌ အရှိန်သေခါနီး မြှားတစ်စင်းကဲ့သို့ ဖြစ်နေ၏။ သို့သေ်ာ သူသည် ထိုမျှ လွယ်လွယ်ကူကူ သတ်လို့ရမည့် လူစား မဟုတ်ပေ။ အန္တရာယ်အခိုက်၌ ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။ သူ့ညာမျက်လုံးသည် အပြာရောင်တောက်ပကာ သူ့ရှေ့တွင် အဇူရာအလင်းဒိုင်းပေါ်လာသည်။

အနီရောင်လှံက အဇူရာအလင်းဒိုင်းနှင့် ထိပ်တိုက်တွေ့၏။ ဒိုင်းပေါ်တွင် အက်ကွဲသံများ ရှိနှင့်နေပြီး ဖြစ်၏။ ၎င်းဒိုင်းသည် ထပ်မံ အက်ကွဲခြင်း မရှိတော့သော်လည်း နောက်သို့ လက်မအနည်းငယ် ဆုတ်သွားရသည်။

ခေါင်းပြတ်လူလည်း နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်ထက်ရှိ အနက်ရောင်ချပ်ဝတ်မှာ တောက်ပသွားရင်း သူသည် နောက်တဖန် တိုးဝင်လာသည်။

ခေါင်းပြတ်လူ နောက်ဆုတ်သွားချိန်ကို အသုံးချကာ ဝမ်လင်းသည် သူ့ပါးစပ်ထဲကနေ ငရဲရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်၏။

ချက်ခြင်းပင် ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ သူ့လက်ဝါးထက်တွင် သလင်းရောင်အလင်းတစ်ခု ပေါ်လာ၏။ သူက ထိုသလင်းအလင်းကို ကြမ်းတမ်းစွာ ရှေ့သို့ ပစ်လွှတ်၏။ ၎င်းက ဝမ်လင်းရှေ့တွင် တောက်ပသွားပြီးနောက် သူက အော်ဟစ်လိုက်၏။ “ဆန်းကြယ်လက်နက်…”

သူ ထိုသို့ ဆိုလိုက်သည့်နောက် သလင်းအလင်းသည် စူးရှစွာ တောက်ပကာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ မဝင်ရောက်နိုင်သည့် စိတ်ဝိညာဉ်များ၏ ငိုငြီးသံများ ထွက်ပေါ်လာ၏။ ထိုစိတ်ဝိညာဉ်များသည် ငရဲရှစ်ထပ်တံဆိပ်တုံးကနေ တရကြမ်း ထိုးထွက်ကာ အလင်းစက်များအဖြစ်သို့ ပြောင်းလဲ၏။ ထိုအလင်းစက်များသည် စွမ်းအား ရရှိလာကာ ယင်စွမ်းအင်သည် ပေါက်ကွဲပျံ့နှံ့ကုန်သည်။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က အရှင်လေဟာနယ်၏ စိတ်ဝိညာဉ်သည်ပင် ငရဲဆယ့်ရှစ်ထပ်မြောက်ကနေ လှမ်းလျှောက်ထွက်လာ၏။ သူ့မျက်လုံးသည် နီရဲတွတ်နေသည်။ သူသည် ခေါင်းပြတ်လူထံသို့ သားရိုင်းတစ်ကောင်ကဲ့သို့ တိုးဝင်သွားချေ၏။

***

All Chapters