အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂) - ခူကောင်ကြီး
ကျူးလင်၏စကားကို ကြားသောအခါ အဒေါ်ကျန့်က ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စွာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် မိန်းကလေးကျူး... ဒါပေမဲ့ ကျွန်မနဲ့ သားလေးက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် အလုပ်တစ်ခုတော့ ရှာဖို့လိုသေးတယ်..."
အဒေါ်ကျန့်က သူမ၏သားကို တစ်ချက်ကြည့်လိုက်ပြီးနောက် အိမ်ထဲမှ ထွက်ခွာသွားလေသည်။ အိပ်ခန်းထဲမှ ထွက်လာသော ရှို့ဝူက ကျူးလင်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"ရှောင်လင်... ကိုယ် ခဏလောက် အပြင်ထွက်မလို့..."
ကျူးလင်က သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ရှင် ရိက္ခာတွေ သွားရှာမလို့လား..."
ရှို့ဝူက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ဒီနားနဲ့ သိပ်မဝေးတဲ့နေရာမှာ ဖုတ်ကောင်လေးက သန္ဓေပြောင်းပိုးကောင်ကြီးတွေရဲ့ အသိုက်တစ်ခုကို တွေ့ထားတယ်လို့ ထူထူက ကိုယ့်ကိုပြောတယ်... ကိုယ် လောင်ယန်၊ ရှောင်ဝေ့တို့နဲ့အတူ သွားကြည့်မလို့..."
ကျူးလင်က သူမ၏ တပည့်ဖြစ်သူကို တစ်စက္ကန့်ခန့် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"ကျွန်မလည်း လိုက်ခဲ့မယ်..."
သူမ၏စကားကို ကြားသောအခါ ရှို့ဝူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး မေးလိုက်လေသည်။
"မင်းရဲ့ တပည့်လေးကရော..."
"သူ အဆင်ပြေမှာပါ..."
ကျူးလင်က တံခါးဆီသို့ လျှောက်သွားရင်း ပြောလိုက်၏။
သူက သူမကို ကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျူးလင်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မေးလိုက်သည်။
"ရှင် မလိုက်ဘူးလား..."
ရှို့ဝူက ပြုံးလိုက်ပြီး ပြောလိုက်၏။
"လာပြီ..."
ရက်အတော်ကြာသည်အထိ သူ ပြုံးသည်ကို မတွေ့ရပြီးနောက်၊ သူ၏အပြုံးကို တစ်ဖန်ပြန်မြင်လိုက်ရချိန်တွင် ကျူးလင်က စိတ်သက်သာရာရသွားကာ တွေးလိုက်လေသည်။
'မိစ္ဆာနတ်ဘုရားရဲ့ အသိစိတ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားပြီးတဲ့နောက် သူက စစ်မှန်တဲ့ ရှို့ဝူဆီ တကယ်ပြန်ရောက်သွားပုံပဲ... ဒါလည်း ကောင်းပါတယ်လေ...'
သူမက ထိုသို့တွေးလိုက်သော်လည်း ကျူးလင်သည် ဝမ်းနည်းမှုနှင့် အထီးကျန်မှုကို ခံစားနေရရှာသည်။
သူမက သူ့ကို လက်ခံရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ချိန်မှ သူ့ကို ဆုံးရှုံးလိုက်ရခြင်းပင်။
ရှို့ဝူက သူမ၏ မျက်နှာအမူအရာကို ကြည့်လိုက်ပြီး မေးလိုက်၏။
"ရှောင်လင်... ဘာဖြစ်လို့လဲ..."
သတိပြန်ဝင်လာပြီးနောက် ကျူးလင်က ခေါင်းခါယမ်းလိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"ဘာမှမဖြစ်ပါဘူး..."
သူမ တံခါးမဖွင့်နိုင်မီ ရှို့ဝူက သူမ၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။
"ရှောင်လင်... ဒါက မင်းရဲ့ ချစ်သူကောင်လေးကို ဆက်ဆံတဲ့ပုံစံလား..."
"ဟင်..."
သူမက သူ ပြောနေသည်ကို နားမလည်၍ သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
ရှို့ဝူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ပြောလိုက်လေသည်။
"အဲဒီနေ့က မင်း ကိုယ့်ကို အရင်နမ်းခဲ့တာနော်... ဒါပေမဲ့ သတိလစ်ရာကနေ နိုးလာပြီးတဲ့နောက် မင်းက ကိုယ့်အပေါ် အရမ်းအေးစက်နေခဲ့တယ်... ကိုယ့်ကို အမြတ်ထုတ်ပြီးတဲ့နောက် မင်းက ထွက်ပြေးချင်နေတုန်းပဲလား..."
သူ၏ မှောင်မိုက်နေသော မျက်လုံးများနှင့် ဒေါသထွက်နေသည့် အမူအရာကို ကြည့်လိုက်ရင်း ကျူးလင်က ဆွံ့အသွားရရှာသည်။
"..."
'သူက ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောပြီး ဒေါသထွက်နေရတာလဲ... ရုတ်တရက်ကြီး ငါ့အပေါ် အေးစက်သွားတာက သူ မဟုတ်ဘူးလား...'
သူမက သူ့ကို စိုက်ကြည့်ရုံသာ ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူ၏ ရင်ဘတ်ထဲတွင် တင်းကျပ်သွားလေသည်။ သူက သူမကို သူ့အနားသို့ ဆွဲယူလိုက်ပြီး ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် တီးတိုးပြောလိုက်၏။
"ရှောင်လင်... မင်း ဒီလိုလုပ်ပြီးရင် ထွက်ပြေးလို့ မရဘူးနော်... မင်း ကိုယ့်ကို တာဝန်ယူရမယ်..."
ထိုသို့ပြောပြီးနောက် ရှို့ဝူက သူမ၏ အံ့ဩသွားသော မျက်နှာအမူအရာကို ကြည့်လိုက်ပြီးပြုံးကာ ပြောလိုက်သည်။
"သွားရအောင်... လောင်ယန်နဲ့ ရှောင်ဝေ့တို့က ကိုယ်တို့ကို ထပ်ပြီး ပွစိပွစိ လုပ်နေကြဦးမယ်..."
သူမ၏လက်ကို ဆုပ်ကိုင်ထားရင်း ရှို့ဝူက တံခါးကို ဖွင့်လိုက်ရာ ကျီယန်နှင့် ထန်ဝေ့တို့က သူတို့ကို စောင့်ဆိုင်းနေကြပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထန်ဝေ့က ရှို့ဝူသည် ကျူးလင်၏လက်ကို ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ လျှာသပ်လိုက်ပြီး ပြောလိုက်လေသည်။
"မင်းတို့နှစ်ယောက်က နောက်ဆုံးတော့ ပြန်အဆင်ပြေသွားကြပြီပေါ့..."
ရှို့ဝူက ကျူးလင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့ ရန်ဖြစ်ခဲ့တာမှ မဟုတ်တာ... အဲဒီတော့ ပြန်အဆင်ပြေစရာလည်း မလိုဘူးလေ..."
ဤစကားကို ကြားသောအခါ ကျီယန်နှင့် ထန်ဝေ့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျီယန်က ပြောလိုက်၏။
"ဒါဆိုလည်း ကောင်းတာပေါ့..."
ထိုသို့ပြောပြီးနောက် ကျီယန်က ကားပေါ်သို့ တက်လိုက်ပြီး ပြောလိုက်လေသည်။
"ဒီကနေ မျိုးပြောင်းပိုးကောင်ကြီးတွေရဲ့ အသိုက်ဆီကို လေးနာရီလောက် သွားရတယ်... အခုပဲ ထွက်ကြရအောင်... မဟုတ်ရင် ငါတို့ နောက်ကျသွားလိမ့်မယ်..."
နောက်ကျနေပြီဖြစ်၍ ရှို့ဝူ၊ ကျူးလင်နှင့် ထန်ဝေ့တို့လည်း ကားပေါ်သို့ တက်လိုက်ကြသည်။
လူတိုင်း ထိုင်ခုံခါးပတ် ပတ်ပြီးသွားသောအခါ ထန်ဝေ့က အပန်းဖြေစခန်းဧရိယာထဲမှ ကားကို မောင်းနှင်ထွက်ခွာလာခဲ့ပြီး သန္ဓေပြောင်းပိုးကောင်ကြီးများ၏ အသိုက်ဆီသို့ ဦးတည်သွားလေတော့၏။
လေးနာရီကြာပြီးနောက် ထန်ဝေ့က လမ်းဘေးတွင် ကားကို ရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။ သူက တွင်းများဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဒီတောင်ကုန်းက ပိုးကောင်ကြီးတွေရဲ့ အသိုက်လို့ ထူထူက ပြောတယ်..."
ကားပေါ်မှ ဆင်းပြီးနောက် ကျူးလင်က ထန်ဝေ့ လက်ညှိုးထိုးပြသော တောင်ကုန်းကို ကြည့်လိုက်သည်။ သူမက တွင်းများကို ကြည့်ကာ ပြောလိုက်သည်။
"တွင်းတွေရဲ့ အရွယ်အစားကို ကြည့်ရတာ မျိုးပြောင်းပိုးကောင်တွေရဲ့ အရွယ်အစားက အရမ်းကြီးမယ့်ပုံ မပေါ်ဘူး..."
ရှို့ဝူက သူမ၏ဘေးတွင် ရပ်လိုက်ပြီး ပြောလိုက်၏။
"မြေပြင်ပေါ်က တွင်းအရွယ်အစားကို ကြည့်ပြီး သန္ဓေပြောင်းပိုးကောင်ရဲ့ အရွယ်အစားကို ငါတို့ ခန့်မှန်းလို့ မရဘူး...”
“ဖုတ်ကောင်လေးရဲ့ အသိဉာဏ်က အသက်ဆယ်နှစ်အရွယ် ကလေးတစ်ယောက်စာပဲ ရှိပေမယ့်လည်း... သန္ဓေပြောင်းပိုးကောင်ကို ဖုတ်ကောင်လေးက ပိုးကောင်ကြီးလို့ ပြောတယ်ဆိုရင်တော့ သူ့ရဲ့ အရွယ်အစားက အတော်လေး ကြီးမားနေလောက်တယ်..."
ထိုသို့ပြောပြီးနောက် သူက ကျီယန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်း ဆားတွေ ပြင်ဆင်လာခဲ့လား..."
ကျီယန်က ခေါင်းညိတ်လိုက်ပြီး သူ၏ နေရာလွတ်ထဲမှ အိတ်လေးအိတ်ကို ထုတ်ယူလိုက်၏။ သူက ရှို့ဝူ၊ ကျူးလင်နှင့် ထန်ဝေ့တို့အား အိတ်များကို ဝေပေးလိုက်ပြီး ပြောလိုက်လေသည်။
"ငါ ဒီဆားတွေကို လိုက်စုဆောင်းပေးဖို့ ဖုတ်ကောင်လေးကို ခိုင်းထားခဲ့တာ... အခု ငါတို့က တောင်ကုန်းပေါ်က တွင်းတွေထဲကို ဆားဖြူးပေးလိုက်ပြီး ဆားကို သူ့အလုပ်သူ လုပ်ခွင့်ပေးလိုက်ဖို့ပဲ လိုတော့တယ်..."
ထန်ဝေ့က ဆားအပြည့်ပါဝင်သော အိတ်ကို ကြည့်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။
"ဒီဆားတွေက မျိုးပြောင်းပိုးကောင်တွေကို သတ်နိုင်လို့လား..."
ကျီယန်က ပခုံးတွန့်လိုက်ပြီး ပြောလိုက်၏။
"ငါလည်း မသိဘူးလေ... ဒါပေမဲ့ သန္ဓေပြောင်းပိုးကောင်တွေမှာ သန္ဓေမပြောင်းခင်ကလို တူညီတဲ့ လက္ခဏာတွေ ရှိနေသေးတယ်ဆိုရင်တော့ ဒီဆားတွေက သူတို့ကို သတ်နိုင်လိမ့်မယ်..."
သူ၏စကားကို ကြားပြီးနောက် ထန်ဝေ့လည်း သူတို့၏ အစီအစဉ်အတိုင်း လိုက်လုပ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဆားအိတ်တစ်အိတ်ကို ကိုင်ထားရင်း သူက ပြောလိုက်လေသည်။
"ငါတို့ နေရာများများလုပ်လို့ရအောင် လူစုခွဲလိုက်ကြတာ ကောင်းမယ်..."
သူ၏ အကြံပြုချက်ကို သဘောတူလိုက်ကြပြီးနောက် သူတို့လေးယောက်သည် တွင်းများပေါ်သို့ ဆားများ စတင်ဖြူးကြတော့သည်။
ဆယ်မိနစ်ခန့်ဆယ်မိနစ်ခန့် ကြာပြီးနောက် မြေကြီးက ရုတ်တရက် တုန်ခါသွား၏။ တစ်ခုခု မှားယွင်းနေကြောင်းကို ရှို့ဝူ သိလိုက်ပြီး အော်ဟစ်လိုက်လေသည်။
"တစ်ခုခုတော့ မှားနေပြီ... ပြန်လာခဲ့ကြ..."
စကားဆုံးသည်နှင့် ကျီယန်၊ ထန်ဝေ့နှင့် ကျူးလင်တို့သည် ကားဆီသို့ ပြန်ပြေးလာခဲ့ကြသည်။ တောင်စောင်းမှ သူတို့ ပြေးထွက်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ ကားနှင့် သိပ်မဝေးလှသော တွင်းတစ်ခုထဲမှ ပိုးကောင်ကြီးတစ်ကောင် ပြေးထွက်လာတော့၏။
ဝုန်း။
ဒိုင်း။
ထိုပိုးကောင်ကြီးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျလာပြီးနောက် စက္ကန့်အနည်းငယ်ခန့် လူးလှိမ့်နေကာ လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။ သန္ဓေပြောင်းပိုးကောင်၏ စစ်မှန်သော အရွယ်အစားကို မြင်လိုက်ရသောအခါ ထန်ဝေ့က အံ့ဩသွားပြီး ပြောလိုက်လေသည်။
"ဝိုး... ဒါက သိသာနေတာပဲ ပိုးကောင်မဟုတ်ဘဲ ခူကောင်အကြီးကြီး ဖြစ်နေတာပဲ..."