အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) - ကျီယန်၏ အစီအစဉ်
သန္ဓေပြောင်းခူကောင်ကြီး၏ တလက်လက်တောက်ပနေသော အစိမ်းရောင်အခွံကြီးကို ကြည့်ရင်း ရှို့ဝူက ပြောလိုက်သည်။
"ဆားက သူ့ကို တကယ်သတ်လိုက်တာလား ဒါမှမဟုတ် သတိလစ်သွားရုံပဲလားဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်..."
ကျူးလင်နှင့် အခြားသူများ ဘာမှပြန်မပြောရသေးခင်မှာပင် ရှို့ဝူသည် မျိုးဗီဇပြောင်း ခူကောင်ကြီးဆီသို့ အေးဆေးစွာ လျှောက်သွားလေ၏။
လှုပ်ရှားမှုကင်းမဲ့နေသော ထိုခူကောင်ကြီးနှင့် ငါးမီတာအကွာတွင် ရပ်လိုက်ပြီးနောက် သူက ဟင်းလင်းပြင်ဓားသွားတစ်ခုကို တည်ငြိမ်စွာ ပစ်လွှတ်လိုက်သည်။
ချွင်။
ဟင်းလင်းပြင်ဓားသွားနှင့် သန္ဓေပြောင်း ခူကောင်ကြီး၏ အခွံတို့ ထိခိုက်မိသွားသော အခိုက်အတန့်တွင် သတ္တုနှင့် ဓားပြား ရိုက်ခတ်သွားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။ သန္ဓေပြောင်းခူကောင်ကြီးမှာ လှုပ်မလာသေးသည်ကို မြင်သောအခါ ရှို့ဝူက သတိထားကာ အနားသို့ တိုးကပ်သွားလေသည်။
သူသည် သန္ဓေပြောင်းခူကောင်ကြီးရှေ့တွင် ရပ်လိုက်ပြီး ၎င်း၏ ရုပ်ဆိုးဆိုးမျက်နှာကိုကြည့်ကာ လက်လှမ်း၍ ထိကိုင်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက အခြားသုံးယောက်ကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"သေသွားပြီပဲ..."
ထိုသို့ပြောပြီးနောက် ကျီယန်၊ ထန်ဝေ့နှင့် ကျူးလင်တို့သည် သူ၏အနားသို့ လျှောက်လာကြသည်။ အိမ်ငယ်လေးတစ်လုံးစာခန့် ကြီးမားလှသော သန္ဓေပြောင်းခူကောင်ကြီးကို ကြည့်ကာ ထန်ဝေ့က ပြောလိုက်လေသည်။
"ဆားနည်းနည်းလေးက ဒီခူကောင်ကြီးကို သတ်ပစ်နိုင်တယ်ဆိုတာ ငါ ယုံတောင်မယုံနိုင်သေးဘူး..."
ရှို့ဝူသည် မာကျောသော အခွံကြီးကို ခေါက်ကြည့်လိုက်ရင်း ဆိုလာ၏။
"ကံကောင်းလို့ ဆားက အလုပ်ဖြစ်သွားတာ... မဟုတ်ရင် ဒီခူကောင်ကြီးကို သတ်ဖို့ တော်တော်ခက်လိမ့်မယ်..."
ဆားကိုအသုံးမပြုဘဲ ထိုခူကောင်ကြီးကို မည်သို့သတ်ရမည်နည်းဟု ရှို့ဝူနှင့် ထန်ဝေ့တို့ ဆွေးနွေးနေကြစဉ် ကျီယန်က ခူကောင်ကြီး၏ အလောင်းကို သေချာစွာ စစ်ဆေးလိုက်ပြီး မေးလိုက်သည်။
"ရှောင်ဝေ့... ဒီမနက် ငါတို့ အလုပ်သမားတွေကို ပြန်ပို့ပြီးတော့ စခန်းဆီကို လူတွေ ထပ်ရောက်လာကြတယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား..."
ထန်ဝေ့က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"ဟုတ်တယ်... အဲဒီလူတွေက တခြားမြို့တွေနဲ့ စခန်းတွေက လာကြတာပဲ... ငါတို့စခန်းက အစားအသောက် အလကားကျွေးတယ်ဆိုတဲ့ ကောလာဟလတွေကို ကြားပြီးတော့ လာနေချင်ကြတာနေမှာပေါ့..."
ကျီယန်၏ မေးခွန်းကို ဖြေပြီးနောက် သူက ခဏမျှ တွေးတောလိုက်ပြီး မေးလိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းကို မေးရတာလဲ... ငါတို့ဆီမှာ နေစရာနေရာ မလောက်လို့ သူတို့ကို နှင်ထုတ်ခိုင်းလိုက်တယ် မဟုတ်ဘူးလား..."
ကျီယန်က သူ့ကို လှမ်းကြည့်လိုက်ပြီး ခူကောင်ကြီး၏ အခွံကို ပုတ်ကာ ပြောလိုက်လေသည်။
"နေစရာနေရာအတွက် ဖြေရှင်းမယ့်နည်းလမ်းကို ငါ တွေ့သွားပြီလို့ ထင်တယ်... ငါတို့စခန်းကို လူတွေ ပိုများများလာလေ ငါတို့စခန်းကို မြန်မြန် ပိုတည်ဆောက်နိုင်လေပဲ..."
ထန်ဝေ့မှာ ကျီယန်၏ အတွေးအမြင်များကို လိုက်မီနိုင်ခြင်း ရှိမရှိ မသေချာတော့ပေ။ သူက ခေါင်းကုတ်လိုက်ပြီး မေးလိုက်၏။
"မင်းက ဘာကိုပြောချင်တာလဲ... အဲဒီလူတွေကို လက်ခံပြီး ထမင်းကျွေးဖို့ မင်း သဘောတူလိုက်တာလား..."
ကျီယန်က သူ့ကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်ပြီးနောက် ခူကောင်ကြီး၏ အလောင်းကို သူ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ကာ ပြောလိုက်သည်။
"ငါတို့က သူတို့ကို အိမ်ဆောက်ဖို့ နေရာပေးရုံပဲလေ... တခြားကိစ္စတွေကိုတော့ သူတို့ဘာသာသူတို့ ဖြေရှင်းရမှာပေါ့..."
စကားဆုံးသည်နှင့် ကျီယန်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဆိုလာ၏။
"အရင်ပြန်ကြရအောင်..."
ထန်ဝေ့က သူ ကားထဲဝင်သွားသည်ကို မြင်သောအခါ ပြောလိုက်လေသည်။
"ဟေ့... လောင်ယန်... ငါတို့ မပြန်ခင် ကျန်နေသေးတဲ့ ခူကောင်ကြီးတွေကို ရှင်းလင်းရဦးမယ်လေ..."
ကားတံခါးကို ပိတ်လိုက်ပြီးနောက် ကျီယန်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီအလုပ်ကို ငါတို့ကိုယ်တိုင် လုပ်ဖို့မလိုပါဘူး... နောက်ဆိုရင် အဲဒီအတွက် လုလုပ်မယ့်လူတွေ အများကြီး ရှိလာလိမ့်မယ်..."
သူ့စကားကို ကြားပြီးနောက် ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
"စခန်းကို ပြန်ကြတာပေါ့..."
ရှို့ဝူကပါ ထိုသို့ပြောလာသောကြောင့် ထန်ဝေ့မှာ စခန်းသို့ ပြန်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူတို့ ထွက်ခွာသွားပြီး မိနစ်အနည်းငယ် အကြာတွင် မြေကြီးမှာ တစ်ဖန် တုန်ခါသွားပြန်ကာ တွင်းများထဲမှ မရေမတွက်နိုင်သော ခူကောင်ကြီးများ ထွက်ပေါ်လာကြသည်။
၎င်းတို့အထဲမှ အချို့မှာ စက္ကန့်ပိုင်းအတွင်း သေဆုံးသွားကြပြီး ကျန်သည့်ကောင်များကမူ သေဆုံးသွားသော ခူကောင်များ၏ အလောင်းများကို စားသောက်ကာ အသက်ဆက်ရှင်သန်သွားကြလေ၏။
ထိုအချိန်တွင် ကားအနောက်ခန်း၌ ထိုင်နေသော ကျူးလင်က အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။
"ကျီယန်က ခူကောင်ကြီးရဲ့ အခွံကို နေစရာနေရာအဖြစ် အသုံးပြုချင်နေတာလား..."
သူမ၏ မေးခွန်းကို ကြားသောအခါ ရှို့ဝူက ပြုံးလိုက်ပြီး မေးလိုက်၏။
"အင်း... မင်း ဘယ်လို ခန့်မှန်းမိသွားတာလဲ..."
ကျူးလင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
"ကျီယန်က အခွံတွေကို သေချာစစ်ဆေးနေတာရယ်... ပြီးတော့ ထန်ဝေ့ကို သူ မေးလိုက်တဲ့ မေးခွန်းတွေရယ် ဆက်စပ်ကြည့်လိုက်တာနဲ့ ခန့်မှန်းရတာ လွယ်သွားတာ..."
သူမ၏ အဖြေကို ကြားသောအခါ ရှို့ဝူက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ရှောင်ဝေ့က ဒီလောက်လွယ်တဲ့ အဖြေလေးကိုတောင် မခန့်မှန်းနိုင်တာ နှမြောစရာပဲ..."
သူ၏စကားကို ကြားပြီးနောက် ကျူးလင်သည် ထန်ဝေ့၏ နောက်စေ့ကို အလေးအနက် စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"သူ ငါးမျက်လုံးတွေ ပိုစားသင့်တယ်... အခုအချိန်အထိ အသက်ရှင်နေသေးတာကိုက သူ အရမ်းကံကောင်းနေလို့ပဲ..."
သူမ ထိုသို့ပြောလိုက်သည်နှင့် ရှို့ဝူမှာ ရယ်မောလိုက်တော့သည်။ ထန်ဝေ့မှာ သူ၏ သူငယ်ချင်းများက သူ့ကို ဝေဖန်နေကြသည်ကို လုံးဝ မသိရှိလိုက်ပေ။ သူက နောက်ကြည့်မှန်မှတစ်ဆင့် သူတို့နှစ်ဦးကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
"လောင်ရှို့... ဘာလို့ ရုတ်တရက်ကြီး ရယ်နေတာလဲ... ဘာတွေက အဲဒီလောက် ရယ်စရာကောင်းနေလို့လဲ..."
ရှို့ဝူက ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။
"မင်း မသိတာပဲ ပိုကောင်းပါတယ်..."
ထန်ဝေ့မှာ နားမလည်နိုင်ဖြစ်သွားသော်လည်း ကားကို အလွန်လျင်မြန်စွာ မောင်းနှင်လာခဲ့ရာ သုံးနာရီအတွင်း စခန်းသို့ ရောက်ရှိသွားတော့သည်။
သူတို့ ကားပေါ်မှ ဆင်းလိုက်သောအခါ လီချိုးက သူတို့ကို မြင်သွား၏။ သူက သူတို့အား လက်လှမ်းပြလိုက်ပြီးနောက် အစောင့်အဖြစ် တာဝန်ထမ်းဆောင်နေသော စွမ်းအားရှင်များနှင့် ဆက်လက် စကားပြောနေလေသည်။
သူတို့စခန်း၏ အဝင်ဝရှေ့တွင် ယခင်ကထက် လူတွေပို၍ စခန်းချနေကြသည်ကို မြင်သောအခါ ကျီယန်က ပြောလိုက်သည်။
"ငါ အုပ်ချုပ်ရေးရုံးခန်းကို သွားလိုက်ဦးမယ်... မင်းတို့တွေ အရင်သွားပြီး နေ့လယ်စာစားနှင့်ကြ..."
ထိုသို့ပြောပြီးနောက် သူသည် အုပ်ချုပ်ရေးရုံးခန်းဆီသို့ အမြန်လျှောက်သွားလေ၏။ သူတို့သုံးယောက်မှာမူ ဗိုက်ဆာနေပြီဖြစ်၍ ကလေးများနှင့် ကျန့်ကျင့်နန်တို့ကို သွားကြည့်ရန် စံအိမ်ဆီသို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။
ကျီယန်သည် အုပ်ချုပ်ရေးရုံးခန်းသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားပြီး ဝန်ထမ်းများကို ခေါင်းညိတ်ပြကာ မေးလိုက်သည်။
"ဦးလေးပေါ်ခိုင်က ဘယ်မှာလဲ..."
ဝန်ထမ်းက နောက်ဖေးတံခါးကို လက်ညှိုးထိုးပြကာ ဖြေလိုက်၏။
"ဦးလေးပေါ်ခိုင်က သားသတ်ရုံမှာ ရှိပါတယ်... စစ်တပ်စခန်းဘက်က ရေနဲ့ ကန်စွန်းဥတွေကို သန္ဓေပြောင်းတောဝက်ကြီး အကောင်နှစ်ဆယ်နဲ့ လာလဲသွားလို့ သူ အခု အဲဒါတွေကို လုပ်နေတယ်..."
သူမ၏စကားကို ကြားပြီးနောက် ကျီယန်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ဆီမှာ အသက်ရှင်နေတဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေကို ရေ၊ အစားအသောက်တွေနဲ့ လာလဲလို့ရတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ပါ..."
ဝန်ထမ်းက ခေါင်းညိတ်လိုက်ပြီး ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ အစ်ကိုကျီ..."
အရေးကြီးသော ကိစ္စအချို့ကို ဖြေရှင်းပြီးနောက် ကျီယန်သည် သားသတ်ရုံဆီသို့ ထွက်လာခဲ့သည်။
သူ တံခါးကို ဖွင့်လိုက်သောအခါ သွေးနံ့များက သူ၏ နှာခေါင်းထဲသို့ လှိုင်တက်လာသော်လည်း ကျီယန်မှာ အနည်းငယ်မျှပင် တုန်လှုပ်မသွားခဲ့ပေ။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဟယ်ပေါ်ခိုင်တစ်ယောက် တောဝက်ကြီးတစ်ကောင်ကို ခုတ်ထစ်ပြင်ဆင်ရန် အလုပ်များနေသည်ကို တွေ့လိုက်ရလေသည်။
သူ စကားမစရသေးမီမှာပင် ဟယ်ပေါ်ခိုင်က မေးလိုက်၏။
"မင်း ဘာလာလုပ်တာလဲ... တစ်ခုခု လိုလို့လား..."