အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) - အခွံအိမ်
ကျီယန်က သူ့ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ စခန်းနားမှာ ဧရာမပိုးကောင်ကြီးတွေရဲ့ အသိုက်တစ်ခုကို တွေ့ခဲ့တယ်ဗျ...”
“ခင်ဗျားကိုပြဖို့နဲ့ အသားကို စားလို့ရမရ စစ်ဆေးခိုင်းဖို့ တစ်ကောင်သယ်လာခဲ့တယ်... အခွံကိုတော့ အိမ်တစ်လုံးဆောက်ဖို့ စီစဉ်ထားတယ်..."
ထိုသို့ပြောပြီးနောက် ကျီယန်သည် သူ၏ဟင်းလင်းပြင်ထဲမှ ဧရာမပိုးကောင်ကြီး၏ အလောင်းကို ထုတ်ယူလိုက်၏။
ဘုန်း။
အလောင်းက မြေကြီးပေါ်သို့ ကျသွားသည်နှင့် ဟယ်ပေါ်ခိုင်မှာ လန့်ဖြန့်သွားလေသည်။ သူက ကျီယန်ကို စိုက်ကြည့်ကာ မေးလိုက်၏။
"ဖြည်းဖြည်းထုတ်လို့ မရဘူးလားကွ... ငါတောင် လန့်သေတော့မလို့ပဲ..."
ကျီယန်က သူ့ကို ပြုံးကြည့်နေသည်ကို မြင်သောအခါ ဟယ်ပေါ်ခိုင်မှာ တောက်တစ်ချက်ခေါက်လိုက်ပြီး ဧရာမပိုးကောင်ကြီး၏ အလောင်းဘေးတွင် လမ်းလျှောက်သွားလေသည်။
ခေတ္တမျှ စစ်ဆေးပြီးနောက် သူသည် သားသတ်ဓားတစ်ချောင်းကို အသုံးပြုကာ ဧရာမပိုးကောင်ကြီး၏ အလောင်းမှ အသားအနည်းငယ်ကို လှီးဖြတ်လိုက်ပေသည်။
သူက အနံ့ခံလိုက်ပြီးနောက် ပြောလိုက်၏။
"အသားက အဆိပ်မရှိဘူး... စားလို့ရတယ်... တခြားအစိတ်အပိုင်းတွေထဲမှာတော့ အခွံကိုပဲ သုံးလို့ရမယ်..."
ကျီယန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေသည်။
"ဒါဆို ခင်ဗျားအနေနဲ့ အပြင်ဘက်အခွံကို မထိခိုက်စေဘဲ ဒီဧရာမပိုးကောင်ကြီးကို အပိုင်းပိုင်း ခုတ်ထစ်ပေးနိုင်မလား..."
ဟယ်ပေါ်ခိုင်က ဧရာမပိုးကောင်ကြီး၏ အခွံကို ပုတ်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
"ရတယ်... အခွံနဲ့ အသားကို ယူဖို့ မနက်ဖြန်ပြန်လာခဲ့..."
ကျီယန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်ပေသည်။
"အသား တစ်ရာကီလိုဂရမ်နဲ့ အခွံတွေကိုပဲ ကျွန်တော့်ကို ပေးပါ... ကျန်တဲ့အသားတွေကိုတော့ စခန်းအတွက် ရိက္ခာအဖြစ် ဂိုဒေါင်ထဲမှာ သိမ်းထားလို့ရတယ်..."
သူ၏စကားကို ကြားသောအခါ ဟယ်ဘိုခိုင်က ခေါင်းညိတ်လိုက်ပြီး ဆိုလေ၏။
"ကောင်းပြီလေ... အသားတွေကို ဂိုဒေါင်ထဲမှာ နောက်မှ သိမ်းထားလိုက်မယ်..."
ကျီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ကျွန်တော် မနက်ဖြန်ပြန်လာခဲ့မယ်... ဦးလေးပေါ်ခိုင်... ပင်ပန်းသွားပြီနော်... ကျေးဇူးပါပဲဗျ..."
ဟယ်ပေါ်ခိုင်သည် သူ၏ကျောပြင်ကို ကြည့်ကာ ရေရွတ်လိုက်လေသည်။
"ဒီစခန်းရဲ့ တကယ့်ပိုင်ရှင်က ဘယ်သူများလဲ မသိဘူး... နေရာလွတ်စွမ်းအားနဲ့ ပစ္စည်းတွေကို လတ်လတ်ဆတ်ဆတ် သိမ်းဆည်းထားနိုင်တဲ့ ဂိုဒေါင်မျိုး ဖန်တီးနိုင်တာကတော့ တကယ်ကို အံ့ဩစရာပဲ..."
နောက်တစ်နေ့ နံနက်စောစောတွင် နံနက်စာစားပြီးနောက် ကျီယန်သည် သားသတ်ရုံသို့ သွားလေ၏။ ဟယ်ပေါ်ခိုင် သားသတ်ရုံထဲမှ ထွက်လာသည်ကို မြင်သောအခါ သူက ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ ဦးလေးပေါ်ခိုင်... ကျွန်တော် တောင်းဆိုထားတာ ပြီးသွားပြီလား..."
ဟယ်ပေါ်ခိုင်က သမ်းဝေလိုက်ပြီး ဂိုဒေါင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်ပေသည်။
"အသားနဲ့ အခွံတွေကိုယူဖို့ ဂိုဒေါင်ဆီ သွားလို့ရပြီ... ငါတော့ အိမ်ပြန်တော့မယ်..."
ကျီယန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးပါပဲ ဦးလေးပေါ်ခိုင်..."
ဟယ်ပေါ်ခိုင်သည် လှည့်ထွက်သွားစဉ် ထပ်မံ၍ သမ်းဝေလိုက်လေသည်။ သူ ထွက်သွားပြီးနောက် ကျီယန်သည် ဧရာမပိုးကောင်ကြီး၏ အသားနှင့် အခွံကို ယူရန် ဂိုဒေါင်သို့ သွားလိုက်သည်။
နှစ်မိနစ်ခန့်အကြာတွင် သူသည် ဂိုဒေါင်ထဲမှ ထွက်လာခဲ့ပြီး အပန်းဖြေစခန်းဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားတော့၏။
နေရာရွေးချယ်ပြီးနောက် ကျီယန်သည် ဧရာမပိုးကောင်ကြီး၏ အခွံကို သူ၏ဟင်းလင်းပြင်ထဲမှ ထုတ်ယူလိုက်ပေသည်။
မြေပြင်ပေါ်တွင် အစုလိုက်အပြုံလိုက် ထိုင်နေကြသော လူများကို ကြည့်ကာ သူက ပြုံးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
"အာ... ဒီအခွံကြီးက အရမ်းကောင်းတာပဲ... အဆင့်မြင့်စွမ်းအားရှင်တွေတောင် ခြစ်ရာထင်အောင် မလုပ်နိုင်လောက်အောင် မာကျောပြီး အိမ်တစ်လုံးထက်တောင် ပိုကြီးတယ်..."
သူ စကားပြောပြီးသည်နှင့် လူတိုင်းက တောက်ပနေသော အစိမ်းရောင်အခွံကြီးကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။
မကြာမီတွင် လူတစ်စုက သူ့ထံသို့ လျှောက်လာကြ၏။ ခေါင်းဆောင်ဖြစ်သူက ကျီယန်ကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကို... ဒီအခွံက ဘယ်ကရလာတာလဲ..."
ကျီယန်က သူ့ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဒီနားနဲ့ သိပ်မဝေးတဲ့ တောင်ပေါ်က ဧရာမပိုးကောင်ကြီးတစ်ကောင်ကို အမဲလိုက်ခဲ့တာလေ... ဒါပေမဲ့ ဒီမှာ အိမ်ဆောက်ချင်ရင် စခန်းဆီကနေ ခွင့်ပြုချက်တောင်းဖို့ လိုတယ်... မဟုတ်ရင် သူတို့က လာပြီး မောင်းထုတ်လိမ့်မယ်..."
ထိုစကားကို ကြားသောအခါ အမျိုးသားက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်လေသည်။
"ဒါဆို မင်းက ဘာလို့ ဒီမှာ လာထားတာလဲ... သူတို့လာပြီး မင်းကို မောင်းထုတ်မှာ မဟုတ်ဘူးလား..."
ကျီယန်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်ပေသည်။
"ကျွန်တော်က ခွင့်ပြုချက်ရပြီးသားလေ... ပြီးတော့ ဒါက နမူနာအိမ်လေးပဲ ရှိသေးတာ..."
သူတို့၏ စပ်စုချင်နေသော အမူအရာကို မြင်သောအခါ ကျီယန်က ပြုံးလိုက်ပြီး ပြောလိုက်၏။
"စခန်းက နောက်မှသတင်းအချက်အလက်တွေ ထုတ်ပြန်လိမ့်မယ်... ဒီနေ့တော့ ဒီမှာပဲ စောင့်နေကြ..."
ထိုသို့ပြောပြီးနောက် ကျီယန်သည် အစောင့်နှစ်ယောက်ကို ခေါ်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ဒီနမူနာအိမ်ကို စောင့်ကြည့်ထားကြ... ဘယ်သူမှ လာမခိုးသွားစေနဲ့..."
အစောင့်များသည် အခွံအိမ်ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကြ၏။
ထိုလူများ၏ စိတ်ဝင်စားမှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ကြောင်း မြင်သောအခါ ကျီယန်သည် ထွက်ခွာသွားပြီး အုပ်ချုပ်ရေးရုံးခန်းသို့ သွားလိုက်လေသည်။ တစ်နာရီခန့်အကြာတွင် စွမ်းအားရှင်တစ်စု ထွက်လာပြီး စခန်းအပြင်ဘက်၌ ရိုးရှင်းသော အဆောက်အအုံတစ်ခုကို တည်ဆောက်လိုက်ကြသည်။
ရိုးရှင်းသော ရုံးခန်းလေး ပြီးစီးသွားပြီးနောက် အလုပ်သမားတစ်ဦးက ဆိုင်းဘုတ်တစ်ခုကို တပ်ဆင်လိုက်ပြီး ပြောလိုက်ပေသည်။
"အခုကစပြီး ဒီရုံးခန်းက မစ်ရှင်စင်တာ ဖြစ်လာလိမ့်မယ်... ပစ္စည်းအရောင်းအဝယ် လုပ်ချင်သူတွေ ဒါမှမဟုတ် မစ်ရှင်တွေ လက်ခံချင်သူတွေ၊ မစ်ရှင်တွေအကြောင်း သတင်းပို့ချင်သူတွေ ဒီကို လာနိုင်တယ်..."
အလုပ်သမားက ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းမှာ ဝမ်းသာအားရ ဖြစ်သွားကြတော့၏။
သူတို့သည် အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး မစ်ရှင်စင်တာဆီသို့ ပြေးသွားကြလေသည်။ ဖရိုဖရဲဖြစ်နေသော အခြေအနေကို မြင်သောအခါ အစောင့်များက ချက်ချင်းအရေးယူလိုက်ပြီး အော်ဟစ်လိုက်ကြသည်။
"တန်းစီကြ... တစ်ယောက်နဲ့တစ်ယောက် မတွန်းကြနဲ့... တန်းစီကြစမ်း..."
ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင် အစောင့်များသည် အခြေအနေကို ထိန်းချုပ်နိုင်သွားကြပေသည်။ မှန်ပြတင်းပေါက်နောက်တွင် ထိုင်နေသော ဝန်ထမ်းသည် ပထမဆုံးဖောက်သည်ကို ကြည့်လိုက်ပြီး မေးလိုက်၏။
“ဘာကူညီပေးရမလဲ...”
အမျိုးသားသည် အဖြူရောင်သင်ပုန်းပေါ်တွင် ရေးထားသော မစ်ရှင်စာရင်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဧရာမပိုးကောင်ကြီးတွေကို အမဲလိုက်တဲ့မစ်ရှင်ကို လက်ခံချင်တယ်..."
ဝန်ထမ်းက ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေ၏။
"ဘယ်လိုဆုကြေးကို လိုချင်တာလဲ..."
“ဇုန် ၅ မှာ အိမ်ဆောက်ဖို့ခွင့်ပြုချက်ပါ..."
အမျိုးသားက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်လေသည်။
ဝန်ထမ်းက စာအုပ်ထဲတွင် တစ်စုံတစ်ခုကို ရေးမှတ်လိုက်ပြီးနောက် မေးလိုက်၏။
"နာမည်ဘယ်လိုခေါ်လဲ..."
"ကုံးတန်ပါ..."
မစ်ရှင်အတွက် မှတ်ပုံတင်ပြီးနောက် ဝန်ထမ်းက သူ့ကို ကတ်ပြားတစ်ခု ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"သတ်မှတ်ရက်က နှစ်ရက်ပါ... မစ်ရှင်မှာ ပါဝင်သူ အရေအတွက်ကို ကန့်သတ်မထားပါဘူး...”
“လူတစ်ယောက်က မစ်ရှင်ကို တစ်ကြိမ်ပဲ လက်ခံခွင့်ရှိတယ်... ပြီးတော့ အခွံအိမ် ဆောက်လုပ်ပြီးစီးသွားရင် ခွင့်ပြုချက်မပါဘဲ ပြောင်းလဲခွင့်မပြုဘူး..."
“ဒါကြောင့် ခင်ဗျားလိုချင်တဲ့ အခွံအိမ်ရဲ့ အရွယ်အစားကို သေချာစဉ်းစားပါ... ဒါပေမဲ့ ဒီမစ်ရှင်မှာ ခင်ဗျား သေသွားခဲ့ရင်တော့ ကျွန်တော်တို့ တာဝန်ယူမှာ မဟုတ်ဘူးနော်..."
ဝန်ထမ်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ဂိုတန်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေ၏။
"အခွံအိမ်ဆောက်လုပ်ပေးတဲ့ ဝန်ဆောင်မှုတွေရော ရှိလား..."
ဝန်ထမ်းက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်ပေသည်။
"ရှိပါတယ်... ဒါပေမဲ့ ပုံဆောင်ခဲအမြုတေ ဒါမှမဟုတ် ရိက္ခာတွေနဲ့ ပေးချေရမယ်... ဈေးနှုန်းကတော့ အခွံအိမ်ရဲ့ အရွယ်အစားအပေါ် မူတည်လိမ့်မယ်..."
ကုံးတန်က ဈေးနှုန်းမှာ အတော်လေးသင့်တင့်သည်ဟု တွေးလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"နားလည်ပါပြီ..."