အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅) - ဆောင်းရာသီ
ကုံးတန်က သူ့အဖွဲ့နှင့်အတူ ထွက်ခွာသွားပြီးနောက် အခြားမြို့များနှင့် အပန်းဖြေစခန်းများမှ စွမ်းအားရှင်အားလုံးနီးပါးသည်လည်း သူနှင့်တူညီသောတာဝန်ကို လက်ခံခဲ့ကြလေသည်။
သာမန်လူများအတွက်မူ သူတို့သည် အတူတကွစုဝေးကာ လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို စုဆောင်းပြီး အပန်းဖြေစခန်းမှ အခွံအိမ်တစ်လုံးကို ငှားရမ်းရုံသာ တတ်နိုင်ကြပေသည်။
အပန်းဖြေစခန်းအပြင်ဘက်ရှိ ဇုန် ၅ တွင် အရွယ်အစားအမျိုးမျိုးရှိသော တောက်ပသည့် အစိမ်းရောင် အခွံအိမ်များဖြင့် ဖြည်းဖြည်းချင်း ပြည့်နှက်လာစဉ် အပူချိန်မှာလည်း တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်း ကျဆင်းလာခဲ့၏။
ဆယ်ရက်ခန့်အကြာတွင် ဖုတ်ကောင်လေး၏ စိုးရိမ်တကြီး အော်ဟစ်သံများကြောင့် ကျူးလင်သည် ရုတ်တရက် လန့်နိုးလာခဲ့သည်။
"ဝေါင်း... ဝေါင်း..."
'နိုးတော့... မြန်မြန်ထတော့... ဆက်အိပ်နေရင် သေသွားလိမ့်မယ်...'
ကျူးလင်သည် ဖုတ်ကောင်လေးပြောသောစကားကို ကြားသည်နှင့် ကုတင်ပေါ်မှ အမြန်ထလိုက်လေသည်။ သူမ တံခါးမဖွင့်ရသေးမီ ရှို့ဝူက တံခါးကိုခေါက်လိုက်ပြီး မေးလိုက်၏။
"ရှောင်လင်... ထူထူ... မင်းတို့ နိုးနေကြပြီလား..."
တံခါးဖွင့်ပြီးနောက် ကျူးလင်က သူ့ကိုကြည့်ကာ မေးလိုက်သည်။
"ရှင်က ဖုတ်ကောင်လေး ဘာဖြစ်သွားလဲဆိုတာ သိချင်နေတာလား..."
ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီး စကားဆိုလေ၏။
"အဲဒီအော်သံကြောင့် အကုန်လုံးနိုးသွားကြတယ်... အပြင်မှာ ဘာတွေဖြစ်နေလို့လဲ..."
ကျူးလင်သည် ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"ဆောင်းရာသီ ရောက်လာပြီ..."
စကားဆုံးသည်နှင့် ရှို့ဝူ၏မျက်နှာထား ပြောင်းလဲသွားချေသည်။ သူက သူမကိုကြည့်ကာ ပြောလိုက်၏။
"အလုပ်သမားတွေနဲ့ ဇုန် ၅ မှာနေတဲ့လူတွေကို အပြင်ထွက်ပြီး သွားကြည့်မှဖြစ်မယ်..."
ထိုသို့ပြောပြီးနောက် သူသည် အောက်ထပ်သို့ ဆင်းသွားလေသည်။
ကျူးလင်က ရှို့ဝူသည် ပါးလွှာသော နွေရာသီအဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်ကို မြင်သောအခါ အမြန်လိုက်သွားတော့သည်။ သူမသည် ရေခဲပန်းပွင့်ဆွဲကြိုးထဲမှ အနီရောင် ဝတ်ရုံရှည်သုံးထည်ကို ထုတ်ယူလိုက်ပြီး သူ၏လက်ကိုဆွဲကာ ပြောလိုက်၏။
"ရှို့ဝူ... အပြင်မထွက်ခင် ဒါလေးဝတ်သွားပါဦး..."
ရှို့ဝူက လှည့်ကြည့်လိုက်ရာ သူမလက်ထဲရှိ အနီရောင်ဝတ်ရုံရှည် သုံးထည်ကို မြင်တွေ့လိုက်ရသည်။ သူက ခေါင်းညိတ်လိုက်ပြီး ဝတ်ရုံကို ဝတ်ဆင်ကာ ပြောလိုက်လေ၏။
"ကျေးဇူးပဲ... ရှောင်လင်..."
"ကျန်တဲ့ဝတ်ရုံနှစ်ထည်က ကျီယန်နဲ့ ထန်ဝေ့အတွက်ပါ..."
ကျန်ရှိနေသော ဝတ်ရုံများကို သူ့ထံပေးကမ်းရင်း သူမက ပြောလိုက်သည်။
သူမ၏ တည်ငြိမ်နေသော မျက်နှာသွင်ပြင်ကိုကြည့်ကာ ရှို့ဝူသည် ခေါင်းငုံ့၍ သူမ၏နဖူးကို ညင်သာစွာ နမ်းလိုက်ပြီး ပြောလိုက်၏။
"ကိုယ် သွားတော့မယ်..."
ထိုသို့ပြောပြီးနောက် သူသည် အောက်ထပ်သို့ ပြေးဆင်းသွားပြီး အနီရောင်ဝတ်ရုံများကို ကျီယန်နှင့် ထန်ဝေ့ထံ ပစ်ပေးလိုက်သည်။
သူတို့သုံးယောက် အပြေးအလွှား ထွက်သွားသည်ကို ကြည့်နေရင်း ကျူးလင် လှည့်ကြည့်လိုက်ရာ ထူထူက အိပ်ခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရလေသည်။
သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
"ထူထူ... ဒီမှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်ပေးထား... ငါ ရှောင်နန်ဆီ သွားကြည့်ရဦးမယ်..."
ထူထူက ခေါင်းညိတ်လိုက်ပြီး ၎င်း၏ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ ပြောလိုက်လေသည်။
"ပြဿနာမရှိပါဘူး... ကလေးတွေကိုသာ ကျွန်တော့်ဆီ လွှဲထားလိုက်ပါ... သခင်မ..."
ထူထူကို ဂရုစိုက်ရန်နှင့် အိမ်တွင်သာနေရန် သတိပေးပြီးနောက် ကျူးလင်သည် စံအိမ်မှထွက်ခွာလာကာ ကျန့်ကျင့်နန်၊ သူ၏မိခင်၊ ဝမ်နနှင့် မုန့်ကျယ်လန်တို့ နေထိုင်သော စံအိမ်သို့ သွားရောက်ခဲ့သည်။
အပြင်ဘက်ရှိ ပရမ်းပတာအခြေအနေများကိုကြည့်ကာ သူမသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး လမင်းတစ်ထောင်ခြေလှမ်း ကျင့်စဉ်ကို အသက်သွင်းလိုက်၏။
စက္ကန့်အနည်းငယ်အကြာတွင် သူမ၏တပည့်ဖြစ်သူက သူ၏မိခင်ကို စိုးရိမ်တကြီး ခေါ်နေသံကို ကြားလိုက်ရသည်။
အဒေါ်ကျန့် တစ်ခုခုဖြစ်သွားပြီဖြစ်ကြောင်း ကျူးလင် သိလိုက်သဖြင့် တံခါးကို ထပ်မခေါက်နေတော့ဘဲ ဖွင့်ဝင်လိုက်တော့၏။
ဒုတိယထပ်သို့ ဝင်လိုက်သည်နှင့် တောင့်တင်းနေသော ခြေလှမ်းများဖြင့် အိပ်ခန်းထဲမှ ထွက်လာသည့် မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို သူမ မြင်တွေ့လိုက်ရလေသည်။
ကျူးလင်က သူတို့၏ ပြာနှမ်းနေပြီဖြစ်သော နှုတ်ခမ်းများကို ကြည့်လိုက်ပြီးနောက် လက်သင်္ကေတတစ်ခုကို အမြန်လုပ်ကာ စံအိမ်တစ်ခုလုံးအတွက် အပူချိန်ထိန်းချုပ်ရေး အစီအရင်တစ်ခုကို တည်ဆောက်လိုက်သည်။
အစီအရင် ပြီးစီးသွားသည်နှင့် အပူချိန်သည် အခန်းအပူချိန်သို့ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့၏။ ထို့နောက် သူမသည် သိုလှောင်အိတ်ထဲမှ စောင်အထူနှစ်ထည်ကို ထုတ်ယူကာ မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို တင်းကျပ်စွာ ပတ်ပေးလိုက်တော့သည်။
မိမိခန္ဓာကိုယ်ထဲသို့ နွေးထွေးမှုများ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာသည်ကို ခံစားလိုက်ရပြီးနောက် မုန့်ကျယ်လန်က ကျန့်ကျင့်နန်နှင့် သူ့မိခင်တို့ရှိရာ အိပ်ခန်းကို လက်ညှိုးထိုးပြကာ စကားဆိုလေ၏။
"သူတို့ရဲ့... အခန်းက... ဟိုဘက်မှာပါ..."
ကျူးလင်သည် အချိန်မဆွဲတော့ဘဲ တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။
တံခါးဖွင့်သံကို ကြားလိုက်ရသဖြင့် ကျန့်ကျင့်နန် လှည့်ကြည့်လိုက်ရာ သူမ ဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ သူ၏ဆရာဖြစ်သူကို မြင်လိုက်ရသောအခါ မျက်ရည်များ ကျဆင်းလာခဲ့ပြီး ရှိုက်ငင်ရင်းဖြင့် ပြောလိုက်၏။
"ဆရာ... ကျွန်တော့်အမေကို ကယ်ပါဦး..."
ကျူးလင်သည် ကုတင်ဘေးတွင်ရပ်လိုက်ပြီး အဒေါ်ကျန့် အသက်ရှူရပ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမက တပည့်ဖြစ်သူကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်း အရင်ထွက်သွားလိုက်... ငါ့ခွင့်ပြုချက်မရဘဲ ဝင်မလာခဲ့နဲ့..."
သူမ၏ လေးနက်နေသော မျက်နှာထားကို မြင်သောအခါ ကျန့်ကျင့်နန်သည် အိပ်ခန်းထဲမှ အမြန်ထွက်သွားပြီး တံခါးကို ပိတ်လိုက်တော့၏။
ကံကောင်းထောက်မစွာဖြင့် သူ၏အသိစိတ်ပင်လယ် ပွင့်သွားခဲ့ပြီဖြစ်ရာ ယခုအချိန်တွင် သူသည် အလွန်အမင်း အေးခဲနေခြင်းကို မခံစားရပေ။ သို့မဟုတ်ပါက ကျူးလင် ရောက်လာချိန်တွင် သူပါ သေဆုံးနေလောက်ပြီဖြစ်ပေသည်။
သူ ထွက်သွားပြီးနောက် ကျူးလင်သည် အဒေါ်ကျန့်၏ အဝတ်အစားများကို ဖြေဟလိုက်ပြီး ရေခဲပန်းပွင့်ဆွဲကြိုးထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
အဖုံးကိုဖွင့်ကာ ရေသူမမျက်ရည်တစ်စက်ကို အဒေါ်ကျန့်အား တိုက်ကျွေးလိုက်၏။
ရွှေရောင်အလင်းတန်းများက သူမ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်ကို မြင်သောအခါ ကျူးလင်သည် သူမ၏လက်ချောင်းထိပ်များကို ကိုက်ဖောက်လိုက်ပြီး သူမ၏သွေးများဖြင့် အဒေါ်ကျန့်၏ ခန္ဓာကိုယ်ပေါ်တွင် ရှင်သန်ခြင်းဂါထာကို ရေးဆွဲလိုက်လေသည်။
နတ်ဘုရားတစ်ပါးအနေဖြင့် သူမသည် သက်ရှိအားလုံးကို ပြန်လည်ရှင်သန်စေနိုင်သော်လည်း တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမည်ဖြစ်သည်။
ယခုအချိန်တွင်မူ သူမ၏သွေးများဖြင့် ထိုတန်ဖိုးကို ပေးဆပ်နေခြင်းပင်။
ရှင်သန်ခြင်းဂါထာ ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် ဂါထာဆီမှ အလင်းတန်းများ ထွက်ပေါ်လာကာ အဒေါ်ကျန့်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် အဒေါ်ကျန့်သည် ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြင်းထန်စွာ ချောင်းဆိုးလာခဲ့လေ၏။
"အဟွတ်... အဟွတ်... အဟွတ်..."
အိပ်ခန်းအပြင်ဘက်တွင်ရှိနေသော ကျန့်ကျင့်နန်သည် သူ၏မိခင် ချောင်းဆိုးသံကို ကြားလိုက်ရသဖြင့် တံခါးကိုဖွင့်ချင်ခဲ့သော်လည်း ကျူးလင်က ဝင်လာခွင့်မပေးသေးသဖြင့် စိုးရိမ်တကြီးဖြင့်သာ ဆက်ရပ်နေခဲ့ရသည်။
အိပ်ခန်းထဲတွင်မူ ကျူးလင်က အဒေါ်ကျန့်အား အဝတ်အစားများ ပြန်လည်ဝတ်ဆင်နိုင်ရန် ကူညီပေးလိုက်ပြီးနောက် မေးလိုက်၏။
"အဒေါ်... အဆင်ပြေရဲ့လား..."
အဒေါ်ကျန့်သည် ခေါင်းညိတ်လိုက်ပြီး သံသယဖြင့် ပြန်မေးလိုက်လေသည်။
"မိန်းကလေးကျူး... ကျွန်မ ဘာဖြစ်သွားတာလဲ... အရမ်းအေးလာပြီး အသက်ရှူရခက်လာတာကိုတော့ မှတ်မိနေသေးတယ်..."
ကျူးလင်က ထိုကိစ္စကို စဉ်းစားလိုက်ပြီးနောက် အဒေါ်ကျန့်သေဆုံးသွားခဲ့သည့်အကြောင်းကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်၏။
"အဒေါ်... ဆောင်းရာသီ ရောက်လာပြီဆိုတော့ အခု အရမ်းအေးနေတယ်... အအေးမိပြီး ထပ်မမေ့လဲသွားရအောင် ရေနွေးနွေးလေး သောက်ပေးမှဖြစ်မယ်..."
သူမ၏စကားကို ကြားသောအခါ အဒေါ်ကျန့်မှာ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
အဒေါ်ကျန့်က သူမအား နားမလည်နိုင်စွာဖြင့် ကြည့်နေသည်ကို မြင်သောအခါ ကျူးလင်က ပြုံးလိုက်ပြီး စကားဆိုလေ၏။
"အဒေါ်... အရင်အနားယူလိုက်ပါဦး... မုန့်မုန့်နဲ့ နနတို့ကို သွားကြည့်ပေးရဦးမယ်..."
ထိုစကားများကို ချန်ရစ်ခဲ့ပြီးနောက် သူမသည် အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။ သူမ၏တပည့်ဖြစ်သူမှာ ဖြူရော်နေသော မျက်နှာဖြင့် ရပ်နေသည်ကို မြင်သောအခါ ကျူးလင်က အနီရောင်ဝတ်ရုံတစ်ထည်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။
"ရှောင်နန်... ဒါလေး ဝတ်ထားလိုက်... မင်းရဲ့စင်ကြယ်တဲ့ ယင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အေးစက်တဲ့လေတွေ ခန္ဓာကိုယ်ထဲ ဝင်လာတာနဲ့ ပြင်းပြင်းထန်ထန် နာကျင်ရလိမ့်မယ်..."
"ဟုတ်ကဲ့ပါ... ဆရာ..."